နိုင်ငံရေးအကျဉ်းကျတွေရဲ့ မိသားစုဝင်တွေကို လိုက်ပြီး တွေ့ဆုံအားပေးခဲ့တဲ့အတွက် ထောင်ကျခဲ့ပေမယ့် အခု ပြန်လည် လွတ်မြောက်လာချိန်မှာလည်း အရင်လိုပဲ လိုက်လံအားပေးတာတွေ ဆက်လုပ်နေဆဲဖြစ်ကြောင်း မနိုးနိုး (ခေါ်) မနွဲ့နှင်းရည်က ပြောပါတယ်။

မနိုးနိုးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မအူပင်ထောင်ကနေ ပြန်လည် လွတ်မြောက်လာတဲ့ လူငယ် အမျိုးသမီးနိုင်ငံရေးသမားပါ။ အသက် ၄ နှစ်သမီးအရွယ်၊ မူကြိုကျောင်းသူဘဝမှာ ဖခင်ဆုံးသွားခဲ့တဲ့အတွက် အဖမဲ့ သမီးတယောက်အနေနဲ့ ကြီးပြင်းခဲ့ရပေမယ့် နိုင်ငံ့အရေးကို အားကျိုးမာန်တက် ဆောင်ရွက်ကြတဲ့ အသိုင်းအဝိုင်းထဲမှာ နေထိုင်ခွင့်ရခဲ့တဲ့အတွက် ဘဝကို ကျေနပ်မိတယ်လို့ အသက် ၂၃ နှစ်အရွယ် မနိုးနိုးက ဆိုပါတယ်။
“နိုး အစ်ကိုတွေ အစ်မတွေကလည်း နိုင်ငံရေးလုပ်တယ်ဆိုတော့ သူတို့ကို အားကျတာလည်း ပါတယ်။ ကိုယ် ကျောင်းစတက်ရတဲ့အချိန် ကျောင်းသားတွေနဲ့ ပတ်သတ်တာတွေကို စတင်လှုပ်ရှားတယ်။ ကိုယ်တိုင် စိတ်ထဲကပါလို့ ကိုယ့်ရဲ့စိတ်ဓာတ်ရှိတဲ့အတွက်၊ ဆန္ဒရှိတဲ့အတွက် နိုင်ငံရေးကို စလုပ်ဖြစ်ခဲ့တာပါ” လို့ မနိုးနိုးက ပြောပြပါတယ်။ မနိုးနိုးဟာ ၈၈ မျိုးဆက်ကျောင်းသူ မသက်သက်အောင်ရဲ့ ညီမတဝမ်းကွဲဖြစ်ပြီး နိုင်ငံရေးသမားတွေကို အားပေးကူညီမှုနဲ့ ထောင်ဒဏ်ချခံရတဲ့ ဒေါ်စန်းစန်းတင့်ရဲ့ တူမလည်း ဖြစ်ပါတယ်။

မနိုးနိုးဟာ အသက် ၁၉ နှစ်အရွယ် ၂၀၀၇ ခုနှစ်မှာစပြီး ၈၈ မျိုးဆက်ကျောင်းသား ကိုဌေးကြွယ်တို့နဲ့အတူ White Sunday ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပါတယ်။
“တနင်္ဂနွေနေ့တိုင်း နိုင်ငံရေးအကျဉ်းကျ မိသားစုဝင်တွေရဲ့ နေအိမ်တွေကို သွားပြီး အားပေးစကားပြောတာတွေ လုပ်ခဲ့တယ်။ နောက် ရွှေဝါရောင်တော်လှန်ရေးမှာ ကျဆုံးသွားတဲ့ သံဃာတော်၊ ကျောင်းသားတွေအတွက် ပန်းစည်းတွေချခဲ့တယ်။ အဲဒီလိုတွေ ဆောင်ရွက်နေတုန်း နိုးတို့ကို ဖမ်းဖို့ကြိုးစားနေတယ်။ လိုက်လည်း ဖမ်းခဲ့တယ်။ ၂၀၀၈ ခုနှစ် အောက်တိုဘာ ၁၈ ရက်ညမှာ အဖမ်းခံရပါတယ်” လို့ အသားညိုညို၊ ဆံပင်ရှည် ပျော့ပျော့ပါးပါး၊ ခပ်ပိန်ပိန်နဲ့ မနိုးနိုးက အဖြစ်အပျက်ကို ပြောပါတယ်။
“ထောင်ကျမှာ မကြောက်ပါဘူး။ နိုင်ငံရေးလုပ်ကတည်းကိုက ထောင်ကျမှာကို သိပါတယ်။ သိသိကြီးနဲ့ပဲ လုပ်ခဲ့တာပါ။
