ဆောင်းပါး

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၉)

This article has been converted from Zawgyi One to Unicode

၃/ ၈၉ မဲဆောက်

နှစ်သစ်ကူးပွဲ ပြီးတဲ့နောက်မှာတော့ ဒေသအခြေအနေ လေ့လာရေးခရီးစဉ်အဖြစ် ကလက်ဒေးကနေ ၃ နာရီနီးပါး လမ်းလျှောက်ရတဲ့ ကလက်ဒေး – ရွေဂွန်း ကားလမ်းကြမ်းပေါ်က ကုန်သည်စခန်းထောက် ရှမ်းရွာသစ် ဆိုတဲ့ ရွာလေးတခုကို ကျနော် ရောက်ခဲ့ပါတယ်။

အဲဒီမှာ အိမ်ခြေ ၅၀ လောက်နဲ့ KNU အကောက်စခန်းတခုရှိပါတယ်။ အထူးသဖြင့် နွားမှောင်ခိုသယ်တဲ့ လမ်းကြောင်း ဖြစ်တာကို သတိထားမိပါတယ်။ ကလက်ဒေးစခန်းက ကျောင်းသားတွေကတော့ ဒီရွာကို စခန်းထောက်အဖြစ် အသုံးပြုပြီး ကုန်သည်တွေ၊ ခရီးသွားတွေကို စည်းရုံးဟောပြောတာ၊ လက်ကမ်းစာစောင်ဖြန့်ဝေတာ၊ ရှေ့တန်းသတင်းယူတာတွေကို လုပ်နေတာ ကျနော်တွေ့ရပါတယ်။

အဲဒီရွာကအပြန် သီတင်းတပတ်လောက် ကြာပြီးတဲ့အချိန်မှာတော့ ကျနော်တို့အဖွဲ့ ကလက်ဒေး ကနေ မဲဆောက်နဲ့ ကော့မူးရာ ဘက်ဆီပြောင်းဖို့ ပြင်ပါတယ်။

အကြောင်းပြချက်ကတော့ KNU နယ်မြေထဲက စောထ၊ သံလွင်၊ ကလက်ဒေး၊ ကော့မူးရာ။ သီဘောဘိုး၊ မင်းသမီးနဲ့ မောတောင် ဆိုတဲ့ စခန်း ၇ ခုစလုံးအတွက် အချိတ်အဆက်လုပ်ဖို့ ဆိုရင် ကလက်ဒေးနေရာက အဆင်မပြေ၊ တယ်လီဖုန်းမရှိ၊ ဖက်စ်မရှိ ဖြစ်နေတယ်လို့ ဆိုပါတယ်။ အဲဒီကာလကတော့ အီးမေးလ်တို့၊ အင်တာနက်တို့ မပေါ်သေးပါဘူး။ ပထမအကြိမ် ညီလာခံမှတ်တမ်းနဲ့ ဖွဲ့စည်းပုံတွေကိုတောင် လက်ရေးမူနဲ့ရေး၊ ရောင်းစက္ကူနဲ့  ပြန်ကူး ထားတာတွေ့ရပါတယ်။ နောက်တခါ အဲဒီအချိန်မှာ မယ်သဝေါ တိုက်ပွဲကလည်း အတော်ပြင်းထန်နေပြီး ကလက်ဒေစစခန်းပါ ကျတော့ မလိုလို ဖြစ်နေတာလည်း ပါမယ်လို့ ထင်ပါတယ်။

အဲဒီတိုက်ပွဲမှာ ကလက်ဒေးစခန်းက ကျောင်းသားတဒါဇင်လောက် KNU နဲ့ လက်တွဲပြီး ပါဝင်တိုက်ခိုက် နေတယ်လို့ သိရပေမယ့် အသေးစိပ်ကိုတော့ ကျနော် မေးမြန်းခွင့်မရလိုက်ပါဘူး။ ဒီလို အကြောင်း ၂ ချက်ကို အခြေခံပြီး ကျနော်တို့ အုပ်စုဟာ ကလက်ဒေးကနေ မဲဆောက်နဲ့ ကော့မူးရာဘက်ဆီ ရုံးခန်းပြောင်းလာခဲ့ပါတယ်။

