“သစ္စာတရားနဲ့ မေတ္တာတရားဟာ မုသားနဲ့ အမုန်းတရားကို ကျော်လွှား အောင်မြင်ရမယ်”
(ဗားကလက် ဟာဗဲလ်)
မကွယ်လွန်မီ နောက်ဆုံးအချိန်အထိ မြန်မာ့အရေးကို စောင့်ကြည့်အားပေးခဲ့သူ၊ ကွန်မြူနစ်အစိုးရကို သေနတ်တချက်မဖောက်ရဘဲ ကတ္တီပါ တော်လှန်ရေးနဲ့ ဖြုတ်ချနိုင်တဲ့ ခေါင်းဆောင် ချက်သမ္မတဟောင်း မစ္စတာ ဗားကလပ် ဟာဗဲလ်က အထက်ပါအတိုင်း ပြောဆိုခဲ့ရုံသာမက အဲဒီစကားရပ်ကို အတွေးအခေါ်တခုအနေနဲ့ ခိုင်ခိုင်မာမာအုတ်မြစ်ချပြီး လက်တွေ့ အကောင်အထည်ဖော်ခဲ့တယ်။

မစ္စတာ ဗားကလက် ဟာဗဲလ်ဟာ ဒီဇင်ဘာလ ၁၈ ရက်နေ့ အသက် ၇၅ နှစ်အရွယ်မှာ ကွယ်လွန်သွားပါပြီ။
သမ္မတ တာဝန်ထမ်းဆောင်စဉ်ကရော၊ တာဝန်က အနားယူသွားတဲ့နောက်ပိုင်းမှာပါ အထူးသဖြင့် မြန်မာ့ ဒီမိုကရေစီအရေးကို ချက်သမ္မတနိုင်ငံရဲ့ ထိပ်တန်း ဦးစားပေး ထားခဲ့ပြီး ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီမှာ ဆွေးနွေးရမယ့်လုပ်ငန်းစဉ်ထဲ ပါဝင်အောင်လည်း မစ္စတာ ဗားကလက် ဟာဗဲလ်က ကြိုးပမ်းပေးခဲ့ပါတယ်။
ချက်သမ္မတနိုင်ငံသို့ ခတ္တရောက်ရှိနေသူ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင့်ရေး အသင်း (AAPP) ရဲ့ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က “၁၉၉၀ ခုနှစ်ကာလတွေကနေပြီးတော့ အခုသေဆုံးခါနီး အချိန်အထိအောင်ကို မြန်မာ့အရေးအတွက် ထောက်ခံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နိုဗဲလ်ငြိမ်းချမ်းရေးဆုရဖို့ အဆိုတင်သွင်းရာက စပြီး မြန်မာ့အရေးကို ကမ္ဘာက စိတ်ဝင်စားအောင် ဆောင်ရွက်နိုင်ခဲ့သူပါ။ ကျနော်တို့ ဒီမိုကရေစီရေးလူပ်ရှားမူအတွက် အရေးကြီးတဲ့ ကမ္ဘာ့ခေါင်းဆောင်တယောက် ဆုံးရှုံးသွားတယ်လို့ ခံစားရပါတယ်” လို့ ပြောပါတယ်။
၂၀၀၁ ခုနှစ်က သမ္မတတာဝန်ယူနေစဉ် မစ္စတာ ဗားကလက် ဟာဗဲလ်နဲ့အတူ ကိုဘိုကြည်က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ဖူးပြီး မြန်မာ့အရေးကို ကမ္ဘာ့မျက်နှာစာမှာ ကူညီမှုများရရှိဖို့ မကြာခဏ လူပုဂ္ဂိုလ်ချင်း ထိတွေ့ဆက်ဆံခဲ့ဖူးပါတယ်။
Forum 2000 အစည်းအဝေးကို နှစ်စဉ် ချက်သမ္မတနိုင်ငံမှာ ကျင်းပပြီး မစ္စတာ ဟာဗဲလ်ဟာ မြန်မာ့အရေးကို အလေးပေးပြောကြားလေ့ရှိပါတယ်။ သူဟာ ပြည်ပအခြေစိုက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေအတွက် နိုင်ငံတကာ သံတမန်ရေးရာ လှုပ်ရှားမှုတွေမှာ အမြဲလိုလို ကူညီပံ့ပိုးပေးခဲ့သူလည်း ဖြစ်ပါတယ်။
“ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေတဲ့ ပြည်သူတွေအတွက်ကတော့ ကြီးမားတဲ့ ဆုံးရှုံးမှုပါ။ သူဟာ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ရရှိရေးအတွက်ဆိုရင်လည်း ရှေ့တန်းကနေ တက်တက်ကြွကြွ အားပေးခဲ့သူတယောက်ပါ” လို့ ကိုဘိုကြည်က ဆိုပါတယ်။
မကွယ်လွန်ခင် ဒီဇင်ဘာလ ၁၁ ရက်နေ့စွဲနဲ့ ပရက်ကြေညာစာတမ်း (Prague Declaration) ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ ပရက်ကြေညာစာတမ်းမှာ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ ဗားကလက် ဟာဗဲလ် အပါအဝင် စုစုပေါင်း ၆ ဦးက ထုတ်ပြန်ခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ သတိနဲ့စောင့်ကြည့်ရမယ့် အပြောင်းအလဲဖြစ်ကြောင်း၊ မြန်မာအာဏာပိုင်များနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အဓိပ္ပာယ်ရှိပြီး မှန်ကန်တဲ့အကျိုး သက်ရောက်မှု ရှိသော တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့ တိုက်တွန်းကြောင်းနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုများကြောင့် အကျဉ်းကျခံနေကြရတဲ့ အကျဉ်းသားများကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ လိုကြောင်း ကြေညာစာတမ်းမှာ အလေးအနက်တိုက်တွန်းထားပါတယ်။
၁၉၉၁ ခုနှစ်က နိုဗဲလ်ငြိမ်းချမ်းရေးဆု ရွေးချယ်ရေး ကော်မတီရဲ့ နောက်ဆုံး ဆန်ခါတင် စာရင်းထဲမှာ သမ္မတကြီး ဗားကလက် ဟာဗဲလ်နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမည် စာရင်းပါဝင်လာခဲ့တယ်။
အဲဒီတုန်းက မစ္စတာ ဗားကလက် ဟာဗဲလ်က အာဏာရှင် လက်အောက်က လွတ်မြောက်ပြီးသား နိုင်ငံက သူ့ကို ရွေးချယ်တာထက် မလွတ်မြောက်သေးတဲ့ မြန်မာနိုင်ငံက နေအိမ်အကျယ်ချုပ် ကျခံနေရသူ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်သင့်ကြောင်း အဆိုပြုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၁ နှစ်အတွက် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗဲလ်ဆု ကိုရရှိခဲ့ပြီး မြန်မာ့ဒီမိုကရေစီအရေးကို ပိုပြီး လူသိများလာစေခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း မနေ့က ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးမှာ မစ္စတာ ဗားကလက် ဟာဗဲလ် ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းကြောင်း ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆွေးနွေးရမယ့် အစီအစဉ်ထဲကို