မြန်မာနဲ့ အမေရိကန် ဆက်ဆံရေး သမိုင်းကို ပြန်ကြည့်တော့ အမြော်အမြင်ကြီးပြီး အနောက်နိုင်ငံတွေနဲ့ အဆင်ပြေချင်တဲ့ မင်းတုန်းမင်းက စပြီး သံတမန်ဆက်ဆံရေး တံခါးကိုဖွင့်ခဲ့တာလို့ သမိုင်းအထောက်အထားတွေ အရ သိရပါတယ်။
၁၈၅၆ မှာ မင်းတုန်းမင်းဟာ အမေရိကန် သမ္မတ ဂျွန် ဗြူကန်နန် (John Buchanan) ဆီကို နှစ်နိုင်ငံ ဆက်ဆံရေး မျက်နှာစာ ဖွင့်တဲ့အနေနဲ့ သဝဏ်လွှာပို့ခဲ့တယ်လို့ သိရပါတယ်။
၁၈၅၃ မှာ မင်းဖြစ်တဲ့ မင်းတုန်းမင်းဟာ ၃ နှစ်အကြာမှာ အမေရိကန် သမ္မတ ဆီကို စာချွန်လွှာပို့ခဲ့တာပါ။
ဒီအချိန်ဟာ ဒုတိယ အင်္ဂလိပ်မြန်မာ စစ်ပွဲပြီးစ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအောက်ပိုင်းဟာ ဗြိတိသျှ ကိုလိုနီ နယ်ချဲ့ရဲ့ လက်ထဲ ကျရောက်သွားခဲ့တဲ့အချိန် မင်းတုန်းမင်းကလည်း မြန်မာဘက်က ပေးခဲ့ရတဲ့နယ်တွေကို ပြန်ပြီး တောင်းဆိုဖို့ ကြိုးစားနေတဲ့ ကာလလို့ ဆိုရမှာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဂျွန် ဗြူ ကန်နန်ဟာ အဲဒီအချိန်မှာ ကိုလိုနီ တပိုင်း မြန်မာနိုင်ငံကို ဘယ်လောက် အာရုံစိုက်နိုင်တယ် ဆိုတာ တွေးစရာပါ။ သူကိုယ်တိုင်လည်း ပြည်တွင်းစစ်နဲ့ ကျေးကျွန်စနစ်တိုက်ဖျက်မှုတွေနဲ့ စိန်ခေါ်ခံနေရတဲ့ အချိန်ကာလဖြစ်ပါတယ်။ ၁၈၅၇ မှာတော့ သမ္မတဆီက မင်းတုန်းမင်းတြားကြီးဆီကို စာချွန်လွှာ ပြန်ပို့ပါတယ်။
သူ့ရဲ့ စာထဲမှာတော့ ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်ရေးကို လိုချင်ကြောင်း၊ မြန်မာရဲ့ အချုပ်အခြာလွတ်လပ်ခွင့်ကို ထိပါး စော်ကားတာ မမြင်ချင်တဲ့ အကြောင်းလည်း ပါတယ်လို့ သိရပါတယ်။ စာအုပ်လက်ဆောင်အပြင် မီးသင်္ဘောပုံစံငယ် လက်ဆောင်လေးပါ ပါးလိုက်တယ်လို့ သမိုင်းအထောက်အထားတွေ အရ သိရပါတယ်။
မြန်မာ – အမေရိကန် ဆက်ဆံရေးဟာ ဒီမှာပဲ ခဏ တန့်သွားပါတယ်။
၁၈၈၅ မှာ မြန်မာဟာ ဗြိတိသျှ ကိုလိုနီ နယ်ချဲ့လက်အောက်ကို ရောက်ခဲ့တယ်။ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေး ပြန်ရခဲ့ပါတယ်။ အဲဒီမှာ အမေရိကန်က မြန်မာပြည် ရခဲ့တဲ့ လွတ်လပ်ရေးကို အသိအမှတ်ပြုပါတယ်။ သံရုံးကိုလည်း စတင်ဖွင့်လှစ်ခဲ့ ပါတယ်။ စီးပွားရေး အထောက်အကူပြုတဲ့ စာချုပ်ကိုလည်း နှစ်နိုင်ငံ ချုပ်ဆိုနိုင်ခဲ့ပါတယ်။ အမေရိကန်သမ္မတ ထရူးမင်း ကိုယ်တိုင် သဝဏ်လွှာပို့ပြီး လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုခဲ့ပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးကို ဆက်လက်တည်ဆောက်ဖို့ ပြောဆိုခဲ့တာလည်း တွေ့ရပါတယ်။
