ပန်းတိုင်သာ လက်တကမ်းမှာ ရှိနေရင် အတောမသတ်နိုင်တဲ့ ခရီးတွေအတွက် ဒီလောက် ပင်ပန်းပါ့မလား။ ဘာတဲ့ …စွန့်စားမယ် ကိုယ့်အချစ်ရေ့ လိုက်ရဲလား တဲ့၊ စတိတ်စင်ပေါ်ဆိုရင် လိုက်မယ်၊ တိုက်ပွဲ ဆိုရင်တော့ မလိုက်ဘူး။ သတင်းထောက်ဖြစ်တိုင်း သတ္တိရှိရမယ် ဆိုရင် ပွဲသိမ်းတာ ကြာလှပေါ့။ ဥပမာ သာဓကတွေ ပေးပြီး အကြောက်အကန် ငြင်းနေလည်း မရပါဘူး။
အဲဒီ တပ်မဟာ(၇) KNU စခန်းကို သွားရတာ ရင်တွေ တလှပ်လှပ်နဲ့သာပဲ။ အဲဒီတုန်းက ကရင့်တော်လှန်ရေး နှစ် ၆၀ ပြည့်ပွဲကြီးကို KNU တပ်နယ်မြေမှာ စည်စည်ကားကား ကျင်းပတာ။ ကျမဖြင့် KNU ဆိုတာ ဟိုတုန်းက အစိုးရ သတင်းစာတွေမှာ ဖတ်ခဲ့ရတာက သောင်းကျန်းသူတွေလို့ပဲ အရိုးစွဲအောင် ရိုက်သွင်းခံထားရတာကိုး။ ဒီတော့လည်း ကြောက်တာပေါ့။ တီဗွီမှာ စစ်ကားတွေ ပြပြီဟေ့ ဆိုရင် သေချာတယ် ပြောက်ကျားဝတ်တဲ့ အဖွဲ့က ရန်သူ သူပုန်ပဲ။
အဲဒီသတင်း ယူဖို့အတွက် အယ်ဒီတာက လူရွေးတယ် ကျမနဲ့ သတင်းထောက် ၂ယောက်။ အဲဒီ သုံးယောက်မှာ ကျမက အဓိက ဇာတ်ကောင်၊ လိုအပ်ရင် တိုက်ရိုက် သတင်း တင်ဆက်ရမယ်၊ အင်တာဗျူးတွေ လုပ်ရမယ်၊ ကျန်တဲ့ ၂ယောက်က တီဗွီသတင်းထောက်နဲ့ အွန်လိုင်းသတင်းထောက်။
ကျမကို သိပ်တော့ အထင်မကြီးကြနဲ့ အဓိကဇာတ်ကောင် ဆိုပေမယ့် ဇာတ်ပို့တွေ ဖြဲခြောက်သမျှ မျက်နှာငယ်နဲ့ ပွဲထွက်ရတာ။ သတင်းလောကဆိုတာ သိပ်တော့ မလွယ်လှဘူး။ ကိုယ့်ကို နှိပ်ကွပ်မယ့်သူတွေလည်း ရှိနိုင်တယ်။ ဘာမှ မသိလေ မျက်ဖြူဆိုက်ရလေ၊ မျက်ဖြူဆိုက်လေ ဒင်းတို့က ကြိုက်လေပဲ။
အဲဒီပွဲကို တိုင်းရင်းသား အစုံစုံ၊ မီဒီယာအစုံစုံ၊ အဖွဲ့အစည်း အစုံစုံနဲ့ လာနွဲကြတဲ့ ပွဲကြီးပါပဲ။ အဲဒီတုန်းက ကျမက အတွေ့အကြုံ ပိုရှိတဲ့ သတင်းထောက် တယောက်ကို မေးမြန်းကြည့်ရတာပေါ့။ အဲဒီ KNU ဆိုတာ ဘယ်လိုလူတွေလဲဟင် လို့။ အေး … မသိရင်မှတ်ထား