ဘ၀ မာတိကာထဲမှာ ဖြေရှင်းလိုက်မှ အဖြေထွက်လာမယ့် လေ့ကျင့်ခန်းတွေ၊ သင်ခန်းစာတွေက စာမျက်နှာပြည့် ပါရှိပေမယ့် ရသချိုချိုတွေကတော့ ခပ်ရှားရှားရယ်။ ဒါကြောင့်လည်း အခက်အခဲ ပြဿနာတွေနဲ့ ရင်ဆိုင် ကြုံတွေ့ရတိုင်း ထွက်ပေါက်ကို အရင်မရှာဘဲ ရင်ဆိုင်ပစ်လိုက်ပါလို့ လူကြီးတွေက မကြာခဏ ဆုံးမတာ ဖြစ်ပါလိမ့်မယ်။ ရင်ဆိုင်လိုက်ခြင်းအားဖြင့် အဖြေတခုခုတော့ ရလာ စမြဲ။ ကဲ … အဖြစ်က ဒီလို…။
တနေ့မှာ ချင်းမိုင်မြို့ရဲ့ ဈေးပွဲတော်တခုကို လှည့်ပတ်ကြည့်ရင်း အိမ်အပြန်ကို အသိသူငယ်ချင်းတယောက်ရဲ့ ဆိုင်ကယ်နဲ့ လမ်းကြုံလိုက်လာခဲ့တယ်။ မိုးကလည်း အရမ်းရွာနေလို့ ကျမ မိုးကာအကျႌကို ဝတ်ထားလိုက်တယ်။ အဲဒီတုန်းက ကျမက မဇ္ဈိမသတင်းထောက်လေ။ ကျမ သူငယ်ချင်းက ဧရာဝတီသတင်းထောက်ပါ။
ကျမနေတဲ့ နေရာကို ရောက်ဖို့ တော်တော်လေး နီးနေပါပြီ။ အဲဒီအချိန်မှာ ကျမတို့ ဆိုင်ကယ်ဘေးက ကပ်မောင်းလာတဲ့ ကားတစီးက အချက်ပြမီး မပြဘဲ ရုတ်တရက် ဘယ်ဘက်ကို ထိုးကွေ့ပစ်လိုက်တယ်။ ကျမတို့ ဆိုင်ကယ်လည်း အရှိန်နဲ့မောင်းလာတော့ သူ့ကားကို ဝင်ကျုံးမိပြီး ဆိုင်ကယ်ရော လူရော ကတ္တရာလမ်းဘေးကို အရှိန်နဲ့ ပါသွားတယ်။ ကျမ လက်တွေကို ကြည့်လိုက်တော့ ကျောက်စလစ်ခဲတွေက လက်ဖဝါးအပြည့် အသားထဲ စူးဝင်နေတာ၊ သွေးတွေက မိုးရေတွေနဲ့ ရောနေတယ်။ ကျမ သူငယ်ချင်းက ဘောင်းဘီတို ဝတ်ထားတော့ ဒူးခေါင်းမှာ သွေးတွေက ရဲနေတာပဲ။ တံတောင်ဆစ်မှာလည်း ပွန်းရာ ခြစ်ရာတွေနဲ့ချည်း။
ကျမ ချက်ခြင်း ထသွားလိုက်တယ် ကားသမားဆီကို။ နက်ပြာရောင် ကားကြီးက ဟိတ်ဟန်အပြည့်နဲ့။ ကားက ရပ်တော့ထားပါတယ်။ လူကတော့ အောက်ကို ဆင်းမလာဘူး ။ ကျမ ကားတံခါးကို ဆွဲဖွင့်လိုက်တယ်။ ပွင့်မလာဘူး၊ အထဲကနေ လော့ခ်ချထားတယ်။ ကားသမားက ကားမှန်ကို တဖြည်းဖြည်း ဖွင့်တယ်။ ပြီးတော့ သူ့ကိုယ်သူ မိတ်ဆက်တယ်၊ I am police တဲ့။ သူ ဝတ်ထားတာက အရပ်ဝတ်ပါ။ ဒါပေမယ့် ကားထဲမှာ ရဲဝတ်စုံနဲ့ ခါးထိုး ပစ္စတိုတလက် ပါတယ်။ ကြည့်ရတာ ရိုးရိုးပုလိပ် မဟုတ်ဘူး။ ကားထဲမှာ ချိတ်ထားတဲ့ ရဲဝတ်စုံက ရင်ဘတ်မှာ တံဆိပ်တွေ၊ ကြယ်တွေ စုံနေတာ။ ကျမ ကြောက်မနေဘူး။ ခင်ဗျား ကားပေါ်ကနေ ကျေးဇူးပြုပြီး ဆင်းခဲ့လိုက်ပါလို့ ပြောလိုက်တယ်။
