လေက မြစ်ပြင်ကိုကျော်ပြီး ရန္တပိုဆိပ်ကမ်းကလေးဆီကို တသုန်သုန်ပြေးတက်လာသည်။ အိုးကွဲစလေးတွေက ကမ်းစပ်မှာ ဟိုဟိုဒီဒီ ပြန့်ကျဲနေပြီး အိုးလာဝယ်သော စက်လှေတစင်းလည်း ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားသည်။
မြင်းခြံမြို့နယ် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းနား ရွာကြီးတရွာဖြစ်သော ရန္တပိုရွာသည် သမိုင်းဝင် ရန္တပိုစာချုပ် ချုပ်ဆိုခဲ့ရာ ရွာကြီးဖြစ်ပြီး ထိုရွာတရွာလုံး အိုးလုပ်ငန်းသာ လုပ်သည်။
ရန္တပိုစာချုပ်သည် ခရစ်သက္ကရာဇ် ၁၈၂၄ ခုနှစ် ဘကြီးတော်ဘုရား လက်ထက်တွင် ဖြစ်ပွားခဲ့သော ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲကို ပြေငြိမ်းစေရန် အင်္ဂလိပ်အစိုးရ ကိုယ်စားလှယ်များနှင့် မြန်မာဘုရင်အစိုးရ ကိုယ်စားလှယ်များ သက်ဆိုင်ရာ နိုင်ငံတို့၏ ကိုယ်စား လက်မှတ်ရေးထိုးကြသော စာချုပ်ဖြစ်သည်။ မြန်မာနိုင်ငံအထက်ပိုင်း အင်းဝမြို့မှ တောင်ဘက် မိုင် ၄ဝ ခန့်ကွာဝေးပြီး မြင်းခြံမြို့အထက် ခြောက်မိုင်ကွာဝေးသော ဤရန္တပိုရွာတွင် တွေ့ဆုံ၍ စာချုပ်ချုပ်ဆိုခဲ့ကြသည်။
ရန္တပိုဆိပ်ကမ်းတည့်တည့် ကုန်းပြင်မြင့်ပေါ်သို့ တက်လိုက်လျှင် ရန္တပိုရွာသို့ ရောက်သည်။ ရွာက အတွင်းပိုင်း နည်းနည်းကျသော်လည်း မြစ်နှင့်မဝေး။ ရွာထိပ်ဆုံးက ခြံမှာ ယခုနှစ် ကမ်းပါး မြေပြိုသောအပိုင်းနှင့် အတော်အတန် နီးကပ်လာနေသည်။
“နှစ်တိုင်း ကမ်းပါးက ပြိုတယ်။ ဒီဘက်မှာ သောင်ထွန်းရင် ဟိုဘက်မှာ ကမ်းပါးပြိုတယ်ဆိုတဲ့ အတိုင်းပဲ။ သောင်ထွန်းတာ များလေ ကမ်းပါးပြိုလေပဲ။ ဒါက ဆက်နေတာ။ ဒီနှစ်နှစ် သုံးနှစ်အတွင်း ကမ်းပြိုလိုက်တာ ခြံဝိုင်းတဝိုင်းစာပဲ။ ကျုပ်တို့လည်း ဒီနှစ်ကုန် ရွှေ့ရတော့မယ်” ဟု ရန္တပိုရွာထိပ် ကမ်းပါးနှင့် အနီးဆုံးခြံဝန်းတွင် နေထိုင်သူ အမျိုးသမီးကြီးက ပြောသည်။
“ကျုပ်တို့ ငယ်တုန်းကတော့ ရေဝင်ပေမယ့် ရွာမပျက်ဘူး၊ ရေတွေကလည်း ဗောင်းလန်နေတာ။ ခုတော့ ဒီဘက်အထိ ရေမရောက်တာ ၄ နှစ်ကျော် ၅ နှစ်ထဲ ရောက်ပြီ။ ရေမဝင်ပေမယ့် ကမ်းပါးကတော့ တအိအိပြိုတုန်းပဲ” ဟု အဆိုပါ အသက် ၇၀ ကျော်အရွယ် အမျိုးသမီးကြီးက ရှင်းပြသည်။
ယခုချိန်မှာ ဧရာဝတီမြစ် ရေကြီးချိန်မဟုတ်၊ မြစ်ကမ်းဘေးက ရွာငယ်များထဲ ရေဝင်ချိန်လည်း မဟုတ်၊ ဆောင်းလေ တိုက်ခတ် နေချိန်ဖြစ်သည်။ မြစ်ရေက ငြိမ်သက်နေသော်လည်း နေရောင်က ပြင်းသောကြောင့် ရေပြင်မှာ တံလျပ်ထနေသည်။
ရွာထဲတွင် အိမ်တိုင်း၌ အိမ်ရှေ့၊ အိမ်ဘေး၊ အိမ်နောက်၊ အိမ်နှင့်ကပ်လျက်တို့တွင် အိုးများ နေလှမ်းထားသည်ကို တွေ့ရသည်။ တချို့အိမ်များတွင် တဲအိမ်ကို ဂိုထောင်သဘောဆောက်ပြီး မြေကြီးများ ထည့်သိမ်းထားကြတာ တွေ့ရသည်။
