ညနေ ၆ နာရီ မထိုးသေးပေမယ့် ရန်ကုန်မြို့ ပြည်လမ်းပေါ်ရှိ တော်ဝင်စင်တာရဲ့ ရှေ့မှာ လူတွေ အုံခဲနေပါတယ်။
၅ နာရီ မထိုးခင်ကတည်းက ခန်းမထဲမှာ လူတွေ နေရာယူနေပြီလို့သိထားပေမယ့် ဖိတ်စာနဲ့ ဝင်ရတဲ့ပွဲမို့ ဝင်ရတာ လွယ်လောက်တယ်လို့ ထင်မိတာ မှားသွားပါတယ်။ လူအုပ်ကြီးက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လာမယ်ဆိုတာ သိထားလို့ စောင့်နေကြပါတယ်။ လူကြားထဲ အတင်းတိုးဝင်မှပဲ တော်ဝင်ပလာဇာ အဝကို ရောက်ပါတယ်။ လုံခြုံရေးယူထားသူကို မေးကြည့်တော့ ခန်းမထဲကို အနောက်ပေါက်က ဝင်ရမယ်လို့ ဆိုပါတယ်။
လွတ်လပ်ရေးနေ့မှာ ကျင်းပတဲ့ လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော် ဆုပေးပွဲနဲ့ အတူ သီးလေးသီးအငြိမ့်နဲ့ ဖျော်ဖြေမယ့်ပွဲဖြစ်လို့ လူတွေက တော်တော်လေး စိတ်ဝင်စားနေကြပါတယ်။
“လူတိုင်း ဝင်လို့မရဘူးလား” ဆိုတဲ့ အသံတွေ ဟိုက ဒီက ကြားနေရပါတယ်။
ဒီပွဲကို စီစဉ်သူတဦးဖြစ်တဲ့ ကိုဇာဂနာက “အစကတော့ ဖရီးရှိုးလုပ်မလို့ပဲ။ ဒါပေမယ့် လုံခြုံရေးကြောင့် အခုလို ဖိတ်စာနဲ့ စီစဉ်ရတာပါ” လို့ ဖိတ်စာပေးရင်း ပြောခဲ့ပါတယ်။ သူ့အပြောအရ ဖိတ်စာတစောင်ကို လူဘယ်လောက်ဝင်ဝင်လို့ သိထားပေမယ့် တကယ့်တကယ် ဝင်မယ်လုပ်တော့ ဖိတ်စာတစောင်ကို ၂ ယောက်ပဲ ခွင့်ပြုတော့တယ်ဆိုတဲ့ ကြေညာသံကို ကြားလိုက်ရပါတယ်။
ဖိတ်စာလေးတွေ ကိုယ်စီကိုင်ထားသူတွေ တန်းစီ ရပ်နေချိန်မှာ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားရေးမှူးဟောင်း ဒေါက်တာ ဦးထွန်းလွင်ကို ငွေရောင်အထူးဖိတ်စာလေး ကိုင်လျက်သား တန်းစီနေတာ တွေ့ရပါတယ်။ လုံခြုံရေးယူထား သူတွေက
အိတ်တွေဖွင့်စစ်နေချိန်မှာ ဖိတ်စာမရှိသူ တချို့က သူတို့ဝင်ရလို ဝင်ရငြား ဇွဲကောင်းကောင်းနဲ့ မေးနေသံ ကြားရပါတယ်။ လုံခြုံရေးဝန်ထမ်းတွေက ဖိတ်စာပါလာပြီး တယောက်ထဲ လာသူတွေနဲ့ အဲဒီလို လူတွေကို တွဲပေးပြီး အထဲကို ပေးဝင်ပါတယ်။ ဒါပေမယ့်လည်း အဲဒါက တော်တော်လေး ရှားပါတယ်။ လာတဲ့သူတွေက အနည်းဆုံး ၂ ယောက်စီ လာကြတာပါ။
