ဆေးစွမ်းကောင်းတွေ ပေါများသလောက် လောကကြီးမှာ လူတိုင်းဟာ အချိန်တိုင်းမှာ အဆိပ်မိနေတယ်။ ဟုတ်တယ် အဆိပ်မိတယ်.. အဆိပ်မိနေတယ်ဟေ့၊ အပြောကောင်းလို့အဆိပ်မိတယ်၊ ယုံလွန်းလို့ အဆိပ်မိတယ်၊ အတောင်စုံလို့ အဆိပ်မိတယ်၊ နိဂုံးမသိလို့ အဆိပ်မိတယ်၊ မျက်လှည့်ဆရာတွေကြောင့် အဆိပ်မိတယ်၊ ပိုက်ဆံတွေ မှိုတက်သွားလို့ အဆိပ်မိတယ်။ တကျော့ပြန်လှည့်လာတဲ့ U Turn တွေကြောင့် အဆိပ်မိတယ်။ ကျမလည်း နောက်ဆုံးတည်းတဲ့ ချုံဖွန်မြို့မှာ အဆိပ်မိပြီး ပြန်လာခဲ့တယ်။
ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းမြို့ မြန်မာအလုပ်သမားတွေ စုဝေးနေတဲ့ နေရာက ဒီမိုကရေစီ အပျက်သုန်းဆုံးနေရာလား၊ ဒါမှမဟုတ် ဒီမိုကရေစီ အပေါဆုံး နေရာလား၊ ကြည့်မရလို့ သတ်ပစ်တယ်၊ အမြင်ကပ်လို့ သတ်ပစ်တယ်၊ နေရာမရလို့ ဖြောင်ပစ်တယ်၊ ဒါပဲလား မဟုတ်သေးဘူး၊ ခိုးမယ်၊ လုမယ်၊ ဓားထောက်ပြီး ပစ္စည်းယူမယ်၊ မြန်မာဆိုတာ ခွေးသူခိုးအဆင့်ပဲ တဲ့။ အဲဒီအရပ်ဒေသကို ကျမတို့ ဧရာဝတီ သတင်းထောက် လေးယောက် ဝင်လိုက်ပြီ ဆိုရင်ပဲ သူစိမ်းတွေဟေ့ သူစိမ်းတွေ ဆိုတဲ့ အကြည့်တွေ၊ အကဲစမ်း လေ့လာနေတဲ့ မျက်လုံးတွေ၊ လက်ရည် စမ်းချင်နေတဲ့ လူမိုက်တွေကြားမှာ ကျမတို့ အားလုံး ၅ ရက်တောင် မနေလိုက်ရဘူး။ တန်းပြေးရတာပဲ။
သတင်းထောက် ဆိုပြီး ကင်မရာလေးကိုင် မြင်သမျှ တွေ့သမျှ အားလုံး သဘောကျ ရိုက်ပစ်မယ်လို့ စိတ်မကူးနဲ့၊ ခေါင်းမကွဲရင် သက်ညှာတယ်လို့ မှတ်လိုက်တော့ပဲ။ ကျမတို့ယူသွားရတဲ့ ကင်မရာကအမျိုးအစားအစုံစုံ။ ကိုင်နေကျ ကင်မရာတွေအပြင် နာရီကင်မရာ၊ သော့ကင်မရာ၊ ဘောလ်ပန် ကင်မရာတွေ။ နေရာဒေသနဲ့ လူအရိပ်အကဲကို ကြည့်ပြီးသုံးသင့်တဲ့ ကင်မရာကို ရွေးသုံးရတယ်။ အဲဒီ လူမသိ သူမသိ ကင်မရာမှန်း မသိတဲ့ ကင်မရာ သေးသေးလေးတွေကို ကိုင်ထားရတာကိုက ပေါက်တော့မယ့် ဗုံးကြီး ကိုင်ထားရသလိုလို ဇောချွေးတွေ ကပ်ပြီး သွေးဆုပ်ကုန်တာ။ ပိုလိုဆေး ဖြူးထားတဲ့ ထမင်းဖြူကို စားမိနေတဲ့ ကြွက်လိုပဲ ကိုယ်တိုင် အဆိပ်မိနေတာ၊ ကုစားကြပါဦး။
