“သြော် သံသရာ ရဟတ် တပတ်လည်တယ်ဆိုတာ တကယ်ပါလားနော်”
ဦးရုက္ခစိုးက ဆွေးဆွေးမြေ့မြေ့ပြောလိုက်ရာ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ခေါင်းထောင် သွားကြသည်။
ဖိုးရှုပ်။ ။ စကား မစပ်လေးဘာလေးတောင် မခံပါလား ဦးရုက္ခစိုးရယ်။ ဘယ်သံသရာက ဘယ်လို တပတ်လည်တာလဲ။
ကြွက်စုတ်။ ။ မကြီးမငယ်နဲ့ ဘုရားပွဲဈေးမှာ ရဟတ်သွားစီးတယ် ထင်တယ်။
ဖိုးရှုပ်နှင့် ကြွက်စုတ်တို့က ထုံးစံအတိုင်း ထင်ကြေးပေးလိုက်ရာ ထင်ကြေးပေးတိုင်း လွဲလေ့လွဲထရှိသည့်အလျောက် ဦးရုက္ခစိုးက ခေါင်းကိုစိတ်ပျက်စွာ ဟိုဘက်ဒီဘက် ယမ်းလိုက်သည်။
ရုက္ခစိုး။ ။ မဟုတ်ပါဘူးကွာ … ။ ဟိုနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးဇိုးသိမ်းက ရန်ကုန်ကို စင်ကာပူ စတိုင် ဖြစ်အောင် အမြန်ဆုံး စီမံကိန်းဆွဲ အကောင်အထည် ဖော်နေပြီ ဆိုတဲ့အကြောင်း ပြောသွားလို့ သတိရလို့ပါ။ ဟိုး … ရှေးရှေးတုန်းက ဆိုရင် …။
ဖိုးရှုပ်။ ။ ပုံပြင်တွေ မပြောပါနဲ့ ဦးရုက္ခစိုးရယ်။ ကျနော်တို့က ပုံပြင်ခံစားတတ်တဲ့ အရွယ်တွေ မဟုတ်တော့ဘူးဗျ။ မသကာ ဝတ္ထုလေး ဘာလေးဆို တော်သေးတယ်။
ရုက္ခစိုး။ ။ လွဲပြန်ပြီကွာ … ။ ငါပြောချင်တာက ဟိုးတုန်းကဆိုရင် စင်ကာပူနိုင်ငံက ရန်ကုန်ကို အတုယူရတာကွ။ အခု ပြောင်းပြန်ဖြစ်သွားလို့ သံသရာ ရဟတ်က တပတ်လည်တယ်လို့ ပြောတာ။
ကြွက်စုတ်။ ။ ဦးဇိုးသိမ်းလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တယောက်လုံး မြန်မာပြည်လာပြီဆိုတော့ ဆန်ရှင်တွေ ရုပ်တော့မယ်၊ တိုင်းပြည်ကြီးတိုးတက်တော့မယ် ထင်ပြီး စိတ်ကူးတွေယဉ်၊ ပြောမိပြောရာ ပြောလိုက်တာ ဖြစ်မှာပါ။
ဖိုးရှုပ်။ ။ ဒါလည်း သူက စင်ကာပူလောက်ကိုပဲ ဓာတ်ပုံတွေထဲ မြင်ဖူးလို့ ဖြစ်မှာပေါ့။
ဖိုးရှုပ်နှင့် ကြွက်စုတ်က ထင်ရာမြင်ရာများကို မှတ်ချက်ပေးကြပြန်သည်။
ရုက္ခစိုး။ ။ အောင်မယ် … တချို့ဆို … အမေရိကန်နဲ့ အနောက်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေလည်း မြန်မာပြည်ထဲ အောတိုက်ဝင်တော့မှာ၊ မြန်မာတွေချမ်းသာတော့မှာ ဆိုပြီးတော့ ပြောနေကြတာနော်။