ဓာတ်လှေခါး ပေါက်ထဲကို လူ ၈ ယောက်လောက်စီ ခွဲထည့်ပေးပြီး လုံခြုံရေးဝန်ထမ်းတဦးပါ ဓာတ်လှေခါးနဲ့ လိုက်တက်လာပါတယ်။ ၇ ထပ်ကိုအရောက် ဓာတ်လှေခါး ပွင့်လာတာနဲ့ ခန်းမကြီးကို ဘွားခနဲ တွေလိုက်ရပါ တော့တယ်။
“ဟိန်းရာဇာ” ဆိုတဲ့ ဆိုင်းဝိုင်းကြီးကို စင်မြင့်ပေါ်မှာ ပြင်ဆင်ထားတာ တွေ့လိုက်ရတယ်။ ခန်းမမှာချထားတဲ့ ထိုင်ခုံတွေကတော့ အကုန်ပြည့်နေပါပြီ။ မတ်တပ်ရပ်ပြီးပဲ အရှေ့ကို မျှော်ကြည့်နိုင်ပါတော့တယ်။
၆ နာရီ အတိမှာ ပွဲစပါပြီ။ ဒီရုပ်ရှင်ပွဲတော်ရဲ့ နာယက ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်းကို ခပ်တိုတိုပဲ ပြောပါတယ်။ လွတ်လပ်ခြင်းရဲ့ အဓိပ္ပာယ်နဲ့ ဒီပွဲ ဘာကြောင့်ကျင်းပရတယ် ဆိုတာပါပဲ။ လူရွှင်တော် ကိုဇာဂနာကတော့ ၆၄ နှစ်မြောက် လွတ်လပ်ရေးနေမှာ သူ့သူငယ်ချင်းတွေ လွတ်မြောက်လာမယ်လို့ သူမျှော်လင့်ထားခဲ့ပေမယ့် ဖြစ်မလာခဲ့ဘူးလို့ ကြေကြေကွဲကွဲ ဆိုပါတယ်။
ဆုရသူတွေကို ကြေညာဖို့အတွက် အနုပညာသမားတွေကို သူပဲ ခေါ်ယူပါတယ်။ ပထမဆုံး အန်နီမေးရှင်း ကာတွန်းရုပ်ရှင်ဆုကို ကြေညာဖို့အတွက် သရုပ်ဆောင် လူမင်းကို ဖိတ်ခေါ်လိုက်ပါတယ်။ ကာတွန်းရုပ်ရှင် ဆုကို ဒါရိုက်တာ ဇော်ဘိုဘိုဟိန်း ရရှိပါတယ်။ ကြေညာအပြီးမှာ ဒါရိုက်တာရဲ့ ကာတွန်းရုပ်ရှင် Unity and Freedom ကို ပြသပါတယ်။ အနုပညာရှင်တွေအတွက် ရည်ရွယ်ထားတဲ့ ကာတွန်းရုပ်ရှင်၊ လူတွေကို လွတ်လပ်စွာ ဖန်တီးခွင့် ရစေချင်တဲ့ စေတနာနဲ့ ဖန်တီးထားတဲ့ ကာတွန်းရုပ်ရှင်လေးကို ပရိသတ်က လက်ခုပ်သြဘာ ပေးကြပါတယ်။
ဒုတိယ တဆုကတော့ မျက်နှာသစ်ထူးချွန်ဆုလို့ နာမည်ပေးထားပါတယ်။ ဒီဆုကိုတော့ အသက် ၁၉ နှစ်အရွယ်သာ ရှိသေးတဲ့ အောင်ဇော်မိုးက ရရှိပါတယ်။ ဆုကြေညာသူက ဒါရိုက်တာ ကြည်ဖြူသျှင်ပါ။ သူ့ဇာတ်ကားနာမည်က “Still in dark” ဖြစ်ပါတယ်။ အဖြူအမည်းနဲ့ ရိုက်ထားပြီး လူတယောက် တိုက်ခန်း တခန်းထဲမှာ နိုးထ၊ မျက်နှာသစ် သွားတိုက်၊ သော့အထပ်ထပ်ဖွင့်ပြီး မှောင်မည်းနေတဲ့ လမ်းပေါ်ကနေ စတိုးဆိုင် တဆိုင်ထဲကို သွား၊ စားစရာဝယ်၊ ပြန်လာ၊ ပြီးတော့
