အင်ဒိုနီးရှားနိုင်ငံ၊ ပလမ်ဘန်မြို့၊ သီရိဝီဂျာရာ အားကစားကွင်းကြီးမှာ ပြုလုပ်ခဲ့တဲ့၂၆ ကြိမ်မြောက် ဆီးဂိမ်းဖွင့်ပွဲအခမ်းအနားကလည်း ကြီးကျယ်ထည်ဝါလှပါတယ်။ နိုင်ငံ့ခေါင်းဆောင်ကြီးတွေ အထူး တန်းစင်မြင့်ကနေ ပရိသတ်ကို လက်ဝှေ့ရမ်း နှုတ်ဆက် နေရာယူကြပါတယ်။ အင်ဒိုနီးရှား သမ္မတ ကြီး ဆူဆီလိုဘမ်ဘန်း ယူဒိုယိုနို က ကွင်းဖွင့် နှုတ်ဆက်စကား ပြောကြားခဲ့ပြီးတဲ့အခါမှာ သီရိဝီဂျာရာ အားကစားကွင်းကြီးရဲ့ပတ်ပတ်လည်၊ ကောင်းကင်ယံ နဲ့ ကွင်းထဲမှာ လှပတဲ့ မီးရောင်စုံတွေ ဖြာဆင်းကျလာပါတယ်။
ပွဲတော်ကွင်းပြင်ကြီးပေါ်မှာ မီးရောင်စုံနဲ့ လည်ပတ်နေတဲ့ ခွေးသွားစိတ် ပင်နီယ တွေမှာ ၁၀ ကနေ ၁ အဆုံး ဂဏန်း တခုချင်းစီ နောက်ပြန် ဖော်ပြသွားပြီး အနုပညာ ဖျော်ဖြေရေး အစီအစဉ်တွေကို အချက်ပြလိုက်ပါတယ်။ ယင်းနောက်မှာတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ ခေတ်သစ်နည်းပညာ အနုပညာသစ်တွေနဲ့ ရိုးရာယဉ်ကျေးမှု၊ အနုပညာတွေကို ပေါင်းစပ် တင်ဆက်သွားတာပါ။ ရိုးရာ အဝတ်အစား၊ လှံကိုင်ရဲမက်များ၊ ဂါဝန်ကိုင် ရင်စီးလုံမများ၊ ရဲတံခွန်များ၊ အောင်လံတော်များ ကွင်းလယ်မှာ ခုန်ပေါက် ပြေးလွှား ပျံသန်းပြီး အနုပညာ တင်ဆက်မှုတွေကို အစီအစဉ် တခုပြီးတခု ပြုလုပ်သွားကြတာပါ။ ကွင်းလယ်မှာတော့ ရောင်စုံကော်ဇောကွက် အမျိုးမျိုးကို မီးဆလိုက်တွေနဲ့ ဖော်ကျူး ခင်းကျင်းထားပါတယ်။
ပရိသတ်ကြီးကို ဖမ်းစားသွားတာကတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ ကျွန်းတွေကို ရောက်ရှိလာကြတဲ့ အင်ဒိုလူမျိုးတွေရဲ့အကြောင်း တင်ဆက်မှု ပြကွက်တွေပါ။ အားကစားကွင်းကြီးဟာ တဖြေးဖြေး ကမ္ဘာ့မြေပုံကြီး အသွင် ဖြစ်လာပါတယ်။ အနီးကပ်ဆွဲယူ ပြသလိုက်တဲ့အခါမှာ အင်ဒိုနီးရှားနိုင်ငံ ဖြစ်လာမယ့် ကျွန်းတွေ ပေါ်လာပါတယ်။ မီးရောင်တွေ မှိန်ဖျော့ သွားတဲ့အခါ အားကစားကွင်းကြီးဟာ ရုတ်ချည်း ပင်လယ်ကြီးသဖွယ် ပြောင်းလဲသွားပါတယ်။ ပင်လယ်ပြာပြာ လှိုင်းခေါင်းဖွေးဖွေးမှာ လူးလွန့်နေတဲ့ ရွက်လှေကြီးတစီး ရွက်လွှင့်လာတာပါ။ နောက်ခံတေးဂီတတွေကလည်း ရိုးရာဗုံ၊ လင်းကွင်းတွေနဲ့ ခေတ်ပေါ်တူရိယာပစ္စည်းတွေ အချိုးညီညီ တီးခတ်နေတဲ့ သံစဉ်တွေက ခံစားဖွယ် ကောင်းလှပါတယ်။ ရွက်လှေပေါ်က ခေါင်းဆောင်တွေ၊ ရဲမက်တွေ၊ လှေသမားတွေဟာ ကျွန်းပေါ်ကို ခြေချဖို့ကြိုးစားခဲ့တဲ့ နောက်ခံသမိုင်းပြကွက်ပါ။ ပရိသတ်အဖို့ ရင်သပ်ရှုမော တင်ဆက်မှုလို့ပြောစရာပါ။
နောက် ပြကွက်တခုကို ညွှန်းဆိုချင်တာကတော့ ရိုးသားလှပတဲ့ အင်ဒိုကျေးလက်လူထုရဲ့ ချမ်းမြေ့ဖွယ် ဘဝလေးတွေကို ရိုးရာအက၊ ရိုးရာဂီတတွေနဲ့ တင်ဆက်တာပါ။ ထူးခြားမှုလေးက ဘာလီကျွန်းသူလေးတွေရဲ့ဘဝလေးတွေကိုလည်း ရှူမငြီးဖွယ် ပေါင်းစပ် ထင်ဟပ်အောင် ပြသသွားတာပါပဲ။
အရှေ့တောင်အာရှ အားကစားပွဲတော်ကြီးကတော့ တရားဝင် ဖွင့်လှစ်ခဲ့ပါပြီ။ သို့ပေမဲ့ ပြဿနာရပ်တွေ နဲ့ လုံးထွေးနေတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ပွဲတော်နဲ့ ပတ်သက်ပြီး ချစားမှုတွေ၊ ဆောက်လက်စ အဆောက်အအုံတွေ၊ လက်မှတ် အရောင်းထိုင်းမှု စတဲ့ ပြဿနာတွေကလည်း တသီးတသန့် ရှိနေတယ်လို့ စိတ်ထောင်းကိုယ်ကြေဖြစ်နေတဲ့ အားကစား ပွဲစီစဉ်သူတွေကဝန်ခံ ပြောဆိုခဲ့ပါတယ်။ အားကစားပွဲတော်ကို နိုင်ငံမြို့တော် ဂျကာတာ နဲ့ တောင်ပိုင်း ဆူမတြားမှာရှိတဲ့ ပလမ်ဘန်မြို့တို့မှာ ကျင်းပသွားမှာပါ၊
အာဏာရ ပါတီ ဘဏ္ဍာရေးမှူးကစီးပွားရေးကုမ္ပဏီတခုဆီက ဒေါ်လာ ၃ သန်း လာဘ်ယူပြီး အားကစားရွာတည်ဖို့ တင်ဒါချပေးလိုက်တယ် ဆိုတဲ့ စွပ်စွဲချက် ထွက်လာတာကြောင့် ပြဿနာတွေ ပတ်ချာလည်နေတဲ့ ၂၆ ကြိမ်မြောက် အားကစားပွဲတော်အတွက် ပိုပြီး စိတ်ထင့်ဖွယ် အခြေအနေ ဖြစ်ခဲ့ရပါတယ်။ ဘဏ္ဍာရေးမှူးကတော့ လာဘ်ငွေထုတ် ဆွဲပြီး ကမ္ဘောဒီးယားနိုင်ငံကို ထွက်ပြေးသွားခဲ့ပါတယ် တဲ့။
ဓနသဟာယနိုင်ငံများအားကစားပွဲမှာ အစီအစဉ်မကျမှု၊ ကသောင်းကနင်းဖြစ်ရမှုတွေနဲ့ အိမ်ရှင်အိန္ဒိယမျက်နှာပျက်ခဲ့ရတဲ့ ပုံစံလိုပဲ အင်ဒိုနီးရှား ကြုံတွေ့ခဲ့ရပြီး အဆင်မပြေမှုတချို့နဲ့ ပွဲတော်ကို ဖွင့်လှစ်ခဲ့တာပါ။