“ဒီမြေကြီးတွေက သောင်တွေကနေ သွာတူးထားရတယ်။ ကျမတို့ကတော့ သွားမတူးနိုင်လို့ ထော်လာဂျီတစီးစာကို ငွေကျပ် ၉၀၀၀ ဈေးနဲ့ ဝယ်သုံးနေရတယ်။ ဒါက ၃ စီးစာ ဝယ်ထားတာ” ဟု အမျိုးသမီးကြီးက ရှင်းပြသည်။
အိမ်တိုင်းလိုလိုတွင် မြေသိမ်းထားကြသည်ကို မတွေ့ရသော်လည်း အိမ်တိုင်းမှာ အိုးလှမ်းထားကြတာ တွေ့ရသည်။ ထို့အပြင် အိမ်တိုင်းမှ အမျိုးသမီးတိုင်းကလည်း အိုးလုပ်နေကြတာ တွေ့ရသည်။
ရွာအတွင်းကျကျ အိမ်တအိမ်တွင် အသက် ၈၀ အရွယ် အမျိုးသမီးကြီးက ပေါင်ပေါ်တွင် အသက် ၂ နှစ်အရွယ်ကလေးကို ချီတင်ထားပြီး မောင်းတံပါသော ခြေနင်းစက်ဖြင့် ခြေတဖက်က နင်းကာ အိုးစက်ကို လည်စေသည်။ ထိုမောင်းတံ ခြေနင်း၏ထိပ်တွင် မြေအိုးလုပ်စက် ရှိပြီး ထိုစက်အလှည့်အတိုင်း အမျိုးသမီးတဦးက ထိုင်ကာ အိုးလုပ်လျက်ရှိသည်။ ထိုအမျိုးသမီး၏ ညာဘက်တွင် အိုးလုပ်သော နှူးပြီး မြေတုံးများကို တင်ထားသည်ကို တွေ့ရသည်။
“ကျမ အသက် ၈ နှစ်ကတည်းက အိမ်က အိုးလုပ်ငန်းမှာ ဝင်ကူလုပ်နေတာ၊ အခု အသက် ၃၈ နှစ်ဆိုတော့ နှစ် ၃၀ ရှိပြီ။ ဒီအလုပ်ပဲ လုပ်တယ်။ အမေတို့ အဖွားတို့ကလည်း ဒီအလုပ်ပဲ လုပ်ခဲ့တယ်” ဟု ရန္တပိုရွာသူ အသားညိုညိုညက်ညက်နှင့် ပါးပြင်တွင် သနပ်ခါး ပါးကွက်ကြီးကြီး ကွက်ထားသော မလှလှသိန်းက ပြောပြသည်။
အရွယ်မျိုးစုံ၊ ဆိုက်မျိုးစုံ ရေအိုး၊ ထမင်းအိုး၊ ညောင်ရေအိုး စသော အိုးမျိုးစုံကို အသက် ၈ နှစ်သမီး အရွယ်ကတည်းက အကျွမ်းတဝင် လုပ်ခဲ့ခြင်းဖြစ်ကြောင်း မလှလှသန်းက နှုတ်က ပြောဆိုနေသကဲ့သို့ လက်ကလည်း မြေသား မသိပ်သေးသော အိုးကို တုတ်တံဖြင့် တဖောင်းဖောင်းရိုက်ရင်း ကျွမ်းကျင်မှုကို ပြသနေသည်။
ဧရာဝတီမြစ်ကမ်းနား ကျေးရွာလေးမှ ထုတ်လုပ်သော အိုးများမှာ မြန်မာပြည်အထက်ပိုင်းသာမက မြန်မာပြည် အောက်ပိုင်းဒေသများ အထိပါ ပြန့်ပြန့်နှံ့နှံ့ အရောက်ပို့ကြောင်း သိရသည်။
“ကျမတို့က ရွာကနေ မြင်းခြံကို ပို့တယ်။ မြင်းခြံကနေ မန္တလေးဘက်၊ စစ်ကိုင်းဘက်ကို ပို့ပေးတယ်။ မန္တလေး၊ စစ်ကိုင်းကနေ တပြည်လုံးဖြန့်နေတာ” ဟု မလှလှသိန်းက ပြောသည်။
မြေပြင်ပေါ် ဒီအတိုင်း ထိုင်ချပြီး ခြေဆန့်ကာ အိုးလုပ်နေသော သူမရှေ့တွင် နေလှမ်းထားသော အိုးတွေ ရှိသည်။ အရောင်တွေကတော့ မြေညီရောင်ဖြင့် ပြောင်နေတာ တွေ့ရပြီး အိုးတွေ တလုံးပေါ်တလုံး မှီပြီး စီထားသည်ကို
ကြည့်ရသည်မှာ ညီညာလှပေသည်။
ထိုအိုးများကို စက်လှေများနှင့် တလတခါ လာဝယ်ကြပြီး တချို့က လိုချင်သော ပုံစံ၊ အရွယ်အစားနှင့် အမျိုးအစားကို အော်ဒါမှာပြီး အပ်သွားကြသည်။
