ကျနော်တို့အုပ်စု မဲဆောက်မှာ တရုံးရုံးဖြစ်နေတုန်း ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းမှာ အရေးပေါ် ညီလာခံ ခေါ်မယ်ဆိုပြီး ဖိတ်စာရောက်လာပါတယ်။
ဘာကြောင့်ခေါ်ဖို့လိုသလဲဆိုတဲ့ အကြောင်းပြ ချက်ကို ကျနော် အတိအကျ မမှတ်မိတော့ပေမယ့် အကြမ်းအားဖြင့်ကတော့ ဗဟို ဦးစီးအဖွဲ့မှာ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်နဲ့ အတွင်းရေးမှူး ကိုသန်းဝင်းတို့ပဲ ရှိနေပြီး ဒုတိယ ဥက္ကဋ္ဌ ကိုဝင်းမိုး၊ တွဲဘက် အတွင်းရေးမှုး ၂ ဦးဖြစ်တဲ့ ကိုအောင်နိုင် (အခု VOA မြန်မာပိုင်းဌာနမှူး) နဲ့ ဆလိုင်းကိုကိုဦး တို့က မရှိကြပါဘူး။ ထိုင်းရဲက ဖမ်းလို့ ဘန်ကောက်မှာ သောင်တင်နေပြီး နယ်စပ်ကို ပြန်လာလို့မရ ဖြစ်နေတယ်လို့ဆိုပါတယ်။ တချိန် တည်းမှာပဲ သူတို့
၃ ဦးကို KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်မြက ဖမ်းမိန့်ထုတ်ထားလို့ KNU နယ်ဆီ ပြန်မလာရဲဖြစ်နေတယ် လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ထိုင်းကဖမ်းတဲ့ သတင်းကို သတင်းစာထဲမှာ တွေ့လိုက်ရပေမယ့် KNU က ဖမ်းမယ်ဆိုတဲ့ သတင်းကိုတော့ တဆင့်စကားနဲ့ ပြောနေကြတာကိုသာ ကြားခဲ့ရပါတယ်။
သေချာတာကတော့ အရေးပေါ်ညီလာခံဆီ သူတို့ ၃ ဦးရောက်မလာခဲ့ပါဘူး။ နောက်တခါ ဗဟိုကော်မတီဝင်တွေ ထဲမှာလည်း ကိုထွန်းဦးနဲ့ ကိုကိုလေးတို့ ၂ ဦးကိုပဲတွေ့ရပြီး ကျန်တဲ့လူတွေကို ကျနော်မတွေ့မိဘူး။ ယူဂျီအတွက် ပြည်တွင်းပြန်ဝင်သွားသူ၊ အဖမ်းခံ လိုက်ရသူ၊ ဘန်ကောက်ကနေ ပြန်မလာတော့သူ စသဖြင့်အမျိုးမျိုးနဲ့ လူမစုံတော့တာကလဲ အရေးပေါ် ညီလာခံ ခေါ်ယူရခြင်း အကြောင်းရင်းတခု ဖြစ်မယ်လို့ စဉ်းစားမိပါတယ်။
ဒီလိုနဲ့ ညီလာခံကျင်းပမဲ့သံလွင်စခန်းဆီ ကျနော်တို့ ကေအန်ယူ-နယ်မြေက ပုဂ္ဂိုလ်တွေဟာ မဲဆောက်ကနေ ကားတွေငှား၊ တချို့လည်း KNU ကားကြုံစီးပြီး လက်ဒေးနဲ့ မယ်သဝေါဘက် ပြန်လာရပါတယ်။ အဲဒီအချိန်မှာ မက်သဝေါတောင်ကို နဝတ-တပ်က သိမ်းထားလိုက်ပီဖြစ်တဲ့ အတွက် မယ်သဝေါ ကနေ လှေမစီးနိုင်တော့ဘဲ တောလမ်းအတိုင်း နောက်ထပ် တနာရီနီးပါး
ထပ်မောင်းရတဲ့ ခလေတလူ ဆိုတဲ့နေရာကနေ သောင်ရင်းမြစ်ထဲ လှေစီးရပါတယ်။