ဒါပေမယ့် မြန်မာ – အမေရိကန် ဆက်ဆံရေးမှာ အဖုအထစ်တွေ ဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။ အဲဒါကတော့ စီအိုင်အေ အဖွဲ့ကြီးကနေ မြန်မာ့မြေပေါ်ကျူးကျော်ရောက်ရှိနေတဲ့ ကူမင်တန် တရုတ်တွေကို ထောက်ပံ့ကူညီခဲ့တဲ့ ကိစ္စကြောင့်ပဲ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ Covert Operation ကတော့ မော်စီတုန်းရဲ့ ကွန်မြူနစ် တပ်နီတွေလက်ထဲကနေ တရုတ်ကူမင်တန်တွေက ပြန်ပြီး သိမ်းဖို့အစီအစဉ်ပဲ ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ လေထဲ တိုက်အိမ်ဆောက်ရသလိုပါပဲ။ အရာမရောက်ခဲ့ပါဘူး။ အဲဒီအချိန်မှာ မြန်မာပြည်မှာ ဝန်ကြီးချုပ်ဦးနု အစိုးရ ဦးဆောင်နေတဲ့ အချိန်ဖြစ်ပြီး အင်အားချိနဲ့ဆဲ မြန်မာ့တပ်မတော်ကလည်း ရောင်စုံသူပုန်တွေကို တဘက်က ရင်ဆိုင်၊ တဘက်ကလည်း ကျူးကျော်နေတဲ့ ကူမင်တန်တွေကို တိုက်ထုတ်နေရတဲ့ ကာလလို့ ဆိုရမှာပါ။
တချိန်တည်းမှာ အမေရိကန်က မြန်မာအစိုးရကို ထောက်ပံ့မှုတွေ လုပ်ခဲ့တဲ့အပြင် ၁၉၅၀ မှာ ၂ နိုင်ငံချစ်ကြည်ရေး စာချုပ် ချုပ်ဆိုခဲ့တယ်။ အဲဒီနှစ် အောက်တိုဘာလမှာ အမေရိကန်ဘက်က ဒေါ်လာ ၂၁ သန်းဖိုးရှိတဲ့ စစ်ရေးအထောက်အကူတွေကို ပေးခဲ့ပါတယ်။
၁၉၅၁ မှာဆိုရင် မြန်မာ့တပ်မတော်က “Operation Frost” ဆိုတဲ့ နာမည်နဲ့ ကျူးကျော်ကူမင်တန်တွေကို တိုက်ထုတ်ဖို့ လုပ်ခဲ့တာ တွေ့ရပါတယ်။
ရှမ်းပြည်နယ် မိုင်းဆတ်နယ်မှာ လေယာဉ်ကွင်း အကျအန ဆောက်ပြီး စီအိုင်အေက သယ်ပို့လေယာဉ်တွေက ကူမင်တန် တွေကို ရိက္ခာတွေချပေးနေတဲ့ သတင်းဓာတ်ပုံတွေကလည်း သတင်းစာတွေမှာ ဘူးပေါ်သလို ပေါ်ခဲ့တာတွေ့ရပါတယ်။
အဲဒီမှာ မြန်မာပြည်က သတင်းစာဆရာကြီးတွေ အားပါးတရ လိုက်ခဲ့ရတဲ့ သတင်းတွေကတော့ ကူမင်တန် သတင်းတွေ အပြင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒေးဗစ် ကီး (David. M. Key) အကြောင်းပဲဖြစ်ပါတယ်။ သူဟာ စီအိုင်အေရဲ့ Covert Operation ကို လုံးဝ မသိတဲ့အတွက် ဝါရှင်တန်ကို စာပို့ခဲ့တာပဲ ဖြစ်ပါတယ်။ သမိုင်းအထောက်အထားတွေအရတော့ ၁၉၅၁ ခုနှစ် သြဂုတ်လ အတွင်းမှာလို့ သိရပါတယ်။ ၁၉၅၂ ဧပြီလအတွင်းမှာတော့ သူဟာ သံအမတ်အဖြစ်က နုတ်ထွက်ခဲ့ပါတယ်။ စီအိုင်အေရဲ့ မြန်မာပြည်တွင်းက ကူမင်တန် လျှို့ဝှက်စစ်ဆင်ရေးကို သူမသိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
