သတင်းရေးရတာ မလွယ်လှဘူး ဆိုတာ မကြာခဏ ကြုံရပါတယ်။ အကြောင်းအရာ သိပေမယ့် ချရေးဖို့ ကျတော့ ခက်နေပြန်တယ်။ တကြောင်းတည်းနဲ့တင် တစ်နေပြီး ဆက်ရေးလို့ မရချင်၊ အိုင်ဒီယာက ထွက်မလာ။ တခါတခါ သတင်းတွေ ရှာရလွန်းလို့၊ စဉ်းစားရပေါင်း များလွန်းလို့ ဦးနှောက် မီးသီးတွေက ခဏခဏ ကျွမ်းလို ကျွမ်း ၊ ဟန်းလိုဟန်း။
“မူးရင်မမောင်းနဲ့ မောင်းရင်မမူးနဲ့” ဆိုတဲ့ ကြော်ငြာသီချင်းလေးကို ကျမ သတင်းထောက် သတင်းတပုဒ် ထုတ်လုပ်ရင်း ခေါင်းမူးတဲ့အခါ ကြားယောင်နေမိတယ်။ ခေါင်းမူးနေလို့ အတင်း မမောင်းပါနဲ့ဦး လို့။ ဘာတဲ့ ကျန်ပါသေးတယ်။ “စိတ်ရှည်သည်းခံ လမ်းကြောင်းမှန် ၊ မောင်းရန် မော်တော်ကား” တဲ့ ကျမလည်း လောလောဆယ် ဒီလောက်ပဲ မှတ်သားနိုင်စွမ်းရှိတော့ကာ ဒါလေးတွေပဲ ချပြရတာ။ ကမ္ဘာကျော် အဆိုအမိန့်တွေ အရေးကြီးသလို ဒါတွေလည်း အရေးပါတာပဲဟာ။ ယူတတ်ရင်တော့ ပညာပါပါတယ်။
သတင်းထောက်လည်း ဖြစ်လာရော စိတ်လည်း မရှည်တော့ပါဘူး၊ သည်းခံဖို့ ဆိုတာ ဝေလာဝေး။ သတင်းကွန်ရက်အတွက်၊ လူမှုကွန်ရက်အတွက် တွင်တွင်ကျယ်ကျယ် သုံးနေတဲ့ Gtalk ကို ဖွင့်လိုက်ရင်ပဲ ချက်တင်ကနေ ဟော ဒါလေးက ဘူလေးလဲဟင်..!ဆိုလို့ကတော့ လူရှင့် လူ… လူ ၊ ဘူလေး မဟုတ်ဘူး။ မတောင့်တပါဘဲ Gtalk မှာ မကြာခဏ ကိုယ်ထင်ပြနေတာ။ ဘယ့်နှယ် အချိန်ပြည့် ချက်တင်ဝင်နေလို့ ဖြစ်ပါ့မလဲ။
တချို့က ပြောကြတယ် ကျမရဲ့ လေသံကို ကြည့်လိုက်ရုံနဲ့ သတင်းထောက်ဆိုတာ တန်းသိတယ် တဲ့။ ဒီလိုဆိုတော့ သတင်းထောက်တွေက အပြောအဆို ကြမ်းတယ်ပေါ့ ၊ မဟုတ်မခံဘူး၊ စွာတယ်၊ စိတ်မရှည်ဘူးလို့ ပြောချင်တယ်ပေါ့။ တကယ်တော့ သတင်းထောက်တွေရဲ့ဘဝမှာ နှလုံးသားဆိုတာ မရှိတော့ဘူးရယ်။ အဟမ်း….။