ထုံးစံအတိုင်း ဗိုလ်မှူးစိုးစိုးအိမ်မှာ တပတ်၊ ၁ဝ ရက် လောက် သောင်တင်ပြန်ပါတယ်။ အဲဒီ နောက်မှာတော့ မဲဆောက် – မယ်ပ ကားလမ်းခွဲနဲ့ သိပ်မဝေးတဲ့ အာရှအဝေးပြေး လမ်းဘေး ရပ်ကွက်သစ်တခုထဲက သစ်သားအိမ်လေး တလုံးကို ငှားပြီး ရုံးခန်းဖွင့်လိုက်ပါတယ်။ ရုံးခန်းဆိုပေမယ့် တယ်လီဖုန်း တလုံး၊ စားပွဲတလုံး၊ ဖိုင်တွဲတခုကလွဲပြီး တခြားရုံး ပစ္စည်းဘာမှ မရှိပါဘူး။ ကျောင်းသားတွေရဲ့ အဲဒီကာလရုံးခန်းတွေကတော့ ထုံးစံအတိုင်း လူအားလုံး အဲဒီမှာပဲ အိပ်၊ အဲဒီမှာပဲစား၊ အဲဒီမှာပဲပွားကြတဲ့ နေရာမျိုးပါ။

တထောင်ကျော်တန် လုံးချင်းအိမ် တလုံးကိုငှားထားနိုင်ပြီဆိုပေမယ့် စားဖို့ရိက္ခာက အဆင်မပြေသေးပါဘူး။ ဒီလိုနဲ့ တနေ့မှာတော့ ကျနော်ရယ်၊ ဦးအောင်ခင်ရယ်၊ ကိုဇော်ခင်ရယ်၊ ကိုသိန်းလွင်ရယ်လို့ ထင်ပါတယ်၊ တာ့ခ် – မဲဆောက် – မြဝတီ အာရှအဝေးပြေး ကားလမ်းဘေးက လမ်းဘေးမြောင်းထဲက သန်မာထွားကြိုင်းလှတဲ့ ကန်စွန်းပင်တွေကို သွားခူးကြတာ မှတ်မိ နေပါသေးတယ်။ မကြီးမငယ်နဲ့ လမ်းဘေးမြောင်းထဲမှာ ဆော့ကစားသလို လုပ်နေကြတဲ့ ကျနော်တို့ကို လမ်းသွား လမ်းလာတွေက ထူးဆန်းတဲ့ သတ္တဝါတွေ တွေ့သလို ကြည့်သွားကြပါတယ်။

အဲဒီ ကန်စွန်းရွက် အထုပ်ကြီးကိုသယ်ပြီး ရုံးရှေ့ ပြန်ရောက်တော့ ကာစတန် ဝတ်စုံလို ယူနီဖောင်းအပြည့်အစုံ ဝတ်ထားတဲ့ အမျိုးသမီးတဦးက ကျနော်တို့ကို ထိုင်းဘာသာနဲ့ နှုတ်ဆက်ပါတယ်။ “ဆဝါဒီခရပ်” ထက် ပိုပြီး ထိုင်းစကားကို နားမလည် သေးတဲ့ ကျနော်တို့ခမျာ အဲဒီအမျိုးသမီး ဘာတွေပြောနေမှန်းမသိပါဘူး။

“ဟေ့ကောင်၊ ရဲမေလား မသိဘူး။ ငါတို့ရုံးတော့ အဖမ်းခံရပြီထင်တယ်” လို့ ကိုသိန်းလွင်က ပြောပါတယ်။

တကယ့်အခြေနေက ကျနော်တို့ စိုးရိမ်နေသလို မဟုတ်ပါဘူး။ ဒီအမျိုးသမီးက ကျနော်တို့ ငှားထားတဲ့ အိမ်နဲ့ မျက်နှာချင်းဆိုင် ၂ ထပ်တိုက်အိမ်က ကျောင်းဆရာမဖြစ်ပြီး အိမ်နီးချင်းအိမ်မှာ လူ သစ်တွေရောက်လာလို့ ကျနော်တို့ကို လာနှုတ်ဆက်ခြင်း မျှသာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနီဖောင်းမြင်ရင် လန့်နေတဲ့ ကျနော်တို့ “နန်းစူစန် ဖမာ့” (မြန်မာတက္ကသိုလ် ကျောင်းသားကို ထိုင်းလိုအခေါ်) တွေခမျာတော့ ယူနီဖောင်းဝတ်ကို တွေ့တာနဲ့ ပြေးဖို့ပြင်တာက အရင် ဖြစ်နေလေ့ရှိပါတယ်။

