ဆောင်းပါး

“ကမ္ဘာမကျေဘူးဟေ့” တေးသံလွှမ်းတဲ့ ဈာပနတခုကို ခံစားခြင်း

This article has been converted from Zawgyi One to Unicode

အရိုးဆုံးအရာတွေဟာ တခါတလေမှာ အဆန်းဆုံး ဖြစ်သွားတတ်ပါတယ်။

ရိုးရှင်းလွန်း၊ ထိမိလွန်းတဲ့ ဝါကျတွေနဲ့ ဖွဲ့စည်းထားတဲ့ အတွက် ဆန်းပြားစွာနဲ့ လက်ကမချနိုင်အောင် ကျမကို အဆုံးအထိ ဆွဲဆောင်နိုင်တဲ့ စာအုပ်တအုပ်ကိုပြပါဆိုရင် မဆွေဆွေရဲ့ “မုန်တိုင်းမှာ ကြွေတဲ့ကြယ်တပွင့်” ကို ညွှန်းရပါမယ်။

ဒီစာအုပ်ကို မဖတ်ခင်ကတည်းက ဖခင်တဦးရဲ့အကြောင်းကို သမီးတယောက်က ရေးထားတာ၊ အဲဒီဖခင်က ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ခေါင်းဆောင်တဲ့ စစ်ထောက်လှမ်းရေးကာလ ရေကြည်အိုင်စစ်ကြောရေးမှာ  ညှဉ်းပန်းမှုတွေ ခံရပြီး ကျဆုံးခဲ့ရသူ နိုင်ငံရေးသမားတဦး ဆိုတာလောက်ကိုပဲ သိထားပါတယ်။

စပြီးဖတ်မိချိန်မှာတော့ စာရေးသူ မဆွေဆွေရဲ့ ရိုးရှင်းလွန်းတဲ့ အရေးအသားတွေရဲ့ ဆွဲခေါ်ရာကို မနက် ၂ နာရီကျော်တဲ့အထိ ကျမ မျောပါသွားတဲ့အပြင် … စာအုပ်အဆုံးထိ ပြီးသွားချိန်မှာ အတွေးတွေနဲ့ ကျမ ဘယ်လိုမှ ဆက်အိပ်လို့မရနိုင်အောင် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း အရိုးဆုံးဟာ တခါတလေမှာ အဆန်းဆုံးတွေ ဖြစ်သွားတတ်တယ်လို့ ကျမ ဆိုခဲ့တာပါ။

ဒီစာအုပ်ကို ပထမဆုံး အဖွင့်အမှာရေးသူကတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါ။

“သြော် … ကျမလိုပဲ အဖေကိုချစ်တဲ့၊ အဖေ့အချစ်ကိုခံရတဲ့ သမီးများစာရင်းဝင် တယောက်ပါလား … လို့ ခံစားရပါတယ်” ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာက ကျမဒီစာအုပ်ကို ပိုပြီး စိတ်ဝင်စားအောင် ညှို့ယူသွားပါတယ်။ ဘာကြောင့်ဆို ကျမ ကိုယ်တိုင်ကလည်း အဖေကိုချစ်တဲ့ အဖေချစ်သမီးတယောက်ကိုး …။ အဖေတွေအတွက် လေးစားဂုဏ်ယူရတဲ့ သမီးတွေကို ကျမ သိပ်စိတ်ဝင်စားပါတယ်။ ဒါပေမယ့် ဒီအချိန်အထိ ကျမ စိတ်ထဲမှာ ဦးမောင်ကိုဆိုတာ မဆွေဆွေရဲ့ဖခင် သာမန် နိုင်ငံရေး သမားတဦး ဆိုတာလောက်ပဲ ထင်ထားမိတာပါ။ ကျမရဲ့ နိုင်ငံရေးဗဟုသုတ နည်းပါးမှုလို့လည်း ဆိုနိုင်ပါတယ်။

