လောကတွင် အမျိုးမျိုးသော အလွဲများ ရှိလေသည်။ ထူးအိမ်သင်က တနေ့စာ အလွဲများဟု သီချင်းစပ်သည်။ စာရေးဆရာ နီကိုရဲကလည်း သူ၏ လွဲပုံလွဲနည်းများကို လုံးချင်းစာအုပ်များပင်ထုတ်ဝေလိုက်သေးသည်။ ဖိုးရှုပ်သည်လည်း “ပြောင်းနေပြီ ပြောင်းနေပြီ” ဟု ဘာမှန်းသေချာ မသိသေးသည့် ပြောင်းသံတွေ ညံနေသော မြန်မာ့အရေးတွင် ပြောင်းတာတွေလား၊ လွဲတာတွေလားဟု အကဲဖြတ်ဆန်းစစ်လို၏။ ဆန်းစစ်ပြီးလျှင် စာတပုဒ်တော့ ရေးဦးအံ့ဟု အားထုတ်စိမ့်သောငှာ ဦးရုက္ခစိုး၊ ကြွက်စုတ်တို့နှင့် မေးမြန်းဆွေးနွေးလေတော့၏။
ဖိုးရှုပ် ။ ။ ကျနော် အလွဲတွေကို စာစီမယ် ဦးရုက္ခစိုးရယ်။ မြန်မာပြည်မှာ ဘာတွေဘယ်လောက် လွဲတယ်ဆိုတာကို သုံးသပ်ပြမယ်။
ဦးရုက္ခစိုး ။ ။ မင်းဘာသာ စာစီတာ ငါနဲ့ ဘာဆိုင်သလဲကွယ်။ ဦးသိန်းဇိမ် အစိုးရလည်း ပြာနေအောင် ကြိုးစားရှာတာပဲ။ လွဲတာတွေလည်း လွဲပေမပေါ့ကွာ။
ကြွက်စုတ် ။ ။ ကျနော်တို့တော့ ခဏခဏ လွဲရလွန်းလို့ မလွဲရင် မနေနိုင်တာကလွဲလို့ ဆိုတာလို ဖြစ်နေပါပြီ။ လွဲတာတွေလည်း အသားကျနေပါပြီ။ ဖိုးရှုပ် … မင်းပြောလို့ တလောက ပြန်ကြားရေးဝန်ကြီးနဲ့ VOA တွေ့ကြတော့ ပြန်ကြားရေးဝန်ကြီး ဦးဆော်ကြမ်းမေးပုံ သွားသတိရတယ်။ ဘာတဲ့ … သက်တော်ရှည် ပြန်ကြားရေးဝန်မင်းမေးပုံက သူ့အစိုးရသတင်းစာတွေ ပိုကောင်းအောင် ဘယ်လို လုပ်ရမလဲဆိုလားပဲ။ အံ့ပါ့ကွာ … ဒါတောင် မသိဘဲ သတင်းစာထုတ်လာလိုက်တာ နှစ်ပေါင်း မနည်းဘူးရှိပြီပဲ။
ဖိုးရှုပ် ။ ။ အေး … ကျနော်ကတော့ အလွဲတကာ အလွဲရဲ့အစကတော့ သူတို့ကိုယ်သူတို့ “ပြည်သူတွေက ရွေးကောက်တင်မြှောက်တာပါ” ဆိုပြီး စတက်လာတဲ့ အစိုးရတဖွဲ့လုံးပဲဟေ့။ ဘယ်လိုတက်လာသလဲဆိုတာ သူတို့ကလွဲရင် တကမ္ဘာလုံးက သိပါတယ်။ ခက်တာက ခုထိ လူစုံရင် ကျနော်တို့က ပြည်သူက ရွေးကောက်တင်မြှောက်လိုက်တာ ဆိုပြီး ထထ ဂုဏ်ဖော်နေသေးတာပဲဟေ့။
ထို့နောက် ဦးရုက္ခစိုးက အလွဲဋီကာထဲသို့ ဦးသက်ဆင်ကိုပါ ဆွဲထည့်လေသည်။
ဦးရုက္ခစိုး ။ ။ ဒါပေမယ့် အခုတော့ ထင်သလောက်တော့ မဆိုးဘူးမှတ်လား။ ငါ့အထင်တော့ သူတို့ပါ လွဲရုံမကသေးဘူး … ပြည်ပရောက် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကလည်း မြန်မာပြည်လာပြီး လွဲလိုက်ပါသေးရောလား။ ဦးသန်းရွှေနဲ့ သွားတွေ့သတဲ့။ သူမြန်မာပြည်သွားသွားနေတာ မင်းတို့ ဂျာနယ်လစ်တွေတောင် မသိဘူးမှတ်လား ဖိုးရှုပ်ရဲ့။
