အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာပြည်ကို ဒီတပတ်မှာ သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။
နှစ် ၅၀ အတွင်း ပထမဆုံးအကြိမ် သွားတဲ့ ဒီခရီးစဉ်မှာ သူဟာ သမ္မတ ဦးသိန်းစိန် အပါအဝင် မြန်မာအစိုးရအဖွဲ့ဝင်တွေ နဲ့ရော၊ အတိုက်အခံတွေနဲ့ပါ တွေ့ဆုံမှ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းက လူမှုအဖွဲ့အစည်းတွေ၊ NGO အဖွဲ့အစည်းတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေကိုလည်း တွေ့ဆုံမှာပါ။
ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပ သတင်းစာဆရာတွေက ထောင့်မျိုးစုံက ဝေဖန်ရေးသားကြပါတယ်။ ကလင်တန် မြန်မာပြည်ကို သွားရမယ်၊ ကြိုဆိုရမယ် ဆိုတဲ့သဘောထားကိုတော့ မြန်မာပြည်တွင်းမှာရော ပြည်ပမှာပါ ဒီလိုင်းကို သဘောတူတယ်လို့ ဆိုရမှာပါ။
ဒါပေမယ့် ဒီခရီးစဉ်ဟာ ဘယ်လို သက်ရောက်မှုတွေ ရှိမှာလဲ၊ ဘယ်လို Strategy နဲ့ မြန်မာအစိုးရနဲ့ အတိုက်အခံတွေကို ချဉ်းကပ်မှာလဲဆိုတဲ့နေရာမှာတော့ သဘောထားတချို့ ကွဲလွဲပုံရပါတယ်။
ပထမဆုံး အနေနဲ့ ကလင်တန်ကိုယ်တိုင် ပြောခဲ့တဲ့စကား တချို့ကို လေ့လာမယ် ဆိုရင်တော့ မြန်မာပြည်ကို သွားတဲ့ ခရီးစဉ်ဟာ ပြစ်ဒဏ်ချ ပိတ်ဆို့အရေးယူမှုတွေကို ပယ်ဖျက်ဖို့ မဟုတ်ပါဘူး၊ မြန်မာပြည်မှာ လောလောဆယ် ဖြစ်ပေါ်တိုးတက် ပြောင်းလဲနေတဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို သူကိုယ်တိုင် မျက်ဝါးထင်ထင် လေ့လာဖို့၊ ၂ ဘက်စလုံးနဲ့ တွေ့ဆုံဖို့၊ ပြီးတော့ အမေရိကန် အစိုးရရဲ့ မြန်မာပြည် အပေါ်ထားတဲ့ သဘောထားကို တေ့တေ့ဆိုင်ဆိုင်ပဲ ထိပ်ပိုင်း အစိုးရခေါင်းဆောင်ပိုင်းကို မျက်နှာချင်းဆိုင် တွေ့ပြီး ပြောဖို့ အပြင် အခု ပြည်တွင်းမှာရနေတဲ့ အရှိန်ကို သေမသွားအောင် ဆက်တွန်းအားပေးဖို့ ဆိုတာတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီခရီးစဉ်မှာ မြန်မာနဲ့ အမေရိကန် အနာဂတ် စီးပွားကုန်သွယ်ရေး ကိစ္စတွေနဲ့ သံတမန်ရေးရာ ဆက်ဆံရေး တိုးမြှင့်ဖို့ ကိစ္စတွေကိုလည်း ဆွေးနွေးနိုင်ပါတယ်။
မြန်မာပြည် အထီးကျန်ဖြစ်မှာကို စိုးရိမ်တဲ့ ကျနော့်သဘောထားကတော့ ကလင်တန်ရဲ့ ခရီးစဉ်ကို သဘောကျပါတယ်။