ကျမ သူငယ်ချင်းတယောက်တော့ သူ့ဆိုင်ကယ်ကို ကြည့်လိုက်၊ သူ့ဒဏ်ရာတွေကို တလှည့် ပြန်ကြည့်လိုက်နဲ့ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ လုပ်နေတုန်း။ ကျမ အဲဒီရဲကို ပြောလိုက်တယ်။ ခင်ဗျားက အရာရှိတယောက် ဖြစ်ပြီး ခင်ဗျား အရင် စမှားတာ။ ခင်ဗျားတို့ရဲတွေက သာမန်လူတွေထက် စည်းမျဉ်း စည်းကမ်းကို နားလည်ရမယ် ဆိုတာ မသိဘူးလား။ ရဲက ကျမကို ပြန်မေးတယ်။ Where you from တဲ့။ ထိုင်းနိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ကြည့်လိုက်ရင် ကျမဟာ မြန်မာနိုင်ငံသား တယောက်ပါလို့ ဒီအချိန်မှာ ပြောဖို့ မဖြစ်နိုင်ဘူးလို့ ကျမကိုယ်ကျမ သဘောပေါက်တယ်။ ဘန်ကောက်မှာ တက္ကစီ စီးတုန်းကလည်း မြန်မာပြည်ကပါလို့ ပြောခဲ့လို့ လူကုန်ပွဲစားတွေ အမဲဖျက်၊ အမြတ်ထုတ်ဖို့ ကြိုးစားခဲ့တာကိုလည်း ကြုံခဲ့ရဖူးပြီ။ ဒီတခါတော့ မြန်မာနိုင်ငံသားပါလို့ ပြောမနေချင်တော့ဘူး။ မကြောက်မရွံ့ ရင်ဆိုင်ဖြေရှင်းဖို့ကသာ အဓိက။
မိုးရေ ထိမှာစိုးလို့ အနက်ရောင် သားရေနဲ့ ဖုံးအုပ်ထားတဲ့ ပတ်စ်ပို့ကို ကိုင်မြှောက်ပြီး သူ့ကိုပြောလိုက်တယ်။ ကျမ စင်ကာပူက လာတာပါ။ ဒီကိစ္စမှာ ကျမတို့ မမှားဘူး၊ ရှင်ပဲ မှားတာလို့ ပြောချလိုက်တော့ သူ့ဘက်က ဘာပြောလို့ ပြောရမှန်းမသိ ဖြစ်သွားပုံရတယ်။ ဒီအချိန်မှာ ရဲရင့်ခြင်းကို တွန်းပို့နိုင်တဲ့ အကောင်းဆုံး လက်နက်က သူ့ကို စိုက်ကြည့်ဖို့ပဲ။ ဟုတ်တယ်၊ Eye Contact က သိပ်အရေးကြီးတာ။
မိုးတွေက စဲလိုက် သည်းလိုက်နဲ့ ရပ်တယ်လို့ မရှိဘူး။ ကျမ သူငယ်ချင်းတယောက် သူ့ဆိုင်ကယ်အနားက မခွာတော့ဘူး။ ဆိုင်ကယ်ကလည်း တော်တော် ပျက်စီးသွားတယ်။ စက်နိုးလို့ မရတော့ဘူး ။ နောက်ကြည့်မှန် ကွဲသွားတယ်။ ခြေနင်းဘရိတ်ရော ကလပ်ပါ အကုန် ကျိုးကုန်တယ်။ ပိုဆိုးတာက သူ့ဆိုင်ကယ်လည်း မဟုတ်ပြန်။ သူများဆီက လပေးနဲ့ ငှားသုံးနေတာ။ ပြန်ပြင်လိုက်ရင်တောင် အနည်းဆုံး ဘတ် ၅၀၀၀ ပြေးမလွတ်ဘူး။
