“ကျမမှာ တီဘီရောဂါရှိမှန်း သိတဲ့အချိန်မှာ အိမ်ရှင်က နင်အိမ်အသစ်ရှာတော့ ဆိုပြီး အိမ်ပေါ်က နှင်ချလိုက်တယ်” လို့ ပြောလာသူက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ဒုက္ခသည်အဖြစ် ခိုလှုံနေတဲ့ ချင်းတိုင်းရင်းသူ မမောမောကြီး ဖြစ်ပါတယ်။
သူမဟာ နယူးဒေလီမြို့ ဗီကပ်စ်ပူရီ (Vikas Puri) နယ်မြေ ဘိုဒဲလား (Budella) ရပ်ကွက်ထဲက နေအိမ်တခုရဲ့ ဆယ်ပေပတ်လည် မွဲခြောက်ခြောက် အခန်းကျဉ်းလေးမှာ ငှားနေစဉ်မှာပဲ တီဘီရောဂါ ခံစားရလို့ ဆေးကုသနေချိန် ဒေသခံ အိန္ဒိယနိုင်ငံသား အိမ်ရှင်က အခုလို နှင်ချခံခဲ့တာပါ။
“ကျမက ကလေးတွေနဲ့ မနက်စာ ထမင်းစားမလို့ ပြင်ဆင်နေတဲ့အချိန်မှာ အိမ်ရှင်အမျိုးသား ဝင်လာပြီးတော့ နင့်မှာ တီဘီရောဂါ ရှိနေတာ ငါတို့ သိပြီ။ တခြားအခန်းတွေ ကူးမှာကြောက်တယ်။ ခါလီကရိုး ဆိုပြီး ဒေါသတကြီး ပြောတာ” ဟု မမောမောကြီးက လွန်ခဲ့တဲ့ ဇူလိုင်လက ကြုံခဲ့ရတဲ့ဖြစ်ရပ်ကို ဝမ်းနည်းစွာ ပြန်ပြောပါတယ်။
မမောမောကြီးလို မြန်မာဒုက္ခသည်တွေ အိမ်ပေါ်က နှင်ချခံရတဲ့ကိစ္စဟာ နယူးဒေလီ ဒုက္ခသည်လောကမှာတော့ ထူးဆန်းပေမယ့် မထူးဆန်းတော့တဲ့ သတင်းတွေပါ။ ဘာလို့ဆိုတော့ ဒေသခံအိမ်ရှင်တွေဟာ သူတို့အိမ်ငှား မြန်မာတွေကို စိတ်မထင်ရင် မထင်သလို “ခါလီကရိုး”လို့ ပြောပြီး မကြာခဏ နှင်ချလေ့ရှိလို့ပါပဲ။ “ခါလီကရိုး” ဆိုတာ ဟန္ဒီလို “အိမ်ပေါ်က ဆင်းတော့” လို့ ပြောတာ ဖြစ်ပါတယ်။
အိမ်ရှင်နဲ့ အိမ်ငှားကြား ဘာပြဿနာမှ မရှိပါဘဲနဲ့ ရောဂါကူးမှာ ကြောက်လို့ ရုတ်တရက် အိမ်ပေါ်က နှင်ချခံလိုက်ရတဲ့အပေါ် စိတ်မကောင်းဖြစ်မိကြောင်း မမောမောကြီးက မျက်ရည်လည်ရင်း ပြောပြပါတယ်။
“ကိုယ့်ကို ရောဂါကူးမှာ ကြောက်လို့ နှင်ချလိုက်တာဆိုတော့ ကျမ အရမ်းလည်း စိတ်မကောင်းဖြစ်တယ်။ ဒေါသလည်း ဖြစ်တယ်။ အားလည်း ငယ်မိတယ်” လို့ သူမက ပြောပါတယ်။
မမောမောကြီးလိုပဲ ရောဂါကြောင့် အိမ်ပေါ်က နှင်ချခံခဲ့ရသူ နောက်တဦးကတော့ ကိုသိန်းဆွေ ဖြစ်ပါတယ်။ ဘိုဒဲလား ရပ်ကွက်ထဲက မမောမောကြီးတို့အခန်းနဲ့ မျက်စောင်းထိုးက အိမ်ခန်းတခုမှာ ကိုသိန်းဆွေတို့ လင်မယားရယ်၊ သမီးလေးရယ်၊ ကိုသိန်းဆွေ မိခင်ကြီးရယ် မိသားစု ၄ ယောက် နေကြပါတယ်။