မြန်မာဘက်ကတော့ ကူမင်တန်ကျူးကျော်တဲ့ကိစ္စကို ကုလသမဂ္ဂအထွေထွေညီလာခံကနေ ကူမင်တန်တွေရုပ်သိမ်းဖို့ကို ဆုံးဖြတ်ချက်ချ တောင်းဆိုခဲ့ပါတယ်။ အဲဒီအချိန်တုန်းက UN မှာ ကိုယ်တိုင်လျှောက်လဲခဲ့သူ ကတော့ တရားရေး ဝန်ကြီးချုပ် Justice ဦးမြင့်သိန်း (Uncle Monty လို့လည်းခေါ်ကြပါတယ်) ပဲ ဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာတော့ မြန်မာ၊ ထိုင်းနဲ့ ထိုင်ဝမ်က တရုတ် အရာရှိတွေနဲ့ အမေရိကန်တွေ ဘန်ကောက်မှာ တွေ့ဆုံပြီး မြန်မာ့မြေပေါ်က ကူမင်တန်တွေ ဆုတ်ခွာရေးကို ဆွေးနွေးခဲ့ကြတဲ့ သမိုင်းတွေရှိခဲ့ပါတယ်။
မြန်မာနဲ့ အမေရိကန် ဆက်ဆံရေးကတော့ ချစ်ကြည်ရေး ပျက်ပြားတဲ့အခြေအနေကို မရောက်ခဲ့ပါဘူး။ ၁၉၅၃ မှာဆိုရင် ဒုသမ္မတ ရစ်ချတ် နစ်ဆင် က မြန်မာပြည်ကို လာရောက်လည်ပတ်ခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန် ဆန့်ကျင်ရေး အသံတွေကိုတော့ သူကြားသွားခဲ့ရပါတယ်။ သူ့ရဲ့ ၂ ရက်ခရီးစဉ်အတွင်း မြန်မာပြည်ဟာ စစ်လိုလားတဲ့ ယန်းကီးတွေအတွက် မဟုတ်ဘူးဆိုပြီး ဆန္ဒပြုခဲ့သူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ နစ်ဆင်ရဲ့ ခရီးစဉ်အပြီး ဝန်ကြီးချုပ် ဦးနုက ဝါရှင်တန်ကို သွားရောက်လည်ပတ် ခဲ့ပါတယ်။
ဦးနုက အမေရိကန် လွှတ်တော် ၂ ရပ်စလုံးမှာ မိန့်ခွန်းချွေခဲ့ရသလို သမ္မတကြီး အိုက်စင်ဟောင်ဝါနဲ့ မြန်မာပြည် ဝန်ကြီးချုပ် တို့ဟာလည်း ကိုရီးယားစစ်ပွဲတုန်းက တရုတ်ပြည်မှာ အထိန်းသိမ်းခံထားခဲ့ရတဲ့ အမေရိကန် လေတပ်က လေယာဉ်မှူးတွေရဲ့ ကိစ္စကိုလည်း ဆွေးနွေးခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ်ပြည်နဲ့လည်း ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ပြုလုပ်ခဲ့တဲ့ ဝန်ကြီးချုပ်ဦးနုက ဒီလေယာဉ်မှူး တွေ လွတ်မြောက်ရေးအတွက် ဝင်ရောက်စေ့စပ်ပေးခဲ့တာတွေ ရှိခဲ့ပါတယ်။
၁၉၆၀ ကာလနောက်ပိုင်း အမေရိကန်နဲ့ မြန်မာပြည်အကြား ဆက်ဆံရေးမှာ အချိုးအကွေ့တချို့ ရှိတယ်လို့ ဆိုရမှာပါ။ ၁၉၆၂ မှာ ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့ တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းခဲ့တာကို အမေရိကန်က ဘာမှမပြောခဲ့ပါဘူး။ ဇူလိုင် ၇ ရက်နေ့မှာ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို မိုင်းနဲ့ခွဲ ဖျက်ဆီးပြီး ဆန္ဒပြကျောင်းသားတွေကို သတ်ခဲ့တဲ့အချိန်မှာလည်း ဝါရှင်တန်က ရေငုံနှုတ်ပိတ် နေခဲ့တာတွေ့ရပါတယ်။ ဒီနေရာမှာ ကွန်မြူနစ်တရုတ်နိုင်ငံက ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရကို မထောက်ခံဘဲ နောက်ပိုင်းမှာ ဖက်ဆစ်နေဝင်းအစိုးရ လို့ ပီကင်းရေဒီယိုက အော်ခဲ့သလို ဗမာပြည်ကွန်မြူနစ် ပါတီကိုလည်း ပြောင်ပြောင်တင်းတင်းဘဲ သူ့မြေပေါ်ကနေ တရားဝင် ကြေညာချက်ထုတ်ပြန်ခွင့် ပေးပြီး ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရကို ပြစ်တင်ရှုတ်ချစေခဲ့ပါတယ်။