တရားဝင် ဖွင့်ပွဲမစခင် နိုဝင်ဘာ ၃ ရက်နေ့က စပြီး ယှဉ်ပြိုင် ကစားနေကြတဲ့ လူအများဆုံး နှစ်ခြိုက်တဲ့ ဘောလုံးအားကစားပွဲဟာလည်း ပွဲကြည့်သူ ထောင် ဂဏန်းလောက်ပဲ လာရောက်ခဲ့ပါတယ်။ မျှော်မှန်းထားတာထက် အလွန်းနည်းတဲ့ ပရိသတ် ပမာဏပါ။
ဆီးဂိမ်းရဲ့ အဓိက ဟဲဗီးဝိတ် ကစားပွဲ ကြီးကတော့ ဘောလုံးပါပဲ။ ဆီးဂိမ်းဖွင့်ပွဲ မတိုင်မီမှာ အုပ်စု (ပ) က မလေးရှား၊ စင်္ကာပူ၊ အင်ဒိုတို့က ၁ – ၂ – ၃ အဆင့်၊ အုပ်စု (ဒု) မှာတော့ မြန်မာ၊ ဗီယက်နမ်၊ တီမောတို့က ၁ -၂ – ၃ အဆင့် အနေအထားတွေကနေ ကွင်းဖွင့်ပွဲအပြီး နိုဝင်ဘာ ၁၂ ရက်နေ့မှာ ဗီယက်နမ်က ဘရူးနိုင်းကို ၈ ဂိုးပြတ် အနိုင်ရခဲ့တဲ့အတွက် အုပ်စုဗိုလ်နေရာကို ရောက်လာခဲ့ပါတယ်။ မျှော်လင့်ထားသလို အိမ်ရှင် အင်ဒိုကလည်း စင်္ကာပူကို ၂း၀ အနိုင် ကစားပြီး အုပ်စုဗိုလ် ဖြစ်လာခဲ့ပါတယ်။
ထိုင်းအသင်းအနေနဲ့ ၁၃ ရက်နေ့ အိမ်ရှင် အင်ဒိုနဲ့ ကစားရတဲ့ ပွဲမှာ ၂ ယောက် ထုတ်ခံရပြီး ၃း၁ နဲ့ ရှုံးနိမ့်သွားခဲ့တဲ့ အတွက် အိပ်ယာလိပ်ခဲ့ရပါတယ်။ ဆီးဂိမ်းဘောလုံးသမိုင်းမှာ ထိပ်တန်းအသင်း ထိုင်းအတွက် အင်ဒိုကျွန်းမှာပါ ရေနစ်ခဲ့ရတယ်လို့ ဆိုရမှာပါ။
မြန်မာသင်းကတော့ အလယ်တန်းနဲ့ရှေ့တန်း တိုက်စစ်မှူးတွေရဲ့ အတွဲမိမိ ကစားသွားနိုင်တဲ့အတွက် ဂိုးပြတ် နိုင်ခဲ့တာပါ။ နောက်တန်းက ကာကွယ်ဖျက်ထုတ်နိုင်ပေမဲ့ တယောက်နဲ့တယောက် နားလည်မှု လွဲနေတဲ့အတွက် အသင်းကြီးတွေနဲ့ တွေ့လို့ ခြိမ်းခြောက်ခံရရင် တည်ငြိမ်မှု နည်းနိုင်ပါတယ်။ ဖိလစ်ပိုင်အသင်းကို အသင်း စုစည်းမှုအားနဲ ့ ၅း၀ နဲ့ အပြတ် အနိုင်ရခဲ့တဲ့အတွက် ဆီမီးဖိုင်နယ် ပြေးလမ်းပေါ် တက်လှမ်းဖို့ အခွင့် သာခဲ့ပါပြီ။ ၁၅ ရက်နေ့မှာ ကစားရမဲ့ တီမောအသင်း နဲ့ လက်ကျန်ပွဲဟာ ခြေကုန် ရေကုန်ထုတ် ကစားရမယ့် အနေအထားမှာ ရှိပါတယ်။ ကမ္ဘောဒီးယား နဲ့ ဘရူနိုင်းတို့ဟာ အမှတ်ဖြည့်အသင်းများ အဆင့်သာ ရှိပါတယ်၊
ဆီးဂိမ်းသမိုင်းကျဉ်း