အိမ်ငှားဘဝနဲ့ ၂ နှစ်နီးပါး နေလာချိန် ပြီးခဲ့တဲ့ မတ်လမှာ ကိုသိန်းဆွေတယောက် အဆုတ်ထဲရေဝင်တဲ့ ရောဂါနဲ့ ဆေးရုံတက်ရပါတယ်။ တလလောက် ဆေးရုံတက်ပြီး အိမ်ကိုပြန်လာချိန်မှာတော့ အိမ်ရှင်က လက်မခံတော့ပါဘူး။
“ငါ့သား ဆေးရုံက ပြန်ဆင်းလာတော့ သူတို့က တီဘီရောဂါ ဖြစ်တယ်ထင်ပြီး နင်တို့အိမ်ပြောင်းတော့၊ ရောဂါကူးမှာ ကြောက်တယ်ဆိုပြီး လာပြောတယ်။ မဆင်းပါရစေနဲ့လို့ ဘယ်လိုမှ တောင်းပန်လို့ မရဘူး” လို့ အသက် ၇၂ နှစ် ရှိပြီဖြစ်တဲ့ ကိုသိန်းဆွေ မိခင်ကြီးက ပြောပြပါတယ်။
ဒါက ရောဂါကြောင့် အိမ်ပေါ်က နှင်ချခံခဲ့ရသူတချို့ပါ။ တခြားအကြောင်းကြောင့် ခါလီကရိုး အပြောခံရတာလည်း ရှိပါသေးတယ်။
“အိမ်သာရင် ဧည့်လာတယ်” ဆိုတဲ့ စကားပုံ ရှိပေမယ့် ကိုဟူစိန်အဖို့တော့ ဧည့်များတော့ အိမ်ပေါ်က ဆင်းသွားရပါတယ်။ ပြီးခဲ့တဲ့ မေလတုန်းက အိန္ဒိယမှာ ပညာလာသင်နေတဲ့ ကိုဟူစိန်ရဲ့ သူငယ်ချင်းတွေ ဒေလီကို အလည်လာကြရင်း သူ့အိမ်မှာ တည်းခိုကြပါတယ်။
“သူငယ်ချင်းတွေ အိမ်မှာလာတည်းကြပြီး တရက် နှစ်ရက်လောက်ပဲ ရှိသေးတယ်။ အိမ်ရှင်က လူတွေအများကြီး ဘာလို့ အိမ်ပေါ်ခေါ်တင်တာလဲ ဆိုပြီး ကျနော့်ကို အိမ်ပေါ်က ဆင်းခိုင်းတယ်” လို့ ကိုဟူစိန်က စိတ်ပျက်လက်ပျက်နဲ့ ပြောပါတယ်။
“သူတို့ ဒေလီကို ခဏလာလည်တာပါ။ တပတ်လောက်ပဲ နေမှာ။ ပြီးရင် ပြန်ကြမှာပါ” လို့ သူ ရှင်းပြပေမယ့် အိမ်ရှင်ဖြစ်သူက နားမထောင်တော့။ “ခါလီကရိုး” လို့ပဲ တချက်လွှတ် အမိန့်ထုတ်လိုက်တဲ့အတွက် ကိုဟူစိန်တယောက် အထုပ်ပိုက်ပြီး ခေါင်းငိုက်စိုက်နဲ့ အိမ်ပေါ်က ဆင်းခဲ့ရပါတယ်။
အိမ်ရှင်နှင်ချလို့ မြန်မာဒုက္ခသည်တွေ အိမ်ပေါ်က ဆင်းရချိန်မှာ ငွေပေးရတာမျိုး မရှိပေမယ့် မမြင့်မြင့်သန်းတို့ မိသားစုအဖို့တော့ အများနဲ့မတူ တမူထူးလို့ ငွေပေးပြီးမှ အိမ်ပေါ်က ဆင်းခဲ့ရပါတယ်။
မမြင့်မြင့်သန်းတို့ ဘိုဒဲလားထဲက အိမ်ခန်းတခန်းကို အခုနှစ် နှစ်ဆန်းပိုင်းက ငှားရမ်းနေထိုင်ခဲ့ပါတယ်။ ငှားချိန်မှာ အိမ်ရှင်က ထမင်းကို လျှပ်စစ်ပေါင်းအိုးနဲ့ မချက်ခိုင်းဘဲ ဂက်စ်နဲ့ပဲ ချက်ဖို့ ပြောပါတယ်။ နယူးဒေလီ ဆင်ခြေဖုံးရပ်ကွက်က အိမ်ရှင်တွေဟာ အစိုးရမီးလိုင်းနဲ့ ခိုးသုံးတဲ့လိုင်းဆိုပြီး မီးလိုင်း နှစ်လိုင်း ထားလေ့ရှိပါတယ်။ နေ့ဘက်မှာ အစိုးရမီးလိုင်းကို သုံးပြီး ညဘက်မှာတော့ ခိုးသွယ်တဲ့လိုင်းကို သုံးလေ့ရှိပါတယ်။
