ညဉ့်နက်မှာကိုလည်း တားလို့မရဘူး၊ လထွက်မှာကိုလည်း တားလို့မရဘူး။ ညဉ့် နက်နက်မှာ သာတဲ့လက ဒီလောကမှာ အလှဆုံးပါ။ ဒီစာသားလေး ကတော့ စာရေးဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရဲ့ “ညဉ့် နက်နက်မှာ လထွက်ခြင်း” စာအုပ်ထဲက စာသားလေးပါ။ ဆရာကြီးကတော့ ဘယ်လိုအဓိပ္ပာယ်နဲ့ ရေးခဲ့ရေးခဲ့ ကိုယ်ကလည်း ကိုယ့်အဓိပ္ပာယ်နဲ့ကိုယ် နှစ်သက်နေမိတာ အမှန်ပါပဲ။
ဒုက္ခတွေကြားက ရှာဖွေတွေ့တဲ့ သုခ၊ သောကတွေကြားက ဖမ်းဆုပ်မိတဲ့ ပီတိ၊ နာကျင်မှုတွေကြားက ထွေးပွေ့မိတဲ့ သက်သာမှု၊ ဒါတွေဟာ ညဉ့်နက်နက်မှာ သာတဲ့ လတွေပါပဲ။ ဦးပဉ္ဇင်းတို့ တတွေလည်း ဒုက္ခတွေထဲက သုခကို ဆွဲထုတ်၊ သောကတွေထဲက ပီတိကို ရှာဖွေ၊ မွမ်းကျပ်မှုတွေထဲက လတ်ဆတ်တဲ့ လေညင်းကို ရှုရှိုက်မိတဲ့အခါ ဒုက္ခတွေ ရှိချင် သလောက် ရှိပါစေ ဒုက္ခကို ထီမထင်တဲ့ စိတ်၊ သောကတွေ ဘယ်လောက် ပြည့်သိပ်နေပါစေ သောကဖြေဆေး ရှာဖွေထားမိသူ တယောက်လို စိတ်အားအင် ရခဲ့တာတော့ အမှန်ပါပဲ။
ဦးပဉ္ဇင်း ဆောင်းပါးတပုဒ်မှာ ရေးခဲ့ဖူးပါတယ်။ ပညာသင်ရတာ အခက်အခဲပေါင်းစုံ ပြည့်နှက်နေတဲ့ နေရာဟာ နံရံလေးဘက် ကြားက အချိန်ကာလတွေပါပဲ။ ဒီကာလတွေ အတွင်းမှာ အောင်မြင်စွာ သင်ကြားနိုင်ခဲ့တဲ့ ပညာတွေထဲမှာ ပန်းချီဆရာကြီး ဦးခင်မြင့်အောင်ရဲ့ ပန်းချီသင်တန်းလည်း တခုပါမယ် ထင်ပါတယ်။ ဒီသင်တန်းရဲ့ အောင်မြင်မှုတွေထဲမှာ ပန်းချီပြပွဲလေးကို နှစ်ကြိမ်လောက် လုပ်ခွင့်ရခဲ့တာပါပဲ။
တံခါးတွေနဲ့၊ သော့အထပ်ထပ် နံရံတွေနဲ့ ကာဆီးထားတဲ့ ကွန်ကရစ်တောကို ဖြတ်ပြီး ရောက်လာတဲ့ ပန်းချီဆေး၊ စုတ်တံ တွေကလည်း အသုံးဝင်၊ တန်ဖိုးအားဖြင့် ကြီးမားပါတယ်။ စွန့်စားရဲတဲ့ ဝန်ထမ်းရဲ့ ကြိုးပမ်းမှု၊ စွန့်စားချင်လာအောင် ကြိုးပမ်း ချင်လာအောင် စည်းရုံးနိုင်တဲ့ စည်းရုံးရေး သမားကောင်း တယောက်ရဲ့ စွမ်းရည်တို့ကိုလည်း ဒီဆောင်းပါးမှာ ချန်ထားခဲ့လို့ မဖြစ်ပါဘူး။
ဆရာ ဦးခင်မြင့်အောင်ရဲ့ ပန်းချီသင်တန်းဟာ တုတ်တချောင်းနဲ့ မြေကြီးရှိရင် မြေပြင်မှာခြစ်လို့ သင်တန်းကို စမယ်လို့ ဆိုပါတယ်။ အထောက်အကူ ပစ္စည်း ဘာမှ ရှိရှိ မရှိရှိ လုပ်လို့ရတယ်ဆိုတဲ့ သဘောပါပဲ။ ခက်ခဲမှုကို အာခံတဲ့စိတ်၊ ဘယ်လို ပစ္စည်းရှိမှ အလုပ်ဖြစ်ရမယ်ဆိုတဲ့ အားငယ်တဲ့ စိတ်တွေကို သူတို့ သင်တန်း မစခင်တည်းက အပြီးတိုင် စိတ်ထဲက နှင်ထုတ်ပြီးသား ဖြစ်နေတယ်။ ဦးပဉ္ဇင်းတွေ့တဲ့ အချိန်မှာတော့ မြေပြင်မှာ တုတ်နဲ့ခြစ်ရလောက်အောင် သူတို့သင်တန်းဟာ ပစ္စည်းမပြည့်မစုံ မဟုတ်ပါဘူး။
မယ်လမင်း ပန်းကန်ပြားပေါ်မှာ ခဲဆံနဲ့ ရေးခြစ်ရတဲ့ အဆင့်လောက် ပြည့်စုံလာတာ တွေ့ရပါတယ်။ တနေ့ တယောက် အလှည့်ကျ အကူအညီ တောင်းတာကတော့ သူတို့ရှေ့ မော်ဒယ်လ် ထိုင်ပေးရတာပါပဲ။
လောကကြီးကို ကဗျာဆရာက ကဗျာတွေလို့ မြင်မယ် ။ ပန်းချီဆရာက ပန်းချီလို့ မြင်မယ်။ ဒီလိုစကားကို စာတွေထဲဖတ်ရ တုန်းက ဖတ်ကောင်းအောင် ရေးတယ်လို့ ထင်မိခဲ့တာ။ ဆရာဦးခင်မြင့်အောင် သူ့သင်တန်းသားတွေနဲ့ စကားပြောနေတုန်း အနားကပ် နားထောင်မိတော့ သူမြင်သမျှတွေကို အရောင်တွေ ခွဲပြနေတာကို ကြားလိုက်ရတယ်။
သစ်တပင်ကိုပြပြီး “အားလုံး စိမ်းနေတာမဟုတ်ဘူး။ ကြည့်၊ အလင်းတွေ၊ အမှောင်တွေ၊ နောက် မတူတာတွေ တွေ့လိမ့်မယ်” ဆိုတာကို လက်ညှိုး ညွှန်ပြပြီး ရှင်းပြနေတာတွေ့ရတော့ သြော် … တကယ်ပါလား ။ ပန်းချီ ဆရာရဲ့ ပန