အဲဒီလှေဆိပ်ရဲ့ ဒီဘက်မှာတော့ နော်တ ခံစစ်ကြောင်း၊ အဲဒီတောင်တန်းဘေးက သောင်ရင်းမြစ်အတိုင်း နာရီဝက်လောက် စုန်ဆင်းလာတော့ သစ်တောဝန်ကြီး ပဒိုအောင်ဆန်း (နောက်ပိုင်းမှာ နအဖ နဲ့ အပစ်ရပ်သွားသူ) တို့အိမ်နဲ့ အထက ကျောင်းကြီးရှိရာ ထီးတခီးဆိုတဲ့ ကရင်ရွာကြီး တရွာကို လှေပေါ်ကနေ လှမ်းမြင်ရပါတယ်။ ဆက်ဆင်းလာတော့ KNU ဌာနချုပ် မာနယ်ပုလော စခန်း ဖြစ်ပါတယ်။
မာနယ်ပလောကနေ နာရီဝက်လောက် ဆက်မောင်းတော့ သောင်းရင်းနဲ့ သံလွင်ဆုံရာ မြစ်ဆုံ (၁၉၉၄-၉၅ မှာတော့ အဲဒီမြစ်ဆုံနားမှာ ရှိတဲ့ ဘုန်းကြီးကျောင်းကနေ စ ပြဿနာတက်ပြီး DKBA ပေါ်လာခဲ့ပါတယ်။ အဲဒီမှာ မာနယ်ပလော
ကျဆုံးခဲ့ရပါတယ်) ကိုသောင်းမြစ်အတိုင်း စုန်ဆင်းလာတဲ့ စက်လှေဟာ သံလွင်ရောက်တော့ ရေဆန်ဖြစ်သွားပါတယ်။ သံလွင်ဟာ သောင်ရင်းထက် ရေစီးသန်ပေမယ့် စက်အားကောင်းတဲ့ လှေနဲ့မို့ လှေသမားအတွက် ပြဿနာ ရှိပုံမရ ပါဘူး။ သောင်းရင်းကတော့ ရေစုန်ဆင်းရတယ် ဆိုပေမယ့် ရေတိမ်လွန်းတာကြောင့် တချို့နေရာတွေမှာ သောင်တင်တာ၊ ကျောက်ဆောင်တွေ၊ သစ်ပင်တွေနဲ့ ဝင်ဆောက်မိတာမျိုးတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။ သံလွင်ကတော့
သောင်ရင်းထက် ၃ ဆလောက် ကျယ်ပြီး ရေကလည်း နက်တဲ့အတွက် ကြုံရတဲ့ ပြဿနာချင်း မတူတော့ပါဘူး။
မြစ်ဆုံကနေ သံလွင်ကို ဆန်တက်တဲ့ မြစ်ကြောင်းတလျောက်မှာတော့ စီးပွားဖြစ် သစ်ထုတ်လုပ်ရေး စခန်းတွေနဲ့ ကရင်ရွာလေးတွေကို မြန်မာဘက်ကမ်းတလျောက် မြင်နေရပါတယ်။ သစ်ဆွဲနေတဲ့ ဆင်တွေ။ ခေတ်မီ သစ်ဖြတ်၊သစ်သယ် ယန္တယားတွေ၊ နံပတ်ပြားမပါတဲ့ သစ်တင်ကားတွေ၊ သေနတ်လွယ်ပြီး သွားလာနေတဲ့ ကရင်စစ်သားတွေ၊ သဲသောင်စပ်က
ဟင်းသီးဟင်းရွက် စိုက်ခင်းလေးတွေ၊ ဒေသခံ ကရင်ရွာသူရွာသား တွွေကို စက်လှေပေါ်ကနေ လှမ်းမြင် နေရပါတယ်။ထိုင်းဘက်ကမ်းကို ကြည့်လိုက်တဲ့ အခါမှာတော့ မြန်မာဘက်ကမ်းနဲ့ ပြောင်းပြန်ပါ။ သစ်ခုတ်၊ သစ်ဖြတ် နေတာကို လုံး၀ မတွေ့ရဘဲ ကျွန်းပင် သေးသေးလေးတွေကို စနစ်တကျ တန်းစီစိုက်ထားတဲ့ ကျွန်းခြံတွေကို သံလွင်မြစ်ကမ်း တလျောက်က
တောင်ကုန်းတွေမှာ တွေ့နေရပါတယ်။ တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ သူတို့နိုင်ငံမှာ သစ်ခုတ်ခွင့် လုံးဝမရှိပါဘူး။
သစ်တော ထိမ်းသိမ်းရေးကို စနစ်တကျ ဆောင်ရွက်နေပြီ ဖြစ်ပေမယ့် မြန်မာဘက်က သစ်ကိုတော့ ရတဲ့နည်းနဲ့ ဝယ်ယူ နေဆဲဖြစ်ပါတယ်။