နင့်စကားတခွန်း မှားလို့ကတော့ ကျည်တတောင့်က နင့်နဖူးထိပ်ကို ခပ်ကြမ်းကြမ်း ဆော်သွားမယ် နားလည်လား တဲ့။ ပြောလည်းပြော လက်ညှိုးကြီးကလည်း ကျမ နဖူး လာလာထောက်သေးတာ။ အင်တာဗျူးတာ ကြည့်ကြပ်ဗျူး၊ သေနတ် ကိုင်လာတာ အနှစ် ၆၀ ရှိနေပြီနော် တဲ့။ ကိုယ့်မှာဖြင့် မျက်လုံးက ပေကလပ် ပေကလပ်။
တပ်မဟာ(၇) ကို မရောက်ခင် သောင်ရင်းမြစ်ကို ဖြတ်ရပါတယ်။ သောင်ရင်းချောင်း လို့လည်း ခေါ်တယ်။ ရေစီး နည်းနည်း သန်တယ်။ ပွဲလာတဲ့သူတွေ ထောင်နဲ့ချီ ရှိမယ်။ နောက်ထပ်လည်း ဝင်လာမစဲ တသဲသဲပဲ။ အဲဒီချောင်းကို ဖြတ်ဖို့ စက်လှေတွေက အဆင်သင့်။ အားလုံးလည်း ရောက်ချင်ဇောနဲ့ အလုအယက် လှေပေါ် ပြေးတက်ကြတာ။ ကျမလည်း ကျောပိုးအိတ်ကို လွယ်၊ ကင်မရာကို ကိုင်ရင်း လှေပေါ် ပြေးတက်လိုက်တာ ဟဲ့.. ဟဲ့ ဘယ်လိုဖြစ်တာတုန်း၊ ငါ လေထဲကို မြှောက်တက်သွားပါပေါ့လား။ ကမန်းကတန်းနဲ့ ကိုင်မိကိုင်ရာ အနားက လူတွေကို ဆွဲကိုင်ရင်း နောက်လှည့်ကြည့်လိုက်တော့ လှေက ဖင်ထောင်ကြီး ရေထဲမြုပ်သွားတာ။ တချို့လည်းရေထဲမှာ ကိုယ်တဝက်လောက် မြုပ်နေတယ်၊ အော်တဲ့လူက အော်၊ ကမ်းပေါ်ကနေ ဓာတ်ပုံ ရိုက်တဲ့သူက ရိုက်။ တော်သေးတယ် ကိုယ်တွေ နေရာယူတာ မှန်သွားလို့ လေထဲရောက်တာ။ ရေအောက်သာမြှုပ်ပြီး ကင်မရာ ရေစိုသွားရင် ဇယားမရှုပ်ဘဲ ပျားတုပ်ခံရမှာ မြင်ယောင်သေး။
ကိုယ့်နေရာ ကိုယ်ရှင်းမယ်၊ ပစ္စည်းတွေ ဂရုစိုက်မယ်၊ ပြီးရင် အခင်း မပါတဲ့လူတွေ ကောက်ရိုး သွားသယ်ကြ တဲ့၊ တာဝန်ခံတွေက လှမ်းသတိပေးတယ်။ လူတွေ အရမ်းများတော့ တည်းခိုဆောင်တွေလည်း မလောက်တော့ဘူး။ ရွက်ဖျင်တဲတွေလည်း မကျန်တော့ဘူး။ ကျမတို့အတွက် နေရာလပ် ဆိုလို့ သစ်ပင်တွေပဲ ရှိတော့တာ။ အဲဒီသစ်ပင်အောက် ခိုဖို့ ပြင်ဆင်ရတယ်။