ကွန်ပျူတာဖွင့်၊ ကွန်ပျူတာက ဖွင့်မရ၊ ဘေးက ဖျာပေါ်မှာ ပြန်အိပ်၊ ပြန်နိုးထ ဒါကိုပဲ ထပ်တလဲလဲ ပြန်ပြတာပါ။
ညဘက်မှာနိုးထပြီး အပြင်ထွက်တယ်လို့ ထင်ရပေမယ့် စာတန်းထိုးပြတာက မနက် ၈ နာရီ ဖြစ်နေပါတယ်။ မနက် ၈ နာရီက ညလိုပဲ မှောင်မည်း နေတာကို ပြထားပါတယ်။ အမှောင်ထဲမှာ နေထိုင်သူတယောက်အကြောင်းကို သရုပ်ဖော်ထားပေမယ့် မြန်မာပြည်သား အားလုံးကို ရည်ရွယ်တယ်လို့ ယူဆမိပါတယ်။ အင်တာနက် ကွန်နက်ရှင်ကို စိတ်တိုပြီး မောက်စ်ကို လွှင့်ပစ်လိုက်တဲ့ ဒီလူရဲ့ ဘဝက လူငယ်ထုကို ကိုယ်စားပြု ချင်ပုံရပါတယ်။ ဒီဇာတ်ကားကိုလည်း ပရိသတ်က အားပေးပါတယ်။
နောက်တဆုကတော့ ဒါရိုက်တာ ဝိုင်း ရိုက်ကူးတင်ပြထားတဲ့ “အဲ့ဒီအခန်းဖြတ်” ဆိုတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ပရိသတ် အကြိုက်ဆုံး ဆုကို ဒါရိုက်တာဝိုင်းက ရရှိတာပါ။ ဆုကြေညာသူက ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ဖြစ်ပါတယ်။ ဒါရိုက်တာ ဝိုင်းကို သူ့ မိတ်ဆွေ ရုပ်ရှင်လောကသားတွေက လက်ဆွဲနှုတ်ဆက်နေတာ တွေ့လိုက်ရပါတယ်။
ကိုဇာဂနာက ရုပ်ရှင်ပွဲတော် ကျင်းပနေချိန် ချထားတဲ့ မဲပုံးတွေထဲမှာ ရခဲ့တဲ့ ၁၀၀၅၄ မဲအနက် ၇၀၁၁ မဲနဲ့ ပရိသတ်အကြိုက်ဆုံး ဆုကို ရခဲ့တာလို့ ဆိုပါတယ်။ ဒီဇာတ်ကားကတော့ အားလုံး သိထားပြီးတဲ့ ဇာတ်ကားပါ။ ရုပ်ရှင်ပွဲတော် ဖွင့်ပွဲမတိုင်ခင် အင်တာနက်ပေါ်မှာ ပြန့်နှံ့ခဲ့တဲ့ ဒီဇာတ်ကားက ရုပ်ရှင် ဆင်ဆာအဖွဲ့ကို သရော်ထားတာပါ။ ဒီဇာတ်ကားကို ပြသနေတဲ့အချိန်မှာ ပရိသတ်လက်ခုပ်သံ တဖြောင်းဖြောင်း ကြားနေရပါတယ်။ ပြသအပြီးမှာတော့ ဒီဇာတ်ကားထဲမှာ စွန့်စွန့်စားစားနဲ့ မကြောက်မရွံ့ ပါဝင်သရုပ်ဆောင်ပေးတဲ့ အနုပညာရှင်တွေကို ကျေးဇူးတင်ကြောင်း စာတန်းထိုးပြထားပါတယ်။
