မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါ၏ဟု ဦးရုက္ခစိုးက မည်သူ့ကိုမဆို နှုတ်ခွန်းဆက်ချင်ပါသည်။ အနောက်ဆန်ဆန် ဆိုလျှင်တော့ “ဟက်ပီး နယူးရီးယား” ဟု နှုတ်ဆက်ရပါမည်။ ၂၀၁၂ ခုနှစ်သို့ ကူးပြောင်းသည့် နှစ်ဆန်း အချိန်သမယ၌ သမ္မတကြီး၏ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်ဖြင့် အကျဉ်းသားများ လွှတ်ပေးသည့် သတင်းသည်ပင် မင်္ဂလာရှိပေစွ။ အစိုးရက သာသနာဆိုင်ရာ ဘွဲ့တံဆိပ် တော်များ ဆက်ကပ်သည်ဟူသော သတင်းသည်လည်း မင်္ဂလာရှိပေစွ။ တနှစ်ပတ်လုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နှစ် ဖြစ်ပါ စေ၊ ကောင်းသောနှစ် ဖြစ်ပါစေ ဟုလည်း ဆုမွန်ကောင်း တောင်းမိရပါ၏။
ဦးရုက္ခစိုး တဦးတည်း ချင်းမိုင် ဒူဆူထေ့ တောင်စောင်းကနေ မြန်မာပြည်ဘက် ငေးမောရင်း စိတ်ကူး ခြေဆန့် နေစဉ် မနီးမဝေးမှ အသံသဲ့သဲ့ကို မသဲမကွဲကြားရ၍ နားစွင့်မိသည်။ အသံက တဖြည်းဖြည်း ပီသလာသည်။
“အလွန်အေးတဲ့ ရာသီ…..အလွန်ချမ်းတဲ့ ရာသီ…..မယ်တရွာ မောင် တမြို့တော့ နေလို့လည်း မဖြစ်နိုင်ပါပြီ….”
ထိုသီချင်းသံကြားသည့် အခိုက် ဦးရုက္ခစိုး စောစောက ကြည်နူးစိတ်ကလေးကနေ အချင်ပေါက်စိတ် ဖြစ်သွားသည်။
ရုက္ခစိုး။ ။ အံမာ ကြွက်စုတ် ဟေ့ကောင် အဲဒီ သီချင်းနဲ့ နင်နဲ့ ဘာဆိုင်သတုန်း ဟေ….။
အနီးရောက်လာသည့် ကြွက်စုတ် သီချင်းသံရပ်သွားပြီး ဦးရုက္ခစိုးကို ကြောင်စီစီ ကြည့်ရင်း ရုတ်တရက် ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားသည်။ မျက်တောင်တခတ်မျှ အကြာတွင်မှ –
ကြွက်စုတ်။ ။ ဟမ်… ဦးရုက္ခစိုးက ဘယ်လိုဖြစ်ရတာလဲ…ဒီလို သာယာနာပျော်ဖွယ် သီချင်း ကြားရတာများ ရည်းစား လူလု ခံရ သလိုပဲ…ကျွဲမြီး တိုနေပါလား…ဘာလဲ ငယ်ရည်းစားကို သတိရသွားလို့လား…အေးပေါ့လေ… ငယ်ကချစ် အနှစ် တရာ မမေ့သာ ဆိုလား ဘာလား….။
ကြွက်စုတ်က ဦးရုက္ခစိုးကို ပြန်ငေါ့လိုက်ပြီး စစ်မျက်နှာ ဖွင့်လိုက်သည်။ ကြွက်စုတ်စကားနှင့် မရှေးမနှောင်းတွင် ဖိုးရှုပ်လည်း အနား ရောက်လာပြီး –
