မီးရောင်မှိန်ပျပျ ထွန်းထားတဲ့ ၁၀ ပေ ပတ်လည် အခန်းကျဉ်းလေးထဲမှာ ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ် ၂ ဦး မွေ့ရာတခုစီပေါ်မှာ လဲလျောင်း နေကြပါတယ်။လေအေးပေးစက်က ထုတ်လွှတ်နေတဲ့ အအေးငွေ့တွေကြောင့် အခန်းတွင်းမှာ အေးစိမ့်နေပေမယ့် မိန်းကလေး နှစ်ဦးစလုံး စွပ်ကျယ်ပုံစံ အင်္ကျီ လက်ပြတ်တွေနဲ့ ဂျင်းဘောင်းဘီရှည် ဝတ်ဆင်ထားကြတယ်။
မှိန်ပျပျအလင်းရောင်ကြောင့် သူတို့ရဲ့ မျက်နှာကို ကောင်းကောင်းမမြင်ရပေမယ့် သူတို့ဆီက စူးစူးရှရှ ပြင်းလွန်းတဲ့ ရေမွှေးအနံ့တွေက လေအေးစက် တပ်ထားတဲ့ အခန်းတခုလုံးကို ဖုံးလွှမ်းနေတယ်။ အသက် ၅၀ ကျော်အရွယ် အမျိုးသားနှစ်ဦး အခန်းထဲကို လှမ်းဝင်လာတဲ့အချိန်မှာ မိန်းမငယ် နှစ်ဦးစလုံး လဲလျောင်းနေရာကထလို့ “မင်္ဂလာပါ” ဆိုတဲ့ မြန်မာလို မပီမသ နှုတ်ဆက်သံနဲ့ ခရီးဦးကြို ပြုလိုက်ကြတယ်။
မိန်းကလေးနှစ်ဦးက အမျိုးသားနှစ်ဦးကို သူတို့ရဲ့ မွေ့ရာနှစ်ခုပေါ်မှာ လဲလျောင်းခိုင်းပြီး အမျိုးသားနှစ်ဦးရဲ့ ခြေဖဝါးတွေကို တစ်ရှုးနဲ့ သုတ်ပေးကာ စတင်နှိပ်နယ်ပေးပါတယ်။ ၁၅ မိနစ်လောက်အကြာမှာ အမျိုးသားနှစ်ဦးရဲ့ဘေးမှာ မိန်းမငယ်နှစ်ဦးပါ လဲလျောင်းလုံးထွေးသွားပြီး မွေ့ရာနှစ်ခုကြားမှာ အနက်ရောင် လိုက်ကာစ တခုက ကာဆီးသွားပါတယ်။ အဲဒီအချိန် အခန်းတွင်းမှာရှိနေတဲ့ မှိန်ပျပျအလင်းရောင်က လူလုံး သဲသဲကွဲကွဲမမြင်ရတဲ့အထိ အရမ်းမှောင် မိုက်သွားခဲ့ပါပြီ။
မိန်းကလေးနှစ်ဦးက ရန်ကုန်မြို့မှာ အနှိပ်ခန်းအမည်ခံ ဖွင့်လှစ်ထားတဲ့ ပြည့်တန်ဆာလုပ်ငန်းမှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမလေးတွေဖြစ်ပါတယ်။
ရန်ကုန်မြို့တော်မှာ ကာရာအိုကေ၊ တည်းခိုခန်း၊ အနှိပ်ခန်း အမည်ခံပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ဖွင့်လှစ်မှု တနေ့ထက်တနေ့ ပိုမိုတိုးပွားလာနေပါတယ်။
လမ်းမတွေ၊ ရပ်ကွက်တွေ၊ ဈေးတွေ၊ ကားဂိတ်တွေ၊ ရုပ်ရှင်ရုံတွေအောက်မှာ ပုံစံ အသွင် အမျိုးမျိုးယူ လုပ်ကိုင်ကြတဲ့ ပြည့်တန်ဆာတွေရှိနေသလို ကြီးမားလှတဲ့ တိုက်တာအဆောက်အဦးတွေပေါ်မှာ အမည်အမျိုးမျိုးခံ ဖွင့်လှစ်ထားတဲ့ တရားမဝင်၊ တရားဝင် စီးပွားရေးအမည်တပ် လုပ်ငန်းကြီးတွေမှာ လုပ်ကိုင်ကြတဲ့ ပြည့်တန်ဆာတွေလည်း မနည်းလှပါဘူး။