သံလွင်မြစ် တခုခြားလိုက်ရုံ၊ သောင်ရင်းမြစ် တခုခြားလိုက်ရုံ၊ နယ်စပ်မျဉ်း တကြောင်း ခြားလိုက်ရုံနဲ့ သစ်တောပြုန်းတီးမှု၊ သဘာ၀ ပတ်ဝန်းကျင် ပျက်စီးမှု၊ ရာသီဥတု ဖောက်ပြန်မှုတွေကို တားဆီးထားနိုင်လိမ့်မယ်လို့ ထိုင်းဘက်က တွက်ဆ ထားဆဲလားလို့ ကျနော်စဉ်းစားနေမိပါတယ်။
ဒီလို အတွေးနယ်ချဲ့ရင်းနဲ့ ငိုငေးဒီငေး တနာရီ နီးပါး ကြာတဲ့အခါမှာတော့ စော်လဲထာ ဆိုတဲ့ လှေဆိပ်နဲ့ ဈေးတန်းကြီး တခုကို ထိုင်းဘက်ကမ်းမှာ တွေ့ရပါတယ်။ အဲဒီ စော်လဲထာမှာ ဆိုက်ထားတဲ့ လှေတွေဟာ အရွယ်အစားမျိုးစုံ ရှိနေပြီး တချို့ လှေကြီးတွေ ဆိုရင် နွားကောင်ရေ ၂၀ လောက်အထိ တင်နိုင်တဲ့ အကြီးကြီးတွေ ဖြစ်ပါတယ်။ ဒီဈေးဟာ မာနယ်ပလော အပါအဝင် သောင်းရင်းနဲ့ သံလွင်မြစ်တလျောက်က KNU စခန်းတွေ၊ ကရင်ကျေးရွာတွေ အတွက် အဓိက ဈေးကြီး ဖြစ်တာကြောင့် ဒေသတွင်း အစည်းကားဆုံး ဈေးတန်းကြီး တခုဖြစ်ပြီး ပစ္စည်းမျိုးစုံ ဝယ်ယူနိုင်ပါတယ်။ ကျနော်တို့ အုပ်စု ကတော့ အဲဒီဈေးမှာ ခဏနား၊ ပစ္စည်းတွေကို ဟိုငေးဒီငေး လုပ်ရုံမှတပါး ဘာမှ မဝယ်နိုင်ပါဘူး။ အဲဒီကနေ နောက်ထပ် တနာရီကျော် ရေဆန် ဆက်မောင်းတဲ့ အခါမှာတော့ ဒေသအခေါ် ဥသုထ စခန်း၊ ကျနော်တို့ ကျောင်းသားတွေအခေါ် သံလွင်စခန်း ကိုရောက်ပါတယ်။
ကျနော့် မျက်စိထဲမှာတော့ သံလွင် စခန်းမှာ တွေ့ရတဲ့ အစည်းအဝေး ခန်းမက ကလက်ဒေးထက်တောင်မှ ပိုကောင်းနေသလိုပါပဲ။ ဒါပေမယ့် ကလက်ဒေးမှာလို ကုန်သွယ်ရေးစခန်းနဲ့ ကုန်သည်ရွာတွေကိုတော့ သံလွင်မှာ ကျနော်မတွေ့မိပါဘူး။
ကျနော်တို့ ရောက်သွားတဲ့အချိန်မှာ အဲဒီအစည်းအဝေး အခန်းဘေးက ဘောလုံးကွင်းထဲမှာ ကျောင်းသား၊ ကျောင်းသူ ၁၀၀ လောက် မယ်ညား-ပါသား အော်ပြီး ဝါးရင်းတုတ် သေနတ်တွေနဲ့ လေ့ကျင့်လို့ ကောင်းနေဆဲပါ။ သူတို့ကိုမြင်တော့မှပဲ
ဝါးရင်းတုတ်နဲ့ လေ့ကျင့်တာ ငါတို့ချည်းမဟုတ်ဘူး၊ ကျောင်းသား အတော်များများ ဒီလိုပဲ ဖြစ်မှာပါလို့ စိတ်ဖြေရာ ရခဲ့ပါတယ်။
အဲဒီသင်တန်းမှာ သံလွင်နဲ့ စောထစခန်း ၂ ခုစလုံးက ကျောင်းသားတွေ ပါဝင်ပြီး စောထစခန်းက ကိုကျော်ဦးခေါ်
