ဦးရုက္ခစိုး အူမြူးနေသည်။ တပါးတည်း တခွိခွိဖြင့် ပြုံးလိုက်၊ ရယ်လိုက်ဖြစ်နေ၏။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုး ရူးသွားပြီလား။ တော်ကြာ နတ်ရူးဆိုပြီး နာမည်ကြီးနေဦးမယ်နော်။
ရုက္ခစိုး။ ။ ရူးတာမဟုတ်ဘူး။ မြူးတာကွ၊ မြူးတာ။ ပျော်လို့ ဟီဟိ။
ကြွက်စုတ်။ ။ ဘာလို့ ပျော်နေတာလဲဗျာ။ အပျော်ဆိုလည်း နည်းနည်းလောက် မျှပါဦး။
ရုက္ခစိုး။ ။ ပြောင်းတာတွေ မြန်လွန်းလို့ ပျော်တာဟေ့။ ဒါလေးတောင် မသိဘူးလား။
ဖိုးရှုပ်။ ။ ဟာ ဦးရုက္ခစိုးကလည်း … အပြောင်းအလဲ မြန်တာ ဘယ်ကောင်းမှာလဲ။ ကျနော်တို့ ရပ်ကွက်ထဲက အစ်ကိုကြီး တယောက်ဆို အစက အကောင်း …၊ မတွေ့တာ ရက်ပိုင်းပဲရှိသေးတယ် ပြောင်းသွားပြီ။ မကောင်းပါဘူး။
ကြွက်စုတ်။ ။ ဘယ်ပြောင်းတာလဲ … ဘဝတပါးလား။
ဖိုးရှုပ်။ ။ မဟုတ်က ဟုတ်က … ဖုန်းကညာတပါး လုံးရာက ပြားသွားတာကို ပြောတာ။ ယောက်ျားစင်စစ်က မိန်းမအဖြစ်ကို ပြောင်းသွားတာ။ အံ့ရောပဲ။
ရုက္ခစိုး။ ။ ဟ … ဒါ သူ့ကိုယ်ပိုင် လွတ်လပ်ခွင့်ပဲ။ ပြောင်းပစေပေါ့ …။ အာ … မင်းတို့လုပ်တာနဲ့ လိုရင်းကို မရောက် တော့ဘူး။ ငါ ပြောင်းတယ်လို့ ပြောတာက … မြန်မာပြည်ကြီးကွ … မြန်မာပြည်ကြီး ပြောင်းတာ။
ကြွက်စုတ်။ ။ ဟွန်း … သူပဲ အမျိုးမျိုး … အစကတော့ မပြောင်းဘူးဆို။ ပြောင်းတာ ကြာတယ်ပြောတော့လဲ သူ၊ အခု ပြောင်းပြီ ပြောတော့လဲ သူပဲ။
ရုက္ခစိုး။ ။ အဲဒါပဲ … မင်းတို့ နားမလည်တာ။ ကိုယ်ကိုယ်တိုင်က ပြောင်းတာကို လိုချင်ရင် … သူများ တကယ် ပြောင်းနေတာ ကိုလည်း လက်ခံနိုင်ရမယ်ကွ။ မပြောင်းသေးလို့ မပြောင်းဘူးပြောတယ်၊ ဟော … အခု ပြောင်းသွားလို့ ပြောင်းတယ် ပြောတယ်။ ဘာဖြစ်လဲ။
ဖိုးရှုပ်။ ။ ဘာမှတော့ မဖြစ်ပါဘူး။ ဦးရုက္ခစိုးလည်း နည်းနည်း ပြောင်းသွားသလိုပဲနော်။
ရုက္ခစိုး။ ။ ပြောင်းရမှာပေါ့။ ငါလည်း ပြောင်းမယ်။
ကြွက်စုတ်။ ။ ကဲပါဗျာ … ရှင်းရှင်းပြောစမ်းပါ။ တော်ကြာ ပေါက်တတ်ကရတွေ လျှောက်တွေးမိတော့မယ်။