အမေရိကန်ရဲ့ မြန်မာပြည်ပေါ်လစီဟာ အငြင်းပွားဖွယ်ရာတွေ နိုင်ငံတကာမှာ ရှိပေမယ့် သူ့ရဲ့ လောလောဆယ် ဖော်ဆောင် နေတဲ့ Principled engagement နဲ့ Sanction ဟာ အသင့်တော်ဆုံးလို့ ယူဆရတဲ့အတွက် ကလင်တန်ဟာ မြန်မာပြည်က ခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါမှာလဲ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသား ပဋိပက္ခ အရေးတွေနဲ့ ပတ်သက်လာရင် အားမနာတမ်း ပွင့်ပွင့်လင်းလင်း ပြောမှာ ဖြစ်ပါတယ်။
အမေရိကန်အစိုးရရဲ့ အထူး ကိုယ်စားလှယ် ဒဲရစ် မစ်ချယ် ကလည်း မြန်မာအစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ရာမှာ အမေရိကန်ရဲ့ ပေါ်လစီကို ထပ်ခါတလဲလဲ ရှင်းပြပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။
ဒဲရစ် မစ်ချယ် ရှိနေရက်နဲ့ ကလင်တန်က ဘာကြောင့် သွားခဲ့တာလဲဆိုရင်တော့ ဒါဟာ အမေရိကန်အစိုးရရဲ့ Plan B ဖြစ်သလို၊ မြန်မာဘက်ကလည်း ဒီခရီးစဉ်ကို လိုလိုလားလား ရှိတဲ့အတွက်ကြောင့် ၂ ဘက် လမ်းဖွင့်ကြတဲ့ ကိစ္စဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိအနေအထားအရ မြန်မာအစိုးရကို ဆက်ပြီး တွန်းအားပေးဖို့ အကောင်းဆုံးကာလလို့ အမေရိကန်ဘက်က ယူဆလို့လည်း ဖြစ်နိုင်ပါတယ်။
Air Force One ပေါ်ကနေ သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ကို ပြောခဲ့တုန်းကလည်း အတိုက်အခံ ခေါင်းဆောင်က ကလင်တန်ရဲ့ ခရီးစဉ်ကို မီးစိမ်းပြခဲ့ပြီးသား ဖြစ်ပါတယ်။
ဒီခရီးစဉ်ဟာ အပြောင်းအလဲကာလတခုကို သွားနေတဲ့ ဒီနေ့ မြန်မာပြည်မှာတော့ အကောင်းဘက်ကို ရှေးရှုတယ်လို့ပဲ ကျနော်မြင်ပါတယ်။
ဒီခရီစဉ်သတင်းနဲ့ ပတ်သက်ပြီး ရန်ကုန်က ကုန်သည်စီးပွားရေး လောကမှာ တချို့ပြောနေတဲ့အသံတွေ ကတော့ မြန်မာပြည်နဲ့ အမေရိကန်အကြား ဆက်ဆံရေးတွေ ပြန်ကောင်းလာတော့မယ်၊ သံတမန် ဆက်ဆံရေးကို ပုံမှန်ကနေ ပိုပြီးတိုးမြှင့်မယ်၊ သံအမတ်အဆင့် ပြန်ထားမှာကို ပြောတာပါ၊ ပြီးတော့ ပိတ်ဆို့မှုတွေကို နောက်နှစ်ထဲမှာ ရုပ်သိမ်းတော့မယ် ဆိုတဲ့အသံတွေပဲ ဖြစ်ပါတယ်။
အမေရိကန်ဟာ မြန်မာနဲ့ ဆက်ဆံရေးမှာ သူ့ရဲ့ စံတွေရှိပါတယ်။ အဲဒီဘက်မှာ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့၊ တိုင်းရင်းသားနယ်တွေအတွင်း ဖြစ်နေတဲ့ ဖိနှိပ်မှုတွေကို ရပ်တန့်ဖို့၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်ဖို့ စတဲ့ အဓိကအချက်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် မြန်မာ အစိုးရနဲ့ မြောက်ကိုရီးယား ဆက်ဆံရေးကလည်း အဖုအထစ်ဖြစ်စရာ တွေ့ခဲ့ရပါတယ်။ အရင်စစ်အစိုးရလက်ထက် မြန်မာ့တပ်မတော်ဟာ မြောက်ကိုရီးယား ဆီက နျူကလီးယား နည်းပညာတွေ လက်ခံရယူဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အမေရိကန်က ပြောခဲ့တာကြောင့် ဖြစ်ပါတယ်။
