ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း အဲဇလုံ လေယာဉ်ကြီး ဆိုက်လေပြီ။ လေဆိပ်အတွင်း ဝင်လိုက်သည်နှင့် ဦးရုက္ခစိုး၊ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ အိုက်စပ်မွန်းကျပ်ခြင်းအရသာကို ခံစားလိုက်ရသည်။ လျှာရှည်သော ဖိုးရှုပ်က အလကား မနေ။ အနားတွင်တွေ့သည့် ရဲဝန်ထမ်းတဦးကို မေးလိုက်သည်။
ဖိုးရှုပ်။ ။ ဒီမှာနောင်ကြီး … လေဆိပ်က အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖြစ်နေပြီး အိုက်စပ်လို့ပါလား။ ဘယ်လိုဖြစ်တာလဲ။
ရဲ။ ။ အဲကွန်းပိတ်ထားတယ်။ ခင်ဗျား အေးတာကြိုက်ရင်တော့ ကိုယ့်ဘာသာ ယပ်သာခပ်နေတော့။
ဖိုးရှုပ်။ ။ အဲကွန်းက ဘာလို့ ပိတ်တာလဲဗျ။ တော်ကြာ နိုင်ငံခြားသားတွေနဲ့ အားနာစရာ။
ရဲ။ ။ (စိတ်မရှည်သလို ကြည့်ရင်း) အဲကွန်းအတွက်သုံးမယ့် ဆီတွေခိုးထုတ်ရောင်းထား … အဲ ယောင်လို့၊ ခင်ဗျား သဘာဝပတ်ဝန်းကျင် ညစ်ညမ်းစေမယ့် အလုပ်ကို တော်တော် အားပေးတဲ့သူပဲ။ နိုင်ငံခြားသားတွေက နားလည်မှုရှိတယ်။ ဘယ်သူမှ အိုက်တယ်မပြောဘူး။ ခင်ဗျား တယောက်တည်း အိုက်နေလို့ မနေတတ်ရင် ရေခဲတိုက်ထဲသွားနေ။
ရဲဝန်ထမ်းစကားကြောင့် ဖိုးရှုပ် ခေါင်းပုဝင်သွားသည်။ “သြော် ယဉ်ကျေးပျူငှာ ရွှေမြန်မာပါလား” ဟု တယောက်တည်း စဉ်းစားနေစဉ် အနားတွင် ကြွက်စုတ်တို့မရှိတော့။ ကြည့်လိုက်တော့ လူဝင်မှုကြီးကြပ်ရေး တွင် တန်းစီနေသည်။ လူဝင်မှုကြီးကြပ်ရေး အရာရှိဖြစ်သူက ကြွက်စုတ်၏ နိုင်ငံကူးလက်မှတ်ကို သေချာစေ့ငုစွာ ကြည့်နေ၏။
လူဝင်အရာရှိ။ ။ ခင်ဗျား မြန်မာပြည် မပြန်တာ အတော်ကြာပြီနော်။
ကြွက်စုတ်။ ။ ဟုတ်ကဲ့ ၁၀ နှစ် ကျော်ပါပြီ။ တကယ်တော့ အရင်က ဟိုကဒီက ပြန်ပါတယ်။ ဟိုက ဒီက ဆိုတာ အထင်မလွဲပါနဲ့၊ ဦးရုက္ခစိုးနဲ့ နတ်ကြုံလိုက်တာကို ပြောတာပါ။ အခုလို အဲဇလုံနဲ့ ပြန်တာက ဒါပထမဆုံးပါ။ ဒါကလည်း တိုင်းပြည်ကြီး ပြောင်းလဲနေပြီဆိုလို့ ကြည့်ချင်လွန်းလို့ ပြန်တာပါ။
