မြန်မာပြည်အတွက် အလှုပ်အရမ်း၊ အပြောင်းအလဲနှင့် မမျှော်လင့်တာတွေ ဖြစ်ခဲ့သော ၂၀၁၁ ခုနှစ်ကြီးကား နိဋ္ဌိတံပေတော့မည်။ တနှစ်တာအရေးကို ဦးရုက္ခစိုးသည်တစိမ့်စိမ့်တွေး၏။ တရေးရေးမြင်၏။ ဆင်ခြင်ကြည့်၏။ မြန်မာ့အရေး ဗလုံးဗထွေးတွင် အားမလို အားမရဖြစ်ခြင်းဟူသော လေပြင်းအောက်၌ မျှော်လင့်ခြင်းဟူသော မီးတောက်ကလေးကလည်း တမျှင်းမျှင်း တောက်လောင် နေ၏။
ဦးရုက္ခစိုး၏ အာရုံဝယ် မြစ်ဆုံတွေ၊ ကချင်တွေ၊ ခွပ်ဒေါင်းတွေ၊ NLD တွေ၊ နိုင်ငံရေးအကျဉ်းသားတွေ၊ လွှတ်တော်တွေ စီရရီပေါ်နေသည်။ ပြည်ထဲအရေး ပေါက်နှင့် ကျေးဟု ဆိုကြသည်။ မြန်မာပြည်သည် ဘယ်လောက် စောင့်ရဦးမည်နည်း။ ချင်းမိုင်ဆောင်း အေးစိမ့်စိမ့်၌ ဤတောင်တောင်အီအီ မနောအတွေးစဉ်ကို ဖျက်သည်ကား ဖိုးရှုပ်နှင့် ကြွက်စုတ်တို့၏ ဆူညံပွက်လောရိုက်လာသော အသံပေတည်း။
ဖိုးရှုပ် ။ ။ နှစ်သစ်ကူးမှာ မူးကြရှုးကြ မောင်းကြရင်း နှစ်စဉ်သေကြလို့ ချင်းမိုင်မှာ ဆိုင်ကယ်တွေ၊ ကားတွေကို အစစ်အဆေး ဒဏ်ရိုက်တာတွေ ကြမ်းတယ်ဗျို့။ နှစ်သစ်ကူးမှာ သတိထားမှ …။ ဘာတွေများ ငြိမ်နေတာလဲ ဦးရုက္ခစိုးရဲ့။
ဦးရုက္ခစိုး ။ ။ နှစ်တနှစ်က ပျက်ခြင်းသဘောနဲ့ ကုန်တော့မယ် မဟုတ်လား။ ၂၀၁၁ ရဲ့ အဖြစ်သနစ်ကို သုံးသပ်နေတာပေါ့။
ကြွက်စုတ်က ထင်ရာမြင်ရာကို စွတ်ပြောလေ၏။
ကြွက်စုတ် ။ ။ ဘာလဲ … ဦးရုက္ခစိုးက ပြည်တော်ပြန်မလို့လား။ သံရုံးမှာ ဗီဇာတွေ ပေးနေပြီဗျ။ ဦးရုက္ခစိုးလည်း နတ်ဗီဇာရရင် ကိုယ်ဖျောက်ပြီး အထဲ ဝင်ဝင်ကြည့်နေစရာ မလိုတော့ဘူးပေါ့။
ဦးရုက္ခစိုး ။ ။ တော်စမ်းပါ ကြွက်စုတ်ရယ်။ မြန်မာပြည်အရေး အဖက်ဖက်ကတွေးပြီး စိတ်ကလေးလာလိုက်၊ ဖြေစရာလေးတွေနဲ့ မျှော်လင့်အားတက်လိုက် ဖြစ်နေလို့ပါ။ ငါ နတ်သက်မကြွေခင်တော့ မြန်မာပြည် ဒီမိုကရေစီရပြီး ရွှေပြည်တော်ကြီးဖြစ်တာ မြင်ချင်သေးရဲ့။
ဖိုးရှုပ် ။ ။ နှစ်သစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်တွေ ကြေညာမယ်လို့တော့ ကြားတာပါပဲ ဦးရုက္ခစိုးရယ်။
ကြွက်စုတ် ။ ။ ရန်ကုန်က အောက်ဆိုက်ကားတွေလိုပေါ့။ အခုထွက်မှာ … ဆွဲဆရာရေ့ ဆိုပြီး စပယ်ယာက အော်၊ ကားဆရာကလည်း စက်သံပြင်းပြင်းနဲ့ ဟန်ရေးပြ … အခုထွက်မှာ … ဆွဲဆရာရေ့နဲ့ပဲ နာရီဝက်လည်း မထွက် … တနာရီလည်း မထွက်သလိုပေါ့ … နိုင်ငံရေး အကျဉ်းသားလည်း အခုလွှတ်မယ် … တော်ကြာလွှတ်မယ် … လွှတ်ချင်မှ လွှတ်မယ်ပေါ့။