အချိန်က ဇန်နဝါရီလကုန်ပိုင်း ဆိုတော့ နှင်းတွေ မြူတွေ ထူဝေဝေကြီး။ အရမ်း အေးတာ၊ မြေကြီးမှာခင်းဖို့ ဖျာကြမ်းတွေ ဘာတွေ မပါတဲ့သူတွေကျတော့ ကောက်ရိုးုတွေ သွားသွားသယ်ကြတယ်။ ကျမလည်း ကောက်ရိုး တပွေ့တပိုက်ကြီး သယ်ခဲ့တာပဲ။ သတင်းထောက် ဆိုတော့ သိတဲ့အတိုင်းပဲ ဘယ်နေရာမှာမှ ငြိမ်ငြိမ်နေတယ် မရှိဘူး။ ဟိုပြေးရိုက်လိုက်၊ ဒီပြေးရိုက်လိုက်၊ ကိုယ့်ပစ္စည်းတွေ ပြန်ပြေးကြည့်ရလိုက်နဲ့။
လူတော်တော်များများက ဗမာစကားကို သိပ်မပြောကြတော့ဘူး။ သူတို့အချင်းချင်း တိုင်းရင်းသားစကားတွေပဲ ပြောတော့တာ၊ ကိုယ့်လို ချင်းလူမျိုးတွေလည်း ရှိပါတယ် ဒါပေမယ့် သူ့စကား ကိုယ်နားမလည် ကိုယ့်စကား သူမသိ။
ထမင်းစားချိန်ရောက်တော့ ထမင်းတွေလည်း မလောက်၊ ချက်သမျှလည်း အလျင်မမှီ၊ ကိုယ့်ပန်းကန်နဲ့ ကိုယ်တောင် လက်မလည်ချင်။ ထမင်းငတ်တယ်လေ အဲဒီည။ မနက်ဖြန် ဆိုရင်တော့ နှစ် ၆၀ ပြည့် ပွဲကြီး ကျင်းပတော့မှာ။ တနေ့လုံးလည်း ခရီးပန်းလာတော့ အဲဒီညအကြိုနေ့ ဖျော်ဖြေပွဲတွေကို ခဏပဲ ရိုက်ကူးလိုက်တယ်။ ဧည့်သည်တွေလည်း စောစော အိပ်ကြတယ်။
ဒီလိုနဲ့ အားလုံး အိပ်မောကျနေတဲ့ အချိန်ကြီး ဒိန်း..ဒိန်း ဖျောင်း… ဖျောင်း.. ရွှီး ..ဒိုင်း …။ အောင်မလေး …သေပါပြီဟ၊ ပစ်ကုန်ပြီ ဝပ်ကြ …ဝပ်ကြ။ အော်တဲ့သူအော်။ လန့်တဲ့သူလန့်။ အားလုံး လှုပ်လှုပ်ရွရွ။ ကျမလည်း ခေါင်းမဖော်တမ်း မြေကြီးကို နမ်းထားလိုက်တယ်။ ပါးစပ်ထဲမှာ သဲတရှပ်ရှပ်နဲ့။ နောက်တော့မှ အသိတခု ဝင်လာတယ် ဒါနဲ့ပဲ ကင်မရာ ကောက်ကိုင်ပြီး အသံကြားတဲ့ဆီကို တချိုးတည်း ပြေးတော့တာ။ ဟဲ့ ဟဲ့ အဲမလီမ … နင်သေချင်လို့လား..၊ ကယောင်ကတမ်းနဲ့ စိတ်ဖောက်သွားတာလား ပြန်လာခဲ့ ပြန်လာခဲ့။ အဲဒီ အသံက ကျမတို့ သတင်းထောက်ရဲ့အသံ။ မြူအတိ ဖုံးလွှမ်းနေတဲ့ ကောင်းကင်မှာ တချက်တချက် လင်းလက်လာတဲ့ မီးပန်းတွေကို ကင်မရာနဲ့ ရိုက်နေလိုက်တယ်။ ရွှီး…ဖျောင်း၊ နားစည်တော့ ကွဲပြီမှတ်တယ်။