နောက်ပိုင်းကျမှ သိရတာကတော့ ထိုင်းမှာ ကျောင်းဆရာအပါအဝင် ဝန်ထမ်းတိုင်းလိုလို သက်ဆိုင်ရာ ယူနီဖောင်းတွေကို ဝတ်ထားကြပြီး ဌာနတခုနဲ့တခု အရောင်မတူကြပါဘူး။ ဒါတွေကို မသိတဲ့ ကျနော်တို့ ကျောင်းသားတွေကတော့ ကျောင်းဆရာ ကိုတွေ့လည်း ရဲလို့ ထင်၊ သန့်ရှင်းရေး လုပ်သားတွေ့လည်း ရဲလို့ထင်၊ လမ်းထိပ်က ဒရဝမ်ကိုတွေ့လည်း ရဲ လို့ထင်နေပြီး ယူနီဖောင်းဝတ်ထားသူကိုတွေ့တာနဲ့ ပြေးဖို့ပြင်၊ ကြောက်နေကြတဲ့ ကာလဖြစ်ပါတယ်။

ကျနော်တို့ နယ်မြေကော်မတီက ကန်စွန်းရွက် မြောင်းဘေးနားမှာ အဲဒီလိုရုံးခန်း ဖွင့်ထားချိန်မှာ ဗဟိုကော်မတီကလည်း မဲဆောက်ဈေး ဘေးနားက ၃ ထပ်တိုက်ကြီး တလုံးကိုငှားပြီး ရုံးခန်းဖွင့်ထားတာ ရှိပါတယ်။ ဘာကြောင့် တရုံးတည်း အတူမလုပ်နိုင်ဘဲ တဖွဲ့ တရုံးစီ ဖွင့်ထားသလဲ ဆိုတာကိုတော့ အဲဒီကာလက ကျနော် အသေအချာ မစဉ်းစားမိပါဘူး။ လူတွေဟာ ဖြစ်စဉ်တခုအတွင်း ကိုယ်တိုင် ထဲထဲဝင်ဝင် ပါနေရင် အဲဒီဖြစ်စဉ် တခုလုံးကို အပြင်က အကဲခတ်တဦး၊
သတင်းထောက်တဦးလို တခါမှ ခြုံငုံ မစဉ်းစားဖြစ်ခဲ့ဘူးလားလို့ ဒီဆောင်းပါးရေးတော့မှ ကျနော် ပြန်စဉ်းစားမိပါတယ်။ ဘောလုံးကန်နေသူနဲ့ ပွဲကြည့် ပရိသတ်အမြင်ကွာသလိုမျိုး၊ ဘောလုံးကန်နေသူနဲ့ ဘော်လုံး ဆောင်းပါးရှင် အမြင် ကွာသလိုမျိုး ကွာနေခဲ့တာ ဖြစ်ဖို့ များတယ်လို့ ထင်ပါတယ်။

ဘာဘဲ့ဖြစ်ဖြစ် ကျနော် တဦးတည်း အတွက်ကတော့ မဲဆောက်မြို့ အခင်းအကျင်း၊ အနီးဝန်းကျင်က ကျောင်းသားစခန်း တွေရဲ့ အခင်းအကျင်းတွေကို လေ့လာခွင့် ရခဲ့ပါတယ်။

ကျနော်တို့ ရုံးကတော့ မြို့နဲ့ဝေးတဲ့အတွက် မဲဆောက်ဈေးကနေ ၄၅ မိနစ်လောက် လမ်းလျှောက်ရပြီး ကံမကောင်းရင် လမ်းမှာ ရဲ ဆွဲတာ ခံရနိုင်ပါတယ်။ ဒါကြောင့် စခန်းက တက်လာတဲ့လူတွေထဲက တာဝန်ရှိသူမှအပ သိပ်မလာကြပါဘူး။ ဒါပေမယ့် ဗဟိုရုံးကတော့ မဲဆောက်ဈေးဘေးမှာ၊ စခန်း အသီးသီးကနေ လာလို့ရတဲ့ လိုင်းကားဂိတ်တွေ ဘေးမှာ ကပ်ပြီးရှိနေတာဆိုတော့ စခန်းကနေ မဲဆောက်ကို တက်လာသမျှလူတိုင်း အလွယ်တကူ ဝင်နိုင်တဲ့ နေရာမျိုးပါ။

ဒါမေပဲ့ အဲဒီကာလက ကျနော်တို့ အချင်းချင်းကြား ဘာတွေလွဲနေသလဲတော့ မသိပါဘူး။ စခန်းက ရဲဘော်တွေ သူတို့ ရုံးဆီလာတာကို ဗဟိုက လူကြီးတွေက မကြိုက်ကြသလို၊ ကျနော်တို့ ကိုယ်တိုင်လည်း ရဲဘော်တွေရုံးလာတာကို သိပ်မကြိုက်ကြပါဘူး။