ပါဝင်လာအောင် တောင်အာဖရိကနိုင်ငံက ဘုန်းတော်ကြီး ဒက်စမွန် တူးတူးနဲ့ ပူးပေါင်းပြီး ငြိမ်းချမ်းရေးကို ခြိမ်းခြောက်မှု (Threat to Peace) စာတမ်းကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီစာတမ်းက မြန်မာ့ ဒီမိုကရေစီ အရေးလှုပ်ရှားမှုအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေရရှိခဲ့ပါတယ်။
သူ့အပေါ် နိုင်ငံတကာခေါင်းဆောင်များရဲ့ လေးစားမှုများကြောင့် သူဦးဆောင်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာနဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းမှုများလည်း ပိုမိုထိရောက်ခဲ့ပါတယ်။
၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာ စစ်တပ်က ရက်စက်စွာဖြိုခွင်းခဲ့မှုကိုလည်း ပွင့်လင်းစွာ ဝေဖန်ထောက်ပြခဲ့ပါတယ်။ ၂၀၀၈ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် အတိဒုက္ခရောက်နေသူတွေကို မြန်မာစစ်အစိုးရက တာဝန်ပျက်ကွက်မှုကိုလည်း ဝေဖန်ပြီး အဖိနှိပ်ခံ မြန်မာနိုင်ငံသားများနဲ့အတူ အပြည့်အ၀ ရပ်တည်ကြောင်း ကမ္ဘာသိ ကြေညာခဲ့သူလည်းဖြစ်တယ်။
ကုလသမဂ္ဂ အထွေထွေ ညီလာခံ၊ ဂျနီဗာ လူ့အခွင့်အရေးကောင်စီ စတဲ့ အစည်းအဝေးတွေမှာ မြန်မာ့အရေးကို အဓိက အကူအညီပေးခဲ့တယ်။
မြန်မာ့ ဒီမိုကရေစီနဲ့ လူခွင့်အရေး ကိစ္စတွေအတွက် သံတမန်နည်းလမ်းတွေကို အစွမ်းကုန် အသုံးပြုကာ နိုင်ငံတကာ သံတမန်များကို ဖိတ်ကြားပြီး မြန်မာ့အရေး ဆွေးနွေးခြင်း၊ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများကို အကူအညီပေးခြင်းတို့ကို သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ်ကတည်းက လုပ်ဆောင်ပေးခဲ့တယ်။
ချက်သမ္မတနိုင်ငံရဲ့ အဓိက အာရုံအစိုက်ခံရဆုံး နိုင်ငံ ၃ ခုဖြစ်တဲ့ ကျူးဘား၊ ဘယ်လာရုစ်နဲ့ မြန်မာနိုင်ငံတို့အပေါ် လူ့အခွင့်အရေးဆိုင်ရာ တိုးတက်ဖြစ်ထွန်းစေရေးအတွက် အဓိက အားပေးကူညီတဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ချမှတ်လုပ်ကိုင်ခဲ့ပါတယ်။
မစ္စတာ ဗားကလက် ဟာဗဲလ်ကို ပရက်မြို့နေ မြေရှင်လူချမ်းသာမိသားစုမှာ ၁၉၃၆ ခုနှစ် အောက်တိုဘာလ ၅ ရက် နေ့က မွေးဖွားခဲ့တယ်။ ကွန်မြူနစ်များ အာဏာရချိန်မှာ ဓနရှင်လူတန်းစားအဖြစ် သတ်မှတ်ခံရပြီး အထက်တန်းပညာ ဆက်လက်သင်ကြားခွင့် ပိတ်ပင်တားဆီးခံခဲ့ရတယ်။