ဖိုးရှုပ်။ ။ အဲဒါတွေကလည်း ခုနကပြောသလို စိတ်ကူးယဉ်ပြီး လျှောက်ပြောနေကြတာပါ။ တကယ် အရေးကြီးတာက ဟီလာရီ ကလင်တန်လာတုန်း အစိုးရက နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့လိုတယ်၊ တိုင်းရင်းသား ဒေသတွေ ငြိမ်းချမ်းဖို့လိုတယ်။ ဒီကိစ္စတွေကို နှေးလို့မဖြစ်ဘူး။ အရှိန်မြှင့်ပြီး လုပ်ရမယ်။
ဖိုးရှုပ်က ခပ်တည်တည်ရွှီးလိုက်သည်။ အမှန်က သူလည်း သေသေချာချာ သိသည်မဟုတ်၊ သူ့ဆရာသမားဖြစ်သူ ဒေဝါလီ အယ်ချုပ်ကြီးပြောလေ့ရှိသော စကားများကို လေသံဖမ်းကာ ပြောခြင်းဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ကြွက်စုတ်ကတော့ သူ့ကို တော်တော် အထင်ကြီးသွားသည်။
ထိုစဉ် သူတို့အနား၌ တဟားဟား ဝါးလုံးကွဲရယ်သံကြီး ထွက်ပေါ်လာသောကြောင့် အားလုံးအံ့အားသင့် သွားကြသည်။
ချင်းမိုင်မြို့ ကျုံးနဘေး ဆောင်းလေအေးအေး၏ အရသာကို ခံစားရင်း စိတ်ကူးတည့်ရာ ပြောဆိုလာခဲ့ကြသည့် ဦးရုက္ခစိုး၊ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့မှာ ရယ်သံကွဲကြီးကြောင့် ဘေးဘယ်ညာ လိုက်ရှာသောလည်း လူကိုမတွေ့၊ အချိန်ကား မှောင်စပျိုးချိန် ညီအစ်ကို မသိတသိ အချိန်။ တော်တော်လေး ရှာကြည့်တော့မှ သူတို့နားရောက်နေသော မဲမဲပုပု၊ မျက်မှန်တဝင်းဝင်းနှင့် လူတဦးကို တွေ့လိုက်ရသည်။ ထိုသူကား တခြားသူမဟုတ်။ အီးမြက် NGOကို ထူထောင်သည့် မီဒီယာသမားကြီး ဦးနေဝင်းပြောင် ဖြစ်လေသည်။
ဖိုးရှုပ်။ ။ ဘာရယ်တာလဲဗျ … ကျုပ်ပြောတဲ့အထဲမှာ ဘာရယ်စရာ ပါလို့လဲ။
ပြောင်။ ။ ပါတာပေါ့ … မောင်ရင်ပြောနေတာပဲ စဉ်းစားကြည့်စမ်းပါဦး။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ရမယ်တဲ့။ မဖြစ်နိုင်တာကြီး။ သမ္မတကလည်း ပြောထားပြီးပြီး နိုင်ငံရေးအကျဉ်းသား မရှိပါဘူးတဲ့။
ဖိုးရှုပ်။ ။ ဒါကတော့ သမ္မတက လေသံပြောင်းလိုက်တာလေ။ မယုံရင်ကြည့် ဟီလာရီ ကလင်တန်က ဒီကိစ္စကို ဖိအားပေးမှာ။ ဖိအားပေးရင် …
ပြောင်။ ။ ဒါကတော့ ဘယ်သူလာလာ ဖိအားပေးမှာပဲလေ။ ဖိအားပေးတိုင်း လွှတ်လို့မှမရဘဲ။
ကြွက်စုတ်။ ။ ဘာလို့ လွှတ်လို့မရတာလဲ … ပြောကြည့်စမ်းပါဦး။
ပြောင်။ ။ ဒါက မောင်ရင်တို့လို လူပြိန်းတွေ နားမလည်ပါဘူး။ ကျုပ်လို ရေး တက္ကသိုလ်ဆင်း ပညာရှင်၊ အီးမြက်ကို ထူထောင်သူ …။