ဖိုးရှုပ် ။ ။ ဟုတ်ပ ဦးရုက္ခစိုးရယ်။ ဦးသက်ဆင်က သူ့နှမအရင် ကြိုသွားပြီး ပွဲစားသွားလုပ်ခဲ့တယ် ဆိုပဲ။ သူ့နှမ ဝန်ကြီးချုပ် ဒေါ်ယဉ်လတ်ကလည်း သဘာဝဓာတ်ငွေ့တွေ နှစ် ၂၀ စာလောက် ဝယ်ဖို့ လုပ်သွားသတဲ့ဗျို့။ လက်သွက်ချက်ဗျာ။
ကြွက်စုတ် ။ ။ မြို့တော်ဝန်ဘဝမှာလည်း လွဲလို့ လမ်းတခြမ်းခင်း ပြောင်သိန်းလင်း အမည်ရသွားသူကလည်း အခု ကြံ့ဖွတ်ပါတီ ဗဟိုအမှုဆောင်ဘဝနဲ့ လွဲနေတုန်းပါလား။ တလောက နိုင်ငံရေးပါတီတွေနဲ့ ထမင်းစားပွဲဆိုလားလုပ်ပြီး ပြောလိုက်ပုံက သူတို့ ဗိုလ်ချွတ်တွေ စာမဖတ်ဘူးတဲ့၊ နိုင်ငံရေးအတွေ့အကြုံမရှိ၊ ခိုင်းတာပဲ လုပ်တတ်ပါတယ်ဆိုပြီး ပြောသွားပါရောလား။ ဘာမှ စာမဖတ် မသိဘဲ ဦးသန်းရွှေလက်ထက်မှာ တာဝန်ကြီးကြီးမားမားကြီးတွေ ဘယ်လို ယူခဲ့သလဲတော့ ငါဖြင့် မစဉ်းစားတတ်ပေါင်ကွာ။
ဦးရုက္ခစိုး ။ ။ နေပါဦး … ငါတခု သတိထားမိတာ ရှိတယ်။ လွှတ်တော်အမတ် ဦးအောင်တောင်း ဆိုသဟာ သမ္မတညွှန်ကြားချက်တွေ မရောက်လို့ နယ်စွန်နယ်ဖျားမှာ အပစ်မရပ်တာ ဆိုတာလည်း သူက ပြောလိုက်တာပဲ။ ဗဟိုဘဏ်ကို သီးသန့် ထားပါမယ်ဆိုတဲ့ကိစ္စဆိုလည်း သူပဲ ပြောလိုက်တာပဲ။ ငြိမ်းချမ်းရေးဆိုလည်း သူပဲ ဦးဆောင်လိုက်တာပဲ။ ဒါနဲ့ ငါက ဂျာနယ်လစ်တွေကို လျှပ်မေးလ်ပို့ တီးခေါက်ပြီး မေးလိုက်တယ်ဟ။ ဦးအောင်တောင်းက ဘာတာဝန်ယူထားတာတုန်းဆိုတော့ သေချာမသိဘူးလေတဲ့ … ကောင်းရောပဲ။
ဖိုးရှုပ် ။ ။ ဦးရုက္ခစိုးရယ် ဒါဘာထူးသေးလဲ။ မီးရထားဝန်ကြီးကလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတာပဲ။ နယ်စပ်ရေးရာတို့၊ ပြည်ထဲရေးတို့က ဘာလုပ်နေကြတယ်တော့ မသိဘူး။
ကြွက်စုတ် ။ ။ စက်မှုဝန်ကြီး ဦးဇိုးသိမ်းပြောတဲ့ ရန်ကုန်ကို စင်ကာပူဖြစ်အောင် လုပ်မယ်ဆိုတဲ့ လွဲချက် အဲလေ … ကြိမ်းဝါးချက်ကတော့ ရယ်ရတာ အူတွေနာအောင်ကို လွဲသေးသဟေ့။
ဦးရုက္ခစိုးကား မဆုံးနိုင်သော လွဲချက်ထဲ ဝင်စွက်မိလေပြီဟု သတိရကာ စိတ်ညစ်လာလေသည်။ ဖိုးရှုပ်က ထပ်ပြောပြန်၏။