ဟုတ်တယ်လေ။ သတင်းတိုင်းမှာတော့ အထူးသဖြင့် ရုပ်သံ သတင်းတွေမှာ သတ်မှတ်ထားတဲ့ အချိန် ကန့်သတ်ချက်နဲ့ လွှင့်ရတာပါ။ သတင်း အရမ်း ရှည်သွားရင် ကြည့်တဲ့သူ ငြီးငွေ့သွားနိုင်တယ်။ မူးနောက်သွားနိုင်တယ်။ နောက်ထပ် ကြည့်ချင်စိတ်ပါ ကုန်သွားနိုင်ပါတယ်။ တချို့ ရုပ်သံ အစီအစဉ်တွေ ဆိုရင်တော့ ၁၅ မိနစ်ကနေ မိနစ် ၃၀ အထိ လုပ်ပေးရပါတယ်။ ပုံမှန်သတင်းတွေမှာတော့ ဘယ်လောက်ဘဲ စိတ်ဝင်စားစရာ ကောင်းနေပါစေ သတင်း စည်းမျဉ်းနဲ့ အညီ တိုတိုနဲ့ အဓိက လိုရင်းကိုသာ တင်ပြရတာ။
ဒီတော့ မလိုဘူးဟယ်လို့ ထင်တဲ့ဟာတွေကို ဖြတ်ရပါတယ်။ အောင်မလေးသနားစရာကောင်းလိုက်တာ မျက်ရည်များတောင် ကျမိပါတယ်လို့ ထည့်ရေးလို့ မရတော့ သနားစရာ ကောင်းမကောင်းကို ပရိသတ်က ဆုံးဖြတ်နိုင်ဖို့ပဲ တင်ဆက်ကြတာပါ။ မှားတယ် မှန်တယ် သိနေပါစေ ၊ ကြားကနေ ဒေါသဖြစ်နေတာမျိုး အရေးအသားတွေကိုဖယ်၊ ကိုယ့်ရဲ့ ထင်မြင်ချက် ဆုံးဖြတ်ချက်တွေကို ရှောင်ကွင်းပြီး ရေးရတာပါ။ ဒီတော့လည်း ရင်ဘတ်ထဲကလာတဲ့ ကရုဏာရသတွေက အချပ်ပိုတွေ ဖြစ်သွားပြီး ကိုယ့်ဘာသာ ဖြတ်တောက် လျှော့ချရတော့တာ။ အယ်ဒီတာဆီရောက်လည်း အဖြတ်ခံရမှာပဲလေ။ ဆိုတော့ကာ ကြာလာတော့လည်း မာမာက တကယ့်ကို မာမာပဲ လို့ သီချင်းတောင် ဆိုရတော့မလိုလို။
တချို့သတင်းတွေမှာ လိုအပ်လို့ သက်ဆိုင်ရာအစိုးရရုံးတွေကို ဖုန်းဆက်ပြန်ရင်လည်း တာဝန်ယူ ဖြေကြားသူက ခပ်ရှားရှားရယ်။ အမည် မဖော်လိုသူ အနေနဲ့ ဖြေကြားပေးနိုင်မလား ဆိုတာတောင် လက်မခံ။ အတော်များများကတော့ ပြည်ပ သတင်းဌာနကပါ ဆိုတဲ့အသံ ကြားမိရင် ဂွပ် ဆိုတဲ့ ဖုန်းချလိုက်သံနဲ့ တုံ့ပြန်ပါတယ်။ နားတောင် ကျိန်းတယ်။
သတင်းထောက်ဘ၀ အတွေ့အကြုံတွေ ပြောပြစရာတွေက တပြုံကြီးရယ်။ ကြုံရင် ကြုံသလို ဖြည်းဖြည်းချင်း ပြောပြချင်ပါတယ်။
အခုတော့ မနက်မနက် အိပ်ယာနိုးပြီ ဆိုတာနဲ့ ကွန်ပျူတာရှေ့ ထိုင်၊ အင်တာနက် အီးမေး၊ ဖေ့စ်ဘုတ်တွေဖွင့်၊ တွေ့သမျှ သတင်းတွေ လိုက်ဖတ်တာဖတ်၊ မှတ်တာမှတ်၊ မျက်စိနှစ်လုံး ပြူးနေအောင် ကြည့်ရ။ မျက်လုံးတွေတင်ပဲလားဆိုတော့ မဟုတ်ဘူး၊ နားနှစ်ဖက်ကလည်း