ရုက္ခစိုး။ ။ ပေါက်ကရမတွေးနဲ့ … ငါတို့သမ္မတ လုပ်ပုံကိုကြည့်လေ။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလိုက်တဲ့ အကွက်လေး မလှဘူးလား။ အခုဆို သူများနိုင်ငံတွေကတောင် တို့နိုင်ငံကို အတုယူရတော့မယ်။
ဖိုးရှုပ်။ ။ အဲဒါနဲ့ပဲ မြန်မာပြည်ကြီးက ပြောင်းသွားရောလားဗျာ။
ရုက္ခစိုး။ ။ ဟ … ပြောင်းတာပေါ့ကွ …။ အခုလို နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတော့ မကြာဘူး စီးပွားရေး ပိတ်ဆို့မှုတွေလည်း ရုပ်သိမ်းတော့မယ်။ အခု လွှတ်ပေးလိုက်တဲ့ ကိုမင်းကိုနိုင်တို့လို လူတွေရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ လက်ရှိ တိုင်းပြည်ခေါင်းဆောင် တွေရယ် ပူးပေါင်းပြီး တိုင်းပြည်တည်ဆောက်ရေးတွေ လုပ်လိုက်လို့ကတော့ ငါတို့တိုင်းပြည် ပြောင်းတာ … ခေါက်ဆွဲပြုတ်တာထက်တောင် မြန်ဦးမယ်။
ကြွက်စုတ်။ ။ ဟင် … အဲဒါက ဘာလဲ။
ရုက္ခစိုး။ ။ ၃ မိနစ်ပဲစောင့်လေ … မသိဘူးလား။ ကြော်ငြာမင်းသမီးလေး ပြောတာ။ ခေတ်မမီလိုက်တာကွာ။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုးကလည်း နှိပ်ကွပ်ဖို့ချည်းပဲ။
ရုက္ခစိုး။ ။ နှိပ်ကွပ်ရမှာပေါ့ကွ။ မင်းတို့က ဒီဘက်ကနေ ဘေးထိုင်ဘုပြောတွေ လုပ်နေတာ။ ငါကတော့ ပြောင်းရင် ပြောင်းတယ် … ပြောင်ပြောင်ပဲ။
ကြွက်စုတ်။ ။ ဒါကတော့ဗျာ … အခုတမျိုး တော်ကြာတမျိုးလို့ အပြောခံရမှာ ကြောက်တာကိုး။
ရုက္ခစိုး။ ။ အဲဒါကို ကြောက်နေရင် ကျောက်ခေတ်ထဲမှာ ကြွက်စုတ် နေရစ်ခဲ့တော့လို့ပဲ ပြောရလိမ့်မယ်။ ငါကတော့ အစက ချင်းမိုင်ရုက္ခစိုး … အခု ရန်ကုန် ရုက္ခစိုး လုပ်သင့်ရင် လုပ်ရမှာပဲ။ အခုတမျိုး တော်ကြာတမျိုး ရုက္ခစိုးလို့ပြောလဲ ခံမယ်ကွာ။
ဖိုးရှုပ်။ ။ စဉ်းစဉ်းစားစားလည်း လုပ်ပါဦး ဦးရုက္ခစိုးရယ်။ တော်ကြာ ကျနော်တို့ စကားဝိုင်းလေး ဘုံပျောက်မှဖြင့်။
ရုက္ခစိုး။ ။ စကားဝိုင်းက ဘုံပျောက်ရုံမကလို့ ရုက္ခစိုး ဘုံပျောက်ချင်လည်း ပျောက်ပါစေကွာ။ ကဲ ကဲ မင်းတို့ကော ပြောင်းမှာလား၊ မပြောင်းဘူးလား။
ဖိုးရှုပ်။ ။ တခုတော့ ရှိတယ် ဦးရုက္ခစိုးရဲ့ … အစိုးရက အပြောင်းအလဲတွေ လုပ်တာကတော့ လုပ်ပြီပေါ့ဗျာ။ တိုင်းပြည် ပြောင်းဖို့ကတော့ လူတွေရဲ့ စိတ်ဓာတ်တွေလည်း ပြောင်းရမှာလေ။ ပြီးတော့ … ပညာရေး၊ ကျန်းမာရေးက စပြီး … ။