ဖိုးရှုပ် ။ ။ အာ … ဒါလွဲတာ ဘာဟုတ်သေးလဲ … ဓာတ်ရှင်ဆင်ဆာအဖွဲ့ကို ထေ့ထားပြီး အင်တာနက်မှာ ပြန့်နေတဲ့ “အဲဒီအခန်း … ဖြတ်” မှာ သရော်ထားတဲ့ အလွဲကတော့ အကောင်းဆုံးပဲဟေ့။
ဦးရုက္ခစိုးက အလွဲစကားဝိုင်းကို ဇွတ်ပင် ဖျက်တော့သည်။
ဦးရုက္ခစိုး ။ ။ ကဲ … တော် … တော် … တော်။ အင်တာနက်တွေ ဘာတွေလည်း ရောက်လာပြီ။ လွဲချက်တွေ နားထောင်ရတာ မကုန်နိုင်တော့ပါလား။ ငါတော့ ခေါင်းတောင် တော်တော်ခြောက်သွားပြီ။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ငါမေတ္တာပွားနေတာ အလုပ်ပျက်တယ်။
ဖိုးရှုပ် ။ ။ ဦးအောင်တောင်းကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးရဖို့ ၃ နှစ်လောက် လိုသေးတယ်လို့ ပြောတာပဲ ဦးရုက္ခစိုးရဲ့။ သူပဲ လွဲသလားတော့ မသိဘူး။
ဦးရုက္ခစိုး ။ ။ အေး … လွဲပါ ဖယ်ပါစေ။ ၃ နှစ်လောက် ဒေသခံတွေ ကျောကော့အောင် မခံသင့်တော့ပါဘူး။ ၃ ရက် ၃ နာရီတောင် ပြည်သူတွေကို ဒုက္ခမများစေချင်တော့ပါဘူး။ အလွဲတကာ့အလွဲ ဒါတော့ မလွဲဘဲ အမြန်အဆင်ပြေကြပါစေ။
ကြွက်စုတ် ။ ။ ဒါတောင် နိုင်ငံတကာ တလွဲတွေဖြစ်တဲ့ ယောက်ျားမှ မိန်းမအဖြစ် လိင်ပြောင်းထားသူများကို လေယာဉ်မယ်ခန့် တို့၊ လိင်နှင့် ချစ်မှုရေးရာ ဒီပလိုမာဘွဲ့ပေးသော ကောလိပ် ပေါ်ပေါက်တို့၊ ယောက်ျားတယောက်က ယောက်ျားတယောက်ကို ဒေါ်လာတသိန်းကျော် အကုန်အကျခံ လက်ထပ်တို့၊ မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကွယ်လွန်တာကို ညီညီညာညာ ငိုကြွေးပြ တို့တွေ ကျန်သေးတယ်။
အတော်ပင် စိတ်ရှုပ်လာသော ဦးရုက္ခစိုးက အလွဲရေးရာ ကျွမ်းကျင်သူနှစ်ဦးဖြစ်သော ဖိုးရှုပ်နှင့် ကြွက်စုတ်ကို အောက်ပါအတိုင်း အော်ဟစ် နှင်ထုတ်လိုက်လေတော့သတည်း။
ဦးရုက္ခစိုး ။ ။ ဟေ့ … ဟေ့ … တော်ဆိုတော်တော့ … ဒါတွေအကုန် ငါ့ကိုလာပြောလျှင် ငါ့သမာဓိတွေပျက်ပြီး ဦးနှောက်တွေ လွဲကုန်မယ်။ ငါ့တောင်ဝှေးလက်ချက်နဲ့ မင်းတို့ ဇက်ပိုးတွေ မလွဲခင် မင်းတို့ အလွဲဇာတ်လမ်းတွေ ငါနဲ့ဝေးတဲ့နေရာမှာ သွားလွဲ … အဲလေ သွားပြောကြတော့ဟေ့ …။ ငါတောင် စကားတွေ လွဲကုန်ပြီ။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံရေးသားထားခြင်း မဟုတ်ပါ။