ပန်းတိုင်ဆိုတာ ကုန်းလမ်းခရီး ဖြစ်လို့ ခြေခေါက်လဲတတ်တယ် တဲ့။ ကလေးဘဝတုန်းက ရေပုံးလေးကိုင်၊ တီကောင်ပြောင်ချောချောတွေကို လိုက်ကောက်ပြီး ဘဲစာ ကျွေးခဲ့ရတာ၊ကြာတော့ တီကောင်ဆို မဖြုံတော့ဘူး၊ အူယားမနေတော့ဘူး၊ ကျောင်းမှာ စာမရတဲ့ကလေး တီကောင်နဲ့ လိုက်တို့မယ် ပြောရင် ပျော်တောင် ပျော်သေး။ ဒီလိုပဲပေါ့ … ခြေခေါက်လဲတာပဲ၊ ဖြုံစရာလား။
တချို့သော မညီမျှခြင်းတွေက ကိုယ့်အပေါ် တိုက်ရိုက် အချိုးလာကျတယ်။ တချို့ကျတော့ ပြောင်းပြန် အချိုးချလိုက်ရင် ညီမျှနေပြန်တယ်။ သတင်းထောက်သင်တန်း တက်ခဲ့တုန်းက အသက်သည်သာ တန်ဖိုး အရှိဆုံးလို့ ခေါင်းထဲ မှတ်သားရတယ်။ မီဒီယာလောကမှာတော့ တခါတရံမှာ အသက်နဲ့ သတင်းက ပြောင်းပြန် အချိုးညီတယ်။
တိုက်ပွဲတွေကြား သတင်းယူရတယ် ဆိုတာ အသက်ကို ဖက်နဲ့ထုပ်ထားရတာ။ ဗုံးသံ၊ ကျည်သံ ဆိုတာ ရုပ်ရှင်ထဲကအသံမှ မဟုတ်တာ။ ကိုယ်တိုင် နားနဲ့ ဆတ်ဆတ် ကြားနေရတာရယ်။ သတင်းထောက် အဲမလီ သတင်းလာယူလို့ တရက်လောက် စစ်မတိုက်ဘူးဟေ့ ဆိုရင်တော့ ကောင်းတာပေါ့။ ခုတော့ ဘယ်ကြေးနန်းစာမှ ထွက်မလာ။ အေးလေ… ဘဝဆိုတာတိုက်ပွဲ ဆိုရင် ဒါက တိုက်ပွဲခေါ်သံပဲ နေမှာ။
တခါတုန်းက သတင်းယူဖို့အတွက် ကျမ မဲဆောက်ဒေသကို ဆင်းသွားလိုက်တယ်။ တချက်တချက် ဘယ်ဘက်က ပစ်နေမှန်း မသိတဲ့ အမြောက်သံကြီးတွေက ရင်ဘတ်ထဲထိ လာလာပြီး မြည်ဟီးနေတယ်။ ဒါတောင် အဲဒီစစ်ပွဲဖြစ်နေတဲ့ နေရာကို မရောက်သေးဘူး၊ မဲဆောက်မြို့ပြင်မှာပဲ ရှိသေးတာ။
မဲဆောက်ကိုတော့ မကြာခဏ ရောက်ဖူးတယ်။ ကိုယ့်ကိုမသိသေးရင်လည်း သတင်းထောက်လို့ ပြောလိုက်ရင် လှိုက်လှိုက် လှဲလှဲ နှုတ်ဆက်ကြတယ်။ ဦးက အကျဉ်းသားဟောင်းလေ၊ ဦးလည်း ထောင်ကျဖူးခဲ့တာပေါ့ စသဖြင့်။ အရင်က ဒီလိုစကားမျိုး ပြည်တွင်းမှာ ကြားကြည့်ပါလား၊ ခန္ဒာကိုယ်က ချက်ချင်း ရှိန်းတိန်းတိန်းဖြစ်လာပြီး အပူ လောင်ထားသလို