လူဝင်အရာရှိ။ ။ လျှာရှည်လိုက်တာ မိချောင်းသားရယ်။ အေးလေ … ရားဘာဒယ်၊ ရားဘာဒယ် (ရပါတယ်ကို ဝမ်းသာ အားရ ပြောခြင်းဖြစ်သည်) ဒါပေမယ့် ၁၀ နှစ်တောင် ပြည်တွင်း ပြန်မလာတဲ့သူဆိုတော့ လက်ဆောင်လေး ဘာလေးတော့ ပါမှာပေါ့နော်။
ချိုသာစွာမေးသည် အရာရှိကိုကြည့်ရင် ကြွက်စုတ်အားတက်သွားသည်။ စိတ်ထဲမှလည်း “ယဉ်ကျေးပျူငှာ ရွှေမြန်မာဆိုတာ ဒါမျိုး” ဟု တွေးလိုက်သည်။
ကြွက်စုတ်။ ။ ဟာ ပါပါတယ်။ ရွာက ကြီးတော်ကြီးက ညောင်းတတ်လို့ ထိုင်းရိုးရာ ကျပ်ထုပ်က တခု၊ အရက်ကြိုက်တတ်တဲ့ ဘကြီးအတွက် ထိုင်း တောအရက် တပုလင်း … ပြီးတော့ …။
လူဝင်အရာရှိ။ ။ အဲဒါတွေကို ပြောတာမဟုတ်ဘူး။ ကျုပ်ပြောတာက လက်ဆောင် ဘတ်ငွေလေးဘာလေး ဟဲဟဲ။
ကြွက်စုတ်။ ။ သြော် ဒါလား ပါပါတယ်၊ ပါပါတယ်။
လူဝင်အရာရှိ။ ။ (ခပ်တိုးတိုးလေသံဖြင့်) ဒါဆိုလုပ်လေဗျာ။ ကျုပ်ကို ဘတ်ငွေလေး ဘာလေး ပေးခဲ့ပါဦး။
ကြွက်စုတ်။ ။ ဘတ်ငွေ ပေးခဲ့ရမယ်ဟုတ်လား။
ကြွက်စုတ်က အူကြောင်ကြောင်လုပ်နေသဖြင့် ဦးရုက္ခစိုးက တံတောင်ဖြင့်တွတ်လိုက်ရာ အိတ်ထဲမှာ ၁၀ ဘတ်စေ့ တစေ့ကို အယောင်ယောင်အမှားမှားဖြင့် ထုတ်ပေးလိုက်သည်။
လူဝင်အရာရှိ။ ။ ဟင် ဒါပဲလားဗျ။
ကြွက်စုတ်။ ။ ဘုရားစူးရပါစေ့ဗျာ။ ကျုပ်မှာ ဘတ်ငွေဆိုလို့ ဒါပဲပါပါတယ်။ အဲဒါ ဖိုးရှုပ်မသိအောင် ဘတ်ထားတဲ့ ငွေလေးပါ။
ကြွက်စုတ်၏ ခုနစ်သံချီအသံကြောင့် လူဝင်မှုကြီးကြပ်ရေးအရာရှိလည်း လန့်သွားပြီး ဘေးဘယ်ညာကိုကြည့်ကာ ဘတ်ငွေ ၁၀ ကို ယူ၍ နိုင်ငံကူးလက်မှတ်ကို ဆောင့်ကြီးအောင့်ကြီး ပြန်ပေးလိုက်ကာ လွှတ်ပေးလိုက်သည်။ ဦးရုက္ခစိုးက ကိုယ်ယောင် ဖျောက်ထားသောကြောင့် မင်သေသေဖြင့် ကြွက်စုတ်ဘေးက ဝင်လိုက်လာသည်။
ဖိုးရှုပ်လည်း တဘက်က လူဝင်မှုကြီးကြပ်ရေး အရာရှိမ တဦးကို ဘတ်ငွေ ၂၀ ပေးကာ ဖြတ်သန်း လာခဲ့သည်။ သူလည်း အယ်ချုပ်ကြီးအိတ်ထဲက ဘတ်လာသည့် ဘတ် ၂၀ ဖြစ်သည်။