အခု ပြန်လွတ်လာတော့လည်း အရင်လိုပဲ နိုင်ငံရေးပဲ ဆက်လုပ်သွားမှာပါ။ နိုင်ငံရေး လုပ်ရတာကို ကြောက်စရာလို့လည်း မမြင်ပါဘူး။ နိုးတို့ တိုင်းပြည်မှာ လုပ်ဖို့ကို လိုအပ်နေလို့ လုပ်ရတာပါ” လို့ နိုးနိုးက မျက်မှန်ကိုပင့်ပြီး ပြောပါတယ်။
ထောင်တွင်းဖြတ်သန်းမှုနဲ့ ပတ်သက်ပြီး နိုးနိုးက “ထောင်ထဲမှာ ကိုယ့်ကိုကိုယ် ထောင်ထဲရောက်နေတယ်လို့ သတ်မှတ်မထားဘူး။ အေးအေးဆေးဆေး ပေါ့ပေါ့ပါးပါးပဲ နေတယ်။ ကိုယ့်ဖာသာကိုယ် ပုံမှန်လှုပ်ရှားတယ်။ အပြင်မှာ လှုပ်ရှားသလိုပဲ အေးအေးဆေးဆေး လှုပ်ရှားတယ်။ စာဖတ်တယ်၊ ဘုရားရှိခိုးတယ်။ ကိုယ်လုပ်စရာရှိတဲ့ အလုပ်တွေကို အချိန်မှန်မှန် ပုံမှန်လုပ်တယ်။ ပေါ့ပေါ့ပါးပါးလေးပဲ ဖြတ်သန်းခဲ့ပါတယ်” လို့ ဆိုပါတယ်။
မအူပင်အကျဉ်းထောင်ထဲမှာ ၂ နှစ်နဲ့ ၈ လကျော် နေခဲ့ရတဲ့ အတွေ့အကြုံအရ မြန်မာနိုင်ငံမှာ အကျဉ်းသားအခွင့်အရေးကို တောင်းဆိုဖို့လိုလာပြီလို့ သူက ပြောပါတယ်။
“နိုင်ငံရေးအကျဉ်းသားတွေက နေရတာ တော်သေးတယ်။ သာမန်ပြစ်မှုနဲ့ ကျတဲ့သူတွေရဲ့ အခြေအနေက တော်တော်ဆိုးတယ်။ သူတို့ကို အရမ်းခိုင်းတာ။ တနေကုန် မနားရဘူး။ အရမ်းလည်း ပင်ပန်းတယ်။ အစားအသောက်ဆိုလည်း သူတို့ ဝလင်အောင် မစားရဘူး။ ထမင်းမဝလို့ လယ်ထဲက တွေ့ကရာ အကောင်တွေကို အစိမ်းလိုက် ခိုးစားကြတယ်။ အဲဒီလိုတွေစားလို့ ဝမ်းလျှောပြီး ဒုက္ခရောက်တာတွေလည်း ရှိတယ်” လို့ နိုးနိုးက ထောင်ထဲက အတွေ့အကြုံကို စိတ်ပါလက်ပါနဲ့ ပြောပါတယ်။
သူ့လိုပဲ ထောင်အသီးသီးမှာ အကျဉ်းသားအခွင့်အရေးတွေ ဆုံးရှုံးနေတာနဲ့ပတ်သက်ပြီး တောင်းဆိုသွားဖို့ ဆန္ဒရှိနေတဲ့ အမျိုးသမီး နိုင်ငံရေးသမားတဦးလည်း ရှိပါတယ်။ အကြိမ်ကြိမ် အထိန်းသိမ်းခံရတဲ့ မစုစုနွေး ဖြစ်ပါတယ်။
အောက်တိုဘာလ ၁၂ ရက်နေ့က ပြန်လွတ်လာပြီးနောက် အကျဉ်းသားအခွင့်အရေးကို မဖြစ်မနေ တောင်းဆိုသွားမယ်လို့ ဆုံးဖြတ်ထားကြောင်း မစုစုနွေးက ပြောပြပါတယ်။

“ကျမက ကျန်းမာရေးလည်း မကောင်းပါဘူး၊ နှလုံးရောဂါရှိတဲ့ကြားထဲကနေ ကျမတို့ ဒုက္ခတွေ ခံခဲ့ရတယ်။ ဖိနှိပ်မှုတွေ မျိုးစုံ ကျမတို့ခံခဲ့တယ်။ ဘယ်လိုပဲ ဖိနှိပ်မှုတွေ ဖိအားပေးမှုတွေ ခံခဲ့ရပေမယ့် ကျမ စိတ်ဓာတ်မကျပါဘူး” လို့မစုစုနွေးကပြောပါတယ်။
ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှာ နေထိုင်တဲ့ မစုစုနွေးဟာ မိဘဘိုးဘွား လယ်သမားဖြစ်တဲ့အတွက် လယ်သမားဆိုင်ရာ အခွင့်အရေး၊ လူ့အခွင့်အရေးကို စတင်တောင်းဆိုရာကနေ နိုင်ငံရေးလောကထဲကို ရောက်ရှိလာသူဖြစ်ပါတယ်။