စပ်ဖျဉ်းဖျဉ်းကြီး ဖြစ်သွားရတာ။ ကျနော်ထောင်ထွက်ပါလို့ ပြောပြီး ကိုယ့်ရှေ့မှာ စန့်စန့်ကြီး လာရပ်နေပြီ ဆိုရင်တော့ အသာတကြည်နဲ့ ပါလာသမျှပိုက်ဆံ သူ့အတွက် လမ်းစရိတ်သာ ထုတ်ပေးလိုက်တော့။ ဒီလိုမှမဟုတ်ရင် “ကျုပ်က ထောင်ထဲ ပြန်ဝင်ဖို့ ဝန်မလေးဘူး” ဆိုတဲ့စကား ထပ်ကြားရမယ်။
အကြောင်း အမျိုးမျိုးကြောင့် ဒီဘက်ကို ရောက်လာတဲ့ ထောင်ကျဖူးတဲ့ သူတွေကတော့ ဒီလို မဟုတ်တော့ပြန်ဘူး။ ကျနော်လည်း ထောင်ကျဖူးတယ်လေ၊ ကျနော်လည်း နိုင်ငံရေးအကျဉ်းသားဟောင်းပါ ဆိုပြီး ဝမ်းမြောက် ဝမ်းသာနဲ့ ခရီးဦးကြို ပြုကြပြန်တယ်။ ခုတော့ ထောင်မကျဖူးလို့ အားငယ်မိပြန်တယ်ဟယ်။
DKBA စစ်ပွဲ သတင်းယူဖို့ သူတို့တပ်စခန်း နေရာကို ကျမတို့ချည်း သွားလို့ မရဘူး၊ ကရင်စကား ပြောတတ်သူ၊ လမ်းသိတဲ့သူ၊ DKBAနဲ့ ရင်းနှီးနေတဲ့ အသိမိတ်ဆွေတွေနဲ့ အတူတူ သွားရတာ။ DKBA ဗိုလ်မှူးတယောက်တောင် ပါသေးတယ်။ သူပဲ ကျမတို့ကို တပ်စခန်းအထိ ရောက်အောင် ခေါ်သွားပေးတာလေ။
မြန်မာဘက်မှာ တိုက်ပွဲဖြစ်နေတော့ ထိုင်းဘက်ခြမ်းမှာလည်း နယ်ခြားစောင့်တပ်တွေ ချထားတာတွေ့ ရတယ်။ ကျမတို့က တောလမ်း၊ ဖြတ်လမ်းကနေ သွားရတယ် ဆိုပေမယ့် အနည်းဆုံး နယ်ခြားစောင့်ဂိတ် ၂ ဂိတ်လောက်တော့ ဖြတ်ခဲ့ရတယ်။ တော်သေးတယ်၊ ပိပိရိရိမို့ ဘာအခက်ခဲမှ မရှိခဲ့ဘူး။ မြန်မာဘက်ခြမ်း မရောက်ခင် သောင်ရင်းမြစ်ကို ကြည့်ပြီး ကျမဖြင့် တော်တော်လေး လက်မှိုင်ချမိနေပြီ။ စက်လှေလည်း မရှိ၊ ရေစီးကသန်၊ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း လှမ်းမြင်နေရပေမယ့် ဝါးသုံးပြန်စာလောက် ကျယ်တယ်။ နည်းနည်း လှမ်းလိုက်တာနဲ့တင် ရေက ခါးလောက် ရှိတယ်။ ဒီထက်တော့ ရေမနက်နိုင်တော့ဘူး လို့ ပြောကြတာပဲ။ ဘယ်သူမှ အဝတ်အစားက အပိုပါတာ မဟုတ်ဘူး။ အောက်ပိုင်း စိုစိုရွဲရွဲနဲ့ ဘယ်လိုလုပ်ပြီး ဆက်သွားရမလဲ။