ဗဟိုရုံးနဲ့ နယ်မြေရုံးဟာ လျှို့ဝှက်နေရာဖြစ်သလိုလို၊ လူတိုင်းပဲ လာလို့မရတဲ့ နေရာလိုလိုနဲ့ အပေါ်ထပ် အဆောက်အအုံက လူတွေနဲ့ ရဲဘော်ထုအကြား အဆင်မပြေကြပါဘူး။ မဲဆောက်ကိုလာတဲ့ ရဲဘော် အများစုကလည်း အနီးဆုံး စခန်းတွေဖြစ်တဲ့ သီဘောဘိုး၊ ဝမ်ခ၊ ကလက်ဒေးကျပြီး ထပ်ပြောင်းတဲ့နေရာသစ် ရေကျော်၊ သံလွင်၊ စောထတို့က များပြီး ဗဟို ကော်မတီကို တခါမှ အကောင်းပြောတာ ကျနော် မကြားမိပါဘူး။

ဗဟိုနဲ့ နယ်မြေအကြား၊ ရဲဘော်ထုအကြား ဒီလို အမြင်မကြည်တာတွေ ရှိပေမယ့်လည်း ကျနော်ကတော့ မဲဆောက်ဈေး အနီးက ဗဟိုရုံးကို မကြာခန ရောက်ဖြစ်ပါတယ်။

တနေ့မှာတော့ အဆိုတော် ကိုမွန်းအောင်နဲ့ တွေ့ခွင့်ရပြီး မိုးလုံးမှိုင်း သီချင်းကို စာသားပြောင်း ဆိုထားတဲ့ မှိုင်းလုံးမိုးသီချင်းကို နားထောင်ခွင့် ရခဲ့ပါတယ်။ ဟော်လိုဂစ်တာ တလုံးတည်းနဲ့ သီဆိုပေမယ့် ရင်ကိုတန်းပြီးထိတဲ့ အထိ ကျနော်ခံစားရ တဲ့သီချင်းတပုဒ်ပါ။

“… ဆုံးရ့ှုံးခဲ့တဲ့ လူ့အခွင့်ရေးအတွက် တော်လှန်နေ ….၊ ကျောင်းတော်မြေနဲ့ တမ်းတချစ်သူ ချန်ကာလေ …။ တိုင်တည်ပါတယ် အသက်သွေး စတေးခဲ့ ရဲဘော်သူငယ်ချင်းရေ …”

“… ရဲရင့်သစ္စာ သားပြုခဲ့ပြီ မေမေရေ …၊ အမျှဝေနိုင်ဖို့ သားတို့အတွက်ဆို ဂုဏ်ယူလေ …။ ဒီမိုကရေစီ အခွင့်ရေးအတွက်ဆို အသက်ကိုစွန့်ထားပေ …”

ကိုမွန်းအောင်ပဲ အဆိုကောင်းလို့လား၊ ကျနော်ကပဲ ကျဆုံးသွားတဲ့ ရဲဘော်သူငယ်ချင်းတွေကို မြင်နေမိလို့၊ အမေ့ကို သိပ်လွမ်းနေလို့ လားတော့မသိပါဘူး၊ သူ့သီချင်းကို နားထောင်ရင်း ကျနော် မျက်ရည် စို့ခဲ့ရပါတယ်။

ကိုမွန်းအောင်ရဲ့ နောက်ထပ် နာမည်ကြီးသီချင်းတပုဒ်ကတော့ ကိုရဲနည် ရေးစပ်ပေးခဲ့တဲ့ ၃/ ၈၈ အင်လျား ဖြစ်ပါတယ်။

“… စိမ်းလဲ့ကန်သာ အင်းလျားမြေမှာ … လေပြေတို့ ဆော့ကစားစဉ်။ ကြင်နာသူတို့ရဲ့ အနမ်းတွေ၊ တီးတိုး ချစ်စကားသံတို့ လွမ်းရာမြေ။ တံတားဖြူပေါ် နှစ်ဦးသားခြေရာ သဇင်ရနံ့တို့ ညညဆိုမွှေးလို့ …၊ ၈၈ ရဲ့ မတ်လမှာ အင်းလျား ရာဇဝင် ပြောင်းခဲ့ပြီ … စိမ်းမြတဲ့ ရေလှိုင်းတွေ အရောင်းပြောင်းလဲ …။ ဖြူစင်တဲ့ တံတားငယ်လည်း အနီစွန်းခဲ့ပြီ …၊ ရာသီ အလီလီ ပြောင်းပေမယ့် မဟောင်းခဲ့နိုင်ဘူး … ရာသီ အလီလီပြောင်းပေမယ့် မဟောင်းခဲ့နိုင်ဘူး … အင်လျားရေ …”