ကွန်မြူနစ်အစိုးရကြောင့် မိသားစုစီးပွားရေး ကျဆင်းလာခဲ့ပြီး နေ့ဘက် အလုပ်လုပ်၊ ညဘက်ကျောင်းတက် လုပ်ခဲ့ရတယ်။ ရုန်းကန်ရင်း ပြဇာတ်တွေလည်း ရေးသားခဲ့တယ်။
ထိုစဉ်က ချက်ကိုစလိုဗက်ကီးယားနိုင်ငံမှာ ၁၉၆၈ ခုနှစ် ကွန်မြူနစ်တော်လှန်ရေးကာလအတွင်း ဗားကလက် ဟာဗဲလ်ဟာ အောင်မြင်ကျော်ကြားတဲ့ ပြဇာတ်ရေးဆရာ တဦးဖြစ်လာခဲ့ပြီး Charter 77 လှုပ်ရှားမှုမှာ အကျော်ကြားဆုံး အတိုက်အခံ ခေါင်းဆောင်လည်း ဖြစ်လာခဲ့တယ်။
ချက်ကိုစလိုဗက်ကီးယားနိုင်ငံမှာ ကွန်မြူနစ်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ ၁၉၈၉ ခုနှစ်မှာ ၁၈ ရက်ကြာ ကတ္တီပါတော်လှန်ရေးကို ဦးဆောင်ခဲ့ပြီး အဲဒီတော်လှန်ရေးကြောင့် ကွန်မြူနစ် အစိုးရ ပြုတ်ကျခဲ့တယ်။ အဲဒီနောက် ဗားကလက် ဟာဗဲလ်ဟာ ချက်ကိုစလိုဗက်ကီးယား သမ္မတ ဖြစ်လာခဲ့ပါတယ်။
ဆလိုဗက်ကီးယား အမျိုးသားရေးဝါဒီများရဲ့ ကိုယ်ပိုင်လွတ်လပ်ရေး တောင်းဆိုမှုကြောင့် သမ္မတရာထူးက နုတ်ထွက် ပေးခဲ့တယ်။
ချက်နဲ့ ဆလိုဗက် နိုင်ငံ ၂ ခုအဖြစ် ကွဲသွားပြီးနောက် ၁၉၉၃ ခုနှစ်မှာ ချက်သမ္မတနိုင်ငံသစ်ရဲ့ သမ္မတအဖြစ် ထပ်မံ အရွေးခံခဲ့ရပါတယ်။
မစ္စတာ ဟာဗဲလ်ဟာ ဝတ်စားဆင်ယင်မှုကအစ လူမှုဆက်ဆံရေးအလယ် ဦးဆောင်တဲ့အပိုင်းအဆုံး အလွန် ရိုးစင်းသူလည်းဖြစ်တယ်။ လူသားဆန်သူ၊ တန်းတူဆက်ဆံတတ်သူ၊ မေတ္တာနဲ့ သစ္စာတရားကို ယုံကြည်ချက်ခိုင်မာသူ လည်းဖြစ်တယ်။ စီးကရက်ကိုလည်း မပြတ်သောက်တတ်သူ ဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်နောက်ပိုင်း ကင်ဆာရောဂါကြောင့် ကျန်းမာရေး ချူချာလာခဲ့ပါတယ်။
သူမကွယ်လွန်မီ ချက်သမ္မတနိုင်ငံကို အလည်အပတ် လာရောက်တဲ့ တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့အတူ သဘာဝတရားရဲ့ နာမ်ပိုင်းဆိုင်ရာ အေးချမ်းမှုများအကြောင်း အတူပွားများ လေ့လာခဲ့ပါသေးတယ်။ သူ့ဘဝမှာ နိုင်ငံရေး၊ စာရေးခြင်းနဲ့ ဘဝတိုက်ပွဲများအတွက် အမြဲ အဆင်သင့်ဖြစ်နေတတ်ပေမယ့် မိမိရဲ့ အနီးပတ်ဝန်းကျင် နေရာမရွေး၊ အချိန်မရွေးမှာ ရှိနေတယ်လို့ သူသိခဲ့တဲ့ နာမ်ပိုင်းဆိုင်ရာ စိတ်နှလုံးငြိမ်းချမ်းမှုကို ရှာဖွေခဲ့သော်လည်း သိသိသာသာ မခံစားခဲ့ရကြောင်း ရိုးသားစွာ ဖွင့်ဟခဲ့ပါသေးတယ်။
မကြာသေးခင်ကပဲ သူ စတင်ခဲ့ပြီး နာယကအဖြစ် ဆောင်ရွက်တဲ့ Forum 2000 အစည်းအဝေးကို ကျန်းမာရေး မကောင်းတဲ့ကြားက တက်လာခဲ့ပြီး မြန်မာ့အရေး အားလုံး ဝိုင်းဝန်းကူညီရန် တိုက်တွန်းသွားခဲ့ပါသေးတယ်။
