“အားလုံး … ကျေနပ်မှုရှိကြရဲ့လား …”
“ရှိပါတယ်”
“ကျေနပ်မှုရှိရင် လက်ခုပ်သံလေး ကြားချင်တယ်”
“ရွှီး … ဖြောင်း ဖြောင်း ဖြောင်း”
ဖိုးရှုပ်။ ။ ဦးရုက္ခစိုး … ကြားလိုက်လား။
ရုက္ခစိုး။ ။ ကြားတယ်လေ … လူသံတွေကော … လက်ခုပ်သံတွေကော။
ကြွက်စုတ်။ ။ ငါလည်း ကြားတယ်ကွ … ဒါ အဆိုတော် အာခေါင်နီရဲ့ လိုက်ဖ်ရှိုးပဲ ဖြစ်မယ် သွားကြည့်ရအောင်။
ဖိုးရှုပ်။ ။ မင်းကလည်း သေချာလှချည်လား။
ကြွက်စုတ်။ ။ သေချာတာပေါ့ကွ … ဒီလို ကျေနပ်မှုရှိရင် လက်ခုပ်သံလေး ကြားချင်တယ် ဆိုတာ အဆိုတော် အာခေါင်နီရဲ့ ထရိတ်မာ့ခ်ပဲဟာ။
ကြွက်စုတ် စကားမဆုံးခင် မြင်တွေ့လိုက်ရသည်မှာ သူထင်ထားသလို အဆိုတော် အာခေါင်နီ မဟုတ်ပေ။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး သူရ ဦးရွှေပန်းဖြစ်နေသည်။ ဦးရွှေပန်းက သူတို့ကို ပြုံးဖြီးဖြီး ကြည့်နေ၏။
ရွှေပန်း။ ။ ဟဲဟဲဟဲဟဲ … ဦးရုက္ခစိုးတို့ ရန်ကုန်ဘယ်တုန်းက ရောက်လဲဗျ။
ရုက္ခစိုး။ ။ မကြာသေးပါဘူးဗျာ။ ဒီနားမှာ အသံတွေကြားနေရလို့ ဘာသံတွေလဲ သိချင်လို့ စပ်စုနေတာ။ ကျနော်တို့က အဆိုတော် အာခေါင်နီရဲ့ လိုက်ဖ်ရှိုးထင်လို့။ မဟုတ်ဘူးလား။
ရွှေပန်း။ ။ ဘယ်ကလာ ဟုတ်ရမှာလဲ။ ဒါ ရွှေပန်းလိုက်ဖ်ရှိုး … အဲ ယောင်လို့ … ရွှေပန်းနဲ့ သတင်းထောက်တွေ အပေးအယူ တည့်နေကြတာ ဟဲဟဲ။
ကြွက်စုတ်။ ။ ဟာ … ရေရေလည်လည် လန်းတယ်ဗျာ။
ရွှေပန်း။ ။ လန်းချက်ကတော့ လန်ထွက်နေရမယ်လေ။ ရွှေပန်းဗျ … တပန်းတည်းရှိတယ်။ သူများတွေလို သတင်းထောက် တွေ့တာနဲ့ ထွက်ပြေးချင်သလိုလို … ပုံပြောပြမလိုလို လုပ်တဲ့ထဲမှာ ကျုပ် မပါဘူး။
ဦးရွှေပန်းက ရင်ကိုကော့၍ ပြောလိုက်သည်။
ဖိုးရှုပ်။ ။ အခုလို ကြားရတာ ဝမ်းသာပါတယ်ဗျာ။ တကယ်ကို ပြောင်းနေကြပြီပဲကိုး။
ရွှေပန်း။ ။ ပြောင်းရမယ်လေ … မပြောင်းချင်တဲ့သူတွေကို … သမိုင်း ဘုတ်အုပ်ကြီးထဲမှာ ထားရစ်ခဲ့လိုက်တော့။
ရုက္ခစိုး။ ။ လေးစားတယ်ဗျာ … ။ ကောင်းသော ပြောင်းလဲခြင်း ဆိုရင်တော့ ကြိုဆိုရမှာပေါ့။