အထူးသဖြင့် တရားမဝင် အနှိပ်ခန်းတွေက ပြည့်တန်ဆာလုပ်ငန်းကို ကြီးကြီးမားမား ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေတဲ့ အမည်ခံ လုပ်ငန်းတွေဆိုရင် မမှားနိုင်ပါဘူး။
ရန်ကုန်မြို့လယ်ခေါင်နဲ့ ဆင်ခြေဖုံးနေရာတွေအထိ ဖွင့်လှစ်နေကြတဲ့ အနှိပ်ခန်းဆိုတဲ့ လုပ်ငန်းတွေက တကယ်တော့ ကျန်းမာရေးအတွက် ညောင်းညာလို့ နှိပ်တဲ့အနှိပ်ခန်းမျိုးတွေ မဟုတ်သလို အဲဒီ အနှိပ်ခန်းတွေကို လာကြတဲ့သူတွေကလည်း အနင်းအနှိပ် ခံချင်လို့လာကြတဲ့ သူတွေမဟုတ်ပါဘူး။ အခကြေးငွေပေး လိင်ပျော်ပါးနိုင်တဲ့ အဲဒီလို အမည်ခံ အနှိပ်ခန်းတွေ ဖွင့်နိုင်ဖို့ကိုလည်း ဒေသခံအာဏာပိုင်၊ ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို အနှိပ်ခန်းပိုင်ရှင်တွေက လာဘ်ငွေအရင်းအနှီး ကြီးကြီးမားမားပေး ဖွင့်လှစ်ရတာဖြစ်ပါတယ်။
“ဆိုဖီ” လို့ သူ့ကိုယ်သူ မိတ်ဆက်တဲ့ အသက် ၂၅ နှစ်အရွယ် မိန်းမငယ်က ကမာရွတ်မြို့နယ်၊ လှည်းတန်းဈေးအနီး အထပ်မြင့် တိုက်ခန်းကျယ်ကြီးတခုမှာ ဖွင့်လှစ်ထားတဲ့ အနှိပ်ခန်းတခုက အလုပ်သမ ဖြစ်ပါတယ်။ မြန်မာစကား ဝဲဝဲနဲ့ သူရဲ့အသံကို ကြားတာနဲ့ ဆိုဖီက တိုင်းရင်းသူတယောက်မှန်း သိသာစေပါတယ်။
“ဒီအလုပ်ကို လုပ်ဖြစ်ခဲ့တာ ၃ နှစ်ကျော်သွားပြီ။ ၂၀၀၆ ခုနှစ် ရန်ကုန် စရောက်တုန်းက သူနာပြု အကူသင်တန်း တက်တယ်။ သင်တန်းဆင်းပြီးတော့ ဆေးခန်းတခုမှာ အကူသူနာပြုအဖြစ် အလုပ်ဝင်တယ်။ လစာ ၃ သောင်းခွဲရတယ်။ ဒါပေမယ့် အိမ်ကိုပြန်ပို့ဖို့ ဘယ်လိုမှ မလုံလောက်ဘူး။ အဆောင်နေ သူငယ်ချင်းက လစာကောင်းတဲ့အလုပ် လုပ်မလားဆိုပြီး ခေါ်လာရာက ဒီလုပ်ငန်းခွင်ထဲ ရောက်လာခဲ့တယ်။ ပထမတော့ နှိပ်ပေးရတယ်လို့ပဲ မှတ်ခဲ့တာ။ သူငယ်ချင်းက မေးတယ်၊ နှိပ်တာတခုတည်းနဲ့တော့ တလကို ၅ သောင်းအပြင် ပိုမရဘူး။ ငွေရွှင်တဲ့သူ ဘောစိ (သူဌေး) တွေလာရင် ဘာမစဉ်းစားနဲ့ ကိုယ်လိုချင်သလောက် တောင်း၊ ပြီးတော့ တနာရီလောက် အတူတူအိပ်ပေးလိုက်ဆိုတာနဲ့ အဲဒီကစပြီး ဒီအလုပ် လုပ်ဖြစ်သွားတာ” လို့ ဆိုဖီက သူ့ရဲ့ အနှိပ်သမဘ၀ အစကို ပြောပြပါတယ်။