ရဲအရာရှိက ကားပေါ်ကနေ ဆင်းလိုက်ပြီး ကျမကို လက်ညှိုးထိုးပြတယ်။ စတိုးဆိုင်ကြီး တဆိုင်ကိုပါ။ အဲဒီဆိုင်က သူ့ဆိုင်ပါ တဲ့၊ အပြင်မှာ မိုးတွေရွာနေတယ်လို့ ပြောပြီး ခပ်သွက်သွက်လေး ဆိုင်ထဲကို ဝင်သွားတယ်။ ကျမ အပြင်မှာ ကျန်နေခဲ့တယ်။ ဆိုင်ထဲမှာ ဘိုစာတွေ။ ပေါင်မုန့်၊ ကိတ်မုန့်၊ ဟမ်ဘာဂါ အစုံစုံ။
ဆိုင်ထဲက လူတယောက် ထွက်လာပြီး ကျမကို လာပြောတယ်။ ပိုက်ဆံ ဘယ်လောက် လိုချင်တာလဲ တဲ့။ ကျမလည်း သူငယ်ချင်းကို လှမ်းခေါ်လိုက်တယ်။ ဟဲ့.. ဟိုတယောက် အဲဒီ ဆိုင်ကယ်ကြီးပဲ ကြည့်ပြီး ကြေကွဲမနေနဲ့၊ လာခဲ့ဦး။
ကျမ သူငယ်ချင်းက ပြေးလာတယ်။ သူတို့ဘာပြောနေလဲ … တဲ့။ အေး … သူတို့ပြောတာက ပိုက်ဆံ ဘယ်လောက်လိုချင်လဲ … တဲ့။ အဲဒါ အစ်ကို ဘယ်လောက် တောင်းချင်လဲ၊ ပြောလိုက် ဒီလူကြီးကို။ ကျမအဲဒီလိုလည်း ပြောရော သူငယ်ချင်းက လက်နှစ်ချောင်း ထောင်ပြီး ပြောလိုက်တယ်။ twenty thousand … နှစ်သောင်း၊ နှစ်သောင်း။
ကျနော်တို့ ဘော့စ်မှာ အဲဒီလောက် မရှိပါဘူး ။ သူက တထောင်ပဲ ပေးနိုင်မယ်လို့ ပြောနေတယ် ခင်ဗျ။ ဘယ်လိုလဲ ခင်ဗျားတို့ ကျေနပ်လား တဲ့။ No, no, no … ကျမတို့ နှစ်ယောက်စလုံး ပြိုင်တူ ခေါင်းခါပစ်လိုက်တယ်။ ရဲအရာရှိက ဆိုင်ထဲကနေ ခုထိ အပြင်ထွက်မလာသေးဘူး။ ကျမ သူငယ်ချင်းကလည်း သူ့အသိကို ဖုန်းဆက်ဖို့ လုပ်နေတယ်။ သူ့အသိက ထိုင်းစကား ပြောဆိုတတ်တော့ နည်းနည်းပါးပါး ညှိလို့ ရနိုင်ပါတယ်။ ကျမလည်း သူ့ကို လှမ်းသတိပေးရသေးတာ။ ငါ့ကိုယ်ငါ စင်ကာပူလို့ ပြောထားတာ။ နင်လည်း ဖိလစ်ပိုင်လို့ ပြောထား၊ ကြားလား။ ငါ အထဲကိုဝင်ပြီး ရဲကြီးကို ခေါ်ထုတ်လာမယ်။
ကျမ ဆိုင်ခန်းတံခါးကို တွန်းဖွင့်ပြီး အထဲကို ဝင်ချသွားလိုက်တယ်။ ပြီးတော့ ရဲကို ထွက်လာခဲ့တော့လို့ ပြောလိုက်တယ်။ အရာရှိကြီးလည်း နည်းနည်း ပျာနေတယ်။ ထွက်တော့ ထွက်လာသားပဲ။ ကျမသူငယ်ချင်းက ရဲကြီး လာနေတာကို မြင်တော့ အရင်ဆုံး ကွမ်းတံထွေးကို ထွေးထုတ်ပစ် လိုက်တယ်။ ပြီးတော့မှ I’m from Philippine, you know , you know တဲ့။ ရဲက နည်းနည်း လန့်သွားတယ်။ ဖြစ်နိုင်ရင်၊ ဆိုင်ကယ်ကြီးပါ စကားပြောတတ်ရင် ကောင်းသား။ အင်အားတောင့်တာပေါ့။