“နေပါဦး … အီးမြက်ဆိုတာ ရိုးရိုးမြက်နဲ့ ဘယ်လိုကွာလဲ” ဟု ကြွက်စုတ်က ဖြတ်မေးလိုက်သည့်အပြင် ဖိုးရှုပ်ကလည်း “ရေး တက္ကသိုလ်ဆိုတာ အသစ်ဖွင့်တဲ့ တက္ကသိုလ်လား။ တနင်္သာရီတိုင်းကပေါ့နော်” ဟု အလိုက်မသိ မေးခွန်း ထုတ်လိုက်ရာ ဦးနေဝင်းပြောင်၏ မဲနေသော မျက်နှာကြီး မှောင်သွားလေသည်။
ပြောင်။ ။ မောင်ရင်တို့ ဖြတ်မမေးပါနဲ့။ ကိုယ့်စကား မဆုံးသေးဘူး …။ အဲ … ပညာရှင်၊ အီးမြက်ကို ထူထောင်သူ … ပြီးတော့ လာမယ့် ၂၀၁၂ မှာ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရမယ့် ပုဂ္ဂိုလ်တယောက် အနေနဲ့ ဖြေရမယ် ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးခြင်းဟာ တိုင်းပြည် မငြိမ်းချမ်းအောင် လုပ်သလိုပဲ။ သူတို့ ဆူပူရင် ငြိမ်းချမ်းရေး ပျက်ပြား မယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ကတော့ အခြေခံဥပဒေ ဗုတ် ယက်စ် ကမ်ပိန်း လုပ်ခဲ့သလို အခုလည်း ငြိမ်းချမ်းရေးအတွက် ကမ်ပိန်း လုပ်မယ်။ နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ပေးရေးပေါ့။
ခပ်တည်တည် ပြောလိုက်သော ဦးနေဝင်းပြောင်ကို ကြည့်ကာ ဖိုးရှုပ်ကော၊ ကြွက်စုတ်ပါ စိတ်တိုသွားသဖြင့် မည်သည့် စကားမှ ဆက်မပြောနိုင်အောင် ဖြစ်နေသည်။
ရုက္ခစိုး။ ။ ငြိမ်းချမ်းရေး နိုဗဲလ်ဆုတောင် မှန်းတယ်ဆိုတော့ နည်းနည်းတော့ လွန်နေသလားလို့။
ပြောင်။ ။ အာ … ဘယ်က လွန်ရမှာလဲ။ လိုတောင် လိုနေသေးတယ်။ ကျုပ်ကို ငြိမ်းချမ်းရေး ဖခင်ကြီးလို့တောင် ခေါ်ချင်ကြတာဗျ။
“ဗျာ” ဟု သူတို့အားလုံး တပြိုင်နက် တ လိုက်မိကြသည်။
ကြွက်စုတ်။ ။ ငြိမ်းချမ်းရေး ဖခင်ကြီးလို့ ဘယ်သူတွေက ခေါ်တာလဲ။
ပြောင်။ ။ ကျုပ်ကို ကြည်ညိုတဲ့ ကျုပ်တပည့် အီးမြက် အဖွဲ့သားတွေက ခေါ်တာပေါ့။ နှယ်နှယ်ရရ မဟုတ်ဘူးနော် … facebook ပေါ်မှာ ဂုဏ်ပြုပြီးတော့ကို ခေါ်တာ။
ဖိုးရှုပ်။ ။ နေ … နေပါဦး … ဘယ်လိုကြောင့် ဦးနေဝင်းပြောင်ကို ငြိမ်းချမ်းရေး ဖခင်ကြီးလို့ ခေါ်တာတဲ့လဲ။
ဦးနေဝင်းပြောင်က သူတို့ကို စာသင်တော့မည့် ဆရာပုံစံဖြင့် ကြည့်လိုက်သည်။