၁၉၅၈ ခုနှစ် မေလ ၂၂ ရက်နေ့ ၃ ကြိမ်မြောက် ဂျပန်နိုင်ငံက အိမ်ရှင်လက်ခံ ကျင်းပခဲ့တဲ့ ၃ ကြိမ်မြောက် အာရှအားကစားပွဲတော်မှာ အရှေ့တောင်အာရှ ကျွန်းဆွယ်နိုင်ငံတွေ ဆုံတွေ့ခဲ့ကြပြီး ဒေသဆိုင်ရာ အားကစားအဖွဲ့အစည်း ရှိသင့်တယ်လို့ စဉ်းစားခဲ့ကြပါတယ်။ နောက်ပိုင်းမှာ ထိုင်း နိုင်ငံဆိုင်ရာ အိုလံပစ်ကော်မတီ ဒုဥက္ကဌဖြစ်လာမယ့် လန် စူကွမ်နိုင်ပရာဒစ် က အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပွဲ (Southeast Asian Peninsular Games) ဆိုတဲ့ အမည်သညာပြုခဲ့တာ ဖြစ်ပါတယ်။
ထိုင်း၊ မြန်မာ၊ မလေးရှား၊ လာအို၊ တောင်ဗီယက်နမ်၊ ကမ္ဘောဒီးယား (နောက်ပိုင်း စင်ကာပူ ပါဝင်လာပါတယ်) တို့က SEA GAME ဖြစ်လာမဲ့ SEAP တည်ထောင်သူ နိုင်ငံတွေ ဖြစ်ကြပြီး အားကစားပွဲတော်ကို ၂ နှစ် တကြိမ် ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ပထမဦးဆုံးပွဲကို ဘန်ကောက်မြို့မှာ ၁၉၅၉ ခုနှစ်က ကျင်းပတော့ ထိုင်း၊ မြန်မာ၊ မလေး၊ စင်ကာပူ၊ တောင်ဗီယက်နမ် နဲ့ လာအိုနိုင်ငံတို့ ပါဝင်ပါတယ်၊ အားကစား အမျိုးအစားပေါင်း ၁၂ ခု မှာ အားကစားသမားပေါင်း ၅၂၇ ဦးနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာပါ။
၈ ကြိမ်မြောက် အားကစားပွဲမှာ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ကို အဖွဲ့ဝင်လက်ခံဖို့ စဉ်းစားခဲ့ပြီး ၁၉၇၇ ခုနှစ်မှာ အဲဒီ ၂ နိုင်စလုံး ပါဝင် ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ SEAP အဖွဲ့ချုပ်ကနေ အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ် (Southeast Asian Games Federation – SEAGF) လို့ အမည်ပြောင်းခဲ့ပြီး ပွဲတော်က ဆီးဂိမ်းလို့ လူသိများလာခဲ့ပါတယ်။
ဘရူနိုင်းကို ဂျကာတာမှာ ကျင်းပခဲ့တဲ့ ၁၀ ကြိမ်မြောက်ပွဲတော်မှာ ဝင်ခွင့်ပေးခဲ့သလို၊ အရှေ့တီမောက ၂၀၀၃ ခုနှစ် ဗီယက်နိုင်၊ ဟနွိုင်းမှာ ကျင်းပခဲ့တဲ့ ၂၂ ကြိမ်မြောက်ပွဲမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့ ပါတယ်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်လာတဲ့ နိုင်ငံတွေ ပူးပေါင်း ကျင်းပလာခဲ့တဲ့ အရှေ့တောင် အာရှ အားကစားပွဲတော်ဖြစ်တဲ့ (ဆီးဂိမ်း) ကို ကျင်းပလာခဲ့တာ ၅၄ နှစ်တိုင်ခဲ့ပြီ ဖြစ်သလို ၂၆ ကြိမ်မြောက်လည်း ဖြစ်ပါတယ်။