စာအုပ်အမည်။ ။ မုန်တိုင်းမှာကြွေတဲ့ကြယ်တပွင့်
စာရေးသူ။ ။ ဆွေဆွေ
ထုတ်ဝေသူ။ ။ ဆွေဆွေ
ထုတ်ဝေသည့် ခုနှစ်။ ။ ၂၀၁၁၊ နိုဝင်ဘာ
မျက်နှာဖုံးဒီဇိုင်း။ ။ ဇော်ပိုင်စိုး
စာအုပ်အပြင်အဆင်နှင့် ဒီဇိုင်း။ ။ ကိုဘလိတ်
အုပ်ရေ။ ။ ၅၀၀၀

ဦးတင်ဦးရဲ့ အမှာကတော့ ရှင်းပါတယ်။ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားရသူ ဦးမောင်ကိုကို ညွှန်းပြီး ဒီစာအုပ်ဟာ သမိုင်းရဲ့ မှတ်တမ်းတခုဖြစ်တဲ့အတွက် ရေးသားသူ မဆွေဆွေကို ကျေးဇူးတင်ကြောင်း ခပ်တိုတိုပဲ ရေးထားပါတယ်။ ဒီ အမှာ နှစ်ပုဒ်အပြီးမှာ စာရေးသူရဲ့ အမှာလာပါတယ်။

အဖေ့အကြောင်းကို ရေးချင်လွန်းခဲ့ပေမယ့် ၂၁ နှစ်ကြာမှ ရေးဖြစ်ခဲ့တဲ့အကြောင်း မဆွေဆွေက အဖွင့်အမှာ ရေးထားပါတယ်။ ကျမ ကိုယ်တိုင်လည်း အဲဒါမျိုး ခံစားဖူးပါတယ်။ ကိုယ်လေးစားချစ်ခင်ရတဲ့ သူတွေအကြောင်း ရေးဖို့ လက်တွန့်နေခဲ့တာမျိုးပါ။ မပြည့်စုံမှာလည်း ကြောက်၊ မှားသွားမှာလည်းကြောက်၊ ပေါ့သွားမှာလည်း ကြောက်တဲ့ စိတ်တွေနဲ့ ကျမ ကိုယ်တိုင် အဖေ့ အကြောင်း ရေးချင်ပေမယ့် မရေးနိုင်ခဲ့တာကို သတိရမိပါတယ်။

မဆွေဆွေကို ကျမ မြင်ဖူးတဲ့အချိန်မှာ သူ့သမီးလေး ရတီစု ကိုယ်ဝန်ကိုလွယ်ထားရပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရဲ့ တနေရာမှာ DVB အယ်ဒီတာ ကိုမိုးအေးရဲ့ ဇနီးအဖြစ်နဲ့ ကျမစိတ်ထဲမှာ အမှတ်တမဲ့ပါ။ သူ့ပုံစံကို ရုတ်တရက် ခန့်မှန်းမိသလောက် ကျန်းမာရေး သိပ်ကောင်းပုံမပေါ်ဘူးလို့တော့ ထင်မိပါတယ်။ အမှန်အတိုင်းပြောရရင် မဆွေဆွေနဲ့ သေသေချာချာ စကားမပြောလိုက်ရသလို သူ့ရဲ့ပုံပန်းသဏ္ဍန်ဘယ်လိုရှိတယ် ဆိုတာလည်း ကျမ သေသေချာချာ မမှတ်မိတော့ပါဘူး။ အဲဒီတုန်းက ကိုမိုးအေးနဲ့ပဲ စကားပိုပြောဖြစ်ခဲ့ပါတယ်။

ဒီစာအုပ်ကျမလက်ထဲ ရောက်လာချိန်မှာတော့ ကျမ မဆွေဆွေကို မျက်စိထဲမှာ ပြန်ပုံဖော်ကြည့်မိတယ်။ စာအုပ်အတွင်းပိုင်း အစမှာ ဖော်ပြထားတဲ့ ခပ်ဝါးဝါး ဓာတ်ပုံဟောင်းလေးတွေထဲက မဆွေဆွေကို ကျမဘာသာ ဖိုးကတ်စ်ဖြတ်ကြည့်ပေမယ့် သေသေချာချာ မပြတ်ပါဘူး။ ဒါပေမယ့် “မုန်တိုင်းမှာ ကြွေတဲ့ ကြယ်တပွင့်” ရဲ့ အစကို ဖတ်လိုက်မိချိန်မှာတော့ မဆွေဆွေကို ကျမ ပြတ်ပြတ်သားသား မြင်လိုက်ပါတယ်။