ဖိုးရှုပ်။ ။ ဘယ်က အနှစ် တရာ ဟုတ်ရမှာလဲဟ….နတ်သက်က နှစ် ထောင်ချီ ဆိုတော့…ငယ်ကချစ် အနှစ် တထောင် မမေ့ပေါင် လို့ ပြောရမလိုပဲကွ….။
ဖိုးရှုပ်ပါ စစ်ကူဝင်လာ၍ ဦးရုက္ခစိုး တပ်ပြန်ဆုတ်သွားသည်။
ရုက္ခစိုး။ ။ ဟေ့ကောင်တွေ တော်ပြီ…တော်ပြီ…မဟုတ်က ဟုတ်က တွေ…မင်းတို့ လာရင်း အကြောင်းပဲ ပြော…။
ဖိုးရှုပ်။ ။ လာရင်းကတော့ ထုံးစံအတိုင်း ဟိုအရေး ဒီအရေး ဝေဖန်ရေး လေကန်ရေးပေါ့ ဦးရုက္ခစိုးရာ…. နယူးရီးယားမှာ မတွေ့ကြ ရဘူးဆိုတော့ အခုလာတာလေ…..။
ကြွက်စုတ်။ ။ ဟုတ်တယ် ဦးရုက္ခစိုး…နယူးရီးယားမှာ ဘယ်သွား ကောင့်ဒေါင်း(Countdown) လုပ်နေလဲဗျ…မြန်မာပြည်မှာ ထူးခြား တာလေးတွေ ဖြစ်နေတာ လွတ်မှာစိုးလို့ ကျနော်တို့က လာတာ…..။
အနှီ သကောင့်သား နှစ်ကောင်၏ အထေ့အငေါ့များကြောင့် ဦးရုက္ခစိုး ကလည်း ပြန်ပြီး အငေါ် တူးချင်လာမိသည်။
ရုက္ခစိုး။ ။ ဘယ်မှာမှ မကောင့်ဒေါင်းဘူး…ပိုကာလည်း မဒေါင်းဘူး…ဒေါင်းယောင်လည်း မဆောင်ဘူး…ဖွတ်ယောင်လည်း မဆောင်ဘူး…ဒေါင်းယောင်ဆောင်တဲ့ ဖွတ်လည်း မဟုတ်ဘူး ကွ…..။
ဦးရုက္ခစိုး စိတ်တိုလာမှန်း သိ၍ ဖိုးရှုပ်နှင့် ကြွက်စုတ် ငြိမ်သွားသည်။ ဦးရုက္ခစိုးက ဆက်ပြီး –
ရုက္ခစိုး။ ။ ဟေ့ကောင်တွေ…ငါ ဒီတောင်ပေါ်မှာ နေပေမယ့် အကျဉ်းသား လွှတ်တာလည်း သိတယ်…နှစ်စဉ် ဒီအချိန် လုပ်နေကျ သာသနာ ဆိုင်ရာဘွဲ့တွေ ဘာဘွဲ့တွေ ညာဘွဲ့တွေ ကြေညာတာလည်း ငါ သိတယ် ကွ…..။
ဦးရုက္ခစိုး စကား ခဏ ရပ်သွားမှ ကြွက်စုတ်က မရဲတရဲ ဝင်ပြောသည်။
ကြွက်စုတ်။ ။ ဟုတ်…ဟုတ်ပါတယ် ဦးရုက္ခစိုး ရဲ့….သမ္မတကြီးတောင် ရှေ့က အဂ္ဂမဟာ ဘာညာ ဆိုပြီး အခု လွတ်လပ်ရေး နေ့ သဝဏ်လွှာမှာ ဘွဲ့နှစ်ဘွဲ့တောင် တပ်ထားသေးတယ်…အခုက မကျေမနပ် ဖြစ်နေတာရှိတယ်…အကျဉ်းသားလွှတ်တာ နိုင်/ကျဉ်း က နည်းနည်းလေးပဲ ပါတယ်လေ…ဒီအစိုးရ ကတိမတည်ဘူးတို့ လူလည်ကျတာတို့…အဲဒီလိုဖြစ်နေတာတွေလည်း ရှိတယ် ခင်ဗျ။
