၂၀၀၉ ခုနှစ် နှစ်လယ်ပိုင်း ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့ကို ဆန္ဒပြသတင်း သွားယူတုန်းက အငှားကားထဲမှာ ကြုံခဲ့ရတဲ့ ကိုယ်တေ့ွ အဖြစ်အပျက်တခုပါ။
နည်းပညာ တန်ဆာဆင်၊ ရင်မောအောင် လှနေတဲ့ ဘန်ကောက်မြို့ကြီးက ရိသဲ့သဲ့အပြုံးနဲ့ မျက်နှာစိမ်း သမီးကညာကို အချဉ်ဖမ်းဖို့ စောင့်နေတယ်။
“ပိုင် စထန်ထွတ်ဖမာ့ခါး” (မြန်မာသံရုံးကို သွားချင်လို့ပါရှင့်)
“ခပ်ဖုန်” (ဟုတ်ကဲ့ ခင်ဗျား)
အနံကြီးပြီး ကွင်းကျယ်လွန်းလို့ မြင်မြင်သမျှ မွန်းကျပ်စရာ ကောင်းလိုက်တာ။
ထိုင်းစကားမပြောတတ်သူ လူအ ဖြစ်တဲ့ ဒီမြို့မှာ အရေးပါတဲ့ စကားတခွန်း ရွတ်ဖတ်နေမိတယ်။ “ စထန်ထွတ်ဖမာ့” ..” စထန်ထွတ်ဖမာ့” ။
စရိုက်အစုံစုံ ကာလာတွေပုံနေတဲ့ ဒီဘန်ကောက်ကြီးမှာ ဆန္ဒတွေဖော်ပြ၊ သပိတ်မှောက်ကြတဲ့ မြန်မာပြည်သားတွေစုဝေးရာ မြန်မာသံရုံးရှေ့ကို သတင်းရရေး လက်မနှေးအောင် တက္ကစီကားကို ကျမ ငှားပြီး ခရီးအသော့နှင်လာခဲ့ပါပြီ။ တကယ်လို့သာ ဒီခရီးမှာ လိုရာကို မပို့ပေးဘဲ လူမှောင်ခိုတို့ ပျော်စံ ငရဲလမ်းကို ပို့ဆောင်နေတယ် ဆိုတာ ကျမကြိုသိခဲ့ရင်၊ ဒရိုင်ဘာက လူကုန်ပွဲစား ချိုကားယားနဲ့ အသားစား ဘီလူးတကောင် ဆိုတာ ကျမသိခဲ့ရင်။
ကမ္ဘာကြီး အိုမင်းလာတာနဲ့အမျှ လူသားတွေ အကြံများ၊ ဉာဏ်များလာတယ်။ လူကုန်ကူးခံ ရတာတွေ၊ ရောင်းစားခံရတာတွေ၊ အမျိုးသမီးတွေ ပြည့်တန်ဆာဘ၀ သွပ်သွင်းခံရတာတွေ အင်တာနက်မှာ ဖတ်လို့မကုန်အောင် များပြားနေတယ်။ ခုတော့ သတင်းမုဆိုးကျမ သားကောင် လုံးလုံး ဖြစ်ခဲ့ရ။ စာဖတ်သူတို့လည်း ကျမနဲ့အတူ ဒီအန္တရာယ်ကနေ ကူပြီးရုန်းထွက်ပေးပါ။ ကူပြီးတိုက်ခိုက်ပေးကြပါ။ ကျမနဲ့အတူ ဒီကားထဲမှာ လိုက်ပါပေးကြပါ။ သတိ! ဦးနှောက် အလန်းများ မိုင်ကုန်ဖွင့်ထားပါ။
လူပွဲစား ဒရိုင်ဘာက ပိုက်ထဲ တိုးဝင်မိလာတဲ့ ကျမကို သားကောင်စစ်မစစ် ခန့်မှန်းတော့တယ်။ Where from … ? ကျမပြန်ဖြေပါတယ်။ From Burma..။ ဖမာ့..ဖမာ့..အိုး ဖမာ့…။ အရောင်လဲ့နေတဲ့ မျက်လုံးနဲ့ ကျမကို ကြည့်ပြီး တတွတ်တွတ် ရွတ်နေလိုက်တာ ဖမာ့..ဖမာ့…ဖမာ့..။ တမာ့ တည်း မာ့နေပြီ။ သူ ဘာကြောင့် ဒီလောက် ပျော်မြူးနေပါလိမ့်။