စတုတ္ထမြောက် ပေးတဲ့ဆုက အကောင်းဆုံး ဇာတ်လမ်းတို ဆု ဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် ဆုကို ကြေညာသူက သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်းပါ။ “ကြိုး” ဆိုတဲ့ ဇာတ်လမ်းတိုနဲ့ ဒါရိုက်တာ မင်းသိုက်က ဒီဆုကို
ဆွတ်ခူးရရှိခဲ့ပါတယ်။
ရန်ကုန်မြို့နေ လူလတ်တန်းစား အများစု ကြုံတွေ့နေကျ အဖြစ်အပျက်ကလေးကို ရိုက်ပြထားတာပါ။ အဖွင့်မှာ ကြာနီကန် ဆရာတော်ရဲ့ မောရသုတ်တရားတော်နဲ့ စထားပါတယ်။ တိုက်ပေါ်က တန်းလန်းကျနေတဲ့ ကြိုးလေးတွေ အကြောင်းပါ။ ဒီကြိုးလေးတွေနဲ့ တိုက်ခန်းမြင့်နေလူတွေ ပစ္စည်းအပေးအယူလုပ်ရပုံက ရိုးရှင်းပေမယ့် အဓိပ္ပာယ် ပေါ်လွင်ပါတယ်။ ကြိုးကလေးကို လှုပ်လိုက်လို့ ခေါင်းလောင်းလေး မြည်သွားချိန် သရုပ်ဆောင်သူက ငုံ့ကြည့်လိုက်တော့ ကြိုးမှာ လက်ဖက်ရည်နဲ့ အီကြာကွေး လာချိတ်ပေးလိုက်တာကို မြင်လိုက်ရတော့ ခုံမှာ ထိုင်ကြည့်နေတဲ့ ပရိသတ်ထဲက ၁၀ နှစ်အရွယ် ကလေးတယောက်က နောက်က သူ့ဖခင်ဖြစ်သူကို လှည့်ကြည့်ပြီး ရယ်ပါတယ်။ ဖခင်ဖြစ်သူက “အဲဒီအဖြစ်က သူ နေ့တိုင်း ကြုံနေကျလေ” လို့ မေးဆတ် ပြုံးပြပြီး ပြောလိုက်ပါတယ်။
နောက်ဆုံးဆုကတော့ အကောင်းဆုံး မှတ်တမ်း ရုပ်ရှင်ဆုဖြစ်ပါတယ်။ ဆုကြေညာသူက ဘကြီးအောင်လို့ အများခေါ်ကြတဲ့ သရုပ်ဆောင် ဒါရိုက်တာအောင်လွင်ပါ။ ဆုရရှိသူကတော့ စိုင်းကျော်ခိုင်ဖြစ်ပါတယ်။ ရွှေဝါရောင် တော်လှန်ရေးကာလက ခက်ခက်ခဲခဲ သတင်းဓာတ်ပုံတွေ ရိုက်ယူခဲ့ပြီး သူ့ဓာတ်ပုံတွေက ကမ္ဘာအရပ်ရပ်မှာ အခုထိ အသုံးပြု ဖော်ပြနေရဆဲဖြစ်တဲ့ ဓာတ်ပုံသတင်းထောက် လောအယ်စိုး အကြောင်းကို ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ပါ။
ရွှေဝါရောင်တော်လှန်ရေး ကာလက စွန့်စားပြီး ဓာတ်ပုံတွေ ရိုက်ကူးခဲ့သူ လောအယ်စိုးဟာ ကရင်တိုင်းရင်းသား ခရစ်ယာန်ဘာသာဝင် တဦးဖြစ်ပြီး မအေးချမ်းတဲ့ နယ်စပ် ဒေသမှာ ကြီးပြင်းခဲ့ရသူ ဖြစ်ပါတယ်။ ရွှေဝါရောင် ရုပ်ပုံတွေက ရန်ကုန်လူထုအတွက် မဆန်းပေမယ့် လောအယ်စိုးကြီးပြင်းခဲ့တဲ့ ဒေသမှာ တိုက်ပွဲတွေဖြစ်နေတာတွေ၊ ပြေးလွှားနေတဲ့ တိုင်းရင်းသားတွေ၊ ဒဏ်ရာရသူတွေကတော့ ရန်ကုန်မြို့နေ ပရိသတ်အတွက် အဆန်းတကြယ်ဖြစ်နေပုံ ရပါတယ်။