ဗြောက်အိုးဖောက်သံတွေ တိတ်ဆိတ်သွားတော့မှ ကျမ စမ်းတဝါးဝါးနဲ့ ကိုယ့်နေရာကိုယ် ပြန်လာလိုက်တယ်။ တတောလုံး မှောင်နေတဲ့ တောကြီးမျက်မည်းလည်း မဟုတ်ပါဘူး။ တချို့နေရာလေးတွေမှာ မီးချောင်းလေးတွေ ထွန်းထားပေးတယ်။ ငှက်ပျောပင်တွေမှာ မီးလုံးလေးတွေ ချိတ်ထားပေးတယ်။ ကျမကိုမြင်တော့ လူတွေက မေးကြတယ်၊ ဘာလို့ ပြေးသွားတုန်း အဲလောက် မရဲရဘူးနော် တဲ့။ ကျမလည်း ကောက်ရိုးပုံထဲ ဝင်ခွေ၊ ခေါင်းမြီးခြုံပြီး ပြန်အိပ်လိုက်တယ်။
မနက် ၆ နာရီလောက်မှာတော့ မျက်နှာသစ်တဲ့သူက သစ်၊ အလှပြင်တဲ့သူက ပြင်၊ စကားတွေ ပြောကြ ဆိုကြ ကျမ နိုးလာတယ်။ တချို့ကလည်း အိပ်တုန်း။ ကျမ ကုန်းထလိုက်တယ်။ ပါးတခြမ်းက ဖုံတွေချည်းရယ်။ ကောက်ရိုးပုံကြီးလည်း ကျို့တို့ကျဲတဲ။
အခမ်းအနားကြီး စလိုက်တာနဲ့ လူတွေ ပိုပြီး စည်ကားလာတယ်။ KNU စစ်သည်တော်တွေ ချီတက်လာတော့ တော်လှန်ရေး သီချင်းတွေလည်း ဖွင့်ထားတယ်။ အဲဒီသီချင်းသံတွေ ကြားမှာ ကရင်လူမျိုးတွေ ဘယ်လောက် နိုးကြား တက်ကြွလာမလဲတော့ မသိဘူး၊ ကျမရဲ့ခြေထောက် နှစ်ချောင်းစလုံးကတော့ စစ်သည်တော်တွေနဲ့ အပြိုင် ဘိတ် ညာ၊ ဘိတ် ညာ၊ ဘိတ် ညာ၊ ဘိတ်။
ချမ်းတာအေးတာတွေ အကုန် ပျောက်ကုန်တယ်။ ကျမ အနားကို ရုံးက သတင်းထောက် ရောက်လာတယ်။ နင် အဲဒီစည်းဝိုင်းထဲ ဝင်ပြီး သူတို့ လေ့ကျင့်ရေးပြနေတာကို အမိအရ ရိုက်ထား။ ငါ ပွဲကြည့်ပရိသတ်ကို ရိုက်လိုက်မယ် တဲ့။ လုံခြုံရေးတာဝန်ခံတွေရဲ့ သတိပေးသံတွေလည်း ကြားနေရတယ်။ သတင်းထောက်များခင်ဗျား၊ ကျေးဇူးပြုပြီးတော့ စည်းဝိုင်းထဲကို မဝင်ကြဖို့၊ သတ်မှတ်ထားတဲ့ နေရာမှာပဲ ရိုက်ကူးကြဖို့ မေတ္တာရပ်ခံပါတယ်။