ဒီစာအုပ်ကို ဖတ်ပြီးသွားချိန်မှာကျမ ခံစားမိလိုက်တာကတော့ လူတိုင်းဟာ မွေးကတည်းက နိုင်ငံရေးသမား ဖြစ်လာတာ မဟုတ်ဘူး၊ မျိုးရိုးကြောင့် နိုင်ငံရေးသမား ဖြစ်လာတာမဟုတ်သလို လူတိုင်းဟာ အကြောင်းတစုံတရာကြောင့် နိုင်ငံရေးသမား ဖြစ်နိုင်တယ်ဆိုတာပါ။

မဆွေဆွေ ချယ်မှုန်းပြခဲ့တဲ့ သူ့ဖခင် ဦးမောင်ကို ကို ကျမ အပိုင်း ၃ ပိုင်းခွဲပြီး မြင်မိပါတယ်။ ဆိပ်ကမ်းနဲ့ ဦးမောင်ကို၊ မိသားစုနဲ့ ဦးမောင်ကို၊ ပြီးတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နဲ့ ဦးမောင်ကို ဆိုပြီးတော့ပါ။ သေချာတာကတော့ အဲဒီ ၃ ခုစလုံးကို သူ သိပ်ချစ်ခဲ့တယ်ဆိုတာ မဆွေဆွေရဲ့စာအုပ်ထဲမှာ တွေ့ရပါတယ်။

ပခုက္ကူဇာတိ၊ ရိုးသားကြိုးစားတဲ့၊ ဆိပ်ကမ်းတွေကို ချစ်ပြီး မြန်မာပြည်က ဆိပ်ကမ်းတွေကို ခေတ်မီတိုးတက်စေချင်တဲ့ ကိုမောင်ကို၊ ဆိပ်ကမ်းအလုပ်သမားတွေ အပေါ်မှာ အရာရှိဆိုပြီး အနိုင်မကျင့် ဗိုလ်မကျတဲ့၊ အလုပ်သမားတွေအပေါ် နားလည် စာနာတဲ့ ဦးမောင်ကို၊ ဥပဒေကို တလုံးမှ နားမလည်ပေမယ့် ဆိပ်ကမ်းတရားသူကြီး လုပ်ရတဲ့အခါမှာ မတရား ချုပ်နှောင်ခံခဲ့ရ သူတွေကို စာနာမှုနဲ့ သူ့ပိုက်ဆံစိုက်ပြီး ဒဏ်ငွေဆောင်ပေးတဲ့ ဦးမောင်ကို၊ မိသားစုကို သံယောဇဉ်ကြီးပြီး မိသားစုအပေါ်မှာ ငါ အိမ်ထောင်ဦးစီးပဲဆိုတဲ့ စိတ်နဲ့ အနိုင်အထက် မပြုတဲ့ ဦးမောင်ကို၊ ၈၈ အရေးတော်ပုံမှာ သူ့ဘဝ ခေါင်းကနေ ပန်းကို ပြောင်းသွားခဲ့တဲ့ အနေအထား နိုင်ငံရေးသမား၊ NLD မှာ ယုံကြည်ချက် အပြည့်နဲ့ လှုပ်ရှားခဲ့တဲ့ ဦးမောင်ကို … စသည်ဖြင့် မဆွေဆွေက ချယ်မှုန်းထားပါတယ်။

စာရေးသူက ခေါင်းစဉ်ခွဲလေးတွေနဲ့ ဦးမောင်ကိုအကြောင်း အစဉ်လိုက် ဖော်ပြသွားတာပါ။ ရိုးရိုးလေး ရေးသားထားတဲ့ အတွက် ဦးမောင်ကိုရဲ့ စရိုက်သဘာဝကို ကျမ မျက်စိထဲ မြင်ယောင်လာမိတဲ့ အထိပါပဲ။ တကယ်တော့ အညာသား ဖေဖေ ဆိုတဲ့ ပထမဆုံး ခေါင်းစဉ်အောက်မှာပဲ ဦးမောင်ကိုရဲ့ ဘဝဖြစ်စဉ်အကျဉ်းကို တထိုင်တည်း သိသွားနိုင်ပါတယ်။ အဲဒီခေါင်းစဉ် အောက်က ဘဝဖြစ်စဉ် အကျဉ်းကြောင့်လည်း နောက်ထပ်၊ နောက်ထပ် ခေါင်းစဉ်တွေကို လက်က မချတမ်း ဖတ်ချင်သွား မိတာပါ။