ဒီအချိန်ဟာ အင်ဒိုချိုင်းနားက တောင်နဲ့ မြောက်ဗီယက်နမ် စစ်ပွဲ အရှိန်ပြင်းထန်နေဆဲ ကာလလည်း ဖြစ်ပါတယ်။
တရုတ်က ဗကပ ကို လက်နက်ထောက်ပံ့ပြီး နိုင်ငံရေးအရ အကူအညီ အထောက်အပံ့တွေ ပေးခဲ့ပါတယ်။ နေဝင်းအစိုးရ ဖြုတ်ချရေးပါ။ အမေရိကန်ကလည်း အဲဒီအချိန်မှာ လောနိုင်ငံက ကွန်မြူနစ်အစိုးရကို ဖြုတ်ချဖို့အတွက် စီအိုင်အေကပဲ တိုင်းရင်းသားတွေ ဖြစ်တဲ့ မြန်မာပြည်က ရှမ်း၊ လားဟူ၊ ဝ စတဲ့သူတွေကို ထောက်ပံ့ပြီး ထိုင်း – မြန်မာ – လော နယ်စပ်မှာ လှုပ်ရှားနေတဲ့ ကာလလို့ ဆိုရမှာပါ။
အမေရိကန်က သူ့ရဲ့ အင်ဒိုချိုင်းနား စစ်ပွဲမှာ မြန်မာဟာ သူ့ရဲ့ မဟာမိတ်မဟုတ်ဘူး၊ ဒါပေမယ့် ကြားနေနိုင်ငံလို့ မြင်ပုံ ရပါတယ်။ ဦးနေဝင်းရဲ့ အစိုးရကလည်း ဘက်မလိုက် အဖွဲ့ကြီးထဲဝင်ပြီး သူ့ရဲ့ နိုင်ငံခြားရေးဝါဒဟာ ဘက်မလိုက် နိုင်ငံခြားရေး ဝါဒလို့ အတိအလင်း ကြေညာခဲ့တာဖြစ်တဲ့အတွက် မြန်မာ – အမေရိကန် ဆက်ဆံရေးဟာ ပုံမှန်အနေအထားလို့ ဆိုရင် မမှားပါဘူး။ စစ်ပွဲထဲကို မြန်မာက မဝင်ခဲ့ပေမယ့် မြန်မာဟာ ကွန်မြူနစ် ဘလော့ခ် (Bloc)နဲ့ရော အနောက်ဘက် အုပ်စုနဲ့ပါ အဆင်ပြေအောင် ပေါင်းခဲ့ရတယ်လို့ ဆိုရမှာပါ။
ဗိုလ်ချုပ်ကြီးနေဝင်းဟာ စစ်ဦးစီးချုပ် ဘဝနဲ့တုန်းကလည်း အမေရိကားကို မကြာခဏ သွားခဲ့တာဖြစ်ပြီး ၁၉၆၂ အာဏာသိမ်းပြီး ၄ နှစ်အကြာမှာ တရားဝင် ခရီးစဉ်အဖြစ် အိမ်ဖြူတော်ကို သွားရောက်လည်ပတ် ခဲ့ပါတယ်။ အဲဒီမှာပဲ အမေရိကန် သမ္မတ လင်ဒန် ဂျွန်ဆင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
အမေရိကန်တွေက မြန်မာခေါင်းဆောင်ရဲ့ အရိပ်အကဲကို စောင့်ကြည့်နေပုံရပါတယ်။ သူ့ကို ဧည့်ခံတဲ့ပွဲမှာ ဦးနေဝင်းက စကား သိပ်မပြောဘဲ ၂ နိုင်ငံချစ်ကြည်ရေး အဓွန့်ရှည်ဖို့ သဘောပဲပြောပြီး ရှမ်ပိန်ခွက်ကို မြှောက်ခဲ့တာဟာလည်း အမေရိကန်နဲ့ သိပ်ပြီး ဖက်လဲှတကင်း အရောတဝင် မရှိဘူးဆိုတာကို ပြတာလား၊ ဘက်မလိုက်မူဝါဒကို ကျင့်သုံးတာလား ဆိုတာ ကတော့ မေးခွန်းထုတ်စရာပါပဲ။ ဒါပေမယ့် ဦးနေဝင်းအစိုးရ ဟာ အဲဒီအချိန်တုန်းက အမေရိကန်ဆီက အကူအညီတချို့ကို ဆက်ပြီးယူနေတုန်းပါပဲ။
