အင်ဒို ဆီးဂိမ်းမှာ ပြိုင်ပွဲတိုင်း ရွှေ ဆွတ်ခူးနိုင်စေရမယ်လို့ ကြုံးဝါး ကြွေးကြော်သံတွေနဲ့ လက်ခမောင်း ခတ်ခဲ့တဲ့ မြန်မာအားကစားအသင်းဟာ မှန်းချက်နဲ့ နှမ်းထွက် မကိုက်သလို အံ့သြစရာကောင်းအောင် စွမ်းရည် ကျဆင်းမှုက မယုံနိုင်စရာပါ။
အားကစားပြိုင်ပွဲဆိုတာ ဘယ်လို အားကစားနည်းမဆို တယောက်ချင်း ပြိုင်ပွဲတွေ ဆိုရင်လည်း တဦးချင်း ယုံကြည်မှု၊ ၂ ယောက်တွဲ၊ ၆ ယောက်တွဲ၊ ၇ ယောက်တွဲ၊ ၁၁ ယောက်တွဲကနှေ ပြိုင်ပွဲဝင်အားလုံးရဲ့ ယုံကြည်မှုတွေ၊ စည်းလုံးညီညွတ်မှုတွေဟာ ပြိုင်ပွဲတွေရဲ့ ရလဒ်ကို အကောင်းဆုံး အဖြေထုတ်ပေးနိုင်ပါတယ်။
မြန်မာအသင်းဟာ ရွှေ ၃ ခု၊ ငွေ ၁၃ ခု၊ ကြေး ၂၁ ခု နဲ့ ပေါင်း ၃၇။ အဆင့် ၈ မှာ ရပ်တည်လာပါတယ်။ မျှော်လင့်ထားတဲ့ ဆုတံဆိပ်တွေနဲ့ အလံကို ဖော်ဖူး၊ အလေးပြု၊ နိုင်ငံတော်သီချင်း ဆိုရတာ ၃ ကြိမ်ပဲ ရှိသေးတယ် ဆိုတော့ မချင့်မရဲ ဖြစ်ကြတာ သဘာဝကျပါတယ်။ ဘယ်သူ့ကို အပြစ်ပုံမှာလဲ။
ပြောရိုးပြောစဉ်တွေက ကျော်လွှားကြည့်ရင် ကျနော်တို့ ကျန်နေရစ်ခဲ့တယ် ဆိုတာကို သတိထားမိဖို့ပါ။ ကျူးကျော်စစ်တွေ၊ ပြည်တွင်းစစ်တွေနဲ့ လုံးထွေးပွေလီပြီး ပြည်ထဲရေးကိစ္စ မှန်သမျှ ချွတ်ခြုံကျခဲ့တဲ့ နိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားတို့ ဘာကြောင့် အရှေ့တောင်အာရှှ အားကစားကွင်းထဲမှာ ခြေလှမ်းကျဲလာနိုင်တာကို ဂရုပြုသင့်ပါပြီ။
အင်ဒိုဆီးဂိမ်းမှာ မြန်မာအသင်း ပထမဆုံးရရှိတဲ့ အမျိုးသမီး မြား ရွှေ တံဆိပ်အတွက် ဝမ်းသာမိပါတယ်။ တို့ ရွှေမြန်မာ ရွှေချိတ်ပြီပေါ့။ ယမန်နေ့ကတော့ နောက်ထပ် ၂ ယောက်တွဲ လှေလှော်ပွဲမှာ ရွှေ ထပ်မံဆွတ်ခဲ့ပါတယ်။ ဝမ်းသာပေမဲ့ ပီတီ မဖြစ်နိုင်ကြပါဘူး။
ဘာကြောင့်လဲ ဆိုတော့ ဗီယက်နမ်စစ် ပြီးဆုံးပြီး နောက်ပိုင်း ကတည်းက ဘက်စုံဖွံ့ဖြိုး တိုးတက်လာတဲ့ ဗီယက်နမ်နိုင်ငံကို ထိုင်း၊ အင်ဒို၊ မလေးတို့က သတိထားလာကြရတဲ့ ပြိုင်ဘက် ဖြစ်လာတာကြောင့်ပါ။ ၂၆ ကြိမ်မှာဆိုရင် ဗီယက်နမ်ဟာ အင်အား တောင့်တင်းတဲ့ အသင်း အဖြစ် ပြိုင်ပွဲဝင်နေတာ တွေ့မြင်ကြရမှာပါ။