ကြွက်စုတ်။ ။ ကြီးကြီးကျယ်ကျယ်ကွာ … ဖိုးရှုပ်ပါးစပ်က နတ်စကား ထွက်နေပြန်ပါပြီ။
ရုက္ခစိုး။ ။ ဖိုးရှုပ်ပြောတာလည်း ဟုတ်တာပဲကွ …။ လူတွေရဲ့ စိတ်တွေလည်း ပြောင်းရမယ်၊ အကုန်လုံး ပြောင်းဖို့ ဆိုတာတော့ ကြာချင်ကြာလိမ့်မယ်ပေါ့ကွာ။ ဒါပေမယ့် အရှိန်အဟုန်နဲ့ အကုန်လုံး အသိစိတ်ဓာတ်နဲ့ လိုက်ပြောင်းမယ် ဆိုရင် …။
ဖိုးရှုပ်။ ။ ၃ မိနစ်ပဲစောင့် ဦးရုက္ခစိုး။
ရုက္ခစိုး။ ။ ငါ့စကားနဲ့ ငါ့ကိုလာပြန်ပတ်နေပြန်ပါပြီ။ လောလောဆယ် ပြောင်းတာတွေနဲ့ ပတ်သက်ပြီး ငါတော့ သမ္မတကြီးကို စကားတခွန်းလောက်တော့ ပြောချင်တယ်။
ကြွက်စုတ်။ ။ ဘာပြောမှာလဲ။ သမ္မတကြီး ကျန်းမာပါစေလား။
ရုက္ခစိုး။ ။ တိုင်းပြည် တကယ်ကောင်းစေချင်တဲ့ စေတနာနဲ့ ပြောင်းတာဆိုရင်တော့ သူလည်း စိတ်ချမ်းသာပြီး ကျန်းမာ မှာပေါ့ကွာ။ ငါ ဆုတောင်းပေးဖို့တောင် မလိုပါဘူး။ အခုဆိုရင် နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေ၊ ဒီလူတွေကို ချစ်တဲ့ ပြည်သူပြည်သား တွေကလည်း ဆုတောင်းပေးနေပြီလေ။
ဖိုးရှုပ်။ ။ ဟုတ်တယ်။ အခုဆိုရင် တိုင်းရင်းသားတွေနဲ့လည်း ငြိမ်းချမ်းရေးရဖို့ လုပ်နေပြီ၊ ကျန်သေးတဲ့ သူတွေကိုပါ ဆက်လွှတ် ပေးမယ်ဆိုရင်တော့ သမ္မတကြီးက ကျန်းမာပြီးရင်း ကျန်းမာရင်း ဖြစ်နေမှာ။
ရုက္ခစိုး။ ။ အဲဒါပြောတာပေါ့။ ဒါကတော့ သူ့အလုပ်သူသိပါတယ်။ ဆက်လုပ်မှာပါကွာ။ လောလောဆယ်တော့ ငါတို့ကို အူမြူးအောင်၊ ပျော်ရအောင် အပြောင်းအလဲတွေ ဆက်တိုက် လုပ်ပေးလိုက်တဲ့ သမ္မတကို ကျေးဇူးတင်တယ်။ မင်္ဂလာ ရှိလွန်းလို့ကွာ။
ဖိုးရှုပ်နှင့် ကြွက်စုတ်က ဦးရုက္ခစိုး ဘာပြောတော့မည်ကို ကြိုတင်သိသည့် ပုံစံဖြင့် ဦးရုက္ခစိုးထက် ဦးစွာ “မင်္ဂလာပါ သမ္မတကြီး လို့ ပြောမှာ မဟုတ်လား” ဟု ပြိုင်တူ ပြောလိုက်သဖြင့် ဦးရုက္ခစိုးမှာ ဘာမှ မပြောနိုင်တော့ဘဲ ပြုံးဖြီးဖြီးကြီး ကြည့်နေလေတော့ သည်။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။