ရေတိမ်တဲ့ဘက်ကို ဆင်းလျှောက်ရပြန်တယ်။
ကျမတို့ စီးလာတဲ့ ကားကိုတော့ ကမ်းစပ်နားမှာ ရပ်ထားခဲ့လိုက်တယ်။ ပါလာတဲ့ ဗိုလ်မှူးက တပ်စခန်းကို ဖုန်းဆက်ပြီး အကြောင်း ကြားတယ်။ ပြီးတာနဲ့ ကျမတို့ကို သတိပေးတယ်၊ ကဲ … ကူးကြမယ်၊ ဖြတ်ကြမယ်ဟေ့။ ဝါးလုံးတွေ တုတ်ရှည်တွေ ကိုင်ပြီး ကူးတာ ပိုကောင်းမယ်၊ ရေညှိတက်နေတဲ့ ကျောက်တုံးကိုတော့ မနင်းမိစေနဲ့၊ ရေစီးသန်လို့ ပါသွားနိုင်တယ် တဲ့။ ကျမလည်း ဖိနပ်ကို ချွတ်ပြီး ခါးမှာ ထိုးထားလိုက်တယ်။ ဘာဝါးလုံး ဘာတုတ်မှ ရှာမတွေ့ဘူး၊ ဘောင်းဘီရှည်ကို ဒူးခေါင်းထိ လိပ်တင်လိုက်တယ်။ လွယ်ထားတဲ့ ကင်မရာအိတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး ဖြတ်ကူးတော့တာပဲ။ ရေအောက်မှာ ကျောက်တုံး၊ ကျောက်ခဲတွေ မြင်နေရတယ်။ တည့်တည့် ဖြတ်ကူးနေရင်းနဲ့ တစောင်းကြီးတွေ ရေးစီးနဲ့ မျှောနေကြတယ်။ ကမ်းစပ်ကိုရောက်ဖို့ ရေဆန်ကို တွန်းကန်ပြီး အထက်ကို ပြန်တက်နေရတယ်။
ဒိန်း … ဒိန်း… အသံအကျယ်ကြီး ကြားလိုက်တယ်။ မျှောပြီဟေ့ … မျှောကုန်ပြီ။ မြို့ထဲက ဝယ်လာတဲ့ ကွမ်းတွေ ဆေးလိပ်တွေ မျှောကုန်ပြီ။ ကျမ လက်ထဲက အထုပ် လွတ်ကျသွားတယ်။ ကွမ်းယာ၊ ဆေးလိပ်၊ ပေါင်မုန့်တွေ၊ တောထဲတောင်ထဲ ရေနွေးနဲ့ ဖျော်ပြီး စားလို့ရတဲ့ ခေါက်ဆွဲခြောက်တွေ သေသေချာချာလေး ထုပ်ပိုးပြီး ယူလာတာ၊ ဒိန်း … ဆိုတာနဲ့တင် လက်က လွတ်ကျတော့တာ။ မတတ်နိုင်တော့ဘူး။ ကျန်တဲ့လူတွေမှာလည်း ပါလာသေးတာပဲ။ မျောပေ့စေတော့။
ဒီလိုနဲ့ ကျမတို့အားလုံး မြန်မာဘက်ခြမ်း ပန်းပွင့်မြိုင် ကျေးရွာကို စပြီး ခြေနင်းမိကြတယ်။ အဲဒီကစပြီး သေနတ်သံတွေ အမြောက်သံတွေ ကြားနေရပါပြီ။ တချို့နေရာမှာ မီးခိုးတွေ ထွက်နေတယ်။ ဝါးတွေကြိမ်တွေနဲ့ ဆောက်ထားတဲ့ အိမ်တွေမှာ လူတွေ ရှိမနေဘူး။ အိမ်ခွံချည်းသက်သက်ပဲ ကျန်နေတယ်။ ကဗျာဆန်ဆန် ဆောက်လုပ်ထားတဲ့ ဝါးအိမ်လှလှလေးတွေလည်း အထီးကျန်ပြီး တိတ်ဆိတ်နေတယ်။ သင်္ကန်းလေးတစုံ မြေမှာပုံ ကျနေတယ် ဒါက ဘုန်းကြီးကျောင်း ဖြစ်မှာပါ။ ဝက်တွေ ဆိတ်တွေတော့ ဘေးမဲ့ရနေသလိုဘဲပိုင်ရှင်မှ မရှိတော့တာ။ ဒါကြောင့်လည်း ကျမတို့နဲ့ အတူပါလာတဲ့ ဗိုလ်မှူးက ခံပြင်းတဲ့ စိတ်နဲ့ ပြောတာပေါ့၊ ဒီရင်ဘတ်ထဲမှာ အချိန်ကိုက်ဗုံးသာ ရှိမယ် ဆိုရင်ဗျာ အချိန်မရွေး ထပေါက်ပြီသိလားတဲ့။ ကျမလည်း ချက်ချင်း နောက်ကိုဆုတ်ပြီး နေရာယူလိုက်တယ်။ ဝပ်သင့်ရင် ဝပ်ရမှာ။
ကျမတို့ ရောက်နေတဲ့ နေရာမှာ တောင်ကတုံးတွေ များတယ်။ ပြေးပုန်းစရာ သစ်ပင်နဲ့ ချုံ တော်တော်လေး ရှားတယ်။ အားလုံးက လင်းလင်း ရှင်းရှင်းကြီးတွေ၊ တွင်းတွေ ကျင်းတွေ တူးထားတာတွေ ရှိတယ်။ အဲဒီထဲ ဝင်အောင်းဖို့ကလဲ နောက်ကျောကမလုံ၊ ဗုံးစာမိလို့ကတော့ ဖုတ်ပြီးသား ဖြစ်တော့မယ်။
ခဏကြာတော့ လမ်းကြိုလမ်းကြား အကွေ့အကောက်တွေကြား ကားတစီး မောင်းလာတယ်။ ကျမတို့လည်း အနားမှာရှိတဲ့ တောငှက်ပျောပင်ကြားထဲ ကွယ်ပြီး ပုန်းနေလိုက်တယ်။ ကားက DKBAဘက်ကပါ၊ ရိက္ခာ လာဖြည့်တာလို့ ပြောတယ်။ စစ်ပွဲ အခြေအနေ တော်တော်လေး ပြင်းထန်တယ်လို့ ပြောတယ်။ ကျမတို့အတွက် ကားတစီး လာလိမ့်မယ်လို့ ပြောပြီး ခပ်သွက်သွက် မောင်းထွက်သွားတယ်။
ဒီလိုနဲ့ ကျမတို့ DKBA တပ်စခန်းထဲ ရောက်လာတယ်။ တပ်သား အများစုက ရှေ့တန်းမှာ တိုက်နေရလို့ ပြန်မလာသေးဘူး လို့ သိရတယ်။ စခန်းမှာ ကျန်နေသေးတဲ့ ရဲဘော်တွေလည်း ရှေ့တန်းသွားဖို့ ပြင်ဆင်နေကြတယ်။ ကျမတို့လည်း ရောက်တာနဲ့ အင်တာဗျူးတွေ လုပ်ရတယ်။ စစ်မြေပြင် ကိုယ်တိုင်ကိုယ်ကျ လိုက်သွားပြီး ရိုက်ချင်ပေမယ့် ခွင့်မပြုခဲ့ဘူး။ အန္တရာယ် အရမ်းများတယ်လို့ ပြောတယ်။ တပ်သားတွေ တဖွဲ့ပြီးတဖွဲ့ လူလဲဖို့ ထွက်သွားကြတယ်။ တချက်တချက် ကြားရတဲ့ အမြှောက်သံကြီးတွေက တကယ့်ကို ကြောက်စရာကြီးတွေ၊ လေးဘက်လေးလံမှာ တောင်တွေချည်း ဆိုတော့ ပဲ့တင်သံတွေနဲ့ ဆူညံနေတာပဲ။