ကိုကျော်နီ (၁၉၉၉ အောက်တိုဘာမှာ ဘန်ကောက်က မြန်မာသံရုံးကို ဝင်သိမ်းဖို့ ကြိုးစားမှုနဲ့ နာမည်ကြီးလာတဲ့ ကိုဂျော်နီ) လည်း ပါဝင်တယ်လို့ ဒီဆောင်းပါး ရေးချိန်မှာ စောထစခန်းတုန်းက ကျောင်းသားတယောက်က ကျနော့်ကို ပြောပြခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်ကတော့ ကိုကျော်ဦးကို ဘယ်သူမှန်း ကျနော် မသိခဲ့ပါဘူး။
ဒီလိုနဲ့ အစည်းအဝေး ခန်းမမှာ ခဏနား၊ စစ်သင်တန်းကို ကြည့်ပြီးတဲ့နောက် အဲဒီအစည်းအဝေးခန်းမ နောက်က အဆောင် တခုမှာ ကျနော်တို့ ညီလာခံ ကိုယ်စားလှယ်တွေ၊ လေ့လာသူတွေကို နေရာချပေးပါတယ်။ ကျွန်းသစ်ပေါပြီး သစ်စက်တွေ ရှိတဲ့အတွက် ဒီဒေသက အဆောက်အဦ အားလုံးဟာ သစ်မာတွေနဲ့ အခိုင်အမာ ဆောက်ထားတာ ဖြစ်ပြီး ကျနော်တို့ တည်းတဲ့ အဆောင်ဟာလည်း အတော်ကောင်းမွန် ခိုင်ခန့်တဲ့ အဆောင်တခု ဖြစ်ပါတယ်။
ညနေပိုင်း ရေဆင်းချိုးတဲ့အခါမှာတော့ “အားပါးပါး … သံလွင်ရေဆိုတာ ဒီလိုလား” ဆိုပြီး အော်ရတဲ့အထိ အေးစက်နေတဲ့ ရေကို ကျနော့်ဘဝမှာ ပထမဆုံးအကြိမ်ကြုံလိုက် ရပါတယ်။ ဒီလောက်အေးနေတဲ့ ရေကိုမှ ဟိုဘက်ကမ်း ဒီဘက်ကမ်း လက်ပိုက်ကူးတဲ့ မောင်ကျောင်းတွေက ရှိပါသေးတယ်။ သံလွင်ဟာ သောင်ရင်းထက် ၃-ဆနီးပါး ပိုကျယ်တယ်လို့ ကျနော့်စိတ်ထဲ ခန့်မှန်းမိပြီး သံလွင် စခန်းရှေ့က ရေပြင်ဟာ ပေ ၁၀၀ လောက်ကျယ်မယ် ထင်ပါတယ်။
သံလွင်ရဲ့ ဟိုဘက်ကမ်းက တောင်ကုန်းလေးပေါ်မှာတော့ စိုက်ခင်းတခုနဲ့ တဲတန်းလေး တခုကိုမြင်နေရပြီး “သံလွင်ချောင်းခြား တို့နှစ်ယောက်သား” ဆိုတဲ့ စိုင်းထီးဆိုင်ရဲ့ သီချင်းလေးကိုတောင် သွား သတိရမိပါတယ်။
ကိုယ်စားလှယ်အသစ်နဲ့ ဗဟိုကော်မတီအသစ်
ဒီတခေါက်ညီလာခံအတွက် ကျနော်တို့ မင်းသမီးစခန်းကနေ ကိုယ်စားလှယ်အသစ် တဦးကို ထပ်လွတ်လိုက်ပါတယ်။ အဲဒီပုဂ္ဂိုလ်ကတော့ နောက်ပိုင်းမှာ ဗဟိုကော်မတီ ပြန်ကြားရေးဌာန တာဝန်ခံ ဖြစ်လာပြီး အခု DVB ဒု ညွန်မှူး ဖြစ်နေသူ ကိုခင်မောင်ဝင်း ဖြစ်ပါတယ်။
ကျနော်တို့ နယ်မြေကော်မတီထဲက ကိုကျော်ထင်လည်း စခန်းကိုယ်စားလှယ်အဖြစ် ထပ်ရွေးခံရပါတယ်။ ကျနော်နဲ့
ဥက္ကဋ္ဌ ကိုကျော်ကျော်အပါအဝင် နယ်မြေ ကော်မတီ် အတော်များများကတော့ လေ့လာသူအဖြစ် လာတက်ကြတာပါ။ နောက်တခါ မောတောင် စခန်းကလည်း ပထမဆုံးအကြိမ်အဖြစ် ကိုယ်စားလှယ် ၂ ဦး ရောက်လာပါတယ်။ ကိုကျော်ဇေယျ