“တလတခါ ပုံမှန်ယူတဲ့သူတွေ ရှိတယ်။ ကျမတို့က အိုးထိုင်လုပ်ပေးရုံပဲ။ ဈေးကွက်ကလည်း သူ့ဟာနဲ့သူ ရှိပြီးသား။ လျော့ပြီး ရောင်းရတယ်လို့ကို မရှိဘူး။ အော်ဒါက တိုးပြီးသာ ရတယ်။ လျော့ရတယ်လို့ တခါမှ မရှိဘူး” ဟု မလှလှသန်းက ပြောပြသည်။
သောက်ရေအိုးတလုံးကို ငွေကျပ် ၄၀၀ ဈေးဖြင့် ဖောက်သည်ပေးပြီး တလုံးတည်း ကျပ် ၅၀၀ ဈေးဖြင့် ရောင်းသည်။
ပလပ်စတစ် ရေသန့်ဘူး၊ ရေသန့်စက်၊ စတီးရေသန့်ဘူး၊ စတီးရေသန့်စက်များ ပေါ်လာခဲ့သော်လည်း အိုးလုပ်ငန်းအပေါ် ထိခိုက်မှုမရှိဟု သိရသည်။
“အရောင်းအဝယ်က ပုံမှန်ဖြစ်နေပေမယ့် ကျမတို့ကတော့ ငွေကို ခြစ်ခြုတ်ပြီး သုံးရတာရယ်။ အိုးတွေရောင်းရ၊ လုပ်ရတာပေမယ့် ငွေကတော့ သိတဲ့အတိုင်း မစုမိဘူး။ ပိုပိုလျှံလျှံ အနေအထားလည်း မရှိဘူး။ လုပ်ရင်း စားရင်းနဲ့ ကုန်တယ်” ဟု မလှလှသန်းက သူမတို့ကျေးရွာရှိ အိုးလုပ်ငန်းနှင့် ပတ်သက်သော စီးပွားရေးအခြေအနေကို ပြောပြသည်။
ရွာတွင် အိမ်ထောင်စုပေါင်း ၁၀၀ ကျော်ရှိပြီး ၉၈ အိမ်က အိုးလုပ်ငန်းသာ လုပ်ကိုင်ကြောင်း၊ တခြား စီးပွားရေးလုပ်သူမှာ ၄ အိမ်ထောင်ခန့်သာ ရှိကြောင်း၊ အိုးလုပ်ငန်းလုပ်သူများမှာ စားလောက်သူက များသော်လည်း ပိုလျှံစုဆောင်းဖို့မူ ခက်ခဲကြောင်း သူက ဆိုသည်။
အိုးလုပ်ငန်း လုပ်သူတို့အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ပြီးခဲ့သော အောက်တိုဘာလတွင် တအိမ်ထောင်လျှင် ငွေကျပ် ၁ သိန်းနှုန်းဖြင့် ငွေလာချေးပေးခဲ့ကြောင်း၊ ၆ လတကြိမ် ဖဲ့ဆပ်ရမည်ဖြစ်ပြီး အတိုးမှာ ၁ ကျပ် ခွဲနှုန်းဖြစ်ကြောင်း သိရသည်။
“ကျုပ်တို့ကို ပိုက်ဆံချေးပေးတာ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် တကယ်လိုအပ်တာက ဆေးပေးခန်းပဲ” ဟု အိုးဖုတ်နေသော အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသားကြီးက အိုးထည့်ဖုတ်ထားသော ကောက်ရိုးမီးခိုး တလူလူကို ငြှိမ်းသတ်ရင်း လှမ်းပြောသည်။
ထိုကျေးရွာမှာ လွန်ခဲ့သော ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း ကြံ့ဖွံ့ပါတီက အနိုင်ရခဲ့ကြောင်း၊ လက်ရှိတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ပြောင်းလဲအုပ်ချုပ်နေကြောင်း၊ ကျေးရွာတွင် ယခုကဲ့သို့ ငွေချေးပေးဖို့ထက် ဆေးပေးခန်း တည်ဆောက်ရေးကို ရွာသားများက လိုလားကြောင်း အဆိုပါ ကျေးရွာသားက ပြောသည်။
“ရွာမှာက ဆေးပေးခန်းလည်း မရှိဘူး၊ ကျန်းမာရေးဝန်ထမ်းလည်း မရှိဘူး။ ကျန်းမာရေး ကိစ္စဆိုရင် မြင်းခြံဘက်ကို ပြေးရတာပဲ။ မြင်ခြံနဲ့ ဒီက ၁၀ မိုင်လောက် ဝေးတယ်ဆိုတော့ အဖိတ်အစင်များကြတယ်။ အားလုံးက ရွာမှာ ဆေးပေးခန်းလေးတခုနဲ့ ကျန်းမာရေးဝန်ထမ်း တယောက်လောက် ရှိစေချင်တယ်” ဟု အမျိုးသားကြီးက ပြောသည်။