ဖခင်ဖြစ်သူအကြောင်း ဆိုပေမယ့် မဆွေဆွေရဲ့ စာအုပ်ထဲမှာပါတဲ့ တကယ့်အပြင်က ဇာတ်ကောင်တွေ အားလုံးရဲ့စရိုက်ကိုပါ ရင်းနှီးသွားသလို ခံစားရတာပါ။ အငယ်ဆုံးသမီး မဆွေဆွေအပါအဝင် ဦးမောင်ကိုရဲ့ ဇနီး၊ ယောက္ခမ၊ သားနှစ်ယောက်၊ သမီးကြီးနဲ့ ဦးမောင်ကိုနဲ့ ဆက်စပ် ပတ်သက်ခဲ့တဲ့သူတွေရဲ့ စရိုက်တွေ၊ အမူအကျင့်တွေကိုပါ တွေ့ရပါတယ်။

ထူးခြားတာက ဒီစာအုပ်ဟာ စိတ်ကူးယဉ်ဖွဲ့နွဲ့ထားတဲ့ ဝတ္ထုစာအုပ်တအုပ် မဟုတ်ပါဘဲ အခန်းလေးတခန်းမှာ၊ ကဏ္ဍလေး တခုမှာ ပါဝင်တဲ့သူတွေရဲ့ စရိုက်သဘာဝတွေကိုပါ မဆွေဆွေက ပေါ်လွင်အောင်ရေးသားနိုင်ခဲ့ပါတယ်။ ကျမ တဦးတည်း အမြင်နဲ့ ပြောမယ်ဆိုရင် ဒီစာအုပ်ကို ကျမဖတ်ရင်း ရုပ်ရှင်တကားကြည့်နေရသလို ခံစားရတာပါပဲ။

မဆွေဆွေက သူ့ကိုယ်သူအကြောင်း ရေးသားရာမှာ ဘာကိုမှ မချန်မဝှက်ဘဲ ဖော်ပြခဲ့ပါတယ်။ ဒီနေရာမှာ စာရေးသူရဲ့ ရိုးသားမှုကို ကျမ တွေ့ပါတယ်။

အငယ်ဆုံးသမီး၊ ငယ်ငယ်ကတည်းက ချူချာလွန်းလို့ အဖေ့အချစ်ကို အသနားနဲ့ယှဉ်ပြီး အခံရဆုံးသမီး ဖြစ်တဲ့ မဆွေဆွေဟာ မိသားစုအသိုက်အမြုံ ကျဉ်းကျဉ်းလေး ထဲမှာပဲ ဥခွံထဲက ငှက်ကလေးလို လုံလုံခြုံခြုံနဲ့ ဘာမှ မသိနားမလည်တဲ့ မိန်းကလေး တယောက်အဖြစ် အနှစ် ၂၀ ကျော် နေထိုင်ခဲ့သူ အဖြစ် ကျမ ခံစားမိပါတယ်။

နယ်မှာ ကျောင်းဆရာမ သွားလုပ်ခဲ့တဲ့အချိန်အထိ မိခင်က သူနဲ့အတူ လိုက်နေရတာတွေ၊ အိမ်သာမရှိတဲ့ ပြဿနာကြောင့် ကျောင်းပြောင်းခဲ့ရတဲ့အထိ ဖြစ်ခဲ့တာတွေဟာ ဖတ်နေတဲ့အချိန်မှာ ကျမအတွက် ပြုံးစရာ ဖြစ်မိပါတယ်။ ဒါလောက် လေးတောင် ခံနိုင်ရည်မရှိဘူးလား ဆိုပြီးတော့လည်း ကရုဏာဒေါသ ဖြစ်မိပါတယ်။ ဒါပေမယ့် ဒီလောက် ပျော့ညံ့ခဲ့သူ တယောက် ဟာ ဘာဆိုဘာမှ မကြောက်တတ်တော့တဲ့၊ မတရားမှုမှန်သမျှကို သည်းမခံတတ်တဲ့ သူတယောက် ဖြစ်လာ ပါတယ်။