လောအယ်စိုးရဲ့ အင်တာဗျူးတွေနဲ့အတူ ပြသနေတဲ့ ပုံရိပ်တွေဟာ ပရိတ်သတ်ကို ငြိမ်ကျသွားအောင် စွမ်းဆောင်နိုင်ပါတယ်။ အင်တာဗျူးဖြေရင်း မျက်ရည်ကျနေတဲ့ လောအယ်စိုးကို မြင်ရချိန်မှာ ပရိသတ်အသံ လုံးဝကို
မကြားရတော့ပါဘူး။ ကျနော်ကတော့ လွတ်လပ်ရာဒေသကို ရောက်နေပြီ၊ ဒါပေမယ့် ကျနော့်ဓာတ်ပုံတွေထဲမှာ ပါခဲ့ကြသူတွေကတော့ အခုအထိ မလွတ်မြောက်နိုင်သေးဘူး ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်တဲ့ စကားကို ပြောရင်း လောအယ်စိုး မျက်ရည်ကျတာပါ။ ဇာတ်ကားပြီးသွားပြီ ဆိုတော့မှ အားလုံးရဲ့ အားပေးလက်ခုပ်သံ ခန်းမထဲမှာ ဟိန်းထွက်လာပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆုချီးမြှင့်တဲ့အတွက် ဆုရသူတွေ တော်တော်လေး ကျေနပ် ဝမ်းမြောက်နေတာ
တွေ့ရပါတယ်။ နှစ်စဉ်ကျင်းပတဲ့ အကယ်ဒမီပေးပွဲနဲ့ မတူတဲ့ အချက်ကတော့ စိန်ရောင်ရွှေရောင်တွေ ပြိုးပြက်နေတာ မတွေ့ရတာပါပဲ။ ဒါပေမယ့် စိန်ရွှေထက် သာတဲ့ အလင်းရောင်တွေကိုတော့ ပရိသတ်အားလုံးရဲ့ မျက်လုံးတွေထဲမှာ
မြင်နေရပါတယ်။
ဆုချီးမြှင့်ပြီးချိန်မှာ ဆုရသူတွေအသီးသီး ကျေးဇူးတင်စကား ပြောကြပါတယ်။ ကာတွန်းရုပ်ရှင်ဆု ရတဲ့ ဇော်ဘိုဘိုဟိန်းက ကျေးဇူးတင်စကားနဲ့အတူ သူ့ဇာတ်ကားလေးအကြောင်း ရှင်းပြရာမှာ အနုပညာရှင် အားလုံးကို ရည်ရွယ် တင်ဆက်တဲ့အကြောင်း၊ မြန်မာပြည်က အနုပညာရှင်တွေဟာ မလွတ်လပ်ကြတဲ့အတွက် ဖန်တီးကြရာမှာ လိုရင်းကို မရောက်နိုင်တဲ့အကြောင်း ပြောချင်တာပါလို့ ဆိုပါတယ်။ သူ့ရဲ့ ကာတွန်းရုပ်ရှင်လေးကို လူအများ စုပေါင်းဖန်တီးကြတာ၊
အကြံဉာဏ်တွေ ယူရတာလို့လည်း ပြောပါတယ်။
ဒါရိုက်တာ ဝိုင်းကတော့ သူ့ဇာတ်ကားမှာ သရုပ်ဆောင်တဲ့ သူတွေကို ကျေးဇူး ထပ်တင်ကြောင်း ပြောပါတယ်။ ဖန်သားဆုလေးကို မြှောက်ပြပြီး “ဒါ ပရိသတ်ပေးတဲ့ ဆုစစ်စစ်။ ရိုးရိုးလေးပဲနော်၊ ရွှေကြယ်လည်း မပါဘူး” လို့
ပြောလိုက်တဲ့အတွက် ပရိသတ်က ရယ်မောရင်းလက်ခုပ် သြဘာပေးပါတယ်။
