မနက် ၆ နာရီ အချိန်ဖြစ်လို့ ပတ်ဝန်းကျင်တခုလုံး အလင်းရောင် အနည်းငယ်သာ ရှိသေးချိန်၊ ရန်ကုန် ဗဟန်းမြို့နယ်
တက္ကသိုလ်ရိပ်သာ လမ်းတလျှောက်မှာတော့ အပြာရင့်ရောင် ယူနီဖောင်းဝတ် လက်နက်ကိုင် ရဲတွေကို အများအပြား တွေ့နေရတယ်။ ၁၅ ပေအကွာတိုင်းမှာ ရဲသား ၂ ဦးကျ ချထားပြီး နေရာတိုင်းမှာ ရဲတွေကို အသင့်အနေအထား တွေ့မြင်နေရပါတယ်။
ခြံအမှတ် ၅၄/ ၅၆ ရှေ့မှာတော့ ဓာတ်ပုံ ကင်မရာတွေ၊ ဗီဒီယိုကင်မရာတွေ ကိုင်ဆောင်ထားတဲ့ သတင်းသမားတွေ
အစုအဝေးလိုက် တရုံးရုံးဖြစ်နေကြပါပြီ။
လူစုလူဝေးထဲမှာ နိုင်ငံခြားသားတွေ ပါသလို၊ မြန်မာ့ရိုးရာ တိုက်ပုံနဲ့ ပုဆိုးဝတ်ဆင်ထားတဲ့ မြန်မာနိုင်ငံသား သတင်းထောက် တွေ၊ အမျိုးသမီး သတင်းထောက်တွေလည်း အများအပြား ရောက်ရှိနေကြတယ်။
“အားလုံးပဲဗျာ၊ ခဏလေးပါ။ ၇ နာရီခွဲမှ ဝင်ခွင့်ပေးမယ်။ အခုဝင်ခွင့် မပေးသေးဘူးဗျာ။ နားလည်ပေးကြပါ” လို့
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ပြန်ကြားရေး တာဝန်ခံတဦးက မေတ္တာရပ်ခံ ပြောဆိုနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဆီ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အစိုးရအရာရှိတွေ၊ အထူးကိုယ်စားလှယ်တွေ လာတိုင်း ခြံဝန်းထဲ သတင်းယူခွင့် ပေးနေကြဖြစ်ပေမယ့် ဒီနေ့ လာရောက် တွေ့ဆုံမယ့်သူက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ဖြစ်နေတာကြောင့် နိုင်ငံတကာ သတင်းထောက်တွေ၊ ပြည်တွင်းပြည်ပ သတင်းထောက်တွေ အပါအဝင်
နိုင်ငံတကာ အသိုင်းအဝန်းက အထူးစိတ်ဝင်တစား စောင့်ကြည့်နေကြတာပါ။
နှစ်ပေါင်း ၅၆ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် လာရောက်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ဟာ
သမိုင်းဝင် ခရီးစဉ်တခု ဖြစ်တဲ့အတွက် လုံခြုံရေးအရလည်း တင်းကျပ်မှုများစွာ ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။
အမေရိကန် လုံခြုံရေးတပ်သားတွေကလည်း သူတို့ နိုင်ငံခြားရေး ဝန်ကြီးရဲ့ လုံခြုံရေးအတွက် အရမ်းကို ဂရုစိုက်နေကြသလို မြန်မာအစိုးရ ဘက်ကလည်း အစိုးရ မနက် ၇ နာရီခွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ခြံဝင်းအတွင်းကို
သတင်းထောက်တွေအားလုံး ဝင်ခွင့်ပြုခဲ့ပါတယ်။
ကြိုတင် စာရင်းမပေးမိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝန်းအတွင်း ဝင်ရောက်သတင်းယူခွင့် မရတဲ့ နိုင်ငံခြားသား သတင်းထောက်တွေ၊ မြန်မာနိုင်ငံသား သတင်းထောက် ၃၀ နီးပါးလောက်လည်း ခြံရှေ့ရောက်နေပြီး သူတို့တတွေ သတင်းယူခွင့် ရမလားဆိုတဲ့ မျက်ဝန်းတွေနဲ့ ခြံဝန်းတံခါးကို လှမ်းမျှော်ကြည့်နေကြတယ်။
“အားလုံးပဲဗျာ၊ အိတ်တွေ၊ ကင်မရာတွေ၊ အားလုံးကို ကွန်ကရစ်လမ်းပေါ်မှာ စုပုံချထားပေးပါ၊ အိတ်တွေလည်း ဖွင့်ထားပေးပါ” လို့ အမေရိကန် သံရုံးလုံခြုံရေးဌာနက မြန်မာ ဝန်ထမ်းတဦးက အော်ဟစ်ပြောဆိုနေတယ်။