သူ အဲဒီလို ဖြစ်လာအောင်လို့ သင်ပေးလိုက်တာကတော့ သူ့ဖခင် ဦးမောင်ကိုပါ။ တကယ်တော့ ဦးမောင်ကိုက သမီး အငယ်ဆုံးလေးရဲ့ ဘဝတလျှောက်လုံး ဘာလုပ်ရမယ်၊ ဘယ်လိုနေရမယ်ဆိုတာကို သွန်သင် ဆုံးမခဲ့တာ မဟုတ်ပါဘူး။ သူ့ရဲ့ အမူအကျင့်၊ လုပ်ရပ်တွေနဲ့ စစ်ထောက်လှမ်းရေးခေတ် ဆိုတဲ့ ခေတ်ဆိုးကြီးကြောင့်သာ မဆွေဆွေရဲ့ ဘဝ အလုံးစုံ ပြောင်းလဲခဲ့တယ်လို့ ကျမ နားလည်ပါတယ်။

အိမ်တအိမ်မှာ ဖခင်ဖြစ်တဲ့သူ မရှိလေ ကောင်းလေ၊ အဖေ အိမ်မှာမရှိမှ ပျော်တယ်လို့ သားသမီးတွေနဲ့ အိမ်သူအိမ်သားတွေက ခံစားနေရပြီဆိုရင် ဒီဖခင် အိမ်ထောင်ဦးစီးမှာ လွဲချော်မှု တခုခု ဖြစ်နေပြီ၊ အဲဒီလိုပဲ အလုပ်ခွင်တခုမှာ ခေါင်းဆောင်လုပ်သူ မရှိရင် နေပျော်တယ်လို့ လက်အောက်ငယ်သားတွေက ထင်မြင်ယူဆနေရင် ဒီခေါင်းဆောင်မှာလည်း ပြဿနာ ရှိနေပြီ၊ တိုင်းပြည်တပြည်မှာလည်း ဒီခေါင်းဆောင် မရှိမှ အေးမယ်လို့ တိုင်းသူပြည်သားတွေက မြင်နေပြီဆိုရင် ဒီခေါင်းဆောင်ရဲ့ ညံ့ဖျင်းမှုလို့ ဆိုပါတယ်။

ဦးမောင်ကိုကတော့ မိသားစုအတွက် မရှိရင်မဖြစ်တဲ့ ဖခင် ဖြစ်သလို သူ့ရဲ့ လူမှု အသိုင်းအဝန်း၊ သူ့အဖွဲ့အစည်းအတွက် မရှိမဖြစ်လူတယောက် အဖြစ်နဲ့ အသက်ရှင်ခဲ့သူ၊ တန်ဖိုးတခုနဲ့ ရှင်သန်ခဲ့သူဖြစ်ပါတယ်။

သာမန် မိသားစုကိုချစ်တတ်တဲ့ ဆိပ်ကမ်းအရာရှိ တဦး ဘဝကနေ ၈၈ အရေးတော်ပုံကာလမှာ မတရားမှုတွေကို မျက်ဝါး ထင်ထင် မြင်လိုက်ရတဲ့အတွက် နိုင်ငံရေးသမားဘဝကို ရုတ်တရက်ရောက်ခဲ့ရတဲ့ ဦးမောင်ကိုရဲ့ အနေအထားက ထူးဆန်းတယ်လို့တော့ မဆိုနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးသမားဆိုတာ မျိုးရိုးမလိုအပ်သလို ၈၈ အရေးတော်ပုံ ကာလ၊ ၂၀၀၇ သံဃာအရေးအခင်း စသည်ဖြင့် ကျမတို့ သိမီလိုက်တဲ့ အရေးအခင်းတွေကနေ နိုင်ငံရေးဆိုတာကို စာသိနဲ့ မဟုတ်ဘဲ လက်တွေ့သိမြင်ခံစားမှုနဲ့ မတရားမှုကို ဆန့်ကျင်ဖို့ နိုင်ငံရေးလောကထဲ ဝင်ရောက်သွားသူတွေ အများကြီး ရှိနေလို့ပါပဲ။ ဒေါ်အောင်ဆန်းစုကြည် စကားနဲ့ ပြောမယ်ဆိုရင် လူတိုင်းဟာ နိုင်ငံရေးနဲ့သက်ဆိုင်နေသလို လူတိုင်းဟာလည်း နိုင်ငံရေးသမားတွေ ဖြစ်နိုင်တာပဲ မဟုတ်လား။

