“ဟိုင်း … ဦးရုက္ခစိုး … ကျန်းခန့်သာလို့ မာရဲ့လား”
ဘာလီကျွန်းရောက် ဦးရုက္ခစိုးကို ဘာလီကျွန်းရောက် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏဖောင်ပြင်က အရင် စမြင်သွားပြီး နှုတ်ဆက်လိုက်ခြင်းဖြစ်သည်။
ရုက္ခစိုး။ ။ မာပါ့ဗျာ။ ဦးဝဏ္ဏဖောင်ပြင် မျက်နှာကြီးကလည်း ဖြီးလို့ … အတော် ပျော်နေတယ် မှတ်တယ်။
ဖောင်ပြင်။ ။ ပျော်တာပေါ့ အဖေရယ် … အဲ … ပျော်တာပေါ့ ဦးရုက္ခစိုးရယ်။ ကျနော့်ထက် ပျော်တဲ့သူတောင် ကျနော့်လောက် ပျော်ပါ့မလားလို့ ပြောလိုက်ချင်တယ်။ အာဆီယံ အစည်းအဝေးကအပြန် သမ္မတအတွက် လက်ဆောင် ခုံတလုံး သယ်သွားနိုင်ပြီဗျ။
ရုက္ခစိုး။ ။ ခုံ သယ်သွားနိုင်တာတော့ ဟုတ်ပါပြီ။ အဲဒီခုံပေါ်မှာ ခင်ဗျားသမ္မတကြီးက ထိုင်တတ်ပါ့မလား။
ဖောင်ပြင်။ ။ ဘာလို့ မထိုင်တတ်ရမှာလဲဗျ … အထင်သေးလိုက်တာ။ ကျနော်တို့ သမ္မတကြီးက တသက်လုံး ခုံပေါ်က ဆင်းခဲ့တာ မဟုတ်ဘူး။ ထိုင်တတ်တယ်။
ရုက္ခစိုး။ ။ အရင်ခုံတွေနဲ့ အခုခုံနဲ့က တူတာမဟုတ်ဘူးနော် ဦးဝဏ္ဏဖောင်ပြင် … ကြည့်လဲလုပ်ဦး … အထိုင်မတတ်ရင် ခုံပေါ်က ဒလိမ့်ကောက်ကွေး ပြုတ်ကျမယ်။
ဖောင်ပြင်။ ။ သိပါတယ်ဗျာ။ အခု သမ္မတကြီးက အထိုင်ကျင့်နေတယ်။
ရုက္ခစိုး။ ။ အထိုင်ကျင့်နေတယ် ဟုတ်လား။
ဖောင်ပြင်။ ။ ဟုတ်ပါ့ဗျာ။ မယုံရင် သွားကြည့်ပါလား။ နေပြည်တော်မှာ သမ္မတကြီး အထိုင်ကျင့်နေတာ တွေ့လိမ့်မယ်။
ရုက္ခစိုး။ ။ ဒီကုလားထိုင် တလုံးနဲ့တော့ ခင်ဗျားတို့ သမ္မတ မျောက် အုံးသီးရသလို ဖြစ်နေမယ်ထင်တယ်။
ဖောင်ပြင်။ ။ ဒီမှာ ဦးရုက္ခစိုး … ခင်ဗျားစကားက အက်သစ်နဲ့ မညီဘူးဗျ … ပြင်ပြောလိုက်စမ်းပါ။
ဦးဝဏ္ဏဖောင်ပြင်က အက်သစ်ဆိုသောစကား ဘာကိုဆိုလိုမှန်း မသိပင်မသိသော်ငြားလည်း ခပ်တည်တည်ဖြင့် ဟောက်လိုက် သည်။ ဦးရုက္ခစိုးကလည်း အက်သစ် ဆိုသည့်စကားမှာ လူတိုင်း ဗုံးပေါလအော သုံးနေသည့်အတွက် သုံးသည်ဟုပင် ယူဆရင်း အဓိပ္ပာယ်ကို နားမလည်သော် ငြားလည်း “ကမ္ဘာကြီးငြိမ်းချမ်းစေချင်သော” စေတနာဖြင့် ပြင်ပြော ပေးလိုက် လေသည်။
ရုက္ခစိုး။ ။ ဟုတ် … ဟုတ်ကဲ့ ပြင်ပါ့မယ်။ ပလ္လင်ပေါ်က မျောက်ကလေး ဆင်းတယ်လို့ပြေး … ဂျာအေး … ဂျာအေးကို သူ့အမေရိုက်ပါလို့ … မှောင် … မှောင်။