ဆိုဖီက ကချင်ပြည်နယ် မြစ်ကြီးနားက လာရောက်တာဖြစ်ပြီး သူ့မှာ မိသားစု ခြောက်ဦးရှိတယ်လို့ဆိုပါတယ်။ သူ့မိဘနှစ်ဦး အပါအဝင် မောင်နှမလေးဦးရှိတဲ့ သူ့မိသားစုမှာ သူက အကြီးဆုံးသမီးပါတဲ့။ ၁၀ တန်းမအောင်တဲ့အချိန် မိသားစု စားဝတ်နေရေး မပြေလည်လို့ ရန်ကုန်တက် အလုပ်လုပ်ရာကနေ ဒီအလုပ်ကို လုပ်ဖြစ်သွားခဲ့တာပါ။
အကူသူနာပြုဘဝက တလ ၃ သောင်းခွဲနဲ့ အိမ်ကို ငွေပြန်ပို့ဖို့ နေနေသာ ကိုယ့်ဝမ်းဝအောင်တောင် မစားနိုင်ခဲ့ရာက အနှိပ်ခန်း အလုပ်သမဘဝမှာတော့ သူ့ဘ၀ အများကြီးအဆင်ပြေလာပြီလို့ ဆိုဖီက ဆိုပါတယ်။
“တလကို နှစ်သိန်း အိမ်ပြန်ပို့နိုင်တယ်။ မိဘတွေလည်း ဘာအလုပ်လုပ်မှန်း မသိဘူး၊ မေးလည်း မမေးဘူး။ ဒီအလုပ်က ကိုယ့်အတွက်ရော အိမ်အတွက်ရော အရမ်း အဆင်ပြေတယ်” လို့ သူက ပြောတယ်။
ဆိုဖီက အနှိပ်ခန်းလာတဲ့လူတိုင်းနဲ့ အတူညအိပ်ရတာမျိုးမဟုတ်ဘဲ အနှိပ်ခန်းကို ပုံမှန်လာ ငွေဖြုန်းနိုင်တဲ့၊ သောက်စားမူးယစ်နိုင်တဲ့ ငွေကြေးတတ်နိုင်သူတွေကိုသာ အဓိကထား လိင်ဖျော်ဖြေမှုပေးရတာလို့ ဆိုပါတယ်။
သူ့အနေနဲ့ ရွေးချယ်ပိုင်ခွင့်ဆိုတဲ့ လွတ်လပ်မှုတခုရှိတယ်လို့ ဆိုဖီက ဆိုတယ်။ ဒါက လမ်းမတွေပေါ်က ပြည့်တန်ဆာ ညဉ့်ငှက်လေးတွေထက်သာတဲ့ အခွင့်အလမ်းတခုပါလို့ သူက ပြောပါတယ်။
“အနှိပ်ခန်းဆိုတာက လူမျိုးစုံပဲ။ ကိုယ်က လူတိုင်းနဲ့ အိပ်တာမျိုးမဟုတ်ဘူး။ တချို့လူတွေက လာအနှိပ်ခံ၊ ဟိုကိုင်၊ ဒီကိုင်လုပ်၊ မုန့်ဖိုးပေး၊ ပြန်သွားကြတယ်။ အဓိက ပုံမှန်ဖောက်သည်ကိုပဲ အဓိက အားထားရတာ။ ဖား (သူဌေး) တကောင် ရထားပြီဆိုရင်လည်း ကိုယ့်အတွက်ရော၊ အနှိပ်ခန်းအတွက်ရော အများကြီးအဆင် ပြေတယ်။ အနှိပ်ခန်းမှာ ဖား သုံး၊ လေးကောင် ချိတ်ထားနိုင်တဲ့ သူဆိုရင် သိပ်မပင်ပန်းတော့ဘူး” လို့ ဆိုဖီက ဆိုတယ်။
“ဆိုဖီ” လို တိုင်းရင်းသူ မိန်းကလေးမျိုးတွေ ရန်ကုန်မြို့ရဲ့ အနှိပ်ခန်း တော်တော်များများမှာ ရှိနေပါတယ်။ မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံအနီးမှာ ဖွင့်လှစ်ထားတဲ့ အနှိပ်ခန်းတခုမှာဆိုလည်း အနှိပ်သမ စုစုပေါင်း ၄၇ ဦး ရှိပါတယ်။ ဘုရင့်နောင်၊ အောင်မင်္ဂလာကားဂိတ်၊ ဒဂုံဧရာအဝေးပြေးလို လူစည်ကားတဲ့ကားဂိတ်တွေ၊ ရန်ကုန်မြို့လယ်ခေါင်၊ မြို့စွန်စတဲ့ မြို့နယ်ပေါင်းစုံမှာ အနှိပ်ခန်း ထောင်ချီရှိနိုင်တယ်လို့ ကားပွဲစားတွေက ဆိုပါတယ်။