ဒါပေမယ့် အနာသိဆေးရှိ၊ မနာချင်ဘူး ဆိုရင် ဘယ်နေရာသွားသွား ဆရာ့ဆရာကြီးတွေကို မှီပြီးသွားရတာ။ မိုးက တနှစ်ပတ်လုံးမှာ ရှစ်လလောက် ရွာတယ် တဲ့။ ညည ရှစ်နာရီ၊ ကိုးနာရီဆိုရင် ကမ္ဘာလောကကြီး မှောက်လျက်လဲပြီး တိတ်ဆိတ်စွာ အိပ်မောကျနေပြီ၊ ကာလာအိုကေဆိုင်တွေက လွဲရင်ပေါ့။ အဲဒီ ကာရာအိုကေဆိုင်မှာ တို့ မြန်မာပြည်က မိန်းကလေးတွေ ဘာကြောင့် နှင်လို့ မရ၊ မောင်းထုတ်လို့ မရအောင် တွယ်ကပ်ပြီး အခစား ဝင်နေကြတာလဲ။ အရွယ်ဟိုင်းကြီးတွေကြား အလွယ်ပိုင်းခံရတာကို ဘာလို့ အံလေးကြိတ်ပြီး မချိပြုံး ကွေးကွေးလေးတွေကို ထုတ်ပြနေရတာလဲ။
ကျမတို့အဖွဲ့ကို သတင်းထောက်လို့ လူသိခံလို့ မဖြစ်ဘူး။ ခရီးသွားတွေ၊ ဧည့်သည်တွေလို ဟန်ဆောင်ပန်ဆောင်နဲ့ ကာရာအိုကေဆိုင်ထဲ ဝင်သွားရတယ်။ ဒါပေမယ့် ဒင်းတို့ကလည်း သူစိမ်းတွေ ဆိုတာ တန်းသိတယ်။ နယ်ကျူးကျော်လာတဲ့ ငပေတွေလားဆိုပြီး ကြည့်တယ်၊ အဲဒီ မခေတဲ့ အကြည့်နဲ့တင် ဖြုံကုန်တာ။ ရှေ့မှာ အန္တရာယ်၊ နောက်မှာအန္တရာယ်၊ ခေါင်းကွဲသွားတော့ ချုပ်ပစ်လိုက်ပေါ့၊ အသဲကွဲတော့ ချုပ်ဖို့ခက် ဆိုတဲ့ သင်္ကြန်သီချင်းလိုပဲ။ ပုလင်းထဲက လက်ကျန် အရက်ကို မော့ချပြီး၊ ကုန်သွားတော့ ပုလင်းအလွတ်ကြီးနဲ့ တွေ့တဲ့ လူကို ပစ်ပေါက်တော့မယ့် ဟန်တွေက မျက်လုံးထဲမှာ ပလူပျံနေတယ်။
အဲဒီ ဒေသခံ ကာလသားတွေက မျက်နှာစိမ်းတွေကို ဒီဆိုင်ထဲဝင်ပြီး မဒီလေးတွေနဲ့ ပွဲခံတာကို နှစ်သက်ပုံ မပေါ်ဘူး။ ဒီလိုနေရာမျိုးတွေမှာ သူတို့ ဖြုံလောက်တဲ့ လူနဲ့ ရင်းနှီးထားရင်တော့ အဆင်ပြေတယ်။