တယ်လီဖုန်းလေး တလုံးကြောင့် လူတွေအကြောင်းသိခဲ့ရတဲ့ မဆွေဆွေကိုတော့ ကျမ အံ့သြမိပါသေးတယ်။ ပိုပြီး အံ့သြမိတာ ကတော့ လူတွေဟာ ဘယ်လိုပဲလို့ သမီးဖြစ်သူကို ပြောမပြဘဲ ကိုယ်တိုင်လက်တွေ့ ခံစားစေပြီး သင်ယူစေတဲ့ ဖခင်ရဲ့ စေတနာပါ။

၈၈ အရေးအခင်းအပြီး အလုပ်ကနေ ပင်စင်ပေးခံခဲ့ရတဲ့ အချိန်၊ အရင် အရာရှိဘဝက ဝိုင်းဝိုင်းလည်နေတဲ့ သူတွေရဲ့ ဖယ်ကျဉ်မှုကို ခံရတဲ့အချိန်တွေမှာ ဦးမောင်ကိုရဲ့ ရပ်တည်မှု၊ မိသားစုရဲ့ ပံ့ပိုးကူညီမှုတွေနဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် ပုဂ္ဂိုလ်ရေးမဟုတ်တဲ့ မူကို လေးစားယုံကြည်မှု စတာတွေကို ဒီစာအုပ်ထဲမှာ တွေ့ရသလို နိုင်ငံရေးသမားတွေရဲ့ ကိုယ်ကျိုးမငဲ့ ဆင်းရဲပင်ပန်းမှုတွေကိုလည်း မဆွေဆွေက ထည့်သွင်းရေးဖွဲ့ထားပါတယ်။

ထူးခြားတာကတော့ စစ်ထောက်လှမ်းရေး ခေတ်ရဲ့ မတရားတဲ့ စစ်ကြောရေး ဆိုတာကြီးကို မဆွေဆွေက သူ့ဖခင် အကြောင်း ဥပမာ တရပ်အနေနဲ့ ပေးပြီး ဖော်ထုတ်ရေးသားလိုက်တာ ပါပဲ။

အကျဉ်းထောင်ထဲတောင် မရောက်လိုက်ရဘဲ ကျန်းကျန်းမာမာ လူကောင်းတယောက်အဖြစ်ကနေ စစ်ထောက်လှမ်းရေးရဲ့ စစ်ကြောရေး စခန်းမှာ ၁၆ ရက်အတွင်း မတရားအနှိပ်စက်ခံပြီး သေဆုံးခဲ့ရတဲ့ ဦးမောင်ကိုရဲ့ အဖြစ်က မိသားစုနဲ့ မိတ်ဆွေများတင် မကဘဲ ကြားရသူ၊ သိလိုက်ရသူ အားလုံးအတွက် စုတ်တသတ်သတ် မဖြေနိုင်စရာပါ။ လူသားတယောက်ကို လူသားတယောက်လို မဆက်ဆံခဲ့တဲ့ သူတွေကို တင်စားရေးဖွဲ့လိုက်တာဟာ ဖခင်ကိုချစ်တဲ့ မဆွေဆွေအဖို့ လိုသေးတယ်လို့တောင် ဆိုနိုင်ပါတယ်။ ဒါပေမယ့် မဆွေဆွေက သူ့ရဲ့ စိတ်လှုပ်ရှားခံစားမှု၊ တကိုယ်ရေခံစားချက် တွေကို ရှေ့တန်းတင်ရေးဖွဲ့တာ မဟုတ်ဘူးလို့ ကျမ မြင်ပါတယ်။