ဦးရုက္ခစိုး ။ ။ ကချင်ဘက်မှာ အပစ်က မရပ်၊ နိုင်ငံရေးအကျဉ်းသားတွေကလည်း မလွတ်သေး၊ ကြားဖြတ်ရွေးကောက်ပွဲကလည်း ဘယ်တော့ လာမယ် မသိ၊ ရင်လေး၏။ ငါကပဲ အစဉ်းစား လွန်နေလို့လားမသိ။
ဖိုးရှုပ် ။ ။ သိပ်မစဉ်းစားပါနဲ့ ဦးရုက္ခစိုးရယ်။ မြန်မာပြည်မှာ ပုဂ္ဂလိကဘဏ်တွေလည်း ရှိပြီ၊ ဒေါ်လာကိုလည်း လမ်းဘေးမှာ ရောင်းဝယ်စရာ မလိုတော့ဘူး၊ ငွေလဲကောင်တာတွေရှိပြီ၊ ကားတွေလည်း ရောင်းပေးနေပြီ။ ဖုန်းတွေလည်း ချပေးနေပြီ။ အဲ … အဲ … အင်တာနက်ကတော့ နှေးတုန်းပေါ့လေ။ ကျနော်တောင် အထဲပြန်ကြည့်မလို့ ကြွက်စုတ်ကို အဖော်စပ်နေတာ။
ကြွက်စုတ် ။ ။ မင်းသွားချင်တာ ငါသိပါတယ် ဖိုးရှုပ်ရယ်၊ မင်းက ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ကားမှာ သရုပ်ဆောင် သွားလျှောက်မလို့ မဟုတ်လား။ ဗီလိန်နေရာတော့ ရမှာပေါ့။ ပြီးတော့ ကာယအလှမယ် ပြိုင်ပွဲတွေမှာ မြန်မာအဝတ်အစား အစား နိုင်ငံတကာက ပြိုင်သလို ပြိုင်ရတော့မယ် ဆိုကတည်းက မင်း အထဲပြန်ချင်စိတ်တွေ ပေါက်နေတာ မဟုတ်လား။
ဖိုးရှုပ်ကား အောင့်သက်သက် ဖြစ်သွားလေသည်။
ဖိုးရှုပ် ။ ။ မင်းကသာ အထဲမှာ ဘာသင်တန်း၊ ညာသင်တန်းတွေ ဖွင့်မယ်၊ NGO ထောင်မယ်ဆိုပြီး စိတ်ကူးယဉ်နေတာ မဟုတ်လား။ အထဲမှာ NGO တွေ ပြည့်လို့ဟေ့။ မင်း ခြေချလို့ ရမှာတောင် မဟုတ်ဘူး။ ဖေ့စ်ဘုတ်မှာ “ဖွ” လိုက်ရမလား။ မစ္စတာ ကြွက်စုတ်သည် NGO ထောင်၊ ဘာညာ သင်တန်းဖွင့်ကာ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်လည်း လုပ်တော့ပါမည်လို့ … ဟား … ဟား … ဟား
ဦးရုက္ခစိုး ။ ။ ဟေ့ … တိုင်းပြည်ထူထောင်ရေး လုပ်ရာမှာ အားလုံးကိုယ်စီ ကျရာနေရာက လုပ်စရာတွေ အများကြီးပါကွ။ သူလုပ်တာမှ ကောင်းတယ်၊ ငါလုပ်တာမှ ကောင်းတယ်ရယ်လို့ မရှိပါဘူး။
ဖိုးရှုပ် ။ ။ ကျနော်တို့က ထားပါတော့။ အစိုးရအဖွဲ့ထဲမှာကိုယ်တိုင်က ကိုးရိုးကားရားသမားတွေ ပါနေသေးတယ် ဦးရုက္ခစိုးရဲ့။ ပိဋကတ်အိုးကွဲ လျှပ်စစ်ဝန်ကြီးတို့၊ သတင်းစာ ဘယ်လိုထုတ်ရမလဲ မသိတဲ့ ပြန်ကြားရေးဝန်မင်းတို့၊ အရင်ရွေးကောက်ပွဲက ထွင်လုံးတွေနဲ့ မဲဆွယ်နေသေးတဲ့ ကြံ့ဖွတ်ပါတီတို့၊ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ စကားလုံးကို နားမလည်တဲ့ ဝန်မင်းတို့ပေါ့ … အစုံပါပဲ။