ကျမတို့မှာလည်း အကြံအစည်တွေနဲ့ရယ်။ အဲဒီထဲမှာ ကျင်လည်နေတဲ့ မိန်းကလေးတွေ ဘယ်လောက်တောင် များလဲ၊ ဘာလို့ ဒီဘဝနဲ့ ရင်းနှီးနေကြတာလဲ၊ ဒါတွေကို သိချင်တာ။ ဒီလိုသိနိုင်ဖို့ဆိုတာ အရင်ဆုံး သူတို့အနား ချဉ်းကပ်ရမယ်။ ရေလိုက်ငါးလိုက် လုပ်ရမယ်၊ ပြီးရင် ဟိုစပ်ဒီစပ်မေး၊ ဈေးနှုန်းလေးမေး၊ လက်လေးတို့ပြီး အခန်းထဲ ခေါ်၊ ကိုယ်ကဖောက်သည်ရင်း မဟုတ်တော့ ခက်မယ်။ မဒီပျိုလေးတွေကလဲ ဂိုက်ပေးကြမ်းတယ်၊ သတင်းသမားကလည်း သတင်းရဖို့ လုပ်မယ်။ သူတို့ရဲ့ ဘဝဇာတ်စုံကို နောက်ကြောင်း ပြန်ချင်လာအောင်စည်းရုံးဖို့ဆိုတာ အချိန်တော့ လိုတယ်။ အင်းလေ … ခက်တာကသတင်းထောက်က မြူခြင်း၊ ကြူခြင်း၊ ကလူခြင်းတွေမှ မတတ်တာ စည်းရုံးမဲဆွယ်ရေးက ညံ့လောက်တာပေါ့။ ကိုယ်ကလည်း မိန်းကလေးဆိုတော့ ဂွင်လုတယ်ချည်း သူတို့က အောက်မေ့နေမှာ။ ကျန်တဲ့ သတင်းထောက်ကိုကိုတွေလည်း မဒီလေးတွေကြားမှာ နတ်သားလိုလို၊ သားကောင်လိုလို အဆိပ်မိတာ၊ အဆိပ်မိတာ။
ကျမတို့အတွက် အချိန်က အရေးကြီးတယ်။ တခြား သတင်းယူစရာတွေလည်း ရှိသေးတယ်။ ဒီတော့ ကျမတို့ လေးယောက် လူခွဲပြီး အလုပ် လုပ်ကြဖို့ တိုင်ပင်ရတယ်။ ဒီနေရာမျိုးမှာ ယောကျၤားလေး သတင်းထောက်တွေက ပိုပြီး အဆင်ပြေနိုင်မယ်။ မိန်းကလေးချင်း စည်းရုံးရတာလည်း မလွယ်ကူတဲ့ အပိုင်းတွေ ရှိနေတတ်တယ်။ ဒီတော့ ကျမနဲ့ သတင်းထောက်တယောက်က ရေလုပ်သားတွေရဲ့ ဘဝတွေကို သတင်းယူမယ်။ သင်္ဘော ဆိပ်ကမ်းတွေမှာလူသေတွေ၊ အလောင်းတွေ ခဏခဏ တွေ့တွေ့နေရတယ် လို့ ပြောကြလွန်းလို့ ကျမတို့ အဲဒီ ရေလုပ်သားတွေ ရှိတဲ့ သဘောၤကျင်းကို သွားဖို့ ဆုံးဖြတ်ကြတယ်။ ကျန်တဲ့သတင်းထောက် နှစ်ယောက်ကတော့ အဲဒီ ကာရာအိုကေဆိုင်က မိန်းမငယ်လေးတွေ အကြောင်း ရသလောက် သတင်းယူဖို့ တာဝန်ခွဲကြတယ်။
ငါးဖမ်းရေလုပ်သားတွေရဲ့ ဘဝက တော်တော်လေး ထိတ်လန့်စရာတွေ။ သူတို့ဘ၀ သေတွင်းထဲ ဆင်းနေတာနဲ့ အတူတူပဲ လို့ ပြောပြောနေပြီး တစပြင်နဲ့ တူနေတဲ့ အဲဒီလောကကြီးမှာ သူတို့ဘာကြောင့် ကိုယ့်အသက်ကို ဒေဝါလီခံဖို့အထိ အရဲစွန့်ပြီး နေ့စဉ် လုပ်ကိုင်နေရတာလဲ။