အဲဒီအထဲမှာ စစ်ရေးအကူအညီ ပါလာလို့ အမေရိကန် စစ်ဦးစီးတက္ကသိုလ်ကို မြန်မာအရာရှိ ၂ ဦး နှစ်စဉ် ပို့ခွင့်ရှိပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ တပည့် သားမြေးတွေထဲက ကာကွယ်ရေးဦးစီးချုပ်ရာထူးကို တော်တော်ကြာကြာ ထမ်းဆောင်သွားခဲ့တဲ့ ဗိုလ်ချုပ်ကြီးသူရကျော်ထင် ကလည်း အမေရိကန် စစ်တက္ကသိုလ်မှာ တနှစ်သွားပြီး ပညာသင်ယူခဲ့ရတာပါ။
ဦးနေဝင်းရဲ့ခေတ်မှာ MI ဆိုပြီး အားလုံးကြောက်ရတဲ့ MI တင်ဦး (မျက်မှန်တင်ဦး) ဟာဆိုရင်လည်း ဦးနေဝင်းရဲ့ ခိုင်းစေမှုကြောင့် ဆိုင်ပန်ကျွန်းမှာ စီအိုင်အေရဲ့ သင်တန်းပေးတာကို ခံယူခဲ့ရသူတဦးပါ။ အဲဒီခေတ်က ထောက်လှမ်းရေး အရာရှိတွေက အမေရိကန်မှာ ထောက်လှမ်းရေး မွမ်းမံသင်တန်းတွေလည်း တက်ခွင့်ရခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါးနှိမ်နင်းရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမေရိကန်က မြန်မာကို Bell 205 ဟယ်လီကော်ပတာတွေ ပေးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ မြန်မာ့တပ်မတော်ကတော့ မူးယစ်ဆေးကိစ္စမှာကော၊ ပြည်တွင်းစစ်မှာပါ သုံးခဲ့တယ်လို့ နိုင်ငံခြားသတင်းထောက် တွေက ရေးသားခဲ့ကြတာ ဖတ်ဖူးပါတယ်။
အာဏာသိမ်းပြီး ၂ နှစ်အကြာမှာ တော်လှန်ရေးကောင်စီက အမေရိကန်ဆီက ယူနေတဲ့ အကူအညီကို ရပ်ဆိုင်းခဲ့တာပါ။ ၁၉၆၄ မှာပေါ့။ ၁၉၇၁ မှာ ကျင်းပတဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ ညီလာခံမှာ နိုင်ငံခြားအကူအညီ ပြန်ယူရေး ပေါ်လစီက ပြန်ကျ ခဲ့ပါတယ်။
အဲဒီအချိန်ဟာ မြန်မာရဲ့ စီးပွားရေးဟာ အခြေအနေ မကောင်းတော့တဲ့ လက္ခဏာတွေ အထင်အရှား တွေ့နေရပြီ ဖြစ်ပါတယ်။ ဦးနေဝင်းကတော့ ကျားမြီးဆက်ဆွဲထားရမှာပဲ၊ လွှတ်လို့မရဘူးလို့ ပြောခဲ့တဲ့ ဝန်းကျင်ကာလ အပိုင်းအခြားတခုလို့ ထင်ပါတယ်။
ဗီယက်နမ်မှာလည်း စစ်ပွဲဟာ ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။ ၁၉၇၅ မှာ ဦးနေဝင်း အစိုးရက အမေရိကန်ဆီက အကူအညီတွေ ပြန်တောင်း၊ ပြန်ယူရတာကို တွေ့ရပါတယ်။ ဗီယက်နမ် စစ်ပွဲက ပြီးတော့မှာကိုး။
ဒီစစ်အေးတိုက်ပွဲကာလမှာ ရန်ကုန်ဟာ အမေရိကန်အတွက် စိတ်ဝင်စားစရာ ကောင်းတဲ့ မြို့တော်တခုလို့ ဆိုရင် မမှားပါဘူး။ အဲဒီတုန်းက ဆိုဗီယက် ရုရှားနိုင်ငံနဲ့ တရုတ်နိုင်ငံရဲ့ ဆက်ဆံရေးတွေ၊ ကွန်မြူနစ် ဘလော့ခ် တွေရဲ့ အကွဲအပြဲ တွေကိုလည်း စနည်းနာ ထောက်လှမ်းလို့ ရတဲ့ နေရာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆိုဗီယက်နဲ့ တရုတ်သံရုံးကြီးတွေဟာ ရန်ကုန်မှာ အတော်ကို ခြေရှုပ် အလုပ်များကြတဲ့ ကာလဖြစ်တဲ့အတွက် အမေရိကန်တွေလည်း သူတို့ကို စောင့်ကြည့်လို့ ကောင်းတဲ့နေရာဆိုရင် မမှားပါဘူး။