ဖောင်ပြင်။ ။ ဟာ … အခု ဂျာအေးခေတ် … တိုင်ပတ်တဲ့ခေတ် မဟုတ်တော့ဘူးဗျ။ ကျုပ်တို့ သမ္မတကလည်း လစ်ဂျစ်တမစ်စီ ဖြစ်တယ် အခုဆိုရင် သူက စထရက်တဂျီ ပြောင်းနေပြီဆိုတာ ခင်ဗျား မသိဘူးလား။
ဘိုလိုဆက်တိုက် မှုတ်နေသော ဦးဝဏ္ဏဖောင်ပြင်၏ ပါးစပ်မှ လွင့်စဉ်လာသည့် တံတွေးများကို ဦးရုက္ခစိုးက တရုတ်သိုင်း ကားထဲမှ မင်းသားက ရန်သူ၏ လက်နက်ပုန်းများကို ရှောင်တိမ်းသကဲ့သို့ အလျင်အမြန် ရှောင်လိုက်ရသည်။
ရုက္ခစိုး။ ။ ဘယ်လို စရက်တဂျီများ ပြောင်းနေတာလဲဗျာ။
ဖောင်ပြင်။ ။ သိချင်ရင် နေပြည်တော် သွားကြည့်ပေါ့ … တွေ့လိမ့်မယ်။
ဦးဝဏ္ဏဖောင်ပြင်စကားကို ဦးရုက္ခစိုး စိတ်ဝင်စားသွားသောကြောင့် တကြောင်း၊ ဆက်လက်စဉ်လာဦးမည့် တံတွေးများ၏ ဒဏ်ကို မခံနိုင်တော့သောကြောင့် တကြောင်း ဘာလီကျွန်းမှနေ၍ နတ်တို့တန်ခိုး နှစ်ဆခွဲတိုးကာ နေပြည်တော်သို့ ရွေ့ရန် စဉ်းစားလိုက်သည်။ နတ်ဖြစ်သောကြောင့် စဉ်းစားလိုက်ရုံနှင့် နေပြည်တော် သမ္မတအိမ်တော်သို့ ဒါရိုက် ရောက်သွား လေတော့၏။
သမ္မတ အိမ်တော်ကား တိတ်ဆိတ်နေသည်။ ဦးရုက္ခစိုး အော်ခေါ်သော်လည်း ပြန်ထူးသံမကြားရ။ ထို့ကြောင့် အိမ်တော်တွင်း ဝင်ကာ သမ္မတ ဦးသိန်းဇိမ်ကို တခန်းဝင်တခန်းထွက် လိုက်ရှာသည်။ သမ္မတကို မည်သည့်အခန်းတွင်မှ မတွေ့ရ။ ထူးဆန်းလေစွ။
ရုက္ခစိုး။ ။ ဦးသိန်းဇိမ် … ဦးသိန်းဇိမ် …။ ဘယ်ရောက်နေလဲဗျ။ အသက်ကော ရှိသေးရဲ့လား။
ဦးရုက္ခစိုးမှာ တခန်းဝင် တခန်းထွက် လိုက်လည်းလိုက်ရှာ အော်လည်းခေါ် လုပ်နေစဉ် “ကျုပ် … ဒီမှာ …” ဆိုသော အသံ သဲ့သဲ့ ကြားလိုက်ရသည်။ ထိုအသံမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသည့်အနေဖြင့် သစ်သားတံခါး တဝက်သာ တပ်ထားသော အခန်းကျဉ်းတခုထဲမှ ဖြစ်နေသည်ကို ထူးဆန်းစွာ သိလိုက်ရသည်။ တံခါးအောက်မှာ လွတ်နေသောနေရာကို ဦးရုက္ခစိုး ကြည့်လိုက်ရာ ပုံတော်ဖိနပ် အနီရောင် တရန်ကို တွေ့လိုက်ရ၏။
ရုက္ခစိုး။ ။ ဒါ ဘာအခန်းလဲ ဦးသိန်းဇိမ်ရဲ့။
သိန်းဇိမ်။ ။ အိမ်သာလေဗျာ။ ဘိုထိုင် အိမ်သာ။
ရုက္ခစိုး။ ။ သြော် … သမ္မတက အိမ်သာ တက်နေတာလား။
သိန်းဇိမ်။ ။ မတက်ရပါဘူးဗျာ။ ကျုပ် အထိုင်ကျင့်နေတာပါ။
ရုက္ခစိုး။ ။ ဟာ … ကြံကြံဖန်ဖန်ဗျာ။ ဘိုထိုင်အိမ်သာပေါ် အထိုင်ကျင့်ရတယ်လို့။
သိန်းဇိမ်။ ။ တကယ်ပါဗျ။ မယုံရင် တံခါးကို အသာတွန်းဖွင့်ကြည့်လိုက် … ကျုပ် ဂျက်ထိုးမထားဘူး။