လေဆိပ်ထဲကထွက်လာတော့ ရန်ကုန်လေကို တဝကြီးရှုလိုက်ရာ မီးခိုးနံ့များကြောင့် ၂ ဦးနှင့်တပါး ချောင်းတဟွတ်ဟွတ် ဆိုးကြလေတော့သည်။ သူတို့ရှေ့တွင် တက္ကစီတစီးက “ဖုန်းဒိုင်း ဖုန်းဒိုင်း” အသံမျိုးစုံမြည်ကာ လာရပ်သည်။ တက္ကစီဒရိုင်ဘာ ဆင်းလာပြီး သူတို့လက်ထဲက အထုပ်များကို ရိုသေစွာ ယူ၍ ကားပေါ်သို့တင်လိုက်သည်။
ရုက္ခစိုး။ ။ ဒီလိုတော့လည်း ရန်ကုန်သားတွေက ဧည့်ဝတ်ကျေကြသားပဲကွ။ ဒါမျိုးကို ယဉ်ကျေးပျူငှာ ရွှေမြန်မာလို့ ခေါ်တယ် သိလား။
ဒရိုင်ဘာ။ ။ ကားပေါ် ကြွကြပါခင်ဗျ။
ဖိုးရှုပ်နှင့် ကြွက်စုတ်မှာ ဒရိုင်ဘာဖြစ်သူ၍ ယဉ်ကျေးပျူငှာသော ပုံစံကြောင့် စိတ်ကြီးဝင်ပြီး ကားပေါ်တက်ထိုင် လိုက်သည်။ ဦးရုက္ခစိုးလည်း မနေသာတော့ဘဲ လိုက်တက်လိုက်ရသည်။ ကားနောက်ခန်းတွင် ထိုင်လိုက်သော ဖိုးရှုပ်မှာ “အောင်မလေးဗျ” ဟု ရုတ်တရက် အော်လိုက်သဖြင့် အားလုံး လန့်သွားကြ၏။
ဒရိုင်ဘာ။ ။ ဆိုဖာစုတ်ပြီး စပရိန်ထွက်နေလို့ပါ။ နည်းနည်းလောက် ရှောင်ထိုင်လိုက်။ အားလုံးအဆင်ပြေ သွားမယ်။
ဒရိုင်ဘာ ပြောသည့်အတိုင်း ဖိုးရှုပ်က ထိုင်လိုက်စဉ် ကြွက်စုတ်က တံခါး ပိတ်မရဘဲ ဖြစ်နေသည်။ ဒရိုင်ဘာက တံခါးကို အပြင်မှ လာပိတ်ကာ ဝါယာကြိုးဖြင့် သေချာစွာ ချည်တုပ်ရင်း “အားလုံး အဆင်ပြေသွားပါပြီ ခင်ဗျာ။ ဘယ်ကို ပို့ပေးရပါမလဲ” ဟု မေးလိုက်သည်။
ရုက္ခစိုး။ ။ ဈေးသိပ်မကြီးတဲ့ ဟိုတယ် ဒါမှမဟုတ် တည်းခိုခန်း တခုခုကို ပို့ပါ။
ဒရိုင်ဘာ။ ။ ဟိုဟာရတဲ့ တည်းခိုးခန်းရှိတယ် ဆရာတို့။ ဈေးလည်း သိပ်မကြီးစေရဘူး။ မှတ်ပုံတင်လည်း ပြစရာ မလိုအောင် ကျနော် စီစဉ်ပေးလို့ရတယ်။
ဒရိုင်ဘာက ပြောရင်းဆိုရင်း ကားပြူတင်းပေါက်မှ ကွမ်းတံတွေးကို လမ်းပေါ်သို့ ပြစ်ခနဲ လှမ်းထွေးလိုက်သေးသည်။
ကြွက်စုတ်။ ။ ဟိုဟာဆိုတာ ဘာလဲဟင် … ရေပူရေအေးရတာကို ပြောတာလား။
ဒရိုင်ဘာ။ ။ ဟာ ကိုယ့်ဆရာကလည်း ပိန်းလိုက်တာ။ ဟိုဟာဆိုတာ ဟိုဟာပေါ့ဗျာ။ ဘာညာကွိကွပေါ့။