“ဘုရင့်နောင် လမ်းဆုံနားမှာတင် မရှိဘူးဆိုရင် အနှိပ်ခန်းရော၊ တည်းခိုခန်းရော၊ ကာရာအိုကေရော တရာလောက်ရှိမယ်။ အဲဒါတွေအကုန်လုံးကလည်း ဇယားရွှေ့ (လိင်ပျော်ပါး) လို့ ရတဲ့နေရာတွေချည်းပဲ” လို့ ကားပွဲစားတဦးက ပြောတယ်။
ဒါပေမယ့် အနှိပ်ခန်းတွေကတော့ အဓိက ပြည့်တန်ဆာလုပ်ငန်းရဲ့ အချက်အချာလို့ ဆိုပါတယ်။ အနှိပ်သမလေးတွေ၊ KTV ဆိုင်တွေက အလုပ်လုပ်နေတဲ့ မိန်းကလေးတွေထဲမှာ ချင်း၊ ရခိုင်၊ ရှမ်း၊ ကရင်၊ ကချင်၊ ပအို့ဝ် စတဲ့ တိုင်းရင်းသူတွေ အများကြီးရှိနေတယ်လို့ ပုံမှန်သွားရောက်လေ့ရှိတဲ့ ဘုရင့်နောင်က ကားပစ္စည်းရောင်းဝယ်ရေး စီးပွားရေးသမားတဦးက ဆိုတယ်။
“တချို့ဆိုရင် မြန်မာစကား နားမလည်ဘူး။ ကိုယ်လုပ်ခိုင်းချင်တဲ့အရာကို အမူအရာနဲ့ လုပ်ပြခိုင်းရတယ်” လို့ အဲဒီ စီးပွားရေးသမားက ဆိုပါတယ်။
ရန်ကုန်မြို့မှာရှိတဲ့ အနှိပ်ခန်းတွေ တော်တော်များများမှာ ၁ နာရီအနှိပ်ခံရင် ဝန်ဆောင်မှုကို လိုက်လို့ ၂၅၀၀ နဲ့ ၃၅၀၀ အကြား ဈေးနှုန်းသတ်မှတ်ထားပါတယ်။ ဒါပေမယ့် ဒီဈေးနှုန်းက သာမန်နှိပ်ပေးတဲ့ ဝန်ဆောင်မှုပဲရမှာဖြစ်ပြီး လိင်ပျော်ပါးချင်လို့ရှိရင်တော့ အနည်းဆုံး ၁၅၀၀၀ လောက်ပေးရတယ်လို့ သိရပါတယ်။
အနှိပ်ခန်းမှာ လာရောက်အလုပ်လုပ်တဲ့ မိန်းကလေးတွေမှာ ဧရာဝတီတိုင်း၊ အိမ်မဲ၊ မအူပင်၊ လပွတ္တာ၊ ဒေးဒရဲစတဲ့ နာဂစ်ဒေသကျေးရွာတွေက မိန်းကလေးတွေပါသလို တည်ငြိမ်အေးချမ်းမှုမရှိတဲ့ ကချင်၊ ရှမ်း၊ ကရင်ပြည်နယ်ဘက်တွေက
မိန်းကလေးတွေပါတယ်လို့ ဆိုပါတယ်။ ဖွံ့ဖြိုးမှု နှေးကွေးတဲ့ ချင်း၊ ရခိုင်လို ဒေသက မိန်းကလေးတွေလည်း ရှိပေမယ့် အရေအတွက်အားဖြင့် နည်းတယ်လို့ သိရပါတယ်။
အနှိပ်ခန်းအများစုက နယ်ဒေသတွေက လာရောက်တဲ့ မိန်းကလေးတွေကိုပဲ လိုလိုလားလား အလုပ်ခန့်ချင်ကြပြီး နယ်ဒေသက မိန်းကလေးတွေက အလုပ်ပြောင်းရွှေ့မှု အလွန်နည်းတာကြောင့် အလုပ်ခန့်ချင်ကြတာလို့ သိရပါတယ်။