အမေရိကန် အထက်လွှတ်တော်အမတ် ရစ်ချက် လူဂါက ဒီကိစ္စကို ပြီးခဲ့တဲ့အပတ်က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ကလင်တန်သွားမယ့် အချိန်နဲ့ကိုက်ပြီး အထက်လွှတ်တော်အမတ်က ပြောခဲ့တာပါ။ ကလင်တန်ဟာ မြောက်ကိုရီးယားနဲ့ ဆက်ဆံမှုတွေကို မြန်မာခေါင်းဆောင် တွေနဲ့ တွေ့တဲ့အခါမှာ ထပ်ပြီး မဖြစ်မနေ ပြောဆိုရမှာပါ။
ဒါပေမယ့် ဆက်ဆံရေးပြေပြစ်ဖို့ အလားအလာကောင်းတွေ ရှိပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒဲရစ် မစ်ချယ် ကရော ကလင်တန်ကပါ တရားဝင်ပြောခဲ့တဲ့ စကားတွေရှိပါတယ်။ မြန်မာဘက်က နိုင်ငံရေး ပြောင်းလဲတိုးတက်မှုတွေဟာ ရေရှည်တည်တံ့မယ်ဆိုရင် အမေရိကန်ကို မြန်မာကနေ မိတ်ဆွေအဖြစ်နဲ့ မြင်ရမယ်လို့ ပြောခဲ့ပြီး ဖြစ်ပါတယ်။ ဒီလို တံခါးကို ဖွင့်ပေးလိုက်တာဟာ အခွင့်အလမ်းကောင်းလို့ပဲ ကျနော် ယူဆမိပါတယ်။ ဒီအခွင့် အလမ်းကို လက်ဆုပ်လက်ကိုင် ယူပြီး အမေရိကန်နဲ့ မြန်မာဆက်ဆံရေးကို ပြန်လည်ကောင်းမွန်အောင် တည်ဆောက် ရမယ်လို့ ထင်ပါတယ်။
သမ္မတ အိုဘားမားကလည်း သမ္မတ ဦးသိန်းစိန် အစိုးရကို ဒီအခွင့်အရေး လက်လွတ်မခံဖို့ ပြောခဲ့ပြီးဖြစ်ပါတယ်။
ပိတ်ဆို့မှုတွေကို အပြီးရုပ်သိမ်းရေးကတော့ လွယ်လွယ်နဲ့ ဖြစ်လာမှာ မဟုတ်သေးပါဘူး။ ဒီဥပဒေတွေက အမေရိကန်သမ္မတ တဦးတည်း အမိန့်ပေးပြီး ဖျက်ပစ်လိုက်လို့ ရတဲ့ ဥပဒေမဟုတ်ပါဘူး။ ဒါဟာ အမေရိကန်နိုင်ငံရဲ့ ဥပဒေပါ။ ကွန်ဂရက်ရဲ့ အတည်ပြုချက်ကို ယူရမှာဖြစ်ပါတယ်။
၂၀၀၇ – ၂၀၀၈ မှာ ပြဌာန်းခဲ့တဲ့ JADE ACT ကိုတောင် အခုထိ ဖော်ဆောင် အရေးယူမှုတွေ မလုပ်ရသေးဘူး ဆိုရင်တော့ ပိတ်ဆိုမှုကို ရုပ်သိမ်းဖို့ မလွယ်လှပါဘူး။
ဝါရှင်တန်က သြဇာကိတ္တမ ကြီးမားတဲ့ ဝါရှင်တန်ပို့စ် သတင်းစာကြီးရဲ့ အယ်ဒီတာတွေရဲ့ အာဘော်တွေမှာလည်း မြန်မာပြည်ဟာ ဖိနှိပ်မှုတွေ ရှိနေသေးတဲ့ နိုင်ငံလို့ သတိပေးရေးသားခဲ့ပြီး ဖြစ်ပါတယ်။
၂၀၁၂ မှာ ပြုလုပ်မယ့် အမေရိကန် ရွေးကောက်ပွဲကလည်း ရှိသေးတော့ အိုဘားမား အစိုးရအနေနဲ့ မြန်မာပြည်ကို လွယ်လွယ်ကူကူနဲ့ ပိတ်ဆို့ အရေးယူထားတဲ့ ပေါ်လစီကို လျှော့ပေးမှာ မဟုတ်တာတော့ အသေအချာပါပဲ။