ဆိုလိုချင်တာက သူ့နောက်က လာအို၊ ကမ္ဘောဒီးယားတို့က မြန်မာကိုကျော်ပြီး အောင်မြင်မှုတွေ ရရှိလာတဲ့ အချက်ကို ထည်သွင်း စဉ်းစားဖို့ လိုလာတာပါ။ လာအိုဟာ ရွှေ ၆ ငွေ ၅ ကြေး ၂၁ ရမှတ်ပေါင်း ၃၂ နဲ့ အဆင့် ၇။ ကမ္ဘောဒီးယားက ရွှေ ၃ ငွေ ၁၀ ကြေး ၁၅ စုစုပေါင်း ၂၈ ဆုနဲ့ အဆင့် ၉ မှာ ရှိခဲ့ကြတာ အလကား ရခဲ့တာ မဟုတ်ပါဘူး။
အခြေခံ အကျဆုံးကတော့ ကစားသမားတွေရဲ့တက်ကြွ လန်းဆန်းစွာ အနိုင်ယူစိတ်နဲ့ ယှဉ်ပြိုင်နိုင်ရေးပါ။ ကစားသမားတဦးအဖို့ ခေတ်မီ စနစ်ကျတဲ့ နည်းစနစ်ပိုင်း၊ လေ့ကျင့်မှု အထောက်အကူပြု ပစ္စည်း၊ လေ့ကျင့်ချိန် လုံလောက်မှု၊ ပြည့်စုံတဲ့ အာဟာရ ဆိုတာတွေဟာ မရှိမဖြစ် အဓိက လိုအပ်ချက်တွေပါ။
နောက် ဖြည့်ပြောရမယ် ဆိုရင်တော့ ကစားသမားတယောက်အတွက် ဘ၀ အာမခံချက်ပါ။ ဆုတံဆိပ်တွေ ဆွတ်ခူးနိုင်စဉ်က လက်ခုပ်သံတွေ တဖြောင်းဖြောင်း နားဆင်ခဲ့ရပြီး ကျဆုံးချိန်မှာတော့ လူမသိ သူမသိ ဆုံးသွားခဲ့ရတဲ့ ကစားသမား အမြောက်အမြား ရှိခဲ့တယ် မဟုတ်ပါလား။
အတည်ပဲပြောပြော၊ အရွှန်းပဲ ဖောက်ဖောက် သေနတ်ပစ်မှာ ဘယ် ဆုချိတ်မလဲ၊ လေ့ကျင့်ဖို့ ကျည်ဆံ အလုံအလောက် မရှိဘူး၊ ဘိလိယက်ထိုး လေ့ကျင့်ဖို့ မီးအလာ စောင့်နေရတယ်၊ ကွင်းဆင်းရက် မမှန်ကြဘူး တဲ့။ ပြိုင်ပွဲနီးမှ စခန်းသွင်းတာကိုး တဲ့။
ဒီလိုပုံစံတွေနဲ့ ပြိုင်ပွဲဝင်ရရှာတယ်ဆိုတာတွေဟာ စိတ်မချမ်းမမြေ့ဖြစ်ရတဲ့ ကိစ္စတွေပါ။ ဒါကြောင့် အားကစားသမားတယောက် အောင်ပန်း ဆွတ်ခူးနိုင်အောင်၊ တိုင်းပြည်ဂုဏ်ဆောင်နိုင်အောင်၊ ရွှေတွဲလဲ ငွေတွဲလဲ နဲ့ လက်မြှောက် နှုတ်ဆက် နေတာတွေ တွေ့မြင်ချင်ရင်တော့ မိမိထက် နိမ့်ကျခဲ့တဲ့နိုင်ငံတွေ ဘာကြောင့် အောင်မြင်လာကြ သလဲဆိုတာ အိမ်အပြန်မှာ ဝိုင်းဝန်း စဉ်းစားကြဖို့လိုပါတယ်။
မနက်ဖြန် မလေးနဲ့ ကစားမယ့် ပထမ ဆီးမီးပွဲဟာ မြန်မာဘောလုံး ပရိသတ်အတွက် ရန်ခုန်ချင်စရာပါ။ ဘက်ပေါင်းစုံက စဉ်းစား ချင့်ချိန်ကြည့်ရင်တော့ ကံတရားတခုပဲ မိမိဘက်က ရှိနိုင်ပါတယ်။ မနက်ဖြန် အပြန်လေယာဉ်ပေါ် တက်ရလေမလား။ ဒေါ်လာ ၅၀၀၀၀ ဆုကြေး ထပ်ရနိုင်မလားပါပဲ။
တလောက Flower News ဂျာနယ် မျက်နှာဖုံးသတင်းတခုမှာ မြန်မာဘောလုံးအသင်း ပယ်နယ်တီ အလွဲကြောင့် မြန်မာ အမျိုးသမီးတဦး စိတ်ထိခိုက် သေဆုံး တဲ့။ ကဲ မဖြစ်မနေ စောင့်ကြည့်ကြရအောင်ပါ။ အင်ဒို ဆီးဂိမ်းကတော့ နိုဝင်ဘာ ၂၂ ရက်မှာ ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။