ကျမတို့ မရောက်ခင်တည်းက ခရီးဦးကြိုရောက်နေတဲ့ ထိုင်း နဲ့ နိုင်ငံခြားသား သတင်းထောက်တွေလည်း တွေ့ခဲ့ရတယ်။ သူတို့မှာ ကျည်ကာအကျၤီ၊ ဦးထုပ်တွေ။ ကျမလည်း ရောက်တာနဲ့ မြင်သမျှ၊ တွေ့သမျှ အကုန် လိုက်ရိုက်နေရတယ်။ နောက်တခါလာဖို့ ဆိုတာ မသေချာဘူးလေ။
တချို့တပ်သားတွေက လည်ပင်းရှည် ငန်းဘဲကြီးတွေကို လည်လှီးနေကြတယ်။ ကျနော်တို့က နအဖ စစ်သားတွေနဲ့ မတူဘူးခင်ဗျ။ တိုက်ပွဲဖြစ်ပြီဆိုရင် ကောင်းကောင်းစားတယ်၊ တိုက်ပွဲတခုမှာလက်နက်ရိက္ခာလုံလောက်ဖို့ကိုဘဲမကြည့်ရဘူး၊ ရိက္ခာ မလုံလောက်ရင်လည်း ကျရှုံးနိုင်တာပဲ တဲ့။ စစ်တိုက်တဲ့သူက တိုက်တယ်၊ ချက်ပြုတ်တဲ့အဖွဲ့ကလည်း တောထဲက အကောင်တွေ မရရအောင် ရှာပြီး ချက်ကျွေးတယ်ဗျ တဲ့။ သူပြောတာနဲ့ ကျမ ဗိုက်ဆာလာတယ်။ စည်သွပ်ဗူးလို သံဗူးလေးထဲ ရေဖြည့်ပြီး မီးခဲပေါ် တင်ထားတာတွေ့တယ်။ ဘာလုပ်ဖို့လဲလို့ မေးတော့ ရေနွေးသောက်မလို့ တဲ့။ လက်ဘက်ခြောက် ရှိလား ဆိုတော့ မလိုပါဘူး တဲ့။
ဒီလိုနဲ့ ကျမတို့ ခပ်သွက်သွက်လေး နောက်ကြောင်း ပြန်လှည့်ရတယ်။ ကျမတို့ ပြန်ပြီးနောက် သုံးရက်လောက်မှာ အဲဒီ သင်္ကန်းလေး ကျကျန်နေခဲ့တဲ့ ဘုန်းကြီးကျောင်းထဲမှာ အစိုးရတပ်တွေ ဖွေးနေတာပဲ လို့ သတင်းတွေ ပြန်ကြားရတယ်။ ဘာဖြစ်ဖြစ် ဖက်နဲ့ ထုပ်ထားတဲ့ အသက်က အပေါင် မဆုံးခဲ့ပါဘူး။ ကျမတို့ ပြန်လာတော့ ဗိုလ်မှူး မပါတော့ဘူး၊ အားလုံးပေါင်း ၅ယောက်တည်း။ ဒီတခါတော့ ရေတိမ်ပိုင်းထိ မလျှောက်နိုင်တော့ဘူး။ ကျမတို့ ကားကို လှမ်းမြင်နေရတယ်။ ရေက ခါးလောက်ထိ ရှိတယ်။ အပြန်ခရီးဆိုတော့ ရေစိုခံပြီး ကူးလာကြတယ်။ တလှမ်း လှမ်းလိုက်တိုင်း နစ်များ နစ်သွားမလားလို့ တွေးတွေးပြီး ကြောက်နေတာ။