ဒီသီချင်းကို အဲဒီနေ့က ကိုမွန်းအောင် ဆိုမဆို ကျနော်အသေအချာ မမှတ်မိတော့ပေမယ့် သူ့ရဲ့သီချင်း တွေကို ကြိုက်လွန်း တာရယ်၊ နောက်တခါ အဲဒီသီချင်းထဲက ဇာတ်ကောင်တွေဖြစ်တဲ့ အင်လျားကန်ဘေးမှာ လမ်းသလား နေသူတွေ၊
အင်လျားဆောင် ရှေ့မှာ ဂစ်တာတီးနေသူတွေ အတော်များများဟာ အခု တနှစ်တာ ကြာပီးတဲ့ အချိန်မှာတော့ မဲဆောက်ဝန်းကျင်ဆီ ရောက်နေတာကို တွေ့မိတဲ့အတွက် ဒီဆောင်းပါးရဲ့ ခေါင်းစဉ်ခွဲကို ၃/ ၈၉ မဲဆောက် ဆိုပြီး ကျနော် ပေးလိုက်မိတာ ဖြစ်ပါတယ်။

ကိုမွန်းအောင်အပါဝင် ဗဟိုရုံးမှာ ရောက်နေတဲ့ ဧည့်သည်တွေနဲ့ စကားပြောပြီး ညနေစောင်းချိန်မှာ နယ်မြေရုံးဆီ ကျနော် ကုန်းကြောင်း ချီတက်လာပါတယ်။

အဲဒီကာလက ကျနော်တို့ ကျောင်းသားတွေဟာ အခုခေတ်လို ကားတွေ၊ ဆိုင်ကယ်တွေကို ကိုယ်ပိုင် စီးနိုင်ဖို့ နေနေသာသာ ဆန်လွန့် ဆိုတဲ့ ထိုင်းဆိုက္ကားကိုတောင် ငှားစီးနိုင်တဲ့ အခြေအနေ မရှိသေးပါဘူး။ ပိုဆိုးတာက လမ်းလျှောက်ဖိနပ်လို့ ခေါ်တဲ့ ဝေ့ါကင်းရှူးကိုတောင် မဝယ်နိုင်တဲ့အတွက် ဆင်ကြယ်ဖိနပ်၊ မြင်းကြယ်ဖိနပ်တွေနဲ့ ဖြစ်သလိုသွားနေရတဲ့ ဘဝပါ။ ဒါ့အပြင် ကျနော်တို့ ဝတ်စားဆင်ရင် ထားမှုကလည်း ထိုင်းတွေနဲ့ မတူပါဘူး။ နိုင်ငံတကာ အလှူရှင်တွေ ပို့ပေးထားတဲ့ ဘေထုတ်ထဲက ကိုယ့်ခွဲတမ်း အတွက် မဲပေါက်တဲ့ အဝတ်အစားတွေနဲ့ လမ်းသလား နေကြတာဆိုတော့ လာဘ်ငွေရှာနေတဲ့ ထိုင်းရဲတွေ အတွက် ကျနော်တို့ဟာ ဖမ်းချင်စရာကြီး ဖြစ်နေပုံရပါတယ်။

ကံကောင်းတာကတော့ အဲဒီအချိန်ထိ ကျနော် ရဲဖမ်းတာ တခါမှ မခံရသေးပါဘူး။ ဒါပေမယ့် တခြား ကျောင်းသား အတော် များများကတော့ မဲဆောက်ဈေးဝန်းကျင်မှာ လမ်းလျှောက်ရင်း၊ မဲဆောက်ဈေးကနေ ဒေါက်တာ စင်သီယာမောင်ရဲ့ ဆေးခန်းဆီ လမ်းလျှောက်သွားရင်းနဲ့ ခဏခဏအဖမ်းခံရလို့ ထိုင်းရဲရဲ့ ဖမ်းချင်စရာကောင်းတဲ့ “ကိုရဲချစ်” တွေ ဖြစ်နေကြတဲ့ အချိန်မျိုးပါ။