ကျမသူငယ်ချင်းက သူ့အသိကို ဖုန်းဆက်တယ်။ ဟေ့ရောင် လုပ်ဦးကွ၊ ငါတို့ ဆိုင်ကယ် အက်ဆီးဒင့် ဖြစ်လို့၊ အဲမလီလည်း ပါတယ်။ ငါကတော့ နှစ်သောင်း တောင်းထားတယ်ကွာ၊ ငါ့ဆိုင်ကယ်က ရစရာကို မရှိတော့ဘူး။ ငါ့ ဒူးခေါင်းတွေလည်း စုတ်ပြတ်သပ်နေတာပဲ။ မင်း အဆင်ပြေအောင် ပြောလိုက်ပါ ဆိုပြီး ရဲကို ဖုန်းထိုးပေးလိုက်တယ်။ သူ့အသိနဲ့ ရဲအရာရှိ အပြန်အပြန် အလှန်လှန် ပြောနေကြတယ်။ ခဏကြာတော့ ရဲက ဖုန်းကို ကျမ သူငယ်ချင်းဆီ ထိုးပေးလိုက်ပြန်တယ်။ ဟေ့ရောင် သူဘာပြောလဲ တဲ့၊ သူငယ်ချင်းက မေးလိုက်တယ်။ မင်းကွာ ထိန်းထိန်းသိမ်းသိမ်းလည်း လုပ်ပါဦး၊ လျှော့လျှော့ပေါ့ပေါ့လည်း တောင်းပါဦး။ မင်း ဝင်တိုးတဲ့ ငနဲကြီးက အရာရှိကြီးကွ။ ဒီတော့ ဘတ် ၃၀၀၀ နဲ့ပဲ ကျေအေးလိုက်တော့ကွာ။ ငါလည်း ထပ်မညှိရဲဘူး တဲ့။
နောက်ဆုံး ကျမတို့ချည်းပဲ ညှိလိုက်တာ ဆိုင်ကယ်ကို work shop ပို့ပြီး ပြန်ပြင်ပေးမယ်၊ ဒဏ်ရာအတွက် ဆေးတွေလည်း ဝယ်ပေးမယ် ဆိုပြီး သဘောတူလိုက်ကြတယ်။ ဒါနဲ့ပဲ ကားပေါ်တင်ဖို့ ကျမ သူငယ်ချင်းက ဆိုင်ကယ်ကြီးကို မ နေတယ်။ ကျမလည်း မနေသာတော့ဘူး။ အရာရှိကြီးရဲ့ လက်ကို ဆွဲပြီး ပြောလိုက်တယ်။ ကျေးဇူးပြုပြီး တချက်လောက် ကူ မ ပေးလိုက်ပါလို့။
ဆိုင်ကယ်ပြင်ဆိုင် ရောက်တော့ လိုချင်တဲ့ ပစ္စည်းကို ရွေးခိုင်းတယ်။ ကျမ အားတော့ နာတယ်၊ ဆိုင်ကယ်က နဂိုကတည်းက အဟောင်းကြီးရယ်။ ဒါပေမယ့် ကျမ သူငယ်ချင်းကတော့ တခုပြီး တခု လက်ညှိုးထိုး ပြနေတယ်။ ဈေးနှုန်းထွက်လာတော့ အားလုံးပေါင်းမှ ဘတ် ၈၀၀ ကျော်ထဲရယ်။ ရဲက ကျမဘက် လှည့်ပြီး ပြောလိုက်တယ်။ ငါပေးဖို့ပြောတာ သုံးထောင်နော်။ ကြည့်စမ်း အခုက ၈၀၀ ကျော်လေးပဲ။ မင်းက ငါပြောတာကို လက်မခံဘူး တဲ့။ ကျမလည်း ပြန်ပြောလိုက်တယ်။ ရှင်က ရဲအရာရှိလေ၊ ဆိုင်ရှင်တွေက ရှင့်ကို ဖားရတာပေါ့။ ကျမတို့ချည်း လာပြင်ကြည့်ပါလား။ ဈေးက ခေါင်ခိုက်နေတာ။