ငယ်ငယ်တုန်းက ဧရာဝတီမြစ်မှာ ရေကူးရင်း လူကြီးတရပ်စာ မြင့်တဲ့ ချိုင့်ထဲကို နစ်ခဲ့ဖူးတာကိုး။ ခုလည်း မမြင်ရတဲ့ရေထဲမှာ တလှမ်းချင်း လှမ်းနေရတာကို တော်တော်လေး တုန်လှုပ်နေတယ်။ ကျမတို့ထဲမှာလည်း ကျမတယောက်တည်း မိန်းကလေး ပါတာ။ ကျန်တာတွေက ယောကျၤားတွေချည်း ဆိုတော့ ခြေလှမ်းကျဲကျဲကြီးနဲ့ ကူးလိုက်တာနဲ့တင် ခဏလေးနဲ့ ကမ်းစပ်ကို ရောက်သွားကြတယ်။
ကျမ ကမ်းစပ်ကိုရောက်ဖို့ ငါးလှမ်းလောက်ပဲ လှမ်းရတော့မှာ။ ရေက ခြေသလုံးထိပဲ ရှိတော့တာ။ ကျမ ခပ်သွက်သွက်လေး လျှောက်လိုက်တယ်။ ကျန်တဲ့လူတွေက ကုန်းပေါ်မှာ အဝတ်တွေကို ရေညှစ်နေကြတယ်။ တချို့ကလည်း သီချင်းလေး တကြော်ကြော်ပေါ့။ အဲဒီအချိန်မှာ ကျမတို့ ရပ်ထားခဲ့တဲ့ကားကို အကာအကွယ်ယူပြီး ပုန်းနေတဲ့ အရိပ်တွေ စပြီး လှုပ်ရှားလာတော့တာပဲ။ တယောက်မှ မလှုပ်နဲ့ လက်မြှောက်လိုက်ပါ၊ ခင်ဗျားတို့ကို နယ်စည်းခြား ကျူးကျော်မှုနဲ့ ဖမ်းဆီး အရေးယူရလိမ့် တဲ့။
တလှမ်းချင်း တိုးရွှေ့လာတဲ့ ထိုင်းနယ်ခြားစောင့် တပ်ဖွဲ့တွေ၊ ထိုးချိန်ထားတဲ့ သေနတ်ပြောင်းဝတွေကို ကြည့်ပြီး ကျမ ရေထဲမှာတင် ရပ်နေမိတယ်။ ဗုံးသံမစဲတဲ့ နောက်ဘက်ကိုပဲ ပြန်မျှော်ရမလား၊ သေနတ်နဲ့ ချိန်ထားတဲ့ ရှေ့ကိုပဲ ဆက်လျှောက်သွား ရမလား စိတ်ကူးမိသေးတယ်။
တဖွဲ့လုံး ဘာလုပ်လို့ လုပ်ရမှန်းမသိ၊ မျက်နှာငယ်လေးတွေနဲ့ပဲ။ အသိမိတ်ဆွေတွေ၊ ဆိုင်ရာပိုင်ရာတွေကို ဖုန်းဆက်ပြီး အကြောင်းကြားဖို့ လုပ်ကြပါသေးတယ်၊ ဒါလည်း မရပါဘူး၊ ရှိသမျှဖုန်း အကုန် သိမ်းလိုက်တယ်။ ဘာမှ ဖြေရှင်းခွင့် မရှိ။ ပါလာသမျှ ပစ္စည်း သူတို့ရှေ့မှာ ပုံချထားရတာ၊ ကင်မရာကို စခန်းမှာ စစ်ဆေးမယ်လို့ ပြောပြီး သိမ်းလိုက်ပါတော့တယ်။
အတိုချုပ် ပြောရရင်တော့ အဲဒီကာလ၊ အဲဒီဒေသကို သတင်းထောက်ပေါင်းများစွာ ဖြတ်သန်း သွားလာနေတာကို သူတို့ သိထားပုံ ရပါတယ်။ နောက်ဆုံးမှာ ကျမတို့ကို ပြန်လွှတ်ပေးပါတယ်။ ဒါဟာ ကြုံခဲ့ရတဲ့ အလွဲများထဲက တခုပါပဲရှင်။