ဒီလိုအခြေနေမှာ ရှေ့မှာ ကျနော်ပြောခဲ့တဲ့ ဗိုလ်မှူးစိုးစိုး အိမ်မှာ ပထမဆုံး တွေ့ခဲ့သူ ကိုဝဏ္ဏ၊ ကိုစိန်ဟန်၊ နော်ထူးနဲ့ ဒေါက်တာ စင်သီယာမောင်တို့ ပေါင်းပြီး အခု လက်ရှိ ဆေးခန်းနေရာမှာပဲ မဲဆောက် – မယ်တော် ကားလမ်းဘေး ဗွက်အိုင်ထဲက
သစ်သား အိမ်အိုကြီးတလုံးကိုငှားလို့ ဆေးခန်းဖွင့် လိုက်ပါတယ်။

ကျနော်နဲ့ နယ်မြေကော်မတီက ရဲဘော်တချို့ သွားပြီး သန့်ရှင်းရေး လုပ်အားပေးခဲ့ပါသေးတယ်။ ဖွင့်ကာစမှာ ပစ္စည်းကလည်း မစုံ။ ရံပုံငွေကလည်း မရှိလို့ အခက်ခဲတွေ ရှိခဲ့ပေမယ့် စခန်းအသီးသီးကနေ မဲဆောက်ကို ရောက်လာတဲ့ ငှက်ဖျားကျောင်းသား တွေ၊ တိုက်ပွဲမှာ ဒဏ်ရာရတဲ့ ကျောင်း သားတွေကို ပြုစုရင်းနဲ့ ကျောင်းသားဆေးခန်း ဆိုပြီး လပိုင်းအတွင်းမှာတင် လူသိများ ထင်ရှားလာပါတယ်။ ထုံးစံအတိုင်း အဲဒီဆေးခန်းဟာ လူနာတွေ အတွက်တင်မကဘဲ မဲဆောက်ရောက် ကျိုးဖိုး အားလုံးရဲ့
စုရပ်တခုလည်း ဖြစ်လာခဲ့ပါတယ် (၂၀၁၁ ဧပြီလက ကျနော် မဲဆောက်ရောက်ခဲ့လို့ ဒေါက်တာ စင်သီယာမောင် ဆေးခန်းဆီ ဝင်ကြည့်တဲ့အခါ အဲဒီမူလ အဆောက်အအုံဟာ အိုမင်းလွန်းတဲ့အတွက် ဖြိုဖျက်ထားတာကို တွေ့ရပါတယ်။ ဒါပေမယ့်
အဲဒီ မူလအဆောင်အအုံထက် ပိုကောင်းတဲ့ ဆေးခန်း၊ လူနာဆောင်၊ စားဖိုဆောင်၊ စာသင်ဆောင် အပါအဝင် အုတ်နဲ့ အခိုင်အမာ ဆောက်ထားတဲ့ အဆောက်အအုံသစ်ပေါင်း တဒါဇင်ကျော်ကို ခန့်ခန့်ငြားငြား တွေ့ခဲ့ရပြီး အတွင်း – အပြင် လူနာ တရာကျော်နဲ့ ဆေးသင်တန်းသားအသစ်တွေ၊ ဆေးမှူးအသစ်တွေ၊ နိုင်ငံတကာက စေတနာ့ဝန်ထမ်း တွေကိုပါ စည်ကား သိုက်မြိုက်စွာ တွေ့ခဲ့ရပါတယ်)

ဖြစ်မျိုးစုံလင် မဲဆောက်တခွင်

အဲဒီကာလက မဲဆောက်မြင်ကွင်းလေးကို နည်းနည်း ပြောရမယ်ဆိုရင် ဗဟိုရုံးကနေ ထွက်လိုက်တာနဲ့ အခု နာမည်ကြီးနေတဲ့ “မဲဆောက်လင်း” တိတ်ခွေ၊ ဗီဒီယိုခွေ ရောင်းတဲ့ဆိုင်ကို ရောက်မယ်၊ အဲဒီဆိုင်ဘေး မှာနာမည်ကြီး ကုလား လက်ဖက်ရည် ဆိုင်၊ ကားလမ်းကို ကျော်လိုက်ရင် မဲဆောက် ဘုန်းကြီးကျောင်း၊ ဘုန်းကြီးကျောင်းကနေ ဒီဘက်ထွက်လိုက်ရင် မဲဆောက် ရုပ်ရှင်ရုံ (အခုတော့ အဲဒီရုံကိုဖျက်ပြီး ညဈေး ဖွင့်ထားပါတယ်) ရုပ်ရှင်ရုံရဲ့ ဘေးမှာတော့ ကျနော်တို့ ကျောင်းသားတွေရဲ့ စားအိမ်သောက်အိမ် ဖြစ်နေတဲ့ ဗိုလ်ကြီးစိုးမင်းရဲ့အိမ်ပေါ။ ဒါကတော့ ရုံးကနေညာဖက်ကိုလှည့်သွားတဲ့အပိုင်းပါ၊ ရုံးကနေ ဘယ်ဘက်ကို လှည့်လိုက်မယ်ဆိုရင် မဲဆောက်ဈေးထဲကို တည့်တည့်ရောက်ပါတယ်၊ အဲဒီမှာ ကျနော်တို့ ကျောင်းသားတွေ
ထိုင်လေ့ရှိတဲ့ဆိုင်က အန်တီချစ်လက်ဖက်ရည်ဆိုင်၊ အန်တီချစ်ဆိုလို့ အန်တီမမကြီးလို့မထင်လိုက်ပါနဲ့၊ အန်တီ ဦးဦးကြီးသာ ဖြစ်ပါတယ်။