ကျမ ခြေထောက်ကို ဖွဖွလေး နင်းပြီး တရွှေ့ချင်း တရွှေ့ချင်း စည်းထဲကို လှမ်းဖို့ ကြိုးစားတယ်။ မသိမသာလေး ရွှေ့လိုက်၊ သိသိသာသာလေး ရွှေ့လိုက်၊ ဒီအချိန်မှာ အရွေ့စွမ်းအင်တွေ အသုံးဝင်တယ်။ စာအုပ်ထဲက မပုကြွယ်နဲ့ ခရုငယ်လည်း ဒီလိုပဲနေမယ်။ ခရုငယ်က ခြံစည်းရိုးပေါ် ပြေးတက်နိုင်တာမှ မဟုတ်တာ။ တရွေ့ချင်း တရွေ့ချင်း ရွှေ့ရင်းနဲ့ တိုင်ထိပ်ကို ရောက်သွားတာ အမြင်ကို ကပ်တယ်။ သူ့ ခြံစည်းရိုးထိပ် ရောက်တာနဲ့ မပုကြွယ်ပါ စာအုပ် ၁ ဒါဇင်နဲ့ ခဲတံ ၆ ချောင်း ရတယ်။ အဲဒီ အကြောင်း ဖတ်စာအုပ်မှာ ပါလာရော။ ကိုယ်တွေ ကျောင်းမှာ ဆုရတာ ထမင်းဗူးပဲ ရတာ။
ဟိုတယောက် ဘာလုပ်နေလဲ။ ဗုဒေါ္ဓ..။ နောက်က လှမ်းအော်တော့မှ ကျမကိုယ်ကျမ သတိထားမိလိုက်တယ် ကွင်းလယ်ခေါင် ရောက်နေပါလား။ နောက်ပြန်ဆုတ်ဖို့တောင် တုန်ချိတုန်ချိ။ ဆုတ်မယ့်ခြေလှမ်း ပိုခက်နေပြန်တယ်။ ကျမနဲ့အတူ တချို့ သတင်းထောက်တွေလည်း စည်းဝိုင်းထဲ ဝင်ဝင်လာတယ်။ တော်သေးတယ် အဖော်ရှိလို့။ သတင်းထောက်များ တောင်းပန်တယ်ခင်ဗျား နောက်ကိုဆုတ်ပါ.. ဆုတ်ပါ။
ဒီတခါတော့ KNUက ခေါင်းဆောင်တွေ မိန့်ခွန်းတွေ ပြောနေတယ်။ အဖွဲ့အစည်း အသီးသီးက ခေါင်းဆောင်တွေ သဝဏ်လွှာ ဖတ်ကြတယ်။ နင် အဲဒီခေါင်းဆောင်တွေကို သွားရိုက်လိုက်၊ တယောက်မှ မလွှတ်စေနဲ့နော်၊ ဒေါက်တာ စင်သီယာမောင်တို့ ထိုင်တဲ့နေရာကိုလည်း သွားရိုက်ချည် တဲ့။ သူကတော့ တချက်လေးမှ မရွှေ့ဘူး။ ကင်မရာကို အနီးကပ် ဆွဲရိုက် အဝေး ဆွဲပစ်လိုက်နဲ့ ရိုက်နေတယ်။
ဒီလိုနဲ့ အခမ်းအနားကြီး ပြီးသွားတော့ သတင်းထောက် သုံးဆယ်ကျော်က အင်တာဗျူးဖို့ ရှုပ်ယှက်ခတ် နေကြတယ်။ သတင်းတပုဒ်အတွက် အရေးကြီးဆုံးက အင်တာဗျူးပဲ မဟုတ်လား။ တချို့က KNU ခေါင်းဆောင်ကြီးတွေနဲ့ အလုအယက် ဗျူးနေကြတယ်။ တချို့လည်း တပ်သားတွေနဲ့ ဗျူးကြတယ်။ ဒီလောက် လူအုပ်ကြီးထဲမှာ ဘယ်သူ့ကို ဗျူးရမလဲ၊ ဘာတွေကို ဗျူးရမလဲ၊ ကျမ မစဉ်းစားတတ်တော့ဘူး။ ဘာဖြစ်ဖြစ် ကိုယ့်ထက် အတွေ့အကြုံရှိတဲ့ ဟိုတယောက်ဆီကို အားကိုးပြီး မေးလိုက်တယ်။ လုပ်ဦးဟ ငါလန့်လာပြီ ဘယ်သူ့ကို အင်တာဗျူးရမှာလဲ ပြောပြပါဦး။