ဦးရုက္ခစိုးမှာ မယုံရဲ ယုံရဲဖြင့် တံခါးကို တွန်းဖွင့်ကြည့်လိုက်ရာ ဘိုထိုင်အိမ်သာပေါ် ဖိနပ်ချွတ်၍ ဘောင်းဘီတိုလေး ဝတ်လျက်သား ငုတ်တုတ်တက်ထိုင်နေသော သမ္မတကို တွေ့လိုက်ရလေသည်။
ရုက္ခစိုး။ ။ ဘယ်လိုဖြစ်တာလဲ သမ္မတရယ် … လူမြင်လို့ မကောင်းပါဘူး။
သိန်းဇိမ်။ ။ လူမြင်မကောင်းလို့ အိမ်သာထဲမှာ အထိုင်ကျင့်နေတာပေါ့ဗျ။ အာဆီယံဥက္ကဋ္ဌ ဖြစ်တော့မယ်ဆိုတော့ အရင်လို ဗမာထိုင် အိမ်သာတွေချည်း တက်လို့ မရတော့ဘူးလေ။ အဲဒါကြောင့် ဘိုထိုင်အိမ်သာကို အမြန်ဆောက်ခိုင်းပြီး ကျင့်နေတာ။
“သြော် သမ္မတက စရက်တဂျီ ပြောင်းတယ်ဆိုတာ ရိုးရိုးအိမ်သာကနေ ဘိုထိုင်အိမ်သာပေါ် ပြောင်းတက်ကြည့်တာကို ပြောတာထင်တယ်” ဟု ဦးရုက္ခစိုးက စိတ်ထဲမှ စဉ်းစားလိုက်သည်။
ရုက္ခစိုး။ ။ ဘိုထိုင်အိမ်သာက အဲဒီလို ငုတ်တုတ် ထိုင်ရတာ မဟုတ်ဘူးလေဗျာ။ တော်ကြာ သူများတွေ တက်ထိုင်တဲ့အခါ ခင်ဗျားခြေရာကြီးက ကြွေခွက်ပေါ်မှာ ထင်နေမှာပေါ့။
သိန်းဇိမ်။ ။ ဒီမှာ ဦးရုက္ခစိုး … ကျုပ်ကို ဆရာမလုပ်ပါနဲ့ဗျ။ ကျုပ်ဘာသာ ထိုင်ချင်သလို ထိုင်မယ် … ခင်ဗျား အပူမပါဘူး။
“အဲဒါပေါ့ … မထိုက်မတန်ဘဲရတော့ မသုံးတတ် မစွဲတတ်၊ မနေတတ် မထိုင်တတ် ဆိုတာ” ဟု ဦးရုက္ခစိုးက ခပ်တိုးတိုး ရေရွတ်လိုက်ရာ ဦးသိန်းဇိမ်က ကြားသွားပြီး “ဘာပြောတယ် … ကျုပ်က ဘာလို့ မထိုက်တန်ဘဲ ရရမှာလဲ” ဟု ရန်ထောင်သည်။
ရုက္ခစိုး။ ။ တကယ် လုပ်ရမယ့် အလုပ်တွေ မလုပ်သေးဘဲ … အာဆီယံ ကုလားထိုင်ရတာ မထိုက်တန်ဘဲ ရတာပေါ့ဗျ။
သိန်းဇိမ်။ ။ ခင်ဗျား အဲဒီလိုတော့ မပြောနဲ့ ဦးရုက္ခစိုး။ ကျုပ်က ဒီကုလားထိုင် ရပြီးမှ လုပ်ရမယ့် အလုပ်တွေ ဆက်လုပ်မှာ။ ပြောင်းစရာ ရှိတာတွေ ဆက်ပြောင်းမှာ။
ရုက္ခစိုး။ ။ သြော် … ဒါဆို … ဒီကုလားထိုင်ရပြီးမှ … နိုင်ငံရေးအကျဉ်းသားတွေ အကုန်လွှတ်မယ်၊ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စတွေ လုပ်မယ် ဆိုပါတော့ ဟုတ်လား။
သိန်းဇိမ်။ ။ မဟုတ်ပါဘူး …။ လုပ်ရမယ့် အလုပ်တွေ ဆက်လုပ်မယ် ဆိုတာက … နိုင်ငံတကာကို မလှိမ့်တပတ် လုပ်စရာ ကျန်နေတာလေးတွေ ဆက်လုပ်မယ်၊ တိုင်းရင်းသားတွေကို မလှိမ့်တပတ်နဲ့ သွေးခွဲလက်စကျန်နေသေးတယ်။ အဲဒါတွေ ဆက်လုပ်မယ်၊ ပြီးတော့ တချို့ဒေသတွေမှာ စစ်တိုက်လက်စတွေရှိသေးတယ်၊ အဲဒါတွေလည်း ဆက်လုပ်မယ် … ဒါကို ပြောတာ။