မဲဆောက်ဈေးတွင်း အခင်းအကျင်းကတော့ အခုနဲ့ သိပ်မကွာလှပါဘူး။ လူရှုပ်တာကလည်း အခုလိုပါပဲ။ အဲဒီ အန်တီချစ် ဆိုင်မှာတောင် ဟိုဖက်က ထောက်လှမ်းရေးတွေရှိသလိုလို သတင်းထွက်လာတဲ့တွက် နောက်ပိုင်းမှာ ကျနော်လည်း သွားမထိုင်ရဲတော့ပါဘူး။ နောက် ခုနကပြောတဲ့ ရုပ်ရှင်ရုံကိုကျော်ပြီး သွားလိုက်ရင် ပတ္တမြားဆိုတဲ့ ဇိမ်ခန်း ရှိပါတယ်။ အဲဒီအခန်း ကိုကျော်ပြီး ဆက်လျှောက်ရင် ရဲစခန်းကို ရောက်မယ်၊ ရဲစခန်းဘေးက First ဟိုတယ်မှာတော့ ဒညတ (ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ပေါင်းစု) ရုံးခန်းရှိပါတယ်။

အဲဒီကာလက ဒညတ ရုံး တာဝန်ခံကတော့ ကျနော်တို့ ထားဝယ်သားတဦးဖြစ်တဲ့ ကိုသန်းလွင် (အခု FTUB) ဖြစ်ပါတယ်။
သူ့ရုံးခန်းဆီ ကျနော် ရောက်သွားတဲ့ အချိန်မှာ ABSDF ဗဟိုကော်မတီဝင် တဦးဖြစ်တဲ့ ကိုတင်စိုး (စောထစခန်းမှာ ဗဟိုကော်မတီဝင်။ အခု သြစတေလျမှာလို့ ယူဆရ) ကိုတွေ့ရပါတယ်။

ဒါပေမယ့် ရှေ့မှာပြောခဲ့တဲ့အတိုင်း အဲဒီကာလမှာ ကျောင်းသားတွေဟာ ဗဟိုနဲ့ အောက်ခြေကြား အမြင်မကြည်ကြတဲ့အပြင် မဟာမိတ် အဖွဲ့တွေပေါ်မှာလည်း အကောင်းပြောသူ သိပ်မရှိလှပါဘူး။ ဒညတကို ဒေါ်ညွန့်တင်၊ ဓညင်းသီး စသဖြင့်
အမျိုးမျိုး အပုတ်ချ ခေါ်ဆိုနေကြတဲ့အပြင်၊ ဒီအဖွဲ့ဟာ ငွေအင်အား သိပ်တောင့်ပြီး ကျောင်းသားတွေကို ဆွဲစားလေ့ရှိတဲ့အဖွွဲ့၊ ဖောက်ခွဲရေး သင်တန်းတွေပေးပြီး ကျောင်းသားတွေကို အသုံးချနေတဲ့အဖွဲ့ စသဖြင့် ဝေဖန်သံတွေနဲ့ ဆူညံနေခဲ့တဲ့ ကာလလည်း ဖြစ်ပါတယ်။