ဒါကြောင့် အိမ်ရှင်တွေဟာ မီးခိုးသုံးတဲ့အချိန် ရှော့ခ်ဖြစ်မှာ ကြောက်တဲ့အတွက် အပူပေးစက်၊ မီးပူ၊ လျှပ်စစ်ကွိုင်စတဲ့ မီးအားဆွဲတဲ့ ပစ္စည်းတွေကို မသုံးခိုင်းပါဘူး။ ဒါပေမယ့် ထမင်းပေါင်းအိုးကိုတော့ အိမ်ရှင်တိုင်းလိုလို ခွင့်ပြုကြပါတယ်။ မမြင့်မြင့်သန်းတို့ အိမ်ရှင်ကတော့ ဘာကြောင့်မှန်းမသိ၊ ထမင်းကို ပေါင်းအိုးနဲ့ ချက်ခွင့်မပြုပါ။
မမြင့်မြင့်သန်းတို့ခမျာ အိမ်ခန်းမရမှာ စိုးရိမ်တဲ့အတွက် အိမ်ရှင်အလိုကျ ထမင်းကို ဂက်စ်နဲ့ချက်ဖို့ ခေါင်းငြိမ့်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဂက်စ်ဖိုးမတတ်နိုင်လို့ ပေါင်းအိုးနဲ့ ခိုးချက်တယ်လို့ ကလေးနှစ်ယောက် မိခင်ဖြစ်တဲ့ မမြင့်မြင့်သန်းက ပြောပြပါတယ်။
“ထမင်းကို ဂက်စ်နဲ့ချက်ရင် တအား ဂက်စ်ကုန်တယ်လေ။ ယောက်ျားရတဲ့ လခနဲ့ ဘယ်လိုမှ မလောက်ဘူး။ ဒါကြောင့် ဂက်စ်ဖိုး သက်သာအောင် ပေါင်းအိုးနဲ့ ခိုးချက်တာပါ” လို့ သူမက ရှင်းပြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့မှာတော့ ထမင်းပေါင်းအိုးနဲ့ချက်တာကို အိမ်ရှင်တွေ့သွားပြီး ခိုးချက်တဲ့ မမြင့်မြင့်သန်းတို့နဲ့ ဘေးကပ်ရပ်အခန်းက ချင်းမိသားစုကို လျော်ကြေးအဖြစ် တအိမ်ကို ရူပီး ၅၀၀၀ စီ တောင်းပါတော့တယ်။
“သူ့အိမ်မှာ လျှပ်စစ်မီးရှော့ခ်ဖြစ်တာ ကျမတို့ အခုလို ထမင်းခိုးချက်လို့ပါ ဆိုပြီး လျော်ကြေးတောင်းတာ” လို့ မမြင့်မြင့်သန်းက ပြောပါတယ်။
အဲဒီလျော်ကြေးကိစ္စကို ဒုက္ခသည်တွေကို ကူညီပေးနေတဲ့၊ အစိုးရမဟုတ်တဲ့ အဖွဲ့တခုဖြစ်တဲ့ လူမှုရေးနှင့် ဥပဒေရေးရာ သတင်းအချက်အလက် ဗဟိုဌာန (SLIC) ကို တိုင်တန်းခဲ့လို့ အဲဒီရုံးက ဝန်ထမ်းတွေ အိမ်ရှင်ကို လာရောက်ဖြောင်းဖျ ပြောဆိုပေမယ့် လုံး၀ လက်မခံပါဘူး။
“အဲဒီလို ပြဿနာဖြစ်နေတဲ့အချိန်မှာ ကျမတို့ အပေါ်ထပ်နှစ်ခန်းကို ၁၀ ရက်တောင် ရေဖြတ် မီးဖြတ်လုပ်တယ်။ ကျမတို့မှာ ရေချိုးရင် သူများအိမ်သွားချိုးရတယ်။ ညဆိုရင်လည်း အမှောင်ထဲမှာ ခြင်ကိုက်ကိုက်နဲ့ အိပ်ရတယ်။ ဆင်းမယ်ဆိုတော့လည်း လျော်ကြေးမပေးမချင်း မဆင်းရဘူးဆိုပြီး ပြောတယ်” လို့ မမြင့်မြင့်သန်းက မျက်ရည်သုတ်ရင်း ပြောပါတယ်။