ပြောင်။ ။ ဒါလား ၂၀၁၀ ရွေးဂေါက်ပွဲကြီး ကျင်းပဖြစ်တဲ့ကိစ္စမှာ အထူးအရေးပါခဲ့တာ ကျုပ်ပဲလေ။ ကျုပ်သာ မရှိရင် ဒီရွေးဂေါက်ပွဲကြီး ပျက်ချင် ပျက်သွားမှာ၊ အဲဒီလို ပျက်သွားရင် ဒေါ်အောင်ဆန်းစုကြည် ဆိုတာလည်း အခုလို ရွေးဂေါက်ပွဲ ဝင်ဖို့၊ ပါတီမှတ်ပုံတင်ဖို့ ဝေးလို့ နေအိမ်အကျယ်ချုပ်ကတောင် လွတ်ပါ့မလား မသိဘူး။ ဒါဆိုရင် အခုကျင်းပခဲ့တဲ့ လွှတ်တော် ဆိုတာလည်း ဖြစ်လာမှာ မဟုတ်ဘူး။ ကုန်ကုန်ပြောမယ် ထိပ်ပြောင်ပေမယ့် စိတ်သဘောထား နည်းနည်းပျော့တဲ့ သမ္မတ ဦးသိမ်းဇိမ် ဆိုတာလည်း ပေါ်လာမှာမဟုတ်ဘူး။ အာခေါင်လန် ဥက္ကဋ္ဌ ဝေးလို့ အဖွဲ့ဝင်က မပြုတ်အောင်တောင် တော်တော် ကြိုးစားရမှာ။ ဒါတွေအားလုံး ကျုပ်ကြောင့် ဖြစ်ခဲ့တာ။
ဦးနေဝင်းပြောင်၏ ပြောင်မြောက်လှသော စကားလုံးများကြောင့် ဖိုးရှုပ်၊ ကြွက်စုတ်နှင့် ဦးရုက္ခစိုးတို့မှာ ဟ ထသော ပါးစပ်များကို မပိတ်မိဘဲ တအံ့တသြ နားထောင်နေ မိကြသည်။
ပြောင်။ ။ ဆက်ပြောရရင် အခု ဟီလာရီ ကလင်တန် မြန်မာပြည်လာတာတောင် ကျုပ်ကြောင့်လို့ ပြောလို့ရတယ်။ စာနယ်ဇင်း လွတ်လပ်ခွင့်တွေ ရလာတာလည်း ကျုပ်ကြောင့်ပဲပေါ့။ အိုဗျာ … ဒါတွေ အကုန်လုံးဖြစ်လာအောင် ၂၀၀၈ အခြေခံ ဥပဒေကို ၉၉. ၉၉၉၉၉၉ ရာခိုင်နှုန်းသော ပြည်သူတွေ ထောက်ခံလာအောင် ပြောပေး၊ ရေးပေးခဲ့တဲ့ ကျုပ်ကြောင့် ဖြစ်ခဲ့ရတာ။ ကဲကြည့် အခုဆို ကျုပ်တို့ အုပ်စုက ပွဲစားလုပ်ပေးလို့ တိုင်းရင်းသားဒေသတချို့ ငြိမ်းချမ်းရေး ရကုန်ပြီ မဟုတ်လား။
“သြော် … ငြိမ်းချမ်းရေး ဖခင်က ပွဲစားလည်း လုပ်တယ်နော်” ဟု ကြွက်စုတ်က ခပ်တိုးတိုး ပြောလိုက်သည်။ ငြိမ်းချမ်းရေး ဖခင်ကြီးကား မကြား။
ရုက္ခစိုး။ ။ ဒါနဲ့ ဧရာဝတီ မြစ်ဆုံဆည် ကမ်ပိန်းတုန်းကတော့ ဦးနေဝင်းပြောင်ရဲ့ အသံတိတ်နေသလိုပဲနော်။
ပြောင်။ ။ ဒါကျုပ်လုပ်စရာ မလိုဘူးလေ။ သမ္မတကိုတောင် သမ္မတ ဖြစ်အောင်လုပ်ပေးပြီးပြီပဲ … ။ ဒီလောက် ကလေးကတော့ သူတို့ဘာသာ လုပ်ကြပေါ့ဗျာ။ ကျုပ်လုပ်ပေးလို့ သမ္မတ ဖြစ်လာတယ်၊ သမ္မတက မြစ်ဆုံဆည်စီမံကိန်း ရပ်အောင်လုပ်ပေးတယ်။ ဒီတော့ ဒီမြစ်ဆုံဆည် စီမံကိန်း ရပ်သွားတာလည်း ကျုပ်ကြောင့်လို့ ပြောလို့ရတယ်။
ဖိုးရှုပ်က “ဘုရား … ဘုရား” ဟု နှစ်ခါတိတိ ညည်းလိုက်သည်။