ဖိုးရှုပ်။ ။ ဟုတ်တယ် ခင်ဗျ…အရင်လိုပဲ… သူတို့က အကျဉ်းသား လွှတ်တာကို မာဆတ် ဖွင့်စားသလို လုပ်နေတာ…..။
ရုက္ခစိုး။ ။ ဘာ ဘယ်လို မာဆတ် ဖွင့်စားသလို ဟုတ်လား…မင့်ဟာက ဘာလဲ…..။
ဖိုးရှုပ်။ ။ သြော်…ဦးရုက္ခစိုး ကလည်း မာဆတ် ဆိုတာ အကြောအချင်တောင့်တင်းတာ…ညောင်းညာ ကိုက်ခဲတာတွေ ပြေလျော့ အောင် ဆားဗစ် ပေးတဲ့ ဝန်ဆောင်မှုလေ…..။
ကြွက်စုတ်။ ။ ဟေ့ကောင် ဘာ ဆားဗစ် ပေး… ဘာ ဝန်ဆောင်မှုလဲ…ရေဒီယိုမှာ တခါတလေကြားရတဲ့ ကွန်မန့် အဲ… သဘောထား ထင်မြင်ချက် ပြောတဲ့ လူတွေကျနေတာပဲ…စကား ၁၀ လုံး ပြောရင် ၇ လုံး ၈ လုံးက ဘိုလို ချည်းပဲ…ရှင်းအောင် လုပ်ကွာ…..။
ကြွက်စုတ်က ဖြတ်ငေါက်လိုက်ရာ ဖိုးရှုပ်က မျက်မှောင်ကြုတ်၍ ပြန်ကြည့်သည်။
ဖိုးရှုပ်။ ။ အခုန ဟာကို ဆက်ပြောရရင်…အတိုက်အခံနဲ့ နိုင်ငံတကာ အကြောလျော့ရုံလောက် အစိုးရက အကျဉ်းသား လွှတ် တာ…စီဒီ အဟောင်းကြီးပါပဲ…အဲဒါ ပြောတာ ခင်ဗျ…..။
ရုက္ခစိုး။ ။ အေး အဲသလို ရှင်းအောင် ပြောကွာ…ရှင်းနေတာကိုတော့ ရှုပ်အောင် မလုပ်နဲ့…..။
ကြွက်စုတ်။ ။ ဖိုးရှုပ် ပြောမှ သတိရတယ်…အဲဒီ အကျဉ်းသားတွေ မလွှတ်ခင် အစိုးရ လူ့အခွင့်အရေး ကော်မရှင် က ထောင်ထဲ သွားကြည့်ပြီး ဘယ်လို ပြောလဲဆို ထောင်သားတွေရဲ့ အစားအသောက် ကျန်းမာရေး စောင့်ရှောက်မှု အရမ်းကောင်း… ထောင် သားတွေမှာ စိတ်ကို ချမ်းသာနေသလိုပဲ…ကျနော်တောင် ထောင်ထဲ သွားနေချင်လာတယ်…တခုပဲတဲ့…ထောင်ထဲမှာရှိတဲ့ အကျဉ်း သား ဦးရေနဲ့ နေရာထိုင်ခင်း မမျှဘူးတဲ့…အဲဒီအတွက် ပဋိပက္ခတွြေ့ဖစ်နိုင်တယ်တဲ့…သူတို့က ထုတ်ပြန်တယ်လေ…..။
ရုက္ခစိုး။ ။ အေး…အဲဒါကြောင့် ထောင်ကျပ်နေလို့ အခု အကျဉ်းသားတွေ လွှတ်တာ နေမှာပေါ့…..။
ဖိုးရှုပ်။ ။ ကျနော်လည်း သတိထားမိတာ ရှိတယ် ဗျ…အခု ဓာတ်ဆီဈေးတွေကို အစိုးရက ကြို မကြေညာဘဲ ၃၀ ရာနှုန်း တက်လိုက် တယ်…ဒါလည်း အကျဉ်းသား လွှတ်တာနဲ့ ဆိုင်မယ် ဗျ…..။
ကြွက်စုတ်။ ။ မင့် ဓာတ်ဆီဈေး တက်တာနဲ့ အကျဉ်းသား လွှတ်တာက ဘယ်လိုကြီးလဲ…ဆိုင်လို့လား…..။