ကျမ အဲဒီလိုလည်း ပြောလိုက်ရော အဲဒီ သတင်းထောက်က ငါ.. တယ်.. ဆိုတဲ့ စိတ်ဆိုးမာန်ဆိုး အသံကြီးနဲ့ လက်သီးဆုပ်ကြီးကို ကျမ မျက်နှာ တည့်တည့် ရွယ်လိုက်တယ်။ ပါးစပ်ကလည်း တဆတ်ဆတ် တုန်ခါနေတယ်။ နင့်ကို ရုံးမှာ ကတည်းက ဘာပြောထားလဲ။ သွား.. နင့်ဘာသာ သွားရှာ၊ နင့်ဘာသာ စီစဉ်၊ ငါ လုပ်လိုက်ရ နာတော့မယ် တဲ့။ လူတွေက ကျမတို့ နှစ်ယောက်ကို ကြည့်နေတယ်။
သတင်းထောက်ရဲ့ ကျင့်ဝတ်ထဲမှာ ဒီလို အကျင့်စရိုက်တွေ ပါမပါတော့ ကျမ မသိဘူး။ လူပုံအလယ်မှာ လက်သီးနဲ့ရွယ် လက်ညှိုးငေါက်ငေါက် ထိုးပြီး ကြိမ်းမောင်းခံရတာက ဇာတ်သိမ်း လှဖို့လား။ အင်တာဗျူး မပါရင် ရုံးမှာ နင့်ဘာသာနင်ရှင်းပဲ တဲ့။ ကျမ အဲဒီပွဲကြီးကနေ ထွက်လာခဲ့လိုက်တယ်။ ဘာအင်တာဗျူးမှ လုပ်မနေဘူး။ ကိုယ့်ကိုယ်ကိုလည်း ရှက်လွန်းလို့ သေမယ်။ ဘယ်သူ့ကို ဗျူးရင် ကောင်းမလဲလို့ မေးကြည့်တာနဲ့တင် နင်သာ လူမိုက် ဒုစရိုက် ဆိုပြီး ရိုက်ပုတ်ခံရလုလု။ ကျမ အဖြစ်က ရွာက ထွက်ပြီး တောမှာ သေရတော့ မလိုလို။
ကျမ သောင်ရင်းမြစ် ကမ်းစပ်နားထိ ရောက်လာတယ်။ ဘ၀ ဇာတ်ခုံကြီးက ဘယ်လောက်ပဲ ခိုင်ခန့်နေပါစေ၊ ခံနိုင်ရည် အုတ်မြစ် မရှိရင် ဒီဇာတ်ခုံပေါ်မှာ ယိုင်ရတာပဲ။ အင်တာဗျူး မရလို့ သတင်းလာယူတာ အလကား ဖြစ်သွားလား၊ အလုပ်သင်မို့ စီနီယာတွေ ပြောသမျှ ခေါင်းငုံ့နေရမလား၊ အဲဒီ သောင်းရင်းမြစ် ရေစီးသံတွေက ခပ်ကြမ်းကြမ်း ကြားနေရတယ်။ သတင်းထောက် ဖြစ်နေတဲ့ ငါ့ဘ၀ ဒီလောက်ပဲ မျက်နှာငယ်ရလား။ လောကကြီးရေ … ငါဟာ နင့်အတွက် သေးငယ်တဲ့ ကျောက်စကျောက်နလေး ဆိုရင်လည်း ဒီရေအလျင်ရဲ့ တိုက်ချွတ် ဆေးကြောတဲ့ ဒဏ်ကို ခံနိုင်ပြီးသားပါဟာ။