(ပုသိမ်ကောလိပ်က ကျော်ဇေယျဟာ တောကျောင်းသား အမည်နဲ့ ကဗျာတွေရေးခဲ့ပြီး ၁၉၉၀ လောက်က ဘန်ကောက်မှာ ငှက်ဖျားနဲ့ ကွယ်လွန်သွားပါတယ်) နဲ့ မြိတ်မြို့က ကျနော်နာမည် မမှတ်မိတော့တဲ့ ကျောင်းသားတဦး ဖြစ်ပါတယ်။
နောက်တရက် ညီလာခံစတဲ့ အခါမှာတော့ အရေးပေါ် ညီလာခံ ခေါ်ရခြင်းအကြောင်းရင်းနဲ့ ဗဟို ကော်မတီရဲ့ အစီရင်ခံစာကို တင်သွင်းတယ်လို့ ထင်ပါတယ်။ အစီရင်ခံစာပါ အချက်အလက်နဲ့ ဆွေးနွေးချက် တွေကို ကျနော် မမှတ်မိတော့ပါဘူး။ ဒါပေမယ့် ထူးထူးခြားခြား ကျနော်မှတ်မိနေတဲ့ အချက်တခုကတော့ ညီလာခံ ကျင်းပတဲ့ ပထမနေ့လား၊ ဒုတိယနေ့လား မသိပါဘူး။ သီဘောဘိုးစခန်းက တပ်ရင်းမှူးတဦး ဖြစ်သူ ကိုတင်မောင်ဆန်းနဲ့ ရဲဘော် ၃၊ ၄ ဦး ရောက်လာပြီး
ညီလာခံမှာ အရေးပေါ် တင်ပြစရာရှိလို့ သူ့ကို ဆွေးနွေးခွင့် ပေးပါဆိုပြီး ညီလာခံထဲ ဝင်လာပါတယ်။
တင်မောင်ဆန်းဆိုတာ အဲဒီကာလက ခေသူမဟုတ်ပါဘူး။ အသားဖြူဖြူ အရပ်က မနိမ့်မမြင့်၊ ခန္တာကိုယ် ဖွဲ့စည်းပုံ အချိုးကျပြီး ပါးမြိုင်းမွေး၊ မုတ်ဆိတ်မွေး ခပ်ရေးရေးနဲ့ မင်းသားပုံ ပေါက်နေသူပါ။ ပြီးတော့ DSA (မေမြို့စစ်တက္ကသိုလ်) ကျောင်း ဒုတိယ နှစ်ကနေ ထွက်လာသူ၊ အင်အားအများဆုံး ကျောင်းသား စခန်းတွေထဲက သီဘောဘိုး စခန်းခွဲတခုရဲ့ တပ်ရင်းမှူးလည်း ဖြစ်တယ်။ နောက်တခါ အဲဒီကာလက မြန်မာကျောင်းသား တဦးကို ပြည်တော်ပြန်ပို့နိုင်အောင် သတင်းပို့နိုင်ရင် ဘတ် ၅၀၀၀ နှုံး ပေးမယ်လို့ မြန်မာသံရုံးက ကြေငြာချက် ထုတ်ထားတဲ့အချိန်ဆိုတော့ အဲဒီငွေကို လိုချင်လို့ တွေ့သမျှ ကျောင်းသားတွေကို မဲဆောက်ကနေ ရန်ကုန်ပြန်ပို့ဖို့ အကျိုးဆောင်လုပ်ပေးနေတဲ့ မဲဆောက် ဒုတိယမြို့တော်ဝန်ကို တောင် ဖမ်းဆီးပြီး သူ့တပ်ရင်း အချုပ်ခန်းထဲ ထည့်ပညာပေးခဲ့တဲ့ ကိုတင်မောင်ဆန်းပါ။ စသည်ဖြင့် သတင်းကြီး နေပြီး လမ်းသိပ်မယူသူအဖြစ် ကျနော်တို့ကြား နားလည်ထားပါတယ်။
ကိုတင်မောင်ဆန်း ညီလာခံမှာ ဘာတွေ တင်ပြခဲ့သလဲ ဆိုတာကို ကျနော် မမှတ်မိတော့ပေမယ့် သူနဲ့ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်တို့ ၂ ဦး အပြန်အလှန် ပြောတာကို နားထောင်နိုင်ဖို့ဆိုပြီး ညီလာခံကိုတောင် ခဏရပ်ခဲ့ရ သေးတယ်လို့ ကျနော့် စိတ်ထဲ မှတ်မိနေပါတယ်။
ယခင် ဆက်စပ် အောက်မေ့ဖွယ်ဆောင်းပါး – သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး ၉