ဒါရိုက်တာ မင်းသိုက်ကလည်း သူ့ရဲ့ “ကြိုး” ဇာတ်ကားအကြောင်း ရှင်းပြပါတယ်။ လူတယောက်နဲ့ ရိုက်ထားပေမယ့် ဒီလူဟာ မြန်မာပြည်သား အားလုံးကို ကိုယ်စားပြုတယ်၊ လက်ဖက်ရည်နဲ့ အီကြာကွေးထုပ်ကလေး လက်ထဲရောက်ဖို့
ကြိုးစားရပုံက မြန်မာပြည်သူပြည်သားတွေ နေ့စဉ် စားဝတ်နေမှု အတွက် ရုန်းကန်နေရတာကို ဆိုလိုတယ်၊ နောက်ဆုံး ဒီ စားသောက်စရာ အထုပ်ကလေးက လူရဲ့လက်ထဲကို ရောက်သွားတယ်။ ဒီနေ့အတွက်ပဲ၊ နောက်နေ့တွေမှာ ထပ်ရုန်းကန်ရဦးမယ်လို့ ဆိုလိုတယ် ဆိုတဲ့အကြောင်း ပြောလိုက်တော့ ပရိသတ်က လက်ခုပ်တီးအားပေးပါတယ်။ စားဝတ်နေရေးအတွက် မလွတ်လပ်တဲ့ လူထု အမှန်တကယ် လွတ်လပ်ပါစေလို့လည်း သူက ဆုတောင်းပါသေးတယ်။
စိုင်းကျော်ခိုင်ကတော့ သူ့ဆုကို ကိုယ်တိုင် တက်မယူနိုင်ခဲ့ပါဘူး။ ကိုယ်စား ယူပေးသူက ဒါရိုက်တာ မင်းထင်ကိုကိုကြီးပါ။
ဆုချီးမြှင့်အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်က ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတချို့ကို ငွေလှူဒါန်းသလို၊ တော်ဝင်ပလာဇာ မိသားစုကလည်း လူမှုကူညီရေးအဖွဲ့တွေ၊ လူမှု ပညာရေးအဖွဲ့တွေကို ငွေလှူပါတယ်။ တဖွဲ့ကို ကျပ်
သိန်း ၅၀ လှူတာပါ။
ငွေလှူဒါန်းပွဲ အပြီးမှာတော့ တော်ဝင်ပလာဇာ မိသားစုရဲ့ ဥက္ကဋ္ဌ ဦးကိုကိုထွေးနဲ့ အဖွဲ့က ဂုဏ်ပြုတေး သီဆိုပါတယ်။
“ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်” ဆိုပြီး သီချင်းအစချီလိုက်တာနဲ့ ပရိသတ်က တခဲနက် အားပေးပါတယ်။ သံပြိုင်ပိုဒ်ဖြစ်တဲ့ “ရာဇဝင်၊ အထ္ထုပ္ပတ္တိလည်း ရှိရမယ်” ဆိုတဲ့ နေရာမှာတော့ ပရိသတ် အားလုံး လက်ခုပ်တီးပြီး သံပြိုင်ဝင်ဆိုကြပါတယ်။
ရုပ်ရှင် ဆုပေးပွဲအဆုံးသတ် အနေနဲ့ ကိုဇာဂနာက စကားပြောရာမှာ နောက်ထပ် ရုပ်ရှင်ပွဲတော် ကျင်းပဦးမယ်လို့ ပြောလိုက်ပါတယ်။
“နောက်တခါ ကျင်းပမယ့် ရုပ်ရှင်ပွဲတော်ရဲ့ နာမည်ကတော့ မင်္ဂလာဒီမိုကရေစီပါ” ဆိုတဲ့စကားနဲ့ အခမ်းအနား ပထမပိုင်းကို အဆုံးသတ်လိုက်တာပါ။ ။