ဖိုးရှုပ်။ ။ ဆိုင်တာပေါ့ ကွ…သိပ် မကြာသေးခင်မှာ မီတာခတွေ ၂ ဆ တက်မယ်လို့ ကြေညာလိုက်တော့…ပူညံပူညံတွေ…မကျေနပ် သံတွေ ညံလာတယ် မဟုတ်လား…ဒါကြောင့် ဓာတ်ဆီဈေးကို မကြေညာဘဲ တက်တာပေါ့…ပြီးတော့ အကျဉ်းသား လွှတ်ပြီးမှ တက်တာ ဆိုတော့…အဲဒီဘက် အာရုံလည်း လျော့သွားတာပေါ့…..။
ရုက္ခစိုး။ ။ အင်း ဖြစ်နိုင်တယ်…၂၀၀၇ တုန်းက သင်္ခန်းစာလည်း ရှိတယ် မဟုတ်လား…လောင်စာဆီဈေး အဆမတန် တက်လို့ လမ်းလျှောက် ဆန္ဒပြမှု ဖြစ်ခဲ့တာလေ…..။
သုံးဦးသား အတိုင်အဖောက် ညီနေသောကြောင့် ဦးရုက္ခစိုးမှာ စောစောက မင်္ဂလာ စိတ်ကူးများပင် မေ့ချင်ချင်ဖြစ်၍ နေသည်။ ဤတွင်မှ ကြွက်စုတ်က တစခန်း ထလာတော့သည်။
ကြွက်စုတ်။ ။ ဒါနဲ့ နေပါဦး…ကျနော် ဒီရောက်ခါစက ဦးရုက္ခစိုးကို တွေတွေ ငေးငေး ဖြစ်နေတာ မြင်ရတယ်ဗျ…ဘာတွေ စဉ်းစား နေတာလဲ…အခု ကြားဖြတ် ရွေးကောက်ပွဲ ရက်ကလည်း ကြေညာပြီးပြီ ဆိုတော့…မဟုတ်မှ လွဲရော…ရွေးကောက်ပွဲ ဝင်ရေး မဝင် ရေး များလား…..။
ရုက္ခစိုး။ ။ ဟေ့ကောင် အကောင်းပြောနေရင်း လုပ်လာပြီ…နင့် ဂျီးဒေါ် ရွေးကောက်ပွဲ စဉ်းစားရမှာလား…နှစ်သစ်မှာ မင်္ဂလာ ရှိတဲ့ အဖြစ်အပျက်တွေ…မင်္ဂလာရှိတဲ့ လုပ်ရပ်တွေကို စဉ်းစားနေတာ…ဒါမှ ကိုယ့်မှာလည်း ကောင်းတဲ့စိတ်…ကောင်းတဲ့အပြုအမူတွေ…
ဦးရုက္ခစိုး စကားမဆုံးသေးခင် ကြွတ်စုတ်က ကြားဖြတ်၍ –
“ကောင်းတာတွေစား…ကောင်းတာတွေ ဝတ်…ကောင်းတာတွေ ပြော…မင်း လူပေါင်းမှားနေတော့ ငါတို့က ပြင်ပေးလို့မရ…….မင်း တယောက်တည်းလွဲ…မင်း တယောက်တည်းပဲ လူတွေဝိုင်းဆွဲ လမ်းမှားနေခဲ့…”ဆိုသည့် ဟစ်ပ်ဟော့ပ် အဆိုတော် ရဲလေး၊ ကြက် ဖ နှင့် ဂျေမီ တို့၏ သီချင်းကို ဆိုလိုက်ရာ ဦးရုက္ခစိုးလည်း ဒေါသ ဖြစ်ပြီး ညောင်ပင်ရင်း၌ တွေ့ရသော သစ်ကိုင်းခြောက်ဖြင့် ကြွက်စုတ်ကို လိုက်ရာ ဖိုးရှုပ်ပါ ရော၍ ဖဝါးနှင့်တင်ပါး တသားတည်း ပြေးရလေတော့သည်။ ။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံရေးသားထားခြင်း မဟုတ်ပါ။