တိုက်ပွဲမစခင် ပြည်တော်ပြန်ဝင်သွားသူများ

ကျနော်တို့ မဲဆောက်ကိုမရောက်ခင် ဖြစ်ပျက်သွားတဲ့ ထူးခြားဖြစ်စဉ်တခုကိုလည်း ဒီနေရာမှာ တင်ပြလိုပါတယ်။ စက်တင်ဘာ ၁၈ မှာ ဗိုလ်ချုပ်ကြီးစောမောင် အာဏာသိမ်းပြီး နိုင်ငံတကာအသိုင်းအဝန်း တခုလုံးက ရှုပ်နေချိန်မှာ ထိုင်းကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချာဗလစ် ယောင်ချာယုက ရန်ကုန်ကို သွားရောက်လည်ပတ် ခဲ့ပါတယ်။ အဲဒီခရီးစဉ်အတွင်း ငါးဖမ်းခွင့်၊ သစ်ထုတ်ခွင့်တွေ ရခဲ့သလို နယ်စပ်ရောက် ကျောင်းသားတွေကို မဲဆောက်လေယာဉ်ကွင်းကနေ ပြန်လည် ပို့ဆောင်ရေး အစီစဉ် တခုလည်း ပါရှိခဲ့ပါတယ်။

မြန်မာနိုင်ငံ ဘက်ကလည်း ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နဲ့ ပညာရေးဝန်ကြီး တို့က ၂၆ – ၉ – ၈၈ နေ့စွဲနဲ့ နယ်စပ်ရောက် ကျောင်းသားများ ပြန်လာဖို့ မေတ္တာရပ်ခံချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ နယ်စပ်ပြန် ကျောင်းသားတွေဖြစ်တဲ့ လှအောင်၊ သိန်းဌေး၊ မင်းသိန်းတို့ကလည်း “ကျောင်းသား လူငယ်များသို့ အသိပေးကြေညာချက်” ခေါင်းစဉ်ပါ စာတွေကို နယ်စပ်တလျှောက် လေယာဉ်နဲ့ ကြဲချခဲ့ပါတယ်။ ဒါ့အပြင် ကျောင်းသားတဦး ပြန်လာအောင် ဆောင်ရွက်ပေးနိုင်ရင် အဲဒီလို လုပ်ပေးတဲ့လူကို ဘတ်ငွေ ၅ဝဝဝ စီ ပေးမယ်လို့ ဘန်ကောက် မြန်မာသံရုံးက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအချိန်ဟာ ကျောင်းသားခေါင်းဆောင်တွေ သီဘောဘိုးနဲ့ ဝမ်ခမှာ ပထမအကြိမ် ညီလာခံအတွက် ဆွေးနွေးလို့ ကောင်းတုန်း၊ မယ်သဝေါကို နဝတ က အကြီးအကျယ် ထိုးစစ်ဆင်လို့ ကောင်းတုန်း အချိန်တွေနဲ့ တိုက်ဆိုင်နေပါတယ်။

နဝတ နဲ့ ချာဗလစ်ရဲ့ အဲဒီစီမံကိန်းကြောင့် ကျောင်းသားတွေ ရာနဲ့ချီပြီး မဲဆောက်ကနေ ရန်ကုန်မြို့ဆီ လေယာဉ်စီးပြီး ပြန်သွားတာကို အဲဒီကာလက ထုတ်ဝေတဲ့ သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေမှာ ပရိသတ်တွေ မြင်ခဲ့ဖူးမှာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်တွေဟာ ကျနော်တို့အုပ်စုက လက်ဒေးမှာ အစည်းဝေးလုပ်နေတုန်း ဖြစ်သွားတယ်ဆိုပေမယ့် မဲဆောက်အခြေနေဟာ အခုချိန်အထိ ဘယ်လိုမှ စိတ်ချလို့ရတဲ့ အခြေနေမဟုတ်သေးပါဘူး။ ဘယ်သူ့ကို ဘာကောင်မှန်း အတိအကျမသိရသေးတဲ့ အချိန်ပါ။

ဒီလိုနဲ့ သူကို ကိုယ်မယုံ၊ ကိုယ့်ကို သူမယုံဖြစ်နေကြပြီး ဘယ်သူ ဘယ်နေ့ မြဝတီဘက် ပြန်ပြေးမလဲဆိုပြီး စောင့် ကြည့်နေတဲ့ သဘောမျိုး ဖြစ်နေပါတယ်။

ဒီကြားထဲ ကျနော်တို့စခန်းက ကိုယ်စားလှယ်တဦးဖြစ်သူ ဦးစံရွှေအောင်တယောက် မြဝတီဘက် ပြန်ဝင်သလိုလိုနဲ့ ပျောက်သွားတဲ့ အခါမှာတော့ မယုံသင်္ကာ စောင့်ကြည့် မှုတွေဟာ ပိုများလာပြီး အနေအထိုင်၊ အသွားအလာအားလုံး
သတိထားနေရတဲ့ အခြေနေဖြစ်လာခဲ့ပါတယ်။

Loading