အမေရိကန်အပါအဝင် အနောက်နိုင်ငံခေါင်းဆောင် တချို့ကလည်း အဲဒီကာလတွေမှာ မော်စီတုန်းရဲ့ တရုတ်နီ နိုင်ငံတော်ကြီးကို အနီးကပ် လေ့လာချင်ရင် ရန်ကုန်ကိုလာပြီး ဦးနေဝင်းဆီမှာ တီးခေါက်ကြတာတွေလည်း မကြာခဏ ဆိုသလို ရှိကြတာဖြစ်ပါတယ်။
အဲဒီနိုင်ငံတကာ ဆက်ဆံရေးတွေမှာ မြန်မာ – အမေရိကန် ဆက်ဆံရေးဟာ ပုံမှန်အနေအထားမှာ ရှိတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ထိုင်း – မြန်မာနယ်စပ်က ကရင်လက်နက်ကိုင်တွေက Bell 205 ရဟတ်ယာဉ်ကြီးတစင်းကိုပစ်ချခဲ့တာတွေ ရှိခဲ့ပါတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာတင် မကဘဲ တိုင်းရင်းသားတွေကို တိုက်ခိုက်နှိမ်နင်းတဲ့ နေရာမှာ သုံးနေတယ် ဆိုတာ ပေါ်သွားတဲ့ အဖြစ်တခုပါပဲ။
ဝါရှင်တန်က ဒီကိစ္စကို ဘာမှ တရားဝင် ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါဘူး။ အဲဒီအချိန်မှာ အမေရိကန်ရဲ့ မူဝါဒက မြန်မာကနေ ထွက်ပြီး အမေရိကန်ပြည်ကို လှိမ့်ပြီးဝင်ရောက်နေတဲ့ ဟီးရိုးအင်းဘိန်းဖြူကိစ္စကို တားဆီးရေးပဲ ဖြစ်ပါတယ်။
ဒါကြောင့် မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးတွေမှာ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ အတော်ရှိခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရွှေတြိဂံက ဘိန်းဖြူတွေကတော့ အမေရိကန်ဆီကို ရောက်ဆဲ ရောက်မြဲပါပဲ။
၁၉၈၈ မှာတော့ မြန်မာ – အမေရိကန် ဆက်ဆံရေးရဲ့ အပြောင်းအလဲ အချိုးအကွေ့ကို တွေ့ရမှာဖြစ်ပါတယ်။ ဒီမိုကရေစီ အရေးတော်ပုံကြီး အထွဋ်အထိပ်ကို ရောက်နေတဲ့ ကာလမှာ အထက်လွှတ်တော်အမတ် စတီဗင် ဂျေ ဆိုလာ့စ် ရန်ကုန်ကို လာခဲ့ပါတယ်
အဲဒီတုန်းက တာဝန်ထမ်းဆောင်နေတဲ့ သမ္မတ ဒေါက်တာမောင်မောင်တို့နဲ့ တွေ့ခဲ့သလို ဒီမိုကရေစီ အရေးအခင်း စတင်ပြီး နောက်ပိုင်း ပါဝင်လာတဲ့ အတိုက်အခံခေါင်းဆောင် ဖြစ်လာမယ့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ တခြား နိုင်ငံရေးသမား တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အမေရိကန်သံရုံးရဲ့ သံအမတ်ကြီးက ဘာတွန် လီဗင်ပါ။ အမေရိကန်သံရုံးရဲ့ ရှေ့မှာ ဆန္ဒပြရင် လုံခြုံတယ်လို့ ယူဆပြီး ဆန္ဒပြခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေလည်း ရှိပါတယ်။ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး ကြွေးကြော်သံတွေ လှိုင်လှိုင်ညံခဲ့တဲ့ ကာလတွေပါ။ ဒီလူတွေက အနောက်ကို လိုလားသူတွေ၊ အမေရိကန် လက်သပ်မွေးတဲ့ သူတွေလို့ နောက်ပိုင်းမှာ တက်လာတဲ့ စစ်အစိုးရက ပြောခဲ့ပါတယ်။