ဒီပြိုင်ပွဲကို ယခု တကြိမ်ကို ထည့်တွက်မယ် ဆိုရင် အင်ဒိုက (၄) ကြိမ်၊ ထိုင်းက (၆) ကြိမ်၊ မလေးရှားက (၄) ကြိမ်၊ စင်ကာပူက (၃) ကြိမ်၊ ဗီယက်နမ်က (၁) ကြိမ်၊ ဘရူနိုင်းက (၁) ကြိမ်၊ လာအိုက (၁) ကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါတယ်။ ၁၉၆၅ ခုနှစ် တတိယအကြိမ် မြောက်ပွဲတော်ကို လာအိုမှာ ကျင်းပခွင့် ပေးပေမဲ့ လာအိုမှာ ဘဏ္ဍာရေး အခြေအနေ မတက်နိုင်တာကြောင့် မလေးရှား နိုင်ငံကို လွှဲပေးခဲ့ပါတယ်။
ကမ္ဘေားဒီးယားက ၁၉၆၃ ခုနှစ် ၃ ကြိမ်မြောက် အားကစားပွဲတော် ကျင်းပခွင့် ရခဲ့ပေမဲ့ တိုင်းပြည် မငြိမ်မသက် ဖြစ်နေတာကြောင့် မကျင်းပနိုင်ခဲ့ပါဘူး။ ၃ ကြိမ်မြောက်ပွဲကို ဖျက်သိမ်းခဲ့ရပါတယ်။ အဲဒါကြောင့် အိမ်ရှင်အဖြစ် တကြိမ်မှာ မကျင်းပဖူးသေးတဲ့ နိုင်ငံတခုလို့လည်း ပြောလို့ရပါတယ်။
မြန်မာနိုင်ငံကတော့ အိမ်ရှင်အဖြစ် (၂) ကြိမ် လက်ခံ ကျင်းပခဲ့ဖူးပါတယ်။ ၁၉၆၁ နဲ့ ၁၉၆၉ ခုနှစ် တို့မှာပါ။ နှစ်ကြိမ်စလုံး မြန်မာနိုင်ငံက ရွှေတံဆိပ် အများဆုံး ရရှိခဲ့ပါတယ်။ အရှေ့တောင်အာရှ အားကစားပွဲ (ဆီးဂိမ်း) ဟာ ဒေသတွင်း နိုင်ငံတွေရဲ့ အားကစားပွဲတော် ဆိုပေမဲ့ ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံရေး၊ စီးးပွားရေးနဲ့ ဒေသတွင်းတည်ငြိမ်ရေး စတာတွေ အတွက်လည်း ရည်ရွယ် ကျင်းပတာလို့ ဆိုနိုင်ပါတယ်။ ဒီပြိုင်ပွဲက အစပြုပြီး အာရှအားကစား ပွဲတော်၊ အိုလံပစ် စတဲ့ ကမ္ဘာ့ပြိုင်ပွဲတွေကို တက်လှမ်း ယှဉ်ပြိုင်နိုင်ခွင့်ရနိုင်တဲ့ အခွင့်အလန်းတွေ လည်း ရှိနေတာကြောင့်ပါ။
ဒီနှစ် အင်ဒိုဆီးဂိမ်းမှာ နိုင်ငံပေါင်း (၁၁) နိုင်ငံ ပါဝင်ကြမှာ ဖြစ်ပြီး အားကစား အမျိုးအစား (၄၁) ခုမှာ အားကစားသမားပေါင်း (၁၅၉၀၀) ယှဉ်ပြိုင်ကြမှာပါ။ အင်ဒိုဆီးဂိမ်းကို ဒေါ်လာ ( ၁၆.၈) သန်း အကုန်အကျခံ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ပွဲတော်ကို ငွေကြေးပြည့်စုံရုံ နဲ့ ကျင်းပခွင့်ရတာ မဟုတ်ပါဘူး။ ပြည်တွင်းနိုင်ငံရေး တည်ငြိမ်မှုရှိဖို့လည်း လိုအပ်ပါတယ်။