အနေအထားအရ ကားထဲမှာ ကျမနေရာယူတာ မှန်နေပါတယ်။ သူ့နောက်တည့်တည့်မှာ ထိုင်ပြီး လိုက်လာပါတယ်။ ဒီကားထဲမှာ ယာဉ်မောင်းသူနဲ့ ခရီးသည် ဒီနှစ်ယောက်တည်း။ မသိလိုက်တဲ့ အချက်က သူဟာ လူပွဲစား၊ လူကုန်ကူးသမားဆိုတာပါပဲ။ ကျမကို ချည်တုပ်နိုင်ဖို့ သူ့ရဲ့ ဒုတိယ စမ်းသပ်ချက် လာပါပြီ၊ ထိုင်းစကား တတ်လား ဆိုတာ မေးနေပါတယ်။ ကျမ မတတ်ပါဘူး။ ဟင့်အင်း No ..။ သေချာသွားပြီ နောက်ဆုံးတခုပဲ ကျန်ပါတော့တယ်- သားကောင်ဖြစ်ခွင့် ရမရ စမ်းသပ်ဖို့။ သူ့ရဲ့ နိုင်ငံသားကတ်ကို ထုတ်ပြပါတယ်။ သူပြောချင်တာက ထိုင်းမှာ နေထိုင်ခွင့် အထောက်အထား ဘတ်လက်မှတ် ရှိလားပေါ့။ ကျမမှာ မရှိဘူး။
ဟင့်အင်း No again..။ ကားသမား ထခုန်မတတ် ပျော်မြူးနေတယ်။ But I have passport လို့ ပြောလိုက်ပေမယ့် သားကောင်ကို ရလာပြီဆိုတဲ့ အသိနဲ့ အူမြူးနေလို့ ကျမပြောတဲ့ စကား သူမကြားတော့။
လူပွဲစားမုဆိုးဟာ သားကောင်ကို ရလို့ လာရာလမ်းကို တန်းတန်းကြီး ပြန်ခဲ့သလို အရှိန်ကိုမြှှင့် မောင်းနှင်လိုက်ပါပြီ။ ကားဟာ မြို့လယ်ကနေ တဖြည်းဖြည်း မြို့စွန်ကို ပြေးကပ်ဖို့ ကြိုးစားနေပါတယ်။ ကျမ ဘန်ကောက် မရောက်ဖူးပါဘူး။ ဒါက ပထမဦးဆုံးအကြိမ်။ သတင်းထောက်ဖြစ်ဖို့ အရည်အချင်း ရှိမရှိ စမ်းသပ်ခဲ့တဲ့ ၂ လ ဆိုတဲ့ ကာလကို လွတ်လွတ်ကျွတ်ကျွတ် အောင်ပွဲဆင်ခဲ့ပြီးလို့ သတင်းထောက်လက်မှတ် ရလာတဲ့ ကျမ။
ကိုယ်တိုင် သတင်းယူ၊ ကိုယ်တိုင် သတင်းရေး၊ သတင်းတပုဒ် ကောင်းကောင်း လွှင့်ထုတ်နိုင်ပြီလေ။ ခုလည်း ဘန်ကောက် မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲအတွက် ရုန်းရင်းဆန်ခတ်တွေကို မမှုတဲ့ကျမ ကင်းလျှောက်သလို ဘဝကိုလျှောက်၊ တောင်ကိုလည်း ဖောက်၊ မှောင်ခိုလည်း လျှောက်၊ သတင်းထောက်။