သတင်းပေးသူတယောက်ရဲ့ ကျေးဇူးကြောင့်သာ ဦးမောင်ကိုရဲ့ ဆိုးရွားတဲ့ အဖြစ်ကို မိသားစု အပါအဝင် လူတိုင်း သိခွင့် ရခဲ့တာ၊ တကယ်ဆို လူမသိသူမသိ အလောင်းကို ဖျောက်ဖျက်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ကြတာပါ။ တကယ်လို့သာ လူမသိသူမသိ ဖျောက်ဖျက်ခွင့်ရခဲ့မယ် ဆိုရင် မဆွေဆွေအနေနဲ့ ဒီစာအုပ် ရေးဖို့အထိ မဖြစ်နိုင်သလို၊ မတရားတဲ့ အဖြစ်တွေ ရှိနိုင်ခဲ့တယ် ဆိုတာဟာလည်း ပါးစပ်ပြော ပုံပြင်တပုဒ်လိုပဲ ဖြစ်ခဲ့မယ်လို့ ကျမ ထင်ပါတယ်။ အဲဒီအတွက် မဆွေဆွေက အစ်မ ဖြစ်သူကို ကျေးဇူးတင်ထားပါတယ်။ မဆွေဆွေရဲ့ အစ်မဟာ ဒီစာအုပ်ထဲမှာ ရုပ်ရှင်စကားနဲ့ဆိုရင် ဇာတ်ပို့ တယောက်ပါ။ ဒါပေမယ့် ဒီဇာတ်ပို့ကြောင့်သာ မဆွေဆွေရဲ့ ဒီစာအုပ်ဖြစ်လာတာလို့ ဆိုနိုင်ပါတယ်။

ဦးမောင်ကို ကျဆုံးသွားတဲ့နောက်မှာ မဆွေဆွေရဲ့ ဘဝဟာ လုံးဝ ပြောင်းလဲခဲ့ပါတယ်။ တကယ်တော့ အကြောက်တရား ဆိုတာ ခံရသူဆီမှာ မရှိဘဲ မတရားမှု ကျူးလွန်သူတွေဆီမှာ ပိုရှိနေတယ်ဆိုတာကို မဆွေဆွေက ဒီစာအုပ်နဲ့ ညွှန်ပြခဲ့ပါတယ်။

“အမှန်အတိုင်းပြောရရင် စစ်ထောက်လှမ်းရေးတွေ ပြုတ်သွားပြီဆိုတော့ ကျမ ပျော်မိပါတယ်” လို့ မဆွေဆွေက တနေရာမှာ ရေးခဲ့တာတွေ့ရပါတယ်။ သူ ပျော်ရွှင်တာဟာ စစ်ထောက်လှမ်းရေးတွေ ပြုတ်သွားလို့ တခုတည်း မဟုတ်ဘဲ စစ်ထောက် လှမ်းရေးတွေ နှိပ်စက်တာကို လူတွေမခံစားရတော့ဘူး ဆိုတာ သိလို့ ပျော်ခဲ့တာပါ။ ဒါပေမယ့် ဒါက တကယ့်အစစ်အမှန် စနစ်ဆိုးကြီး အဆုံးသတ်သွားတာ မဟုတ်ဘူး ဆိုတာတော့ နောက်ပိုင်းမှာ သူသိခဲ့ပါတယ်။

ဦးမောင်ကိုရဲ့ လူငယ်တွေအပေါ် သဘောထားအမြင်ကိုတော့ မဆွေဆွေကတဆင့် ဖြတ်ခနဲပဲ တွေ့လိုက်ရပါတယ်။ သားသမီးတွေကို အချစ်ပိုတဲ့ ဖခင်တယောက်ဟာ လူငယ်တွေကို လေးစားတန်ဖိုးထားမယ် ဆိုတာကတော့ ဖွင့်ချ ရေးသားစရာ မလိုပါဘူး။