“အနှိပ်ခန်းတွေမှာ နယ်က မိန်းကလေးတွေ ဘာလို့ ပိုပိုများလာလဲဆိုတော့ နယ်က မိန်းကလေးတွေက ရန်ကုန်ရောက် အထည်ချုပ်တို့ ဘာတို့ ဝင်လုပ်၊ ရတဲ့လစာနဲ့ ဘယ်လိုမှ မလောက်ဘူး။ မလောက်တော့ ထွက်ပေါက်ရှာရင်း တချို့လည်း
အနှိပ်ခန်းရောက်၊ တချို့လည်း KTV ရောက်၊ တချို့တွေကတော့ လမ်းပေါ်မှာ အချိန်ပြည့် ပြည့်တန်ဆာဘဝတွေဆီ ရောက်ကုန်ကြတာ။ အဓိက စားဝတ်နေရေးပဲ” လို့ အနှိပ်ခန်းတခုက မန်နေဂျာတဦးက ဆိုပါတယ်။
အနှိပ်ခန်းရောက်လာတဲ့ မိန်းကလေးတွေရဲ့ဘဝက လမ်းမတွေပေါ်က ဘဝတွေထက်စာရင် အများကြီး လုံခြုံတယ်လို့ အဲဒီမန်နေဂျာက ဆိုပါတယ်။
“လမ်းမပေါ်မှာဆိုရင် စောင့်ရှောက်ပေးမယ့်လူ မရှိဘူး။ အနှိပ်ခန်းမှာ အလိုမတူရင်၊ ပြဿနာရှိရင် အနှိပ်ခန်းဘက်က တာဝန်ယူရှင်းပေးရတာ။ ဖောက်သည်က မူးပြီး ရမ်းလို့ရှိရင်လည်း Waiter တွေက ဆွဲထုတ်သွားတာပဲ။ လမ်းပေါ်က ဘဝထက်တော့ အများကြီးသာပါတယ်။ တခုတော့ရှိတယ်။ အလုပ်က ၂၄ နာရီမှာ ၁၈ နာရီလောက်လုပ်ရတယ်။ အိပ်ချိန်နည်းတယ်။ သူလုပ်နိုင်ရင် လုပ်နိုင်သလောက် အကျိုးအမြတ် ကျန်မယ်။ လစာက တသောင်း၊ လူတယောက် တဆက်ရှင် (တနာရီ) ၂၅၀၀ နဲ့ နှိပ်ရင် နှိပ်တဲ့မိန်းကလေး အတွက်က အနည်းဆုံး ငါးရာရတယ်၊ ဧည့်သည်က ပေးတဲ့ မုန့်ဖိုးရှိတယ်။ တကယ်လို့ ဧည့်သည်နဲ့ မိန်းကလေးနဲ့ အဆင်ပြေလို့ ကိစ္စ (လိင်ပျော်ပါး) ဖြစ်ရင်လည်း အနှိပ်ခန်းဘက်က ရသလို မိန်းကလေး ဘက်ကလည်း ရတယ်။ ဘယ်လိုပြောပြော မိန်းကလေးတယောက်ကို တလနှစ်သိန်းခွဲ အနည်းဆုံး ပြေးမလွတ်ဘူး။ ဒါ နေစရိတ်၊ စားစရိတ်ငြိမ်း” လို့ အဲဒီမန်နေဂျာက ပြောပါတယ်။
အနှိပ်ခန်း မန်နေဂျာရဲ့အဆိုအရ အနှိပ်ခန်းတွေနဲ့ အနှိပ်သမ ပြည့်တန်ဆာလေးတွေရဲ့ ဘဝက အဆင်ပြေလှတယ်လို့ ထင်စရာရှိပါတယ်။ တကယ်တော့ အမြဲတမ်း အဆင်ပြေနေတာတော့ မဟုတ်ပါဘူး။
၂၀၁၀ ရွေးကောက်ပွဲအကြို အောက်တိုဘာလနဲ့ ရွေးကောက်ပွဲကျင်းပတဲ့ နိုဝင်ဘာလမှာ ရန်ကုန်တိုင်းတတိုင်းလုံးက အနှိပ်ခန်းတွေကို ပိတ်ထားဖို့ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းတွေက အကြောင်းကြားခဲ့တဲ့အပြင် အစိုးရသစ်တက်ပြီး ဧပြီလနဲ့ မေလမှာလည်း အနှိပ်ခန်းတွေကို ဖမ်းဖို့ ရန်ကုန်တိုင်းအစိုးရက စီမံချက်ချတာကြောင့် အနှိပ်ခန်းတွေ လနဲ့ချီ ပိတ်ခဲ့ရပါတယ်။