အဲဒီလိုနဲ့ မကြာခင် သံရုံးရှေ့ဆန္ဒပြသူ တွေကို ပြောင်ပြောင်တင်းတင်း ပစ်ခတ်ခဲ့တဲ့ ကိစ္စတွေ ဖြစ်ပွားခဲ့ပြီး အထောက်အထား ဓာတ်ပုံတွေကော၊ အစီရင်ခံစာတွေကိုပါ သံအမတ်ကြီး ဘာတွန် လီဗင်က ဝါရှင်တန်ကိုပို့ပြီး အစီအရင်ခံခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ထူးခြားတာက အမေရိကန် ရေတပ်သင်္ဘော အုပ်စုတစုက မြန်မာပြည်ရေပိုင်နက် အနားကို ရောက်လာတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ဒီသင်္ဘောတွေကို စတွေ့တာက စက်တင်ဘာ ၁၂ ရက်နေ့လို့ မြန်မာဘက်က ပြောပါတယ်။ တစီးကတော့ လေယာဉ်တင်သင်္ဘော Coral Sea ပဲ ဖြစ်ပါတယ်။ အာဏာသိမ်းဖို့က ၆ ရက်ပဲ လိုပါတော့တယ်။ အမေရိကန် ဘက်က အကြောင်းပြတာကတော့ သူ့ရဲ့ သံရုံးဝန်ထမ်းတွေကို အရေးပေါ်ရွှေ့ပြောင်းဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာဘက်ကတော့ ဒါဟာ အမေရိကန်ရဲ့ ကျူးကျော်မှု ခြေလှမ်းတခုပဲလို့ မြင်ခဲ့ပုံရပါတယ်။
အမေရိကန် လွှမ်းမိုးမှုကို သမိုင်းတလျှောက်မှာ ဆန့်ကျင်ခဲ့တာ တပ်မတော်နဲ့ တပ်မတော်အစိုးရပဲလို့ နဝတ/ နအဖ စစ်အစိုးရ လက်ထက်မှာ သိက္ခာတင် ပြောလေ့၊ ရေးလေ့ ရှိတာဖြစ်ပါတယ်။
စက်တင်ဘာ ၁၈ ရက်နေ့မှာ တပ်မတော်က အာဏာသိမ်းခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းရဲ့ ညွှန်ကြားမှုပါတယ် ဆိုတာ ဘယ်သူမှ ငြင်းမယ့်ကိစ္စ မဟုတ်ပါဘူး။
ဒီမှာ ပြောင်းခဲ့တာကတော့ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဆက်ဆံရေး၊ နိုင်ငံတကာနဲ့ အနောက်နိုင်ငံတွေရဲ့ ဆက်ဆံရေးပဲ ဖြစ်ပါတယ်။ အမေရိကန်က သံတမန်ဆက်ဆံရေးကို လျှော့ချခဲ့ပါတယ်။ သံအမတ်အဆင့်မထားတော့ဘဲ သံရုံးတာဝန်ခံ အဆင့်ပဲ ထားခဲ့ပါတယ်။
အနောက်နဲ့ အမေရိကန် ဆန့်ကျင်ရေးကိုလည်း မြန်မာသတင်းစာတွေမှာ နေ့စဉ်နီးပါး စဖတ်ခဲ့ရပါတယ်။
တဘက်မှာတော့ အရင်က ဦးနေဝင်းအစိုးရကို ဖြုတ်ချဖို့ အလုံးအရင်းနဲ့ ကြိုးစားခဲ့တဲ့ တရုတ်က မြန်မာနဲ့ ဆက်ဆံရေး ပြန်ပြီး အလွမ်းသင့်လာတဲ့ ကိစ္စပါပဲ။
၁၉၆၇ မှာ တရုတ် – ဗမာ အဓိကရုဏ်း ဖြစ်ခဲ့ပြီး တရုတ်အစိုးရက ဖက်ဆစ်လို့တောင် ခေါ်ခဲ့တဲ့ ဦးနေဝင်းနဲ့ တရုတ်အစိုးရ အကြားမှာ ဆက်ဆံရေးတွေ ပြန်ကောင်းလာခဲ့သလို ၁၉၈၀ အစောပိုင်းကစပြီး တရုတ်ရဲ့ မူဝါဒ ပြောင်းပြီး ဗကပ အပေါ်ထောက်ပံ့မှုတွေကို ဖြည်းဖြည်းချင်း ဖြတ်တောက်ခဲ့တာ တွေ့ရပါတယ်။