ကြွက်စုတ်။ ။ တကယ်တော့ ပြောင်းတယ်ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးဗျ …။ စဉ်းစားကြည့်လေ … တသက်လုံး လက်ဖမိုးပါလို့ ပြောနေတာကို အခုချက်ချင်း လက်ဖဝါးပါလို့ ပြန်ပြောင်းပြောရတာ တော်တော်တော့ မျက်နှာပြောင်မှ ဖြစ်မှာနော်။ ဦးရွှေပန်း မို့လို့သာ ပြောင်းရဲတာ။
ကြွက်စုတ်က ပင့်ပေးလိုက်သဖြင့် ဦးရွှေပန်း သဘောခွေ့သွားသည်။
ရွှေပန်း။ ။ ဒါ … လူနဲ့လည်း ဆိုင်တယ်ဗျ။ တချို့ကဆို အဲဒီလို ပြောင်းရမှာကို ရှက်နေကြတာ။ ကျုပ်တော့ မရှက်ပေါင်။ ပြောင်ပြောင်ပဲပေါ့ ဟုတ်ဘူးလား။
ဖိုးရှုပ်။ ။ ဟုတ်ပါတယ် … ဟုတ်ပါတယ်။ ဦးရွှေပန်း သတင်းထောက်တွေကို ပြောတာ ကျနော်တို့ အကုန်ကြားပါတယ်။ ဒါပေမယ့် လေသံကတော့ ဘုန်းကြီးပဲ တရားဟောနေ သလိုလို၊ ဇာတ်မင်းသားကြီးလိုလို ဖြစ်နေလားလို့။
ရွှေပန်း။ ။ အဲဒါပဲ။ ကျုပ်က အကုန်ပြောင်းလိုက်တာ။ အစက စစ်သားလေ … စစ်သားတုန်းက လေသံက ပြတ်ရမယ်၊ မာရမယ်။ အခု ဘောင်းဘီလဲလိုက်ပြီ၊ ပုဆိုးလည်း ခိုင်ခိုင် ဝတ်တတ်နေပြီဆိုတော့ လေသံပါ ပြောင်းလိုက်တယ်။ ပြောင်းတဲ့ နေရာမှာလည်း ကျုပ်စဉ်းစားတယ်၊ အစကတော့ တွံတေးသိန်းတန် အသံနဲ့ ပြောဦးမလို့ပဲ။ ဒါပေမယ့် အဲဒါက လူရွှင်တော်တိုင်း လိုက်တုနေကြတာ ဆိုတော့ … ဘယ်သူမှ လိုက်မလုပ်သေးတဲ့ ဝါတော်ရှစ်ဆယ်ရ ဘုန်းကြီးလေသံ ဖမ်းပြီး ပြောလိုက်တာ … ဟဲဟဲ … ပေါက်တယ်နော်။
ရုက္ခစိုး။ ။ ပေါက်ချက်ကတော့ ကမ်းကုန်ပဲဗျို့။ ဦးရွှေပန်းရဲ့ အသံဖိုင်က ဟို ရော့ကာကြီးရဲ့ စီအိုစီ အခွေထက်တောင် ပေါက်သေးတယ်။
ရွှေပန်း။ ။ သိတယ် … အဲဒါကြောင့် အခု ကြံ့ဖွံ့ပါတီအတွက် ရွေးဂေါက်ပွဲ အောင်နိုင်ရေး သီချင်းတောင် ကိုယ်တိုင်ဆိုဖို့ စဉ်းစားထားတယ်။ မင်း ဆယ့်ရှစ်နှစ် ပြည့်ပြီလား … မင်း ဆယ့်ရှစ်နှစ် ပြည့်ပြီလား … ဒန်တန့်ဒန် …။
ဖိုးရှုပ်။ ။ ကျနော်တို့ အကုန်လုံး ၁၈ နှစ်ကျော်ပြီလေ … ဦးရုက္ခစိုးဆို အသက်က ထောင်ချီနေပြီ။
ရွှေပန်း။ ။ မဟုတ်ဘူးလေ … အဲဒါက အသက်မေးတာမှ မဟုတ်တာ။ တီဗီမှာ ထိုးထိုးထွန့်ထွန့် ဆိုသွားတဲ့ အဆိုတော်ကြီး တယောက်ရဲ့ သီချင်းကို ပြန်ဆိုပြတာ။
ကြွက်စုတ်။ ။ ဦးရွှေပန်း ကြည့်ရတာ ပျော်နေပုံပဲနော်။
ရွှေပန်း။ ။ ပျော်ဆို … မောင်ရင်ရယ် … လူဆိုတာ ကောင်းတာတွေချည်း ဆက်တိုက် မြင်ရ၊ ကြားရ၊ သိရရင် ပျော်ကြတာပဲ မဟုတ်လား။