မစုစုနွေးဟာ လှည်းတန်းလမ်းဆုံမှာ လမ်းလျှောက်ဆန္ဒပြခြင်း၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ကာလတလျှောက်လုံး သံယာတော်တွေကို အားပေးကူညီပေးခြင်း၊ ရွှေဝါရောင်တော်လှန်ရေးမှာ ကျဆုံးသွားကြတဲ့ ဂျပန်သတင်းထောက်အပါအဝင် သံဃာတော်များနဲ့ ကျောင်းသူကျောင်းသားများအတွက် ပန်းခွေချခြင်း စတာတွေကို ဆက်တိုက် ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။
ဖြူဖြူဖျော့ဖျော့နဲ့ အမောဖောက်တတ်တဲ့ နှလုံးရောဂါသည် မစုစုနွေးဟာ စံပယ်ပန်း၊ ဇွန်ပန်းတွေကို အမြဲတမ်း ဝေနေအောင် ပန်ရင်း နိုင်ငံရေးလှုပ်ရှားမှုတွေကို တခုပြီးတခု ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။
“ကျမတို့လည်းပဲ ကြောက်ကြောက်နဲ့ တောင်းဆိုပြီးတော့ ထောင်ထဲကနေ ထွက်လာခဲ့တာ ဖြစ်တယ်။ လူငယ်တွေ အားလုံး ကျမတို့လိုချင်တဲ့ အခွင့်အရေးတွေ၊ စစ်မှန်တဲ့ဒီမိုကရေစီ ရရှိရေးအတွက် ကြောက်ကြောက်နဲ့ တောင်းဆိုပေးကြပါလို့ ကျမပြောချင်ပါတယ်” လို့မစုစုနွေးက ဆိုပါတယ်။
ထောင်ထဲက အမျိုးသမီတွေရဲ့ အခက်အခဲအကြောင်းကိုလည်း မစုစုနွေးက ပြောပြပါတယ်။
“အမျိုးသမီးတွေကို ချိုးနှိမ်တယ်၊ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ဖိအားပေးပါတယ်။ ကျမတို့ ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီးတော့ ဖိအားပေး ပြောဆိုတာတွေ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် ပြုမူ ဆောင်ရွက်တာတွေ ရှိပါတယ်” လို့ မစုစုနွေးက ဆိုပါတယ်။ ဒါ့အပြင် အကျဉ်းသားတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု မရှိတာက အဆိုးဝါးဆုံး အခြေအနေ ဖြစ်နေကြောင်း သူက ထောက်ပြ ဝေဖန်ပါတယ်။
“ထောင်ထဲမှာ ထောင်ဆေးရုံလည်း မရှိဘူးရှင့်။ ထောင်ဆရာဝန်လည်း မရှိဘူး။ ကျန်းမာရေးဆေးမှူး အဆင့်နဲ့ထားတာ။ ကျမတင် မဟုတ်ပါဘူး၊ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူတွေရော ကျန်းမာရေးနဲ့ ပတ်သက်လို့ရှိရင် အင်မတန်မှ ဒုက္ခရောက်ပါတယ်” လို့ မစုစုနွေးက ပြောပါတယ်။
ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မဖြိုးဖြိုးအောင်ကလည်း ကျန်းမာရေး စောင့်ရှောက်မှု မရရှိလို့ သေဆုံးသူများရှိတဲ့အတွက် အကျဉ်းသားစောင့်ရှောက်ရေး လုပ်ငန်းများကို အရေးတကြီး ဆောင်ရွက်သင့်ကြောင်း ပြောပါတယ်။