နောက်ထပ် ကျမတို့ ဆေးဆိုင်လည်းရောက် ပြန်တော့ ဆိုင်က ဒဏ်ရာတွေ ကြည့်ပြီး လိုအပ်တဲ့ဆေးတွေ ၃ ရက်စာစီ ထည့်ပေးလိုက်တယ်။ အားလုံးပေါင်းမှ ဘတ် ၆၀၀ ကျော်ပါ။ ဆေးတွေ ဝယ်ပြီးလို့ ဝပ်ရှော့ကို ပြန်ရောက်တော့ ဆိုင်ကယ်လည်း ပြင်လို့ ပြီးတော့မယ်။ သူငယ်ချင်းက ကျမကို လက်တို့ပြီး ပြောနေတယ်။ ငါတော့ မကျေနပ်နိုင်သေးဘူး။ ငွေတထောင်လောက် ထပ်တောင်းချင်သေးတယ်။ ငါတို့ဒဏ်ရာတွေ မပျောက်ရင် ဘယ်လိုလုပ်မလဲ၊ ဒီဆေးတွေက သုံးရက်စာပဲ ရှိတာ။ ကျမ တားပါတယ်။ ဒါပေမယ့် သူကလည်း ဇွတ်ပဲ။ သူ့ဒဏ်ရာတွေကို ဆွဲဖြဲပြနေတယ်။ ဘတ်ငွေ တထောင် ထပ်တောင်းတယ်။ ဒီဆေးတွေက မလောက်နိုင်ဘူးပေါ့။ အပြင်ဒဏ်ရာက မသိသာပေမယ့် အထဲမှာ ဘာဖြစ်နေတယ်ဆိုတာ မသိရသေးဘူးပေါ့။ ရဲအရာရှိကလည်း လုံး၀ လက်မခံ။ ကျမလည်း သူ့ဘက်ကနေ ပြောကူပါသေးတယ်။
သိပ်မကြာဘူး၊ ရဲသားတယောက် ရောက်လာပြီး ရဲကြီးကို အလေးပြုတယ်။ ရဲအရာရှိကလည်း ဖြစ်စဉ်တွေကို ရှင်းပြနေမှာပေါ့။ ဒီတော့ ရဲသားက အသံမာမာနဲ့ ခင်ဗျားတို့ကို ကျနော်တို့ ဗိုလ်ကြီးက ဒီလောက် လုပ်ပေးတာတောင် မကျေနပ်ရင် ရဲစခန်း လိုက်ခဲ့ကြ တဲ့။ ပြောပြောဆိုနဲ့ သူတို့ အားလုံး ရဲစခန်းဘက်ကို ဦးတည်ပြီး သွားနေကြတယ်။ ရဲစခန်းက ဝေါရှော့ဆိုင်ကနေဆို မြင်နေရတာလေ။
မဖြစ်တော့ဘူး ပြဿနာက ကြီးတော့မယ်။ ဘယ်လို လုပ်ရပါ့။ Wait, wait ကျမ လှမ်းပြောလိုက်တယ်။ ရှင်တို့က ပြီးပြတ်တော့မယ့် ကိစ္စကို အမှုကြီးအောင် လုပ်နေတာလား။ ဘာဖြစ်လို့ ရဲစခန်းထိ သွားရှင်းချင်ရတာလဲ။ ကျမ အဲဒီလိုလည်း ပြောလိုက်ရော ရဲကြီးက ပြန်လှည့်လာပြီး ဟုတ်တယ်၊ မသွားတော့ဘူး။ ငါ့မှာလည်း ဒါပဲ ကျန်တော့တယ်။ ရော့ ဒီမှာ ၃၀၀။ ကျေနပ်ကြတော့နော် တဲ့။
ကိစ္စတွေလည်း အားလုံးပြီးသွားပြီ၊ ဆိုင်ကယ်လည်း ပြင်ပြီးသွားပြီ။ ရဲကလည်း လက်ဆွဲနှုတ်ဆက်ပြီး လစ်ပြီ။ ငါကွ..ငါကွ တဲ့ ကျမ သူငယ်ချင်းက ထပြီး ကြုံးဝါးတော့တယ်။ ကျမလည်း ဒီတော့မှ ရင်ထဲက အလုံးကြီး ကျသွားတော့တာ၊ လက်ဖဝါးတွေက တဆစ်ဆစ်နဲ့ နာကျင်နေမှန်း သိလာတယ်။
ဘာဖြစ်ဖြစ်ပါ၊ ဘ၀ မာတိကာပေါ်မှာ လောင်မြိုက်ရမယ့် ဒုက္ခတွေ ရောပြွန်းနေပေမယ့် အမှားပြင်ဆင်ချက်တွေနဲ့သာ ပြန်ပြီး အစားထိုးနိုင်မယ် ဆိုရင် အခက်အခဲ ပြဿနာတိုင်းမှာ ထွက်ပေါက် အရင်ရှာဖို့ မလိုပါဘူး၊ ရင်ဆိုင်ဖို့သာ အဓိက။