ဟီလာရီ ကလင်တန် နေပြည်တော်လေဆိပ်ကို မဆိုက်ရောက်ခင်မှာ သတင်းသမားတွေရဲ့ အိတ်တွေ၊ ကင်မရာတွေ စုပုံ ချခိုင်းထားပြီး ခွေးနဲ့ အနံ့ခံ မိုင်းရှာခိုင်းခဲ့ သလိုမျိုး ဒေါ်အောင်ဆန်းစုကြည် ခြံဝန်းထဲ သတင်းလာယူတဲ့ သတင်းသမားတွေရဲ့ အိတ်တွေ၊ ကင်မရာတွေကိုလည်း ခွေးနဲ့ အနံ့ခံ မိုင်းရှာခိုင်းပါတယ်။
ဒါပေမယ့် ဒီတကြိမ်မှာတော့ ခွေးနဲ့ မိုင်းရှာနေတဲ့ပုံကို မိုဘိုင်းလ်ဖုန်း ကင်မရာနဲ့ လုံး၀ ဓာတ်ပုံရိုက်ခွင့် မပေးတော့ပါဘူး။
အဲဒီနောက် သတင်းထောက်တွေ အားလုံးကို ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ အိမ်ရဲ့ဘေးမှာ ထိုင်ခုံတွေနဲ့ နေရာချထား ပေးပါတယ်။
ပူပြင်းလှတဲ့ နေရောင်အောက်မှာ သတင်းထောက်တွေအားလုံး နေရာကိုယ်စီယူလို့ အပူဒဏ်ကို ဂရုမစိုက်အား ကြပါဘူး။
အထူးသဖြင့် နိုင်ငံခြားသား သတင်းထောက်တချို့က ခြစ်ခြစ်တောက် ပူနေတဲ့ နေရောင်အောက်မှာ သူတို့ ပြင်ဆင်စရာ ရှိတွေကို ပြင်ဆင်ပြီး သတင်းယူဖို့ စောင့်ဆိုင်း နေကြပါတယ်။
မနက် ၉ နာရီ ၁၀ မိနစ်လောက်မှာတော့ သတင်းထောက်တွေ အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတယ်။ သံ ၁/ ၁ တံဆိပ်ကပ်ထားတဲ့ အနက်ရောင် ကားကြီးထဲက မိုးပြာရောင်အကျႌ၊ အနက်ရောင် စတိုင်ဘောင်းဘီကို စမတ်ကျကျ ဝတ်ဆင်ထားတဲ့ အမျိုးသမီးကြီး တဦးထွက်လာတယ်၊ သူ့ကို ဒေါ်အောင်ဆန်းစုကြည်က ခရီးဦးကြိုပြုရင်း အပြုံးနဲ့ နှုတ်ဆက်ပါတယ်။ အဲဒီ အမျိုးသမီးကတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ပါပဲ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟီလာရီ ကလင်တန်တို့ စတင်တွေ့ဆုံ ကြတဲ့အချိန်မှာ သူတို့နှစ်ဦးစလုံးရဲ့ အသွင်အပြင်က နှစ်ပေါင်းများစွာ ကွဲကွာသွားခဲ့ရတဲ့ ညီအစ်မ အရင်းတွေလို တဦးကို တဦး ကြင်ကြင်နာနာ ဖေးဖေးမမနဲ့ လက်ဆွဲ နှုတ်ဆက် ကြတယ်။ နှစ်ဦးစလုံးရဲ့ မျက်နှာပြင်ပေါ်မှာ ဝမ်းသာပီတိဖြစ်တဲ့ အပြုံးရိပ် တွေက အထင်သား ပေါ်လွင်နေတယ်။
နှစ်ဦးစလုံးရဲ့ မျက်ဝန်းတွေက ပီတီမျက်ရည်တွေနဲ့ လင်းလက်နေတာကို တွေ့မြင်ရပါတယ်။
ဟီလာရီ ကလင်တန်နဲ့အတူ မစ္စတာ ကာ့ကမ်း ဘဲလ်၊ မစ္စတာ ဒဲရစ် မစ်ချဲလ်၊ မစ္စတာ ပို့စနာ အစရှိတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိကြီးတွေ အားလုံး စုံစုံညီညီ လိုက်ပါလာကြတယ်။ ဟီလာရီ ကလင်တန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေအိမ်ထဲကို ဝင်ရောက်ပြီး တွေ့ဆုံဆွေးနွေး စကားပြောတာတွေ စတင်နေပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ခြံဝန်းထဲမှာ ရောက်ရှိနေတဲ့ သတင်းထောက်တွေကတော့ ချွေးတပြိုက်ပြိုက် ကျလို့ ရေသန့် ဘူးလေးတွေ ကိုင်ထားကြတယ်။
“ဟီလာရီ ကလင်တန်လို ကမ္ဘာ့ နာမည်ကျော် ခေါင်းဆောင်တဦး လာရောက်တာ အရမ်းကို ဝမ်းသာတယ်။ မြန်မာ့ ဒီမိုကရေစီ အရေးအတွက် အရမ်းအားတက်ပါတယ်” လို့ မြန်မာသတင်းထောက်တဦးက ဂျပန်နိုင်ငံသား သတင်းထောက်တဦးရဲ့