အဲဒီလို ပိတ်သွားတဲ့အချိန်မှာ အနှိပ်သမတွေ ဘယ်လို ဝင်ငွေနဲ့ နေထိုင်စားသောက်ကြပါသလဲ။ အဖြေကတော့ ရှင်းပါတယ်။ လမ်းမတွေပေါ်မှာ အချိန်ပြည့် ပြည့်တန်ဆာ၊ ညဉ့်ငှက်လေးတွေအဖြစ် အသွင်းပြောင်း ရုန်းကန်ရတာတွေ ရှိတယ်လို့ အနှိပ်သမလေးတွေက ဆိုပါတယ်။
ဆိုဖီက စီမံချက်ရှိလို့ အနှိပ်ခန်းတွေ လနဲ့ချီပိတ်ရရင် သူ့ရဲ့ပုံမှန်ဖောက်သည်တွေကို ဆက်သွယ်ပြီး အပြင်မှာ အော်ဒါ (ပြည့်တန်ဆာ) လိုက်ဖြစ်ခဲ့တယ်တဲ့။ ဒါပေမယ့် သူရဲ့မိတ်ဆွေ အနှိပ်သမ တချို့ကတော့ လမ်းမပေါ်မှာ အချိန်ပြည့် ပြည့်တန်ဆာအလုပ်ကို မဖြစ်မနေ လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။
“စီမံချက်ဆိုရင် အလုပ်က လနဲ့ချီနားရတယ်။ ကိုယ်က ပုံမှန်ဖောက်သည်တွေကို ဖုန်းဆက်ပြီး အကူအညီတောင်း။ သူတို့နဲ့ ပြန်ဆက်သွယ်ရတယ်။ ဒါပေမယ့် ဖောက်သည်နဲ့ ပြန်ဆက်လို့ မရတဲ့သူတွေက လမ်းပေါ်ပဲ ထွက်ရတာပဲ။ အဲဒီအချိန်မျိုးမှာ ရွေးချယ်စရာမရှိဘူး။ တချို့ဆိုရင် ထမင်းစားရရင်တော်ပြီ ဆိုပြီး ခေါ်ရာလိုက်တာပဲ။ စီမံချက်မကြောက်လို့ဖွင့်တဲ့ အနှိပ်ခန်းတွေဆီမှာ သွားလုပ်တဲ့သူတွေလည်း လုပ်ကြတယ်။ အဲဒီအနှိပ်ခန်းတွေက ရဲဖမ်းခံရတာများတယ်။ အဖမ်းခံရရင် ပြည့်တန်ဆာမှုနဲ့ ထောင်ချခံရမှာ။ မှုခင်းဂျာနယ်ထဲမှာ အနှိပ်ခန်းမှာ အတူလုပ်ဖူးတဲ့ သူငယ်ချင်းသုံးယောက် အဖမ်းခံရတဲ့သတင်းတောင် ဖတ်လိုက်ရတယ်” လို့ ဆိုဖီက ဆိုပါတယ်။
တရားမဝင် အနှိပ်ခန်းဆိုတဲ့နေရာမှာလည်း နှစ်မျိုးရှိပြီး သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ကို လိုင်းကြေး သိန်းချီပေးဖွင့်တဲ့ အနှိပ်ခန်းနဲ့ လိုင်းကြေးမပေးဘဲ ခိုးဖွင့်တဲ့ အနှိပ်ခန်းရယ်လို့ နှစ်မျိုးရှိတယ်လို့ သိရပါတယ်။
အနှိပ်သမလေးတွေအနေနဲ့ အလုပ်ရွေးချယ်တဲ့နေရာမှာ လိုင်းကြေးပေး၊ မပေးကိုလည်း အမြဲစုံစမ်းပြီး လိုင်းကြေးပေးတဲ့ အနှိပ်ခန်းမှာသာ ကြာကြာ အလုပ်လုပ်လေ့ရှိတယ်လို့ သိရပါတယ်။
သန်းခေါင်ယံ ရန်ကုန်မြို့ရဲ့ နီယွန်ရောင်ထိန်ထိန်ညီးနေတဲ့ ကားလမ်းမကြီးတွေပေါ်မှာ လူသူကင်းရှင်း နေပြီဖြစ်ပေမယ့် မှိန်ပျပျ မီးအလင်းရောင် အနှိပ်ခန်းတွေမှာတော့ သက်ဝင်လှုပ်ရှားမှု တွေရှိနေဆဲ ဖြစ်ပါတယ်။