“အကျဉ်းသားအခွင့်အရေး ဆုံးရှုံးနေတာကတော့ တော်တော် ဆိုးနေပါတယ်။ နိုင်ငံတော်အနေနဲ့ အကျဉ်းထောင် ဥပဒေတွေကိုလည်း ပြောင်းလဲပြင်ဆင်ပြီး အကျဉ်းသားအခွင့်အရေး ရှိတဲ့အတိုင်း ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်” လို့ အောက်တိုဘာလ ၁၂ ရက်နေ့ကပဲ ပြန်လည် လွတ်မြောက်လာသူ မဖြိုးဖြိုးအောင်က ပြောပါတယ်။
မဖြိုးဖြိုးအောင်ဟာ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာ နိုင်ငံရေးလောကထဲကို စတင်ရောက်ရှိခဲ့သူပါ။

“၂၀၀၈ ခုနှစ် ၆ လပိုင်းမှာ နာဂစ်က အလောင်းတွေကို ကောက်တဲ့ ကယ်ဆယ်ရေးကိစ္စရှိတယ်။ အဲဒီမှာ အလောင်းတွေ လိုက်ကောက်ပေးရင်းနဲ့ အဖမ်းခံခဲ့ရတယ်။ ထောင်ဒဏ် ၄ နှစ်နဲ့ ၃ လ ချမှတ်ခြင်းခံခဲ့ရတယ်။ အခုပြန်လွတ်လာတာက လွတ်ရက်စေ့ဖို့ ၃ လနဲ့ ၁၅ ရက်အလိုမှာ ပြန်လွတ်လာပါတယ်” လို့ အသက် ၂၂ နှစ်အရွယ် အသားဖြူဖြူ၊ မျက်လုံးဝိုင်းဝိုင်းနဲ့ မဖြိုးဖြိုးအောင်က ဆိုပါတယ်။
မနိုးနိုးကလည်း သူကိုယ်တိုင် လွတ်မြောက်လာပေမယ့် ထောင်ထဲမှာ ကျန်ခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ လိုအပ်နေကြောင်း ပြောပါတယ်။
“နိုင်ငံတော်က အဲဒီလို အကျင့်စာရိတ္တ ကောင်းမွန်တဲ့သူတွေကို လွှတ်ပေးမယ်လို့ အောက်တိုဘာ ၁၁ ရက်နေ့ သတင်းမှာ ကြေညာခဲ့ပါတယ်။ တကယ် အဲဒီလိုသာဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံး အကျင့်စာရိတ္တ ကောင်းမွန်ပါတယ်။ ဆက်လွှတ်ပေးဖို့ ပြောချင်ပါတယ်” လို့ မနိုးနိုးက ပြောပါတယ်။
မစုစုနွေးကတော့ လူငယ်တွေကို နိုင်ငံရေး လုပ်ခွင့်၊ ကိုယ့်အခွင့်အရေးကိုယ် တောင်းဆိုခွင့် ပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
“သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ ယုံကြည်ချက်နဲ့ ခံယူချက်ကြောင့် အကျဉ်းကျနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကိုလည်း အမြန်ဆုံး လွှတ်ပေးစေချင်ပါတယ်။ ဒါမှသာ ပြုပြင်ပြောင်းလဲမှုဟာ တကယ် ဖြစ်လာမှာပါ။ ပြီးတော့ သတင်း လွတ်လပ်ခွင့်ပေးပါ။ ဒါမှ အမှန်တရား ဖော်ထုတ်ခွင့် ရကြမှာပါ။ ဒါမှလည်း လူ့အခွင့်ရေးပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံ ထူထောင်နိုင်ပါမယ်” လို့ မစုစုနွေးက ပြောဆိုပါတယ်။