၁၉၇၆ မှာတော့ တရုတ်ပြည်မှာ မော်စီတုံးရော ချူအင်လိုင်းပါ ကွယ်လွန်သွားခဲ့ပါတယ်။ နောက်တက်လာတဲ့ တိန့်ရှောင်ဖိန်က Pragmatic ကျတဲ့ ခေါင်းဆောင်တဦးပါ။ သူ့ရဲ့ လက်ထက်မှာပဲ ဗကပအပေါ်ထားတဲ့ ပေါ်လစီက စပြီး ပြောင်းလဲခဲ့ပါတယ်။ ဒါကို ဦးနေဝင်းက မြင်ခဲ့ပါတယ်။
အဲဒီအချိန်မှာ ကမ္ဘောဒီးယားက ခမာနီ ပြောက်ကျားတွေကို ထောက်ခံအားပေးနေတာက တရုတ်အစိုးရ ဖြစ်ပါတယ်။ ဖနွမ်းပင်ကို သိမ်းထားပြီး အထီးကျန်နေတဲ့ ခမာနီခေါင်းဆောင်တွေဆီကို ပထမဆုံး သွားရောက်လည်ပတ်တဲ့ နိုင်ငံခြား ခေါင်းဆောင်ကတော့ ဘယ်သူမှမဟုတ်ပါဘူး။ ဦးနေဝင်းကိုယ်တိုင်ဖြစ်ပါတယ်။ ၁၉၇၇ နိုဝင်ဘာလမှာ ဦးနေဝင်း ဖနွမ်းပင်ကို သွားခဲ့တာပါ။
၁၉၇၈ မှာတော့ တရုတ်မြန်မာ ဆက်ဆံရေး အပြောင်းအလဲတွေ တွေ့နေရပါပြီ။ ဗကပ တွေကို တရုတ်နယ်ထဲကနေ ပန်ဆိုင်းကို ပြန်ရွှေ့ခိုင်းတယ်။ “ပြည်သူ့အသံ” လည်း ပါသွားပါတယ်။ တရုတ်က ပေးထားတဲ့ “Volunteer” ဆိုသူတွေကိုလည်း တရုတ်က ရသလောက် ပြန်ခေါ်သွားပါတယ်။
အဲဒီနှစ်မှာပဲ တိန့်ရှောင်ဖိန်ဟာ မြန်မာပြည်ကို ၆ ရက်ကြာ ခရီးသွားရောက်ခဲ့ပါတယ်။ ဦးနေဝင်းရဲ့ အထူးဧည့်သည်တော် အဖြစ် လာခဲ့တာဖြစ်ပါတယ်။
ဗကပ ဘက်က မျက်ဖြူစိုက်ခဲ့ရတဲ့ အချိန်ဖြစ်ခဲ့သလို မြန်မာနဲ့တရုတ်နိုင်ငံအကြားမှာ သံတမန် ဆက်ဆံရေးလမ်းတွေ ပိုကောင်းလာပြီး တရုတ်က အကူအညီတွေ စပြီး ပြန်ပေးခဲ့ပါတယ်။ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းတွေ ပြန်ဖွင့်ခဲ့တဲ့ ကာလပါ။
၁၉၈၈ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ မြန်မာရဲ့ အဓိက မဟာမိတ်ဟာ တရုတ်နိုင်ငံ ဖြစ်သွားခဲ့ပါတယ်။ အဲဒီအချိန်က စပြီး ရွှေလမ်း ငွေလမ်း ဖောက်ကြတဲ့ ကာလကို ရောက်ခဲ့ပါတယ်။ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး အသံတွေ ညံနေအောင် ကြားရတဲ့ အချိန်ကာလပါပဲ။
ဒီမိုကရေစီ အရေးအခင်းကို စစ်တပ်က ရက်ရက်စက်စက် ဖြိုခွင်းပြီးနောက်ပိုင်း မြန်မာကို လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဒီမိုကရေစီ ဆိတ်သုဉ်းမှု စတာတွေနဲ့ ပတ်သက်ပြီး အပြစ်တင် ဖိအားပေး အရေးယူ ပိတ်ဆို့မှုတွေ ဆောင်ရွက်ခဲ့တာကတော့ အမေရိကန် နိုင်ငံပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ က ဒီမိုကရေစီ လှုပ်ရှားမှုနဲ့ အတိုက်အခံတွေကို ကူညီထောက်ခံခဲ့တာ ကလည်း အမေရိကန်ပဲ ဖြစ်ပါတယ်။
ယခင် ဆက်စပ် ဆောင်းပါး – မြန် – ကန် ဆက်ဆံရေးမှာ ဘယ်သူပို အကျိုးရှိမလဲ