ကြွက်စုတ် ။ ။ ဘာဖြစ်ဖြစ် မင်းကတော့ ပြန်ရမှာပဲ မဟုတ်လား။ ဒိုနာတွေ စပွန်ဆာမပေးတော့ရင် မင်းတို့ အပြင်က ဂျာနယ်လစ်တွေလည်း … ပြာနယ်လစ်ဖြစ်တော့မှာ။ အထဲပြန်ပြီး ဂျာနယ်မှာ သွားရေးပေါ့ကွာ။ အရေးမတတ်ရင်တော့ မီဒီယာဥပဒေဆိုတာကြီး လာတော့မယ်နော်၊ တရားစွဲမယ်ဆိုတဲ့ နို့တစ်စာတွေလည်း မျှော်လင့်ထား ဖိုးရှုပ်ရေ။
ဖိုးရှုပ် ။ ။ အောင်မယ် … စတ္တုတ္ထမဏ္ဍိုင်ဆိုတာ အရေးပါလာပါပြီကွ။ ဝန်ကြီးကိုယ်တိုင် သတင်းစာထဲမှာ ဆောင်းပါးရေး၊ အစိုးရအရာရှိတဦးကလည်း အမည်မဖော်လိုသူဆိုပြီး အပြင်ကို ဆောင်းပါးတွေ ရေးပို့နေကြပါပြီ။ တို့ ဒီက ဒေဝါလီမဂ္ဂဇင်းက အယ်ဒီတာမင်းလည်း အထဲမှာ မီဒီယာ သွားထောင်မယ် ဆိုပဲကွ … ပြောကြတာပဲ။
စကားကောင်းနေကြခိုက် ဦးရုက္ခစိုး မိုဘိုင်းဖုန်းမှ အသံမြည်လာ၏။
တီ … တီ … တီ
ဦးရုက္ခစိုး ။ ။ မက်ဆေ့ချ် ဝင်လာတာဟေ့ … ။
ဖိုးရှုပ်ရော ကြွက်စုတ်ပါ “ဦးသန်းရွှေ ဆီကလား” ဟု တပြိုင်တည်း မေးလိုက်မိသည်။ ဦးရုက္ခစိုးကိုတော့ ပြည်တော်ဝင်ဖို့ ဖိတ်ပြီထင်တယ်၊ သမ္မတကြီးက ဖိုရမ်တက်ခိုင်းတာလား မသိဘူး၊ စာတမ်းဖတ်ဖို့ ထင်ပါ့ဟူ၍လည်း ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ တယောက်တပေါက် ပြောနေကြလေသည်။
ဦးရုက္ခစိုး ။ ။ သယ် … တော်ကြစမ်း … ဘယ်ကလာ … ဒေါ်အောင်ဆန်းစုကြည်က ဖိတ်တာတဲ့ကွ။ အခုတခေါက် တွေ့ဆုံမှုမှာ မြန်မာပြည်ဆိုင်ရာ နတ်မင်းများကို ပင့်ဖိတ်တွေ့ဆုံမတဲ့။ တိုင်းပြည်ကို ဘီလူးမစီးရေး နတ်မင်းများ ဒေဝတာပါတီ ထောင်သင့် မထောင်သင့် ဆွေးနွေးသင့် ဆွေးနွေးရဦးမယ်။ ငါကလည်း တွေ့ချင် ပြောချင်နေတာ ကြာပြီ။ ကဲ … မတိမ်းမစောင်း ဗိန်းဗောင်းနဲ့ ခုပဲ ကြွပြီဟေ့။ မင်းတို့ နေရစ်ခဲ့ပေဦး။
ဦးရုက္ခစိုးကား ပြောပြောဆိုဆို ကွေးသောလက် မဆန့်မီ ဆန့်သောလက် မကွေးမီ ကိုယ်ပျောက်လေပြီ။ ပြည်တော်ဝင်ရေး အာပေါက်အောင် ငြင်းနေကြေသော ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ကား ချင်းမိုင်မြို့ ဆောင်းအေးအေးတွင် ငုတ်တုတ် ကျန်ခဲ့ကြလေသတည်း။ ။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံရေးသားထားခြင်း မဟုတ်ပါ။