ရုက္ခစိုး။ ။ ဒီလိုလား။ ဒါဆို … ပြောင်းစရာရှိတာတွေ ပြောင်းမယ် ဆိုတာကကော … မြန်မာပြည်ရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ဒါတွေတိုးတက်မှုရှိလာအောင် ပြောင်း … ပြောင်း …။
သိန်းဇိမ်။ ။ နိုး … နိုး … မဟုတ်ဘူး ဦးရုက္ခစိုးရဲ့ … နတ်ဖြစ်ပြီး ဉာဏ်ကို လွှာသုံးစမ်းပါ။ တကယ်တော့ အာဆီယံ ကုလားထိုင် ရပြီ ဆိုတာနဲ့ ကျုပ်က ပြောင်းလိုက်ပါပြီဗျ။
ရုက္ခစိုး။ ။ ဘာကို ပြောင်းတာလဲ … စာပေစိစစ်ရေး မူဝါဒတွေ ပြောင်း … ပြောင်း …။
သိန်းဇိမ်။ ။ ဒါလည်း မဟုတ်သေးဘူးဗျ။ ပြောင်းတယ် ဆိုတာက ဒီလိုပါ …။ နိုင်ငံရေးအကျဉ်းသား တွေကို ဒီဘက် အကျဉ်းထောင်ကနေ … ဟိုဘက်ထောင်ကိုပြောင်း …။ ဟိုဘက်ထောင်က လူကို ဒီဘက်ထောင်ကို ပြောင်းတာ။ အခုဆို ကျုပ် ပြောင်းနေပြီဆိုတာကို ဝဏ္ဏဖောင်ပြင်က အာဆီယံ ထိပ်သီးအစည်းအဝေးမှာ တင်ပြနေလောက်ပြီ … ဟဲဟဲ။
ဦးရုက္ခစိုးမှာ ဘာပြန်ပြောရမှန်းမသိ ဖြစ်နေချိန်တွင် … သမ္မတက ဘိုထိုင်ကမုတ်ပေါ် ငုတ်တုတ် ထိုင်နေရာမှ ဆင်းလိုက်သည်။ “လေ့ကျင့်မှုက ဒီလောက်ဆို တော်လောက်ပြီ” ဟုလည်း သူ့ဘာသာ ပြောလိုက်သည်။
သိန်းဇိမ်။ ။ အခုအချိန်က စမ်းသပ်တဲ့ အဆင့်ပဲ ရှိသေးတယ် ဦးရုက္ခစိုးရေ … ကျုပ်ကတော့ ထပ်ပြောင်းချင်တာတွေ ရှိသေးတယ်။
ရုက္ခစိုး။ ။ ဘာ … ဘာတွေများ ပြောင်းမှာလဲ ဦးသိန်းဇိမ်ရယ်။
သိန်းဇိမ်။ ။ ဦးရုက္ခစိုးကို ရုက္ခစိုးထီးစင်စစ်က ရုက္ခစိုးမ ဖြစ်သွားအောင် ပြောင်းကြည့်ရင် ကောင်းမလားလို့ … ။
ရုက္ခစိုး။ ။ ဗျာ။
သိန်းဇိမ်။ ။ မဗျာနဲ့လေ … အဲဒါဆိုရင် ကျုပ်လည်း ဒေါ်အောင်ဆန်းစုကြည်လို နိုဗဲလ် ဆုတွေဘာတွေရလာနိုင်တယ်။ ဒါဆိုရင် အီးယူကလည်း ဆန်ရှင်ကို အမြန်ရုတ်ပေးနိုင်တယ်။ အမေရိကန်ကတောင် ကျုပ်ကိုဖိတ်ပြီး စင်မနာတွေဘာတွေ လုပ်ခိုင်းနိုင်တယ်။ ကဲ … ကြာပါတယ် ဦးရုက္ခစိုးရယ် … ပြောင်းကြည့်ရအောင် …။
ဦးသိန်းဇိမ်၏ စကားအဆုံးကိုပင် မစောင့်နိုင်တော့ဘဲ ဆတ်ဆော့မိသော ကျွနု်ပ်တို့၏ ဇာတ်လိုက်ကျော် ဦးရုက္ခစိုးကြီးမှာ မတိမ်းမစောင်း ဘိန်းဘောင်းကိုယ်တိုင်တီး၍ သမ္မတ အိမ်တော်မှ ကိုယ်ဖျောက် ထွက်ပြေးခဲ့ရ လေတော့သတည်း။ ။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံရေးသားထားခြင်း မဟုတ်ပါ။