မေးမြန်းချက်ကို အင်္ဂလိပ်လို ဖြေကြားတာ ကြားလိုက်ရပါတယ်။
မြန်မာနိုင်ငံသား သတင်းထောက်တွေရဲ့ မျက်နှာတွေက ချွေးတွေအလိမ်းလိမ်း ဖြစ်နေပေမယ့် အပျော်ရိပ်တွေ အထင်းသား တွေ့မြင်နေရတယ်။ သူတို့အားလုံး တက်ကြွနေကြတယ်။
မနက် ၁၀ နာရီကျော်လာပြီဖြစ်လို့ နေရောင်က ပိုပူပြင်းလာတယ်။ အပူဒဏ်မခံနိုင်တော့တဲ့ သတင်းထောက်တွေက နီးစပ်ရာ အရိပ်ကိုခိုရင်း၊ အချင်းချင်းစကားပြောရင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟီလာရီ ကလင်တန်တို့နှစ်ဦး ထွက်လာတော့ လေမလား ဆိုတဲ့ အတွေးနဲ့ စောင့်ဆိုင်း နေကြပါတယ်။
မနက် ၁၁ နာရီထိုးခါနီးခန့်မှာ ဟီလာရီ ကလင်တန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦး လမ်းလျှောက်ရင်း စကား တပြောပြောနဲ့ ခြံဝန်းထဲကို ဆင်းလာကြတယ်။
သတင်းထောက်တွေ အားလုံးက သူတို့နှစ်ဦးစလုံး လမ်းလျှောက် လာနေတာကို အမိအရ ဓာတ်ပုံ၊ ဗီဒီယိုတွေ ရိုက်ကူး ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က အစိမ်းရင့်ရောင် ရင်ဖုံးအကျႌ၊ အစိမ်းနုရောင် ချိတ်ထမီ ဝတ်ဆင်ထားပြီး ခွပ်ဒေါင်းပုံစံ ရင်ထိုးလေးကို တပ်ဆင်ထားတယ်။ စမတ်ကျကျ ဝတ်ဆင်ထားတဲ့ ဟီလာရီကလင်တန်ရဲ့ လည်တိုင်မှာ ဆွဲထားတဲ့ ငွေရောင် ဆွဲကြိုးကလည်း နေရောင်အောက်မှ တောက်ပနေတယ်။ သူတို့နှစ်ဦးစလုံး အတူယှဉ်တွဲ ရပ်နေပုံက လှပပြီး ကျက်သရေ ရှိလှပါတယ်။
အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို စတင် စကားပြောတယ်။
ဒီအချိန်က နှစ်နိုင်ငံလုံးအတွက် သမိုင်းဝင် အချိန်အခါဖြစ်တယ် ဆိုတဲ့အကြောင်းနဲ့ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၊ နားလည်မှုကို ရတယ်ဆိုတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ နောက်တော့ မြန်မာပြည်အတွက် ဖွံ့ဖြိုးတိုးတက်မှု နည်းပညာ အကူအညီတွေ လိုအယ်တယ် ဆိုတဲ့အကြောင်းနဲ့ ပြည်တွင်းစစ်ရပ်စဲရေးတွေ၊ ဥပဒေစိုးမိုးရေးတွေ အတွက် အမေရိကန်က အမြဲ ပံ့ပိုးပေးသွားမယ် ဆိုတာ ယုံကြည်တယ်လို့လည်း သူက ပြောပါတယ်။
“အစိုးရ၊ အတိုက်အခံတွေ၊ တိုင်းရင်းသားတွေ၊ နိုင်ငံတကာ အသိုင်းအဝန်းနဲ့ ကျမတို့အားလုံး အတူတူ လက်တွဲ လုပ်ကြမယ်ဆိုရင် ကျမတို့ နိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းက နောက်ကြောင်း ပြန်လှည့်စရာ မရှိပါဘူး။ အခု ဒီမိုကရေစီ လမ်းကြောင်းကို ကျမတို့ မရောက်သေး ပေမယ့်လည်း ကျမတို့ မိတ်ဆွေကောင်းတွေရဲ့အကူအညီနဲ့ အဲဒီလမ်းကို အမြန်ဆုံး ရောက်နိုင်တော့မယ်လို့ မျှော်လင့်ပါတယ်။ တရုတ်နိုင်ငံက မြန်မာအစိုးရနဲ့ အမေရိကန်အစိုးရ ထိတွေ့ဆက်ဆံမှုကို ကြိုဆိုတယ်လို့ ထုတ်ပြန်တဲ့အတွက် ဒီထိတွေ့ဆက်ဆံမှု မူဝါဒဟယ တကမ္ဘာလုံးရဲ့ ထောက်ခံမှု ရှိနေတာကို ပြသနေတာနဲ့ အတူတူပါပဲ” အစရှိတဲ့ အချက်အလက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။