ကမ်းမမြင်လမ်းမမြင်တဲ့ ပင်လယ်ပြင်ကြီးမှာ ငါး၊ ပုစွန်ရှာရင်း တခါတလေ ပဋိပက္ခဖြစ်ရင် ရေထဲကို ကန်ချခံရတယ်။ လှေပေါ်ပြန်တက်ဖို့ ကြိုးစားနေတုန်း လှေပေါ်ကနေ တက်မကြီးတွေနဲ့ ထိုးထိုးပြီး နစ်သတဲ့။ တခါတလေ ငါးတွေကို လှောင်ထားတဲ့ လူတရပ်စာ ပုံးကြီးတွေထဲ ငါးတွေနဲ့အတူ ထိုးသိပ်ပြီး အရှင်လတ်လတ် ရေခဲတိုက် သွင်းခံရတာတွေ။ တခါတလေ ငါးရှာရင်း မြန်မာပိုင်နက်ထဲကို နယ်ကျွံသွားတာနဲ့ တပ်မတော်(ရေ)က သေနတ်နဲ့ပစ်လို့ ထိတဲ့သူကထိ၊ သေသူကသေ၊ ခြေလက် ပြတ်သူပြတ်၊ ပင်လယ်ထဲ ကျတဲ့သူကျ။ ဒါတွေကို ကြားရတော့ လေထဲက အောက်စီဂျင်ကို ရှူဖို့မေ့သွားတဲ့ ကျမ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေချည်း ရှူမိသွားတယ် ထင်မိတယ်။
ကျမတို့ အပြင်ထွက်တဲ့အခါတိုင်း ဒေသခံ အသိတယောက်ယောက်ကိုပါ ခေါ်ထားရတယ်။ သတင်းပို့တွေရှိတော့ လှည့်ကင်းတွေနဲ့ ခဏခဏ ဝင်တိုးတယ်။ ဒီလိုနဲ့ အဲဒီအရပ်ဒေသကို ကျောခိုင်းပြီး ထွက်လာခဲ့ကြတယ်။
နောက်တနေရာက ဖန်င ခရိုင်၊ လူတွေကို ကျွန်လို တံဆိပ်ခတ်ပြီး အမှတ်အသား လုပ်တဲ့ နေရာ။ အဲဒီနေရာမှာ ရှိတဲ့ မြန်မာပြည်သားတိုင်း သူတို့ထုတ်ပေးတဲ့ အနီရောင် အကျၤီလက်ပြတ်ကို အပေါ်ခံအဖြစ် အမြဲတမ်း ဝတ်ထားရတယ်။ အကျီနောက်ကျောမှာ အလုပ်ရှင်အမည်၊ လုပ်ငန်း အမျိုးအစားတွေ ရေးထားတယ်။ နေထိုင်ခွင့် လက်မှတ်၊ အထောက်အထားရှိရှိ၊ မရှိရှိ လူတိုင်း ဝတ်ရတယ်။ မဝတ်ရင် ဒဏ်ငွေ ၃၀၀၀ ပေးရတယ်။ မြန်မာပြည်သား မှန်ရင် ဖုန်း မကိုင်ရဘူး၊ ဖိနပ်ကောင်းကောင်းလေးများ ဝယ်မစီးလိုက်နဲ့။ သူခိုးလို့ သတ်မှတ်တယ်။ စက်ဘီး၊ ဆိုင်ကယ် ဝယ်စီးခွင့် မရှိဘူး၊ အဲဒီနေရာမှာ ကျမတို့ ၂ ရက်လောက်ပဲ နေဖြစ်ခဲ့တယ်။