သူက ကားကို လက်တဖက်နဲ့ မောင်းရင်း ကျန်လက်တဘက်က ဖုန်းပြောနေပါတယ်။ ဘာပြောမှန်း နားမလည်ပေမယ့် ဖမာ့..ဖမာ့..ဖမာ့ တွေ ထပ်နေတယ်။ ဒီအချိန်ထိ အန္တရာယ်လို့ အတိအကျ မမြင်သေးပေမယ့် ကျမ ဦးနှောက်က အလုပ် နည်းနည်း ရှုပ်သွားတယ်။ သူပြောတာတွေကို အသံဖမ်းစက်နဲ့ ဖမ်းထားလိုက်တယ်။ ကားခေါင်းခန်းမှာ ချိတ်ထားတဲ့ သူ့ဓာတ်ပုံနဲ့ ယာဉ်မောင်းလိုင်စင်၊ နံပါတ်၊ ကားအမျိုးအစားနဲ့ သူ့ရဲ့ အမူအယာတွေကို နောက်ကျောကနေ ရနိုင်သမျှ အမိအရ ကျမ ကင်မရာနဲ့ ရိုက်ကူးနေတယ်။ ကျွမ်းကျင်ရာ အလိမ္မာ၊ အလုပ်က သင်ကြားသွားတာပါ။
ကျမ ဘန်ကောက်ကို မရောက်ဖူးပေမယ့်၊ မြန်မာသံရုံးက ဒီလောက် မဝေးဘူး ဆိုပြီး သံသယ ဝင်လာတယ်။ ထိုးထိုးထောင်ထောင် တိုက်ခန့်ခန့်တွေကလည်း စန့်စန့်ကြီး၊ ကျမကို လှမ်းကြည့်နေလေရဲ့။ လမ်းတွေ ကျပ်နေတယ်။ ကားတွေ ရှုပ်နေတယ်။ မီးပွိုင့်မှန်သမျှ ကားသမားကို ဒေါသထွက်အောင် လုပ်နေတယ်။ ကျမ အမှတ်တမဲ့ နောက်ကို လှည့်ပြီး ကြည့်မိတယ်။ Oh my God! ကားနောက်မှာ ဆိုင်ကယ် တက္ကစီ ၈ စီး ထက်ကြပ်မကွာ လိုက်ပါလာတယ်။ အားလုံးက အစိမ်းရောင် လက်ပြတ် ယူနီဖောင်းတွေနဲ့။ ဒါက ထိုင်းနိုင်ငံက ဆိုင်ကယ် တက္ကစီ မောင်းသူတွေရဲ့ ယူနီဖောင်းပါပဲ။ ဒီတက္ကစီတွေ ဘာကြောင့် အစုလိုက်၊ အပြုံလိုက် ကျမကားနောက်ကို လိုက်ပါနေရတာလဲ။ တချို့က ပိန်ပိန်၊ တချို့က တုတ်တုတ်၊ တချို့ နှုတ်ခမ်းမွေးကားကား၊ တချို့ ဆံပင်ဖားလား။ ကြည့်စမ်း၊ ဘယ်လမ်းကြားတွေ မောင်းနေတာလဲ။
အဆောက်အအုံဟောင်း၊ လမ်းကြိုလမ်းကြား၊ သံရုံးက ဒီနေရာမှာ ရှိနိုင်မတဲ့လား။
ရုတ်တရက် ကားသမားက ကားကို ထိုးရပ်လိုက်ပါတယ်။ ကျမကို ပိုင်..ပိုင်..ပိုင် ဆိုပြီး အဓမ္မ မောင်းထုတ်နေပါတယ်။ “ပိုင်”ဆိုတာ မြန်မာလိုတော့ သွား.. ပေါ့။ ခုနက ပါလာတဲ့ ဆိုင်ကယ် တက္ကစီတွေလည်း အနား ရောက်လာကုန်ကြပါပြီ။ သူက ကျမကို အဲဒီဆိုင်ကယ်တွေထဲက တစီးစီးကို တက်စီးဖို့ ခိုင်းနေပါတယ်။ အော်ကြီးဟစ်ကျယ် ခိုင်းနေတာပါ။ နောက်ကျော မလုံတဲ့ ပုံစံမျိုးနဲ့ ပျာယာခတ်နေတာပါ။ ကားက လမ်းဟောင်းတနေရာ လူပါးတဲ့ အကွေ့တခု၊ အိုအိုမင်းမင်း အဆောက်အအုံတွေနားမှာ ထိုးရပ်ထားပါတယ်။ သေချာတာက သူတို့လိုချင်တဲ့နေရာကို မရောက်သေးတာ ဖြစ်ဖို့များပါတယ်။ ဒါကြောင့် လွယ်လင့်တကူ ခေါ်ထုတ်သွားလို့ အဆင်ပြေအောင် ဆိုင်ကယ်သမားတွေကို အကြောင်းကြားလိုက်တာ ဖြစ်နိုင်ပါတယ်။ ဆိုင်ကယ်က တစီးတည်းဆိုရင် ကျမကို အဓမ္မ စီးခိုင်းနေမှန်း ရိပ်မိမှာစိုးလို့ ကြိုက်ရာရွေးစီးပြီး လိုက်သွားဆိုတဲ့ သဘောပါ။
ကျမ ဘာတခွန်းမှ မပြော၊ ထလည်း ထမသွား၊ ကားထဲမှာနေပြီး အရင်ဆုံး လက်ကိုင်ဖုန်းကို ကိုင်လိုက်ပါတယ်။ ပြီးတော့ ဘန်ကောက် ကြမ်းပိုးကြီး ကျမသူငယ်ချင်း ကိုထိုက်ဆီကို လှမ်းဆက်လိုက်ပါတယ်။ ဟလို..ကိုထိုက်လား။
ငါ အဲမလီပါ။ ငါ ငှားလာတဲ့ တက္ကစီက သံရုံးကိုမပို့ဘဲ ငါ့ကို ဘယ်နေရာခေါ်လာမှန်း မသိဘူး။ ခုလည်း တခြား ဆိုင်ကယ်သမားတွေနဲ့ လိုက်ခိုင်းနေတယ်။ နင်မေးလိုက်ပါ ဘာပြဿနာ တတ်နေလဲ ဆိုတာ။ ကျမ ဖုန်းကို အဲဒီ ကားဆရာကို လှမ်းပေးလိုက်ပါတယ်။ ကားဆရာက ကျမဖုန်းနဲ့ စကားတွေ အော်ကျယ်အော်ကျယ်ပြောပါတယ်။ သူဘာတွေပြောနေလဲ ကျမနားထောင်နေလိုက်တယ်။ ခဏကြာတော့ ကျမဖုန်းကို ကျမဆီ ပြန်ထိုးပေးတယ်။
ကျမ နားထောင်လိုက်တယ်။ ကိုထိုက် သူဘာပြောလဲ။ အေး.. အဲမလီ လမ်းက အရမ်း ရှုပ်နေတယ်လို့ ပြောတယ်။ နင်သွားချင်တဲ့ နေရာကို အချိန်မီ ရောက်မှာ မဟုတ်ဘူး တဲ့။ နင်လည်း သိသားနဲ့ ဘန်ကောက်မှာ ဒီလောက် လူ ထူထပ်တာ၊ ဒီအချိန်ဆို ကားတွေ ကြိတ်ကြိတ်တိုး၊ ဘယ်လိုမှ အချိန်မမီဘူး၊ အဲဒါနင့်ကို စေတနာနဲ့ ပြောနေတာ။ လိုက်သာသွား၊ ဘာမှ မဖြစ်ဘူး။ ဆိုင်ကယ်နဲ့ဆို မြန်မြန်ရောက်မယ်။ တော်ကြာ နင်သတင်း မမီဘဲ နေဦးမယ်။
သွေးအေးနေတဲ့ လူတယောက်လို ကျမ စကားတွေ ပြောဆိုနေရပါတယ်။ ဒါပေမယ့် ကျမကိုယ်ကျမတော့ သိနေတယ်။ ကျမ သွေးလန့်လုမတတ် ဖြစ်နေတယ်။