“သူဟာ ကျန်းမာရေးမကောင်းနေတဲ့ ကြားထဲကနေ ဒီလိုပြောဆိုလုပ်ကိုင်နေတာဟာ မြန်မာနိုင်ငံကို အင်မတန် တိုးတက်စေချင်လို့၊ မြန်မာပြည်သူတွေ ဖိနှိပ်မူတွေက လွတ်ကင်းပြီး တိုးတက်စေချင်လွန်းတဲ့ စေတနာနဲ့ ပြောဆိုသွား တယ်လို့ ထင်ပါတယ်” လို့ ကိုဘိုကြည်က ဆိုပါတယ်။
မစ္စတာ ဗားကလက် ဟာဗဲလ် ကွယ်လွန်ခြင်းအတွက် ကမ္ဘာ့ခေါင်းဆောင်တွေက အသီးသီး အမှတ်တရ ဂုဏ်ပြုစကားတွေ ပြောခဲ့ကြပါတယ်။
မစ္စတာ ဟာဗဲလ်ဟာ အမေရိကန် သမ္မတ အိုဘားမားက ကမ္ဘာတလွှား ဒီမိုကရေစီ လှိုင်းတံပိုးများအတွက် တံခါးဖွင့်လှစ်ပေးသူလို့ ချီးမွမ်း ဂုဏ်ပြုခဲ့ပါတယ်။ ဆွီဒင် နိုင်ငံခြားရေး ဝန်ကြီး ကားလ်ဘီးဒ်ကတော့ မစ္စတာ ဟာဗဲလ်ဟာ ဥရောပတိုက်ရဲ့ အကြီးကျယ်ဆုံးလူသားလို့ အမွှမ်းတင်ခဲ့ပါတယ်။
ချက်သမ္မတနိုင်ငံမှာ မစ္စတာ ဗားကလက် ဟာဗဲလ် ကွယ်လွန်မှုအတွက် ဝမ်းနည်းခြင်း ရက်သတ္တပတ် ကြေညာထားပါတယ်။
ချက်သမ္မတနိုင်ငံ အခြေစိုက် NGO တခုဖြစ်တဲ့ မြန်မာစင်တာ (ပရက်) က တာဝန်ရှိသူ မစပယ်စိုးက “မြန်မာနိုင်ငံအရေး လှုပ်ရှားနေတဲ့ သူတွေအတွက်ကတော့ အရမ်းဝမ်းနည်းစရာကောင်းတဲ့ ဆုံးရှုံးခြင်းတခုလို့ ပြောရပါမယ်။ နှစ်ပေါင်းများစွာ အမြဲထောက်ပံ့ကူညီပေးနေတဲ့ မိတ်ဆွေကောင်းကြီးတယောက် ဆုံးရှုံးသွားလိုက်ရတယ်လို့ ခံစားလိုက်ရပါတယ်” လို့ ပြောပါတယ်။
ဒီဇင်ဘာလ ၁၈ ရက်နေ့ မနက်က မစ္စတာ ဟာဗဲလ် ကွယ်လွန်သွားတဲ့ သတင်းကို ချက်နိုင်ငံသတင်းဌာန အားလုံးက အထူးဦးစားပေး ထုတ်လွှင့်နေခဲ့တယ်။
အဲဒီညနေမှာ ချက် ပြည်သူအများအပြားဟာ ကြိုတင်တိုင်ပင် ပြင်ဆင်ထားခြင်းမရှိဘဲ ပရက်မြို့လယ်ရှိ ဝင်စက်စတာ ရင်ပြင်ကို လာရောက်ကြပြီး ဖယောင်းတိုင်၊ ပန်းတွေနဲ့ သမ္မတကြီးကို အမှတ်တရ ဂုဏ်ပြုဆုတောင်းကြပါတယ်။
ချက်သမ္မတနိုင်ငံရဲ့ တခြားမြို့တွေမှာလည်း ပြည်သူတွေက သမ္မတကြီးကို အသီးသီး ဂုဏ်ပြုကြကြောင်း သတင်းများမှာ ဖော်ပြထားပါတယ်။
နောက်ဆုံး နှုတ်ဆက်နိုင်ဖို့အတွက် ပရက်ခရော့စ်လမ်း (Prague Cross Road) မှာ သမ္မတကြီးနဲ့ ဇနီးတို့က ပြုပြင်ဖွင့်လှစ်ထားတဲ့ စိန့်အန်းနဲ ဘုရားရှိခိုးကျောင်းဟောင်းကြီးမှာ မစ္စတာ ဟာဗဲလ်ရဲ့ ရုပ်ကလာပ်ကို ဒီဇင်ဘာ ၁၉ ရက်နဲ့ ၂၀ ရက်တို့မှာ ထားရှိပါတယ်။