နောက်ဆုံးသွားရမယ့် မြေပုံက ချုံဖွန်ခရိုင်၊ ချောက်ချားစရာ အကောင်းဆုံးနေရာတခု။ မြန်မာပြည်သားတွေ အင်မတန်များတဲ့ အရပ်ဒေသတခု၊ မူးယစ်ဆေးဝါးတွေနဲ့ ယဉ်ပါးနေတဲ့နေရာတခုလို့ ပြောကြတယ်။ လူငယ်တွေကြားမှာ ရေပန်းအစားဆုံးကတော့ အာဆီယံ လို့ ခေါ်တဲ့ မူးယစ်ဆေးတမျိုးပါ။ ဟိုဆေးရောလိုက်၊ ဒီဆေးရောလိုက်နဲ့ ဆေးလေးမျိုး ရောစပ်ထားလို့ အာဆီယံလို့ ခေါ်တာ။ အဲဒီလေးမျိုးထဲ ချောင်းဆိုးပျောက်ဆေးရည် ပါမယ်၊ နောက် ဘိန်းစာရွက်၊ ကော်ဖီမှုန့်။ ရောစပ်ပြီး ဖျော်သောက်ကြတယ်။ ဆေးတပုလင်းစာကို ဘတ်ငွေ ၁၂၀ (4 US$)။ မတတ်နိုင်တဲ့ လူတွေက ဘိန်းစာရွက်ကိုပဲ ဝယ်ပြီး စားကြတယ်။ ဘိန်း စာရွက် ၁၀ ရွက်ကို ဘတ်၂၀ ပေးရတယ်။ အပင်မှာ ခူးပြီး တစပ်စပ်စားနေတဲ့ လူတွေလည်း ရှိတယ်။ အရသာက ခါးတယ်။ အာနိသင်က ထူးတယ်။ တချို့ ရဲတွေနဲ့ စီးပွားရေးသမားတွေက ခြံထဲမှာ စိုက်ထားကြတယ်လို့ ဆိုတယ်။ ငါးဖမ်းထွက်တဲ့အခါ အလုပ်သမားတွေ အလုပ် ကောင်းကောင်း လုပ်နိုင်ဖို့ အလုပ်ရှင်တွေ ကိုယ်တိုင်က အဲဒီ ဘိန်းစာရွက်တွေကို စက်လှေထဲမှာ အိတ်လိုက်ကြီးတွေ ထည့်ပေးလိုက်တယ် တဲ့။
အဲဒီည ကျမတို့ တည်းခိုခန်းတခုကို ရှာရတယ်။ ဒီဒေသမှာလည်း အာဏာပိုင်ရဲတွေနဲ့ သိကျွမ်း နေတဲ့ မြန်မာ အသိမိတ်ဆွေတွေနဲ့ ကျမတို့ အချိတ်အဆက် လုပ်ပြီး သွားရတယ်။ အဲဒီအသိက တက္ကစီတစီး လွတ်ပြီး တည်းခိုခန်းတခုကို ပို့ပေးခိုင်းတယ်။ ကားသမားကလည်း လူကောင်း တယောက်ပါ။ ကျမတို့ကို တည်းခိုခန်းတခုကို ပို့ခဲ့ပါတယ်။
အဲဒီတည်းခိုခန်းရောက်တော့ အခန်းရွေး၊ ပစ္စည်းတွေ သိမ်းဆည်းပြီး ပတ်ဝန်းကျင်ကို ခဏလောက် လေ့လာလိုက်တယ်။ ပြီးတော့မှကျမတို့ အဲဒီတက္ကစီနဲ့ အသိအိမ်ကို ထွက်လာကြတယ်။ တည်းခိုခန်းကနေ ထွက်ပြီ ဆိုတာနဲ့ နောက်မှာ ကားတစီး ထက်ကြပ်မကွာ ကပ်ပါလာတယ်။ ကားသမားကလည်း ဒေသ အခြေအနေကို ပြောပြတယ်။ ဒီမြို့မှာ ထွက်ပေါက်က တပေါက်တည်း ရှိတယ်နော်။ ဒီမြို့မှာ ချောင်ပိတ်မိပြီ ဆိုရင် ထွက်ပေါက် မရှိတော့ဘူး တဲ့။