ဖိုးရှုပ်က ရုတ်တရက်သဘောပေါက် သွားပြီး “ဟာ ရတယ်၊ ရတယ်။ ကျနော်တို့ကို အသင့်အတင့် ဟိုတယ် တခုခုသာ ပို့ပေးပါ” ဟု ပြောလိုက်သည်။ ကားသမားက ကားကို ဆောင့်ထွက်လိုက်ရာ “ဖုန်းဒိုင်း” သံစုံမြည်၍ ထွက်ခွာသွားသည်။ ကားက လမ်းလျှောက် တဂျုံးဂျုံးမြည်နေသည်။
ဒရိုင်ဘာ။ ။ ဟဲဟဲ … ကျနော့်ကားက သိပ်မဆိုးပါဘူး။ လမ်းတွေက ချိုင့်တွေချည်းပဲမို့လို့ပါ။
ကားပေါ်တွင် သူတို့အားလုံး ယိမ်းထိုးနေကြသည်။ ကားက မီးပွိုင့်ကို ပွတ်ကာသီကာ ကျော်ဖြတ်သည်။ သူ့ကားကို ကားတစီးစီးကျော်ဖြတ်သွားလျှင် ဒရိုင်ဘာက ဆဲသည်။ ဒီလိုနှင့် အလတ်စား ဟိုတယ်တခု ရှေ့တွင် ကားဘရိတ်ကို ဆောင့်အုပ်လိုက်တော့သည်။
ကြွက်စုတ်။ ။ ဘယ်လောက်ကျလဲ။
ဒရိုင်ဘာ။ ။ တသောင်းခွဲ ကျပါတယ်။
ဖိုးရှုပ်။ ။ ဟာ များလိုက်တာဗျာ။ ခင်ဗျား တက္ကစီမှာ မီတာမပါဘူးလား ကြည့်ရအောင်။
ဒရိုင်ဘာက ဖိုးရှုပ်အား မျက်ထောင့်နီဖြင့် ကြည့်၍ “ခင်ဗျား ရူးနေလား။ ဒီလောက်စုတ်နေတဲ့ကား ဘယ်လိုလုပ် မီတာ တပ်မှာလဲ။ ရုတ်ရုတ်ရုတ်ရုတ်တော့ မလုပ်နဲ့၊ ပေး တသောင်းခွဲ” ဟု ပြောလိုက်သည်။
ရုက္ခစိုး။ ။ နည်းနည်းလောက် လျှော့ပေးလိုက်ပါ ငါ့တူရယ်။
ဒရိုင်ဘာ။ ။ ခင်ဗျားက ဘယ်ဇာတ်ထဲကလဲ အဘိုးကြီး။ ကြောင်တောင်တောင်မလုပ်ပါနဲ့။ တပြားမှ မလျှော့ပေးနိုင်ဘူး။ ကားပေါ်မတက်ခင် ကတော့ ဈေးမမေးဘဲနဲ့။
ဖိုးရှုပ်။ ။ ဒါကတော့ ခင်ဗျားက ကျနော်တို့ အထုပ်တွေကို ယူပြီး ကားပေါ်တင်လိုက်တာကိုး။ မေးချိန်မှမရတာ။
ဒရိုင်ဘာ။ ။ ဟာ … ခင်ဗျားတို့ တောသားတွေပဲ။ ဒါ ရန်ကုန်ဗျ။ ရန်ကုန်။ တောမဟုတ်ဘူး။ အူကြောင်ကြောင် လာမလုပ်နဲ့ အကုန်လုံး ပြဿနာ တက်သွားမယ် ဘာသိလဲ။
ဒရိုင်ဘာက စွတ်ဟောက်နေသဖြင့် အကျယ်အကျယ် မငြိမ်းဖွယ်များ ဖြစ်လာမည်ကို စိုးရိမ်သော ဦးရုက္ခစိုးမှာ မြန်မာကျပ်ငွေ ၅ ထောင်တန် ၃ ရွက်ကို အပ်ချလောင်းဟု မန်း၍ ပေးလိုက်မှ ကားကို ဆောင့်ထွက်ကာ “ဖုန်းဒိုင်း” သံစုံမြည်၍ မောင်းထွက် သွားလေတော့သတည်း။ ။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံရေးသားထားခြင်း မဟုတ်ပါ။