ဒီပြဿနာကို နယူးဒေလီက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အထိ တိုင်တန်းခဲ့ပေမယ့် အဆင်မပြေနိုင်ဘဲ နောက်ဆုံးမှာ အိမ်ရှင်က တထောင်လျှော့ယူတဲ့အတွက် ရူပီးငွေ ၄ ထောင် လျော်ကြေးပေးပြီးမှ မမြင့်မြင့်သန်းတို့ မိသားစု အိမ်ပေါ်က ဆင်းခဲ့ရပါတော့တယ်။
နယူးဒေလီမှာ မြန်မာဒုက္ခသည်တွေနဲ့ အိမ်ရှင်တွေ အခုလို ပြဿနာပေါ်တိုင်း ဒုက္ခသည်တွေပဲ အမြဲနစ်နာရတယ်လို့ နယူးဒေလီမှာ ၇ နှစ်ကျော် နေထိုင်ခဲ့တဲ့ ဖလမ်းမျိုးနွယ်မိသားစုအဖွဲ့ (Falam Union) ကော်မတီဝင် ပူးဟယ်လွယ်က ပြောပါတယ်။
“မြန်မာဒုက္ခသည်တွေ အိမ်ရှင်နဲ့ ပြဿနာဖြစ်လာရင် SLIC တို့၊ UNHCR တို့က လိုက်ဖြေရှင်းပေးတယ်။ ဒါပေမယ့် မပြေလည်ဘူး။ သူတို့က အိမ်ရှင်ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းသွားအောင် မလုပ်နိုင်ဘူး။ အဲဒီတော့ ဒုက္ခသည်တွေပဲ အမြဲတမ်း နစ်နာတယ်။ ဆင်းဆိုရင် ဆင်းပေးရတာပဲ။ ဒီမှာ အိမ်ခန်းပြဿနာ မကြုံဖူးတဲ့လူ မရှိသလောက်ပဲ။ လူတိုင်းနီးပါး ကြုံရတယ်” လို့ သူက ပြောပါတယ်။
ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယဟာ ၁၉၅၁ ခုနှစ် ဒုက္ခသည် ကွန်ဗင်းရှင်းကို လက်မှတ်ထိုးထားတဲ့ နိုင်ငံတခု မဟုတ်ပါဘူး။ ဒါကြောင့် ဒုက္ခသည်တွေကို အကာအကွယ်ပေးတဲ့ ပြည်တွင်းဥပဒေ တရပ်လည်း အိန္ဒိယမှာ ရေးဆွဲ အတည်ပြုထားခြင်း မရှိပါဘူး။
ဒီလိုဥပဒေ မရှိခြင်းကြောင့် UNHCR အနေနဲ့ ဒုက္ခသည်အရေး ဆောင်ရွက်ရာမှာ ထိရောက်မှုနည်းပါးရတာဖြစ်တယ်လို့ ပူးဟယ်လွယ်က ထောက်ပြပါတယ်။
“သူတို့ (အိန္ဒိယ) မှာ ဒုက္ခသည်နဲ့ ပတ်သက်တဲ့ ဥပဒေ ပြဌာန်းထားတာ မရှိတော့ UNHCR က အလုပ်လုပ်ရ အရမ်းခက်နေတာပေါ့။ ထိရောက်မှု နည်းတာပေါ့” လို့ ပူးဟယ်လွယ်က ပြောပါတယ်။