ဒီရှေးဟောင်း ဘုရားကျောင်းကြီးဟာ ဟာဗဲလ် မကွယ်လွန်ခင်က လူ့အခွင့်အရေး အစည်းအဝေးပွဲများ၊ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေနဲ့ ရုပ်ရှင်ပွဲတော်တွေ၊ Forum 2000 အစည်းအဝေးတွေ၊ သံတမန်၊ နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ အတွေးအခေါ် ဖလှယ်ပွဲများ ကျင်းပရာနေရာလည်းဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၁ နဲ့ ၂၂ ရက်တို့မှာတော့ တချိန်က သမ္မတရဲ့ရုံးခန်းရှိတဲ့ ပရက်ရဲတိုက်သို့ ရုပ်ကလာပ်ကို ပြောင်းရွွှေ့ပြီး ဂါရဝပြုခွင့်ရကြမှာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၃ ရက်နေ့မှာတော့ မစ္စတာ ဟာဗဲလ်အတွက် နိုင်ငံတော် ဈာပနအခမ်းအနား ပြုလုပ်မှာဖြစ်ပြီး အမေရိကန် သမ္မတ ဘားရက်အိုဘားမားနဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် အပါအဝင် နိုင်ငံတကာ ခေါင်းဆောင်များလည်း တက်ရောက်ကြမှာပါ။
ပရက်မြို့ကို မြန်မာတဦးဦး သွားတာဟာ နိုင်ငံခြားကိုသွားတယ်လို့ မယူဆရကြောင်း၊ ကိုယ့်ဆွေမျိုးအိမ်ကို သွားရသလိုပဲ ခံစားရကြောင်း ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်က လွတ်မြောက်ပြီးစမှာ ချက်သတင်းသမားများကို ပြောဆိုခဲ့ဖူးပါတယ်။
အမှတ်တရအဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၆၀ ပြည့် မွေးနေ့တုန်းက မစ္စတာ ဟာဗဲလ်ဟာ “မလွတ်လပ်ခြင်းရဲ့ နှင်းဆီ” (A Rose for the Unfree) အမည်ရှိ ဆောင်းပါးကို ဝါရှင်တန်ပို့စ်သတင်းစာမှာ ရေးသားခဲ့ပါတယ်။
အဲဒီ ဆောင်းပါးနိဂုံးချုပ်မှာ ဟာဗဲလ်က သူ့မှာ ရယ်စရာ အတွေးတခုရှိခဲ့ကြောင်း၊ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့အခါမှာ သူကိုယ်တိုင် နှင်းဆီပန်းလေးတပွင့် ပေးချင်တာ ဖြစ်တဲ့အကြောင်း ရေးထားပါတယ်။
လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဟောင်း ဟာဗဲလ် အနေနဲ့ လူကိုယ်တိုင် တွေ့ခွင့်မရလိုက်တာဟာ ပိုဝမ်းနည်းစရာဖြစ်ကြောင်း မစပယ်စိုးက ဆိုပါတယ်။
ဒီနေ့နေ့လယ်မှာ ချက်သမ္မတနိုင်ငံရောက် မြန်မာများအသိုင်းအဝိုင်းက ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား၊ မြန်မာနိုင်ငံသားများကိုယ်စား မစ္စတာ ဟာဗဲလ်ရဲ့ ရုပ်ကလာပ်ကို ဂါရဝပြု ဆုတောင်းကြဖို့ စီစဉ်ထားကြပါတယ်။
လောကသားတို့ရဲ့ လွတ်လပ်ခြင်း အကျိုးကို သယ်ပိုးသူ၊ Power of Powerless ရဲ့ သင်္ကေတ ပြယုဂ်၊ ပြဇာတ်ရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ၊ စာရေးဆရာ၊ ငြိမ်းချမ်းရေး သမားကြီး ဗားကလက် ဟာဗဲလ်ကတော့ လူ့တာဝန်ကို အကျေပွန်ဆုံးထမ်းဆောင်ရင်း ကမ္ဘာကြီးကို နှုတ်ဆက်သွားခဲ့လေပြီ။