ချောင်ခိုနေလို့ မရပါဘူး။ ရေဒီယိုတွေ နားထောင်၊ ကိုယ်အိပ်နေတုန်း ကမ္ဘာကြီး ဘာတွေ ဖြစ်သွားလဲ လေ့လာ။ ဒီလောက် ရှာရှာဖွေဖွေ ဖတ် ၊ မှတ် ၊ နားထောင်ထားမှ ရုံးရောက်လို့ သတင်းအစည်းအဝေးမှာ ဆွေးနွေးကြရင် ပါးစပ်က တရစပ်ပြောနိုင်မှာ။ မဟုတ်လို့ကတော့ သူများတွေ ချပြတဲ့ ဟိုသတင်းအစအန၊ ဒီသတင်းအစအနတွေ နားထောင်ပြီး ပါးစပ်အဟောင်းသား ငေးရုံပေါ့။
မနက် မနက်ဆို ကျမ အစ်မလည်း သူ့ကလေးတွေ ကျောင်းမသွားခင် မနက်စာ ကျွေးဖို့ ပြင်ဆင်နေပါပြီ။ ရေနွေးဓာတ်ဗူးကို လှမ်းယူ၊ မိုင်လို ဖျော်နေရင်း ကျမကို လှည့်ကြည့်ပြီး စကား ဆိုလာပါတယ်။ ငါ့ညီမလည်း နိုင်ငံရေးကို တော်တော်လေး စိတ်ဝင်စားနေပြီ ထင်တယ် တဲ့။
သူပြောမယ်ဆိုလည်း ပြောစရာပဲလေ၊ အင်တာနက်မှာ အများဆုံး မြင်ရတဲ့သတင်း၊ ကြားရတဲ့ အသံတွေကလည်း နိုင်ငံရေးပြီး နိုင်ငံရေးပဲ မဟုတ်လား။
ကျမလည်း ဝါရင့်စတိုင်တွေကို ကူးယူလိုက်ပြီး ပြန်ပြောလိုက်တယ်။ လေ့လာရုံအဆင့်ပါ အစ်မရာ။ အင်း .. သူ ဘာပြောမလဲ ဆိုတာက အရေးကြီးတယ်။ သူ့ဆီကနေ သာမန်အိမ်ရှင်မတယောက်ရဲ့အမြင်၊ ပြည်ပမှာ အနေကြာတဲ့ မြန်မာပြည်သားတယောက်ရဲ့ အမြင်၊ သတင်းလောကနဲ့ သိပ်မဝေးသူတဦးရဲ့ အမြင်တွေ စုဝေးနေတယ်လေ။ ဒီတော့ သူ့အသံက အရေးကြီးတယ်။
ဒီအမြင်တွေက သတင်းသမားတွေအတွက် ကုန်ကြမ်းရဖို့ ဖြစ်လာတတ်တယ်။ ကဲ .. ဒီအိမ်ရှင်မ ဘာဖြစ်နေပြီလဲ။ ဘာပြောချင်တာလဲ။
အေး .. အေး .. တဖြည်းဖြည်းနဲ့ စိတ်ဝင်စားလာမယ်။ နိုင်ငံရေးကို စိတ်ဝင်စားလာပြီ ဆိုရင်တော့ မကြာတော့ဘူး နီးလာပြီ။
ဘာနီးတာတုန်း အစ်မရ။ ကျမ မျက်လုံးတွေ တောက်ပသွားတယ်။ ရှင်းစမ်းပါဦးဟ၊ ဘာတဲ့ နီးလာပြီ ဆိုတာ။
စိတ်ပျက်ဖို့ ဟေ့ .. စိတ်ပျက်ဖို့။ အဲဒီလို လေ့လာရင်း၊ လေ့လာရင်းနဲ့ စိတ်ဝင်စားသွားမယ်။ စိတ်ဝင်စားသွားပြီ ဆိုရင်တော့ မကြာတော့ဘူး ၊ နိုင်ငံရေးကို စိတ်ပျက်ဖို့ပဲ ကျန်တော့တယ် တဲ့။
ဟိုက် !!!