ဒါကြောင့် ကလင်တန်ရဲ့ ခရီးစဉ်အတွင်းမှာ သမ္မတ ဦးသိန်းစိန်အပါအဝင် အားလုံးဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့မယ်၊ စကားတွေ ပြောကြမယ်၊ ဓာတ်ပုံတွေရိုက်ကြမယ်၊ ဆက်ဆံရေးကောင်းဖို့ ကြိုးစားကြမယ်၊ ကတိကဝတ် တချို့ကို ပေးကြမယ်၊ ဒါပေမယ့် တကယ်ဆက်ပြီး လုပ်ပြရမှာကတော့ သမ္မတ ဦးသိန်းစိန်အစိုးရအပေါ်မှာပဲ မူတည်ပါတယ်။
အတိုက်အခံတွေ၊ ထောင်ကလွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေ၊ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ ကိုင်စွဲပြီး ၁၉၈၈ ကတည်းက လှေခွက်ချည်းကျန် အလံမလဲှဘဲ မဆုတ်မနစ်တဲ့ ဒီမိုကရေစီ ဇွဲလုံ့လနဲ့ ရင်ဆိုင်ဖြတ်သန်းလာခဲ့တဲ့ သူတွေကိုလည်း ကလင်တန်က တွေ့ဆုံမှာပါ။
သူတို့ဟာ မြန်မာပြည်ရဲ့ သူရဲကောင်းတွေပါ။ ဒီခရီးစဉ်ဟာ အရှေ့တောင်အာရှမှာ ပိတ်ဆို့မှုတွေ နှစ်ရှည်ခံစားနေရပြီး မျက်နှာ ငယ်ခဲ့ရတဲ့ မြန်မာပြည်သားတွေ အတွက်ကတော့ တန်ဖိုးရှိတဲ့ ခရီးစဉ်ပါ။
ဒီလိုပြည်တွင်းရေးတွေအပြင် မြန်မာနိုင်ငံဟာ အင်အားကြီး တရုတ်နဲ့ အိန္ဒိယကြားမှာ ရှိနေတဲ့ နိုင်ငံငယ်လေးပါ။ ၁၉၈၈ – ၈၉ လောက်က စပြီး တရုတ်အစိုးရနဲ့ တရုတ်နိုင်ငံအပေါ် မှီခိုခဲ့ရတာတွေ ရှိတဲ့အပြင် မြန်မာပြည်ရဲ့ သယံဇာတ တွင်းထွက်တွေ ဟာလည်း တရုတ်ရဲ့ လက်ထဲ အပ်ခဲ့ရတာများပါတယ်။ မြန်မာဟာ တရုတ်ရဲ့ ကိုလိုနီဖြစ်တော့မယ်ဆိုပြီး ပြောကြ၊ ရေးကြ တာတွေလည်း ရှိပါတယ်။ မြန်မာဟာ မဟာဗျူဟာအရ အရေးပါတဲ့ ဘင်္ဂလားပင်လယ်အော်ကို ဖောက်ထွက်နိုင်မယ့် လမ်းကြောင်းလို့ တရုတ်က တွက်ဆထားတာပါ။
ဒါကြောင့် တရုတ်ကို မှီခိုခဲ့ရတဲ့ မြန်မာပြည်ဟာ တခြားအင်အားကြီးနိုင်ငံတွေနဲ့ ချိန်ခွင်လျှာညှိဖို့ လိုပါတယ်။
လက်ရှိ အမေရိကန်အစိုးရရဲ့ မူဝါဒကလည်း အာရှ – ပစိဖိတ်ဒေသက တဖဝါးမှ မခွာဘဲ သူ့ရဲ့ လက်ရှိ မဟာမိတ်တွေအပြင် တခြားဒေသတွင်းက နိုင်ငံတွေနဲ့ ပူးပေါင်းပြီး အာရှ – ပစိဖိတ်ရဲ့ လုံခြုံရေးနဲ့ အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်ဖို့ ဖြစ်တယ်လို့ အိုဘားမားတို့ဘက်က ပြောပြီးဖြစ်ပါတယ်။
ဒါကြောင့် အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံဟာ ရေရှည်မှာတော့ အကျိုးတူပူးပေါင်းစရာတွေ အများကြီး ရှိတယ်လို့ပဲ ပြောချင်ပါတယ်။ နှစ်ဘက် စလုံး အကျိုးရှိနိုင်ပါတယ်။
တချိန်ချိန်မှာ မြန်မာပြည်ဟာ နိုင်ငံတကာကို ပြန်ဝင်ပြီး အမေရိကန်လို အင်အားကြီး ဒီမိုကရေစီနိုင်ငံ တနိုင်ငံနဲ့ ဆက်ဆံရေး ကောင်းမွန်ရမယ်၊ မဟာမိတ် ပြန်လုပ်ရမယ်လို့ ကျနော်ယုံကြည်လို့ပဲ ဖြစ်ပါတယ်။