ဒါပေမယ့် အိန္ဒိယအစိုးရက မြို့တော် နယူးဒေလီမှာ UNHCR ရုံး ဖွင့်ခွင့်ပေးထားပြီး ဒုက္ခသည်တွေကို အကန့်အသတ်နဲ့ စောင့်ရှောက်ခွင့် ပြုထားပါတယ်။ နယူးဒေလီမှာ UNHCR ရဲ့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု လက်မှတ်ရထားပြီးသူ မြန်မာနိုင်ငံသား ၅၀၀၀ ရှိပြီး လျှောက်ထားဆဲက ၆၅၀၀ ခန့် ရှိတယ်လို့ UNHCR ရဲ့ ယခုနှစ် ဇန်နဝါရီလ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါကြောင့် မြန်မာပြည်သား ၁ သောင်းကျော်ရဲ့ အိမ်ပြဿနာတွေဟာ လက်ရှိအချိန်အထိ ကယ်သူမဲ့တဲ့ အနေအထားလို့ ဆိုရမှာပါ။
ဒေသခံအိမ်ရှင်တွေနဲ့ ပြဿနာဖြစ်တိုင်း မိမိတို့ပဲ နစ်နာနေတဲ့အတွက် မြန်မာဒုက္ခသည်အများစုဟာ အိမ်ရှင်နဲ့ ပြဿနာ မဖြစ်အောင် သည်းခံပြီး နေထိုင်ကြပါတယ်။ အိမ်ရှင်တွေက နှင်ချမှာစိုးတဲ့အတွက် တနှစ်တခါ အိမ်လခတိုးတဲ့ အချိန်မှာလည်း မငြိုမငြင် ပေးကြရပါတယ်။
“ကျမအတွက်တော့ ဒေလီမှာ အိမ်ရှင်က ခါလီကရိုးလို့ ပြောတဲ့စကားလုံးက ကြောက်စရာ အကောင်းဆုံးနဲ့ စိတ်ဆင်းရဲစရာ အကောင်းဆုံး စကားလုံးပဲ” လို့ မမြင့်မြင့်သန်းက ပြောပါတယ်။
ဘာလို့လဲဆိုတော့ ဒုက္ခသည်တဦးအဖို့ အိမ်ပေါ်က ရုတ်တရက် နှင်ချခံရပြီဆိုတာနဲ့ သင့်တင့်တဲ့ ဈေးနှုန်း၊ သွားလာရ လွယ်ကူပြီး ရေ မီး အဆင်ပြေတဲ့ အခန်းတခန်း နောက်ထပ်ရဖို့ဆိုတာ ခဲယဉ်းတဲ့အတွက်ကြောင့်ပါ။ အိမ်တခါ ပြောင်းရပြီဆိုရင်လည်း အလုပ်ပျက် အကိုင်ပျက်၊ အစစ အရာရာ အခြေတကျဖြစ်အောင် ပြန်လုပ်ယူရလို့ ပင်ပန်းလှပါတယ်။
“အိမ်ခန်းရှာရတာ တော်တော့်ကို ခက်ခဲတယ်။ အခန်းလွတ်က မရှိ၊ လွတ်ပြန်တော့ ဈေးက တအားများလို့ ရတဲ့ ဝင်ငွေနဲ့ မကိုက်တော့ မငှားနိုင်ကြဘူးလေ။ အဲဒီလို ဖြစ်ကြတာ။ ဒေလီမှာတော့ ကျမတို့အတွက် စားစရာထက် နေစရာက ပိုအရေးကြီးတယ်။ စားတာက ဘာနဲ့စားစား ဖြစ်သေးတယ်။ နေစရာအဆင်မပြေရင် ဘယ်လိုမှ အဆင်မပြေဘူး” လို့ မမောမောကြီးက ပြောပါတယ်။
အိမ်ရှင်တွေဟာ အိမ်လခမပေးနိုင်ရင်လည်း အိမ်ပေါ်က မောင်းထုတ်တတ်ကြလို့ မြန်မာဒုက္ခသည်တွေဟာ အိမ်လခ အချိန်မီ မပေးနိုင်မှာကို အမြဲ စိတ်ပူနေကြပါတယ်။ စားစရာ ဝတ်စရာ အသာထားလို့ တလတလ အိမ်လခအတွက် အလျဉ်မီအောင် ကြိုးပမ်းကြ ပေးဆောင်ကြရပါတယ်။