ဟဲ့ ကိုထိုက်.. ငါမယုံဘူး။ သူတို့ကို ငါ လုံး၀ မယုံဘူး။ သူတို့မျက်လုံးတွေ သူတို့ ပုံစံတွေကို ငါ ထိပ်တိုက် ရင်ဆိုင် နေရတာ၊ ငါ သူတို့ ခိုင်းတိုင်း မလုပ်နိုင်ဘူး။ သူတို့နဲ့လည်း အတူ မလိုက်နိုင်ဘူး။ ကျမ စကားမဆုံးသေးဘူး ကားသမားက စိတ်မရှည်တဲ့ပုံစံနဲ့ ကျမကို ကျသင့်သလောက် မီတာခကို ရှင်းခိုင်းပြီး ဆိုင်ကယ်တစီးကို အထာပြလိုက်တယ်။ ကျမလည်း တက္ကစီခ ဘယ်လောက်ကျသလဲ သိရအောင် မီတာဘောက်ကို ကြည့်လိုက်တယ် ဘတ် ၈၀။ ကျမ ပိုက်ဆံအိတ်ထဲက ၂၀ တန် ၄ ရွက်ကို ပစ်ပေးလိုက်တယ်။ ရှေ့ထိုင်ခုံကြား လွှင့်ကျသွားတဲ့ ငွေစက္ကူတွေကို သူ လှမ်းကောက်တုန်း ကားတံခါးကို ဆောင့်တွန်းပြီး အတင်း ပြေးဆင်းခဲ့တယ်။ ပြီးတော့ ဂျိမ်း ဆိုတဲ့ အသံကြီးထွက်အောင် တံခါးကို ပြန်ပိတ်ပစ်လိုက်တယ်။ အဲဒီအသံကြောင့် ခပ်ဝေးဝေးက လူတချို့လှမ်း ကြည့်လာတယ်။ လူတွေ လှမ်းကြည့်မှန်း သိလို့ ဒီလူတသိုက်လည်း ဟန်မပျက် ခရီးသည် စောင့်နေသလိုလို ဟန်ဆောင်လိုက်ကြတယ်။
ကျမ နောက်လှည့် မကြည့်စတမ်း ခပ်သွက်သွက် ပြေးလာခဲ့ပါတယ်။ လက်ထဲ ကိုင်ထားတဲ့ အသံဖမ်းစက်က ပွင့်သွားပြီး ကားသမားပြောတဲ့ စကားသံတွေ ကျယ်ကျယ် လောင်လောင် ထွက်နေပါတယ်။ ဆိုင်ကယ်သမား တယောက် ရိပ်မိသွားတယ် ထင်တယ်။ ဘာအော်ပြော လိုက်တယ် မသိဘူး။
ဘုရား..ဘုရား..၊ ကျမ တန်းနေအောင် ပြေးတယ်။ ပြေးတယ်…။
နောက်ကနေ လိုက်ပါလာတဲ့ ဆိုင်ကယ်တစီးရဲ့အသံ အနီးကပ်ဆုံး ကြားလိုက်တဲ့အချိန်မှာ တခြား တက္ကစီတစီး လမ်းမအတိုင်း မောင်းလာတာ တွေ့ရတယ်။ ကျမ အလျင်စလို တားလိုက်ပါတယ်။ I want to go to Myanmar Embassy.
Come on.
အချိန်မီလေး လွတ်မြောက်သွားပါပြီ။
သူတို့ကို လူကုန်ကူးသမား ဆိုတာ ကျမ တကယ် မသိခဲ့ပါဘူး။ မြန်မာမှန်းသိလို့ လိုက်မပို့ချင်တာလားလို့ပဲ တွေးမိခဲ့တာပါ။ မြန်မာမှန်းသိလို့ အထင်သေး အမြင်သေး ပြောဆိုအော်အစ် နေတာလားလို့ပဲ ထင်မှတ်ခဲ့တာ။
လက်ထဲမှာ ကျစ်ကျစ်ပါအောင် ကိုင်ထားတဲ့ အသံဖမ်းစက်က ဖွင့်လျက်သားအတိုင်း အသံတွေက ညံနေဆဲ။ ကားမောင်းသမားက တအံ့တသြ နားထောင်နေပါတယ်။ ပြီးတော့ သူက အင်္ဂလိပ်လို ဖြည်းဖြည်းချင်း ပြောလာပါတယ်။
You are lucky girl တဲ့။