ဟီလာရီ ကလင်တန်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧည့်ဝတ်ကျေ ကြိုဆိုမှုကို ဝမ်းသာတယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှင်းလင်းပြတ်သားတဲ့ ခေါင်းဆောင်မှု ကိုလည်း ချီုးကျူးတယ်၊ မြန်မာနိုင်ငံနဲ့ မိတ်ဆွေရင်းခြာ နိုင်ငံ ဖြစ်ချင်တယ်လို့ ပြောပါတယ်။
“သန့်ရှင်းလွတ်လပ် တရားမျှတတဲ့၊ ယုံကြည်ရတဲ့ ရွေးကောက်ပွဲတွေ ကျင်းပမယ်ဆိုရင် အမေရိကန်နဲ့ မိတ်ဆွေ နိုင်ငံအဖြစ် အတူတူ လက်တွဲနိုင်မယ်၊ ပြုပြင်ပြောင်းလဲမှုတွေ အများကြီး လုပ်ဖို့ လိုအပ်ပါသေးတယ်” လို့ သူက ဆိုပါတယ်။
ပြီးတော့ မြန်မာနိုင်ငံ အပေါ်မှာ ကျန်းမာရေး၊ ပညာရေး ကိစ္စတွေနဲ့ တောရောမြို့ပါ အလုပ်အကိုင် အခွင့်အလမ်း ကောင်းမွန်ဖို့ ကိစ္စတွေကို ကူညီချင်တယ်လို့ ပြောတယ်။
သူတို့ ၂ ယောက် စကားပြောချိန်ဟာ ၉ မိနစ်ပဲ ကြာတာပါ။ ဒါပေမယ့် တယောက်နဲ့ တယောက် ရင်းနှီးချစ်ခင်မှုတွေတော့ မြင်တွေ့နေရပါတယ်။
မစ္စ ကလင်တန် ပြောအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း သမ္မတကြီး အိုဘားမား၊ ဟီလာရီ ကလင်တန်နဲ့ အမေရိကန် အစိုးရကို ကျေးဇူးတင်တဲ့ အကြောင်း ပြန်လည် ပြောဆိုပါတယ်။
အဲဒီနောက်မှာတော့ ဟီလာရီ ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို သိုင်းဖက်လိုက်တယ်။ သူတို့နှစ်ဦး တဦးကို တဦး စိုက်ကြည့်လိုက် ကြတယ်။ သူတို့ရဲ့ နှုတ်ခမ်းတွေမှာ တင်နေတဲ့ အပြုံးတွေက အစစ်တွေဆိုတာ မြင်တဲ့သူတိုင်း သိနိုင်တဲ့ အနေအထားပါ။ သူတို့ နှစ်ဦးစလုံး အသံ ထွက်တဲ့အထိ ရယ်လိုက်ကြတာပါ။
နှစ်ဦးစလုံးရဲ့ မျက်ဝန်းတွေမှာ အရည်လဲ့ပြီး တောက်ပနေကြတယ်။ မကြာခင် ခွဲခွာရတော့မယ့် ညီအစ်မတွေလို တဦးကို
တစ်ဦး ရင်းရင်းနှီးနှီး နှုတ်ဆက်နေကြတယ်။ ဟီလာရီ ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို သူရဲ့ အစ်မရင်း တယောက်လို နှုတ်ဆက်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်တွေက ဟီလာရီ ကလင်တန်ရဲ့ လက်တွေကို ကျစ်ကျစ် ပါအောင် ဆုပ်ကိုင်ထားတယ်။ ဟီလာရီ ကလင်တန်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်သိုင်းဖက် ထားတယ်။
နိုင်ငံ့ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ သူတို့နှစ်ဦးစလုံးရဲ့ မျက်နှာပေါ်မှာ ဟန်ဆောင်မှုမပါတဲ့ ရိုးသား ဖြူစင်မှုတွေကို တွေ့မြင်နေရပါတယ်။
သတင်းထောက် အားလုံးက ဒီမြင်ကွင်းကို အမိအရ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးနေကြတယ်။ တချို့ သတင်းထောက် တွေက ဓာတ်ပုံရိုက်ဖို့ မေ့ပြီး ငေးကြည့် နေကြတယ်။
မကြာခင်မှာပဲ ဟီလာရီကလင်တန်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံဝန်းထဲကနေ ပြန်လည် ထွက်ခွာသွားပါတယ်။