ဖိုးရှုပ်။ ။ ကောင်းတွေ ကြားရတာတော့ ဟုတ်ပါပြီ … ။ ဦးရွှေပန်း ပြောသွားတာတွေက အားလုံး အကောင်းတွေကြီးပဲ ဆိုတော့ အကောင်းချည်း ကြားရတာပေါ့။ ကောင်းတာတွေ မြင်ဖို့ အတွက်က အဲဒီ ပြောသွားတာတွေကို တကယ်လုပ်ရ ဦးမှာလေ။
ရုက္ခစိုး။ ။ ဟုတ်တယ်ဗျ … အပြောကတော့ ရွှေပန်း … အကကတော့ ချိုမိုင်မိုင်ဆိုရင် မမိုက်ဘူးနော်။
ရွှေပန်း။ ။ ဒါကတော့ဗျာ … ပြောတာက ကျုပ်အလုပ်လေ။ ပြောပြီးသွားပြီ … ကျုပ်တာဝန်ကျေပြီ။ လုပ်တာမလုပ်တာ ကတော့ ဟိုလူကြီးတွေ သူ့တို့ဘာသာ ဆုံးဖြတ်လိမ့်မယ်။
ကြွက်စုတ်။ ။ ဟင် … ဒါဆို ဦးရွှေပန်းပြောသွားသလို နိုင်ငံရေးအကျဉ်းသားတွေ လွှတ်မယ်ဆိုတာ တကယ် ဖြစ်မလာရင် ဘယ်လိုလုပ်မလဲ။
ရွှေပန်း။ ။ သြော် … အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတောင် သိတယ်။ လွှတ်တော်ထဲမှာ အပျော့ရယ်၊ အမာရယ် မပျော့မမာရယ် ၃ အုပ်စု ရှိတယ်ဆိုတဲ့ …။ အဲဒီ ၃ အုပ်စု ညီအောင်ညှိဖို့ဆိုတာ လွယ်တာမှတ်လို့ …။ အမယ် အမေရိကန်ကို လျှော့မတွက်နဲ့ဗျ။ သူတို့မှာ နတ်မျက်စိတွေရှိတယ်။ အကုန်သိတာနော်။
ဖိုးရှုပ်။ ။ ပေါက်ပေါက်ရှာရှာဗျာ။
ရွှေပန်း။ ။ တကယ်ပြောတာ။ အိုဘားမားတောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တယ်လီပသီနည်းနဲ့ စကားပြောသေးတာပဲဟာ … ဒါတွေ မယုံလို့မရဘူးဗျ။ အဲဒါကြားပြီးကတည်းက ကျုပ်လည်း လုံးလုံးပြောင်းဖို့ ဆုံးဖြတ်လိုက်တာ။
ရုက္ခစိုး။ ။ ဒါဆို နိုင်ငံရေးသမားတွေကို ဘယ်တော့ လွှတ်မှာလဲ။
ရွှေပန်း။ ။ ဟဲဟဲ … ဒါကတော့ တယ်လီပသီနည်း သုံးတတ်တဲ့ အိုဘားမားတောင် ကြိုမသိဘူး။ ကလင်တန်လည်း မသိဘူး။ ကျုပ်လည်းမသိဘူး။ လွှတ်တဲ့နေ့ကျရင် လွတ်မယ်လို့သာ မှတ်လိုက်။
ကြွက်စုတ်။ ။ မှတ်သားလောက်ပါတယ်။
ထိုစဉ် သူတို့နား၌ အကယ်ဒမီရုပ်ရှင်မင်းသား တဦး မြောက်ကြွ မြောက်ကြွ ဖြတ်လျှောက်သွားသည်ကို တွေ့လိုက်ကြရသည်။ ဦးရွှေပန်းက လှမ်းနှုတ်ဆက်လိုက်၏။
ရွှေပန်း။ ။ ဟေး … ကိုဒင်ကျိုး … နေကောင်းတယ်နော်။
အကယ်ဒမီ မင်းသား ဒင်ကျိုးက ဦးရွှေပန်းကို စေ့စေ့ကြည့်ကာ မမှတ်မိသလို လုပ်နေ၏။
ဒင်ကျိုး။ ။ ခင်ဗျားကို ကျုပ် မြင်တော့ မြင်ဖူးသလိုပဲ။ ရိုက်ကွင်းမှာ မီးထိုးမှန်ထိုးများ လုပ်ဖူးသလား။
ဖိုးရှုပ်။ ။ ဟာ ကိုဒင်ကျိုး … အဲဒါ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌလေ။ ခင်ဗျားပဲ ၂၀၁၀ ရွေးကောက်ပွဲတုန်းက သူတို့ ကြံ့ဖွံ့ပါတီအတွက် မဲဆွယ်ပေးခဲ့ပြီးတော့ … အခု မေ့သွားပြီလား။
ဒင်ကျိုး။ ။ ဟား … ဆောရီးဗျာ … ကျနော်က အဲဒီလိုပဲ မေ့တတ်တယ်။ ဒါနဲ့ဘယ်သူ …။
“ရွှေပန်းဗျ … ရွှေပန်း” ဟု ဦးရွှေပန်းက ဆောင့်ကြီးအောင့်ကြီး မကျေမနပ်သံနှင့် ဖြေလိုက်သည်။
ဒင်ကျိုး။ ။ ဟုတ်ပြီ … ဦးရွှေပန်း။ ဒီလိုပါဗျာ … အခုတလောမှာ ကျနော်က ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ရုပ်ရှင် ရိုက်မယ့် ကိစ္စမှာ တတပ်တအား ပါဖို့ ကြိုးစားနေရတယ်။ NLD ပါတီအတွက်လည်း ဘာလုပ်ပေးနိုင် မလဲပေါ့နော်။ ဒါတွေက ကျနော်ထင်တယ် … သမိုင်းပေးတာဝန်တွေဗျ။ ဒီလောက်အရေးကြီးတာတွေ လုပ်နေရတော့လည်း ခင်ဗျားတို့ ကြံ့ဖွံ့ပါတီ ဝင်တွေကို ခေါင်းထဲမထည့်နိုင်ဘူးပေါ့ဗျာ။ ကဲ … အခု အမေ့ခြံထဲ ခဏသွားလိုက်ဦးမယ်။ မအားဘူးဗျ။ နောက် လမ်းမှာ တွေ့တော့လည်း နှုတ်ဆက်ပေါ့ဗျာ။
ပြောပြောဆိုဆိုနှင့် မင်းသားက နေကာမျက်မှန်ကို တပ်လိုက်ကာ သူတို့နားမှ စတိုင်အပြည့်နှင့် ထွက်ခွာ သွားသည်။ ဦးရွှေပန်း တင်းသွားသည်။
ရွှေပန်း။ ။ ဟွန့် … အပြောင်းအလဲက မြန်ပါ့။ ခုပဲ ဆီထမင်း … ခုပဲ စာကလေးကြော်။
ခြေလှမ်းသုံးလှမ်းခန့်သာ ရှိသေးသော မင်းသားက သူလုပ်နေကြအိုက်တင် အတိုင်း နောက်သို့ တချက်လှည့်လိုက်သည်။ ထို့နောက် “ဒီမှာ ဦးရွှေပန်း … ကျနော် ပြောရဦးမယ်။ တကယ်တော့ ပြောင်းတယ်ဆိုတာ လွယ်ပါတယ်ဗျ” ဟု ပြောလိုက်သည်။
ရွှေပန်း။ ။ ခင်ဗျား ကျပြန်တော့ လွယ်လည်း လွယ်နိုင်လွန်းတယ်ဗျာ။
မင်းသားက ခေါင်းတဆတ်ဆတ်ညိတ်ကာ ပြုံးဖြီးဖြီးလုပ်ရင်း “ကျေနပ်မှုရှိရင် လက်ခုပ်သံလေးတွေ ကြားချင်ပါတယ်” ဟု ပြောလိုက်ရာ … ဦးရွှေပန်းအပါအဝင် သူတို့အားလုံး ယောင်ယမ်း၍ မင်းသားအား လက်ခုပ်သြဘာ ပေးမိလိုက်ကြ လေတော့ သတည်း … ။
“ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း”
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံရေးသားထားခြင်း မဟုတ်ပါ။