မြန်မာဒုက္ခသည်တွေဟာ ဒေလီမြို့ အနောက်ဘက်မှာရှိတဲ့ ဗီကပ်စ် ပူရီ (Vikas Puri)၊ အူတန်း နားဂါး (Uttam Nagar)၊ အဆလတ်ပူးရ် (Asalatpur)၊ စီဝမ်း၊ မဟိန္ဒြာပတ်ခ် (Mahindra Park)၊ ဂျီဝမ်းပတ်ခ်၊ ဗီကပ်စ်နားဂါး (Vikas Nagar)၊ စီတားပူရီ (Sita Puri) စတဲ့ ဆင်ခြေဖုံးရပ်ကွက်တွေမှာ နေထိုင်ကြပါတယ်။ လူမျိုးကတော့ ချင်းအများဆုံးဖြစ်ပြီး ရခိုင်၊ ရှမ်း၊ ကရင်၊ ဗမာ၊ မွန်၊ နာဂ၊ ကူကီး၊ ကချင် စသဖြင့် မျိုးစုံရှိပါတယ်။
ဘယ်နေရာ ဘယ်ရပ်ကွက်မှာပဲ နေပါစေ။ ဒုက္ခသည်အများစုနေတဲ့ အိမ်ခန်းတွေကတော့ အားလုံးနီးပါး တူညီကြပါတယ်။ ဆယ်ပေပတ်လည်သာ ကျယ်ဝန်းတဲ့ အိမ်ခန်းတွေမှာ ပြူတင်းပေါက်တပေါက်၊ တံခါးမကြီးတပေါက်နဲ့ လေဝင်လေထွက် အတွက် တပေပတ်လည် အပေါက်တပေါက် စုစုပေါင်း အပေါက် သုံးပေါက်သာ ပါဝင်ပါတယ်။
အခန်းတချို့မှာသာ မီးဖိုချောင်သီးသန့်ပါရှိပေမယ့် အများစုကတော့ မီးဖိုချောင်မပါပါဘူး။ အခန်းထဲမှာပဲ မီးဖိုထားပြီး အဆင်ပြေသလို ချက်ပြုတ်ရပါတယ်။ ရေချိုခန်းနဲ့ အိမ်သာကိုလည်း ပထမထပ်၊ ဒုတိယထပ် စသဖြင့် အထပ်လိုက် လေးငါးအိမ်တွဲပြီး သုံးရပါတယ်။ နေရာ ရပ်ကွက်အလိုက် ရူပီး ၁၅၀၀ ကနေ ၃၀၀၀ အထိ ဈေးနှုန်းရှိတဲ့ ဒီလို လေးထောင့်စပ်စပ် အိမ်ခန်းလေးတွေဟာ အဝေးကကြည့်ရင် မီးခြစ်ဆံဗူးတွေ အထပ်ထပ်စီထားတဲ့ပုံသဏ္ဍန် ပေါက်နေပါတယ်။
ဒီလို အိမ်ခန်းတွေမှာ အပြင်အခန်း ရရှိသူများက နေအလင်းရောင်နဲ့ လေကောင်းလေသန့် ရကြပေမယ့် အတွင်းခန်း နေသူများကတော့ နေ့လည်ခင်းမှာတောင် မီးထွန်းမှသာ မြင်နိုင်ပြီး နေ့ရောညပါ မီးထွန်းထားရပါတယ်။ အနံ့စွဲတတ်တဲ့ အစားအစာတွေ ကြော်လှော်လိုက်ရင်လည်း လေဝင်လေထွက် မကောင်းတဲ့အတွက် အခန်းထဲမှာ လေးငါးရက်အထိ အနံ့တွေ စွဲနေတတ်ပါတယ်။ မိသားစုများသူတွေ အဖို့တော့ ကျပ်ကျပ်တည်းတည်းနဲ့ စားတဲ့နေရာမှာ အိပ်ရ၊ အိပ်တဲ့နေရာမှာ စားရနဲ့ ဖြစ်သလို နေထိုင်ကြရပါတယ်။
ဝင်ငွေကောင်းတဲ့ ဒုက္ခသည်တချို့ကတော့ အိန္ဒိယ လူလတ်တန်းစား ပညာတတ်အလွှာတွေ နေကြတဲ့ Apartment တွေမှာ စဘော်ငွေနဲ့ စာချုပ်စာတမ်းနဲ့ အိမ်ခန်းငှားကြလို့ ပြဿနာဖြစ်ကြတာ နည်းပါတယ်။ ဒီလိုနေနိုင်တာကလည်း လူနည်းစုသာ ဖြစ်ပါတယ်။ ကျန်တဲ့အများစုကတော့ နယူးဒေလီ ဆင်ခြေဖုံးရပ်ကွက်ထဲက အိန္ဒိယ အခြေခံ လူတန်းစားအလွှာထဲ တိုးဝှေ့နေထိုင်ရင်း စိုးရိမ်သောကများစွာနဲ့ အသက်ဆက်နေကြရပါတယ်။