ဦးမောင်ကိုရဲ့ ဈာပန အခန်းအနားမှာ လူငယ်တွေရဲ့ “ကမ္ဘာမကျေဘူး … ဟေ့” တေးသံ လွှမ်းနေတယ် ဆိုတာနဲ့ပဲ သူနဲ့ လူငယ်တွေရဲ့ ကြားက ဆက်ဆံရေးကို ကျမ ခန့်မှန်းလို့ရပါတယ်။

မဆွေဆွေရဲ့ ချယ်မှုန်းမှု အပြီးမှာ ဦးမောင်ကိုရဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေဖြစ်တဲ့ ဒေါက်တာတင်မျိုးဝင်း၊ မခင်မိုးမိုး၊ ဦးဇင်လင်းတို့ရဲ့ ဦးမောင်ကိုနဲ့ ထိတွေ့ဆက်ဆံခဲ့ရစဉ် အဖြစ်အပျက်တွေကလည်း တဦးနဲ့ တဦး မတူဘဲ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ဒီစာအုပ်ဟာ ဖခင်တယောက်အကြောင်းကို သမီးတယောက်က ရေးထားတာထက် ပိုတယ်လို့ ကျမ မြင်ပါတယ်။

ဖခင် ကျဆုံးပြီး နောက်ပိုင်းမှာ လူမှုကူညီရေး လုပ်ငန်းတွေလုပ်ကိုင်ခဲ့သူ၊ နိုင်ငံရေးအကျဉ်းသား တွေရဲ့ ဒုက္ခတွေကို စာနာ နားလည် ကူညီခဲ့သူ မဆွေဆွေဟာ ဒီစာအုပ်နဲ့ ဖခင်ရဲ့ ကျေးဇူးကို ဆပ်တာ ဖြစ်သလို၊ ဒီစာအုပ် ထုတ်လုပ်ခဲ့တဲ့ ကုန်ကျစရိတ် အရင်းကော၊ ရောင်းချလို့ရမယ့် အမြတ်ကိုပါ နိုင်ငံရေးအကျဉ်းသားတွေရဲ့ လိုအပ်ချက်တွေ၊ မြန်မာနိုင်ငံတွင်းက လိုအပ် နေတဲ့ လူမှုကူညီရေးတွေမှာ အသုံးချမယ်ဆိုတာ ဖော်ပြထားတာ တွေ့ရပါတယ်။

သင်ပုန်းချေဖို့၊ အာဃာတတွေကို ဖျောက်ဖျက်လိုက်ဖို့၊ ဖြစ်ခဲ့တာတွေ မေ့လိုက်ဖို့ ဆိုတာ ကိုယ်တွေ့ မကြုံခဲ့သူတွေအဖို့ အလွယ်တကူ ပြောနိုင်ပေမယ့် ကိုယ်တွေ့ခံစားခဲ့ရသူတွေ၊ ရင်ဆိုင်ခဲ့ရသူတွေ အဖို့ကတော့ ပြောဖို့ ခက်ခဲလိမ့်မယ်လို့ ကျမ နားလည်ပါတယ်။

“ဘာလို့ အဟောင်းတွေကို ပြန်ပြောနေမှာလဲ” ဆိုသူတွေက မဆွေဆွေရဲ့ “မုန်တိုင်းမှာကြွေတဲ့ ကြယ်တပွင့်” ကို မဖတ်ရ သေးသူတွေလို့ ကျမ ယူဆပါတယ်။ တကယ်တော့ အဟောင်းဆိုတာ သမိုင်းပါပဲ။ သမိုင်းဆိုတာ မေ့လို့ရချင်ရချင်ရမယ် ဖျောက်ဖျက်လို့တော့ မရဘူးဆိုတာကို မဆွေဆွေက ပြောချင်ပုံရပါတယ်။

ဒီစာအုပ်ကို အဆုံးထိ ဖတ်ပြီးတဲ့အချိန် ကျမနားထဲမှာ “ကမ္ဘာ မကျေ ဘူးဟေ့” ဆိုတဲ့ တေးသံ ပဲ့တင်ထပ်ပြီး ကြားယောင် နေမိတာ မိုးလင်းသွားတဲ့ အထိပါပဲ။

Loading