ကျမတို့ အားလုံး ကားထဲမှာ တိတ်ဆိတ်နေတယ်။ ဟိုမှာ..ဟိုမှာ တွေ့လား အဲဒါက ထွက်ပေါက်၊ သေသေချာချာ ကြည့်ထားတဲ့ ကားသမားက လက်ညိုးထိုးပြတယ်။ ဘာမှ မဖြစ်သေးပေမယ့် အလိုလို တုန်လှုပ်နေတယ်။ အသိအိမ် ရောက်တော့ ခဏ စကားပြောပြီး ဆိုင်မှာ ထမင်း သွားစားကြတယ်။ အဲဒီကနေ တည်းခိုခန်းကို ပြန်လာကြတယ်ပေါ့။ ကျမတို့ တည်းခိုခန်းလည်း ဝင်ရော တည်းခိုခန်းပိုင်ရှင်က ရုတ်တရက်ကြီး ရာဇသံ ပေးလိုက်တယ်။ ချက်ချင်း ထွက်သွားပေးပါ။ ခုချက်ချင်း ထွက်ပြောင်းပေးပါ၊ ရှင်တို့ကို မငှားနိုင်ဘူး တဲ့။ ရှင်တို့ကိုလက်ခံထားရင် ကျမတို့အတွက်လည်း အန္တရာယ်ရှိတယ် တဲ့။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ လူမိုက်တွေလိုလိုနဲ့ ဟိုနားတစု၊ ဒီနားတစု။ ပိုဆိုးတာက ကျမတို့ တည်းတဲ့နေရာက တည်းခိုခန်းလိုလို အပြင်ပန်းလှပြီး အတွင်းမှာက ပြည့်တန်ဆာရုံ။
တည်းခိုခန်းပိုင်ရှင်က ကားသမားကို မယုံသလိုလိုနဲ့ မေးနေတယ်။ ဘယ်ကလဲ ဘယ်သူတွေလဲပေါ့။ ကျမတို့အသိကိုလည်း လှမ်းမေးတယ်။ ကျမတို့အဖြစ်က ညတွင်းချင်း နေရာပြောင်းရဖို့အထိ ဖြစ်လာတယ်။ ပြည့်တန်ဆာရုံ ဆိုတော့ လူမိုက်တွေနဲ့ ကာရံထားဖို့ ရှိတယ်။ အဲဒီမှာ အလုပ်ဖြစ်နေတာက လာအိုနဲ့ မြန်မာ မိန်းကလေးတွေပါ။ ညဉ့် ပိုပြီးနက်လာတယ် ၉နာရီ ကျော်ပြီ။ အရင်တုန်းက အဲဒီ တည်းခိုခန်းကြီးထဲကို ခရီးသွားဧည့်သည် ပုံစံမျိုးနဲ့ ဘန်ကောက်က သတင်းအဖွဲ့တွေ ရောက်လာပြီး ဖမ်းလို့ အလုပ်ပျက်ခဲ့တယ် လို့ ပိုင်ရှင်ကရှင်းပြတယ်။ ဒါဖြင့် ရှင်တို့ မနက် လင်းလင်းချင်း ချက်ချင်း နေရာရွှေ့ပါ။ ဒီလိုမှ မဟုတ်ရင် ရှင်တို့တဖွဲ့လုံး အတွက် အန္တရာယ်များတယ် တဲ့။
အဲဒီည ကျမတို့ တည်းခိုခွင့် ရသွားပေမယ့် အခန်းတွေက ရှေ့ဆုံးကျတဲ့ အခန်းတွေဖြစ်နေတယ်။ ကျမတို့အခန်းရှေ့မှာ ကွင်းပြင်ပဲ ရှိတော့တယ်။ အဲဒီကွင်းပြင်မှာ ညအိပ်နားတဲ့ ကားတွေ ထိုးရပ်ထားတယ်။ အဲဒီကားပေါ်မှာလူတွေ သုံးယောက်စ၊ လေးယောက်စ စကားတွေ ပြောနေကြတယ်၊ ကျမတို့ရဲ့ အခြေအနေကို လေ့လာ အကဲခတ်နေတယ် ဆိုတာ ကျမတို့ အားလုံး သိနေကြတယ်။ တညလုံး မအိပ်ရဲကြတော့ဘူး။ အခန်းပြတင်းပေါက်တွေက လေဝင် လေထွက် ကောင်းအောင် လုပ်ထားတဲ့ မှန်တင်မှန်ချ တံခါးပေါက်တွေ ဖြစ်နေတယ်။ ဆွဲပိတ်လို့ မရဘူး။ မှန်တွေကို ဆွဲချလိုက်တာနဲ့ ပိတ်သလိုလိုတော့ ဖြစ်သွားတယ်။ ဒါပေမယ့် အခန်းစည်း လိုက်ကာ တပ်မပေးထားဘူး။ ကြောက်စိတ်တွေကို ရေဖျန်းကြည့်တယ်။ လန်း မလာဘူး။
ကျမတို့အသိက ငါးဖမ်းစက်လှေပိုင်ရှင် ဆိုတော့ ရဲတွေက သူ့ကို သိကြတယ်။ အထင်ကြီးတာလည်း ပါမယ်။ သူ့စက်လှေထဲမှာ အလုပ် လုပ်နေတဲ့ ရေလုပ်သားတွေထဲမှာ တချို့တွေက လာရောင်းလို့ ဝယ်ထားရတဲ့ မြန်မာတွေလို့ သူ ပြောပြတယ်။ ရဲတွေက သူ့ဆီလာပြီး ဘယ်ကရလာမှန်း မသိတဲ့ မြန်မာတွေကို တယောက် နှစ်သောင်းနဲ့ ဝယ်ခိုင်းလိုက်၊ တသောင်းနဲ့ ဝယ်ခိုင်းလိုက်နဲ့ လာလာပြီး ထိုးရောင်းတယ် တဲ့။ သူကိုယ်တိုင်ကလဲ မြန်မာဆိုတော့ ကိုယ်ချင်းစာ၊ သနားလည်း သနားတာနဲ့ ရောက်လာသမျှ ဝယ်လိုက်ရပြီး သူ့ငါးဖမ်းစက်လှေထဲမှာ အလုပ် ပေးထားလိုက်တယ် တဲ့။ သူမှ မဝယ်ရင် ဒီကောင်လေးတွေဘ၀ ပိုပြီး ရင်လေးစရာကောင်းတယ်လို့ ပြောပြရှာတယ်။ ကျမတို့ ရောက်ရောက်ချင်းပဲ တောင်ပိုင်းမှာ မုန်တိုင်းတွေဝင်လို့ သူ့စက်လှေကြီး နစ်သွားတယ်၊ ရေလုပ်သားလေးတွေတော့ အကုန် လွတ်တယ် လို့ ပြောပြတယ်။
ကျမ သတင်းထောက် တယောက်ရဲ့ ခရီးကြမ်းတွေထဲမှာ ဒီတကြိမ်လောက် ခြောက်ခြားစရာကောင်းတဲ့၊ ထိတ်လန့်စရာ ကောင်းတဲ့ ခရီးစဉ်မျိုး တခါမှ မကြုံဖူးခဲ့ဘူး။ ဒီအခက်ခဲတွေကို ကြောက်လို့ ဒီခရီးကို မလျှောက်ခဲ့ရင် ဒီဆောင်းပါး ဖတ်ရဖို့မမြင်။ ခြေနင်းမိလိုက်တဲ့ အဲဒီစည်းဝိုင်းကြီးထဲမှာ ၁၀ ရက်စာလောက် ကိုယ့်ကိုယ်ကို အဆိပ်မိနေတဲ့ လူတယောက်လို လွတ်လမ်းကို ရှာရင်း ခြေဖဝါးမှာ ကပ်ပါလာတဲ့ အဲဒီအရပ်က မြေမှုန့်တွေကို လွှင့်စင်အောင် ခါချပစ်ခဲ့တယ်။