ပြောင်။ ။ စဉ်းစားကြည့်တော့ ကျုပ်ကိုယ်ကျုပ် ဒီလောက်တော်နေမယ်လို့ ထင်မထားဘူးဗျာ။ တကယ်ပါ။ စဉ်းစားလေ တော်လေ ဖြစ်နေလို့ မစဉ်းစားဘဲ စဉ်းစားတာတွေ ရပ်ထားရတယ်။ တကယ်လို့သာ ၂၀၀၈ အခြေခံဥပဒေကို ပြည်သူတွေ မထောက်ခံခဲ့ရင် အခုလောက်ဆို မြန်မာပြည်ကြီးဘဝ စဉ်းတောင် မစဉ်းစားရဲဘူးနော်။ ဒီတော့ မြန်မာပြည်ကြီးကို ကယ်တင် ခဲ့တာ ကျုပ် လို့တောင် ပြောလို့ရတယ်။ သမိုင်းတွင်မယ့် နေဝင်းပြောင်ဆိုပြီး စာတမ်းတစောင်ပြုစုရမယ်၊ ပီအိတ်ချ်ဒီကို ငါးဘတ် တက္ကသိုလ်မှာ သွားယူရမယ်။
ကြွက်စုတ်။ ။ ဒါတော့ နည်းနည်း များပြီထင်တယ်နော်။
ပြောင်။ ။ ဘယ်က များရမှာလဲ … နောက်ဆိုကမ္ဘာကြီးကိုတောင် ကယ်တင်တော့မယ့် ဥစ္စာ၊ ပါးပါးလေးပါ။ နည်းတောင် နည်းသေးတယ် … ဟေ့ နည်းတောင်နည်းသေးတယ်။
ဦးနေဝင်းပြောင်က တွံတေးသိန်းတန်၏ ပျင်းတောင်ပျင်းသေးတယ် သီချင်းအလိုက်ဖြင့် သီဆိုကာ ကိုယ်ကို လှုပ်ယမ်းပြီး ကနေသောကြောင့် ဖိုးရှုပ်တို့ ဘာဆက်လုပ်ရမှန်း မသိဖြစ်သွားသည်။ ထိုစဉ် လူငယ် နှစ်ယောက် ရောက်လာပြီး “ဆရာ … ဆေးသောက်ချိန် ရောက်လို့ လာခေါ်တာပါ” ဟု ဆိုလိုက်၏။
ပြောင်။ ။ ဟေ့ကောင်တွေ … မင်းတို့ကို ငါ ဘာပြောထားလဲ။
လူငယ်တဦးက “ဆောရီးပါ … ငြိမ်းချမ်းရေးဖခင်ကြီး။ ဆေးသောက်ချိန် ရောက်ပါပြီ။ ဆေးမှန်မှန်သောက်မှ ၂၀၁၂ ရဲ့ ငြိမ်းချမ်းရေး နိုဗဲလ် ဆုကြီးကို သွားယူနိုင်ပါလိမ့်မယ်” ဟု ပြင်ပြောလိုက်သည်။
ပြောင်။ ။ အဲဒီလိုလုပ်ပါ။ ကဲ ကဲ … ရှေ့က ကြွကြ။
လူငယ်တယောက်က ဦးရုက္ခစိုးတို့ကို “စိတ်မရှိပါနဲ့ဗျာ” ဟုပြောရင်း ဦးခေါင်းနား၌ လက်ခါပြသွားသည်။
ဦးနေဝင်းပြောင်က လူငယ်နှစ်ယောက်နောက်က လိုက်သွားပြီး နောက်သို့ သမင်လည်ပြန်ကြည့်ကာ “သြော် … ဦးရုက္ခစိုးနဲ့ ဘော်ဒါနှစ်ယောက် … ကျုပ် ငြိမ်းချမ်းရေး နိုဗဲလ်ဆု ယူပြီးသွားရင် အသစ်တက်မယ့် အမေရိကန်သမ္မတကို ဖိတ်ပြီး မြန်မာဖြစ် ထန်းရည်အစစ်နဲ့ ပါတီပေးမှာ …။ အဲဒီအခါကျ လာခဲ့ကြနော်” ဟု ပြောဖြစ်အောင် ပြောသွားသေးသည်။
ဖိုးရှုပ်၊ ကြွက်စုတ်နှင့် ဦးရုက္ခစိုးတို့မှာ မတိုင်ပင်ဘဲနှင့် “သြော် … ငြိမ်းချမ်းရေး ဖခင်ကြီးရယ်” ဟု တပြိုင်နက်တည်း ရေရွတ်မိကြ လေတော့သတည်း။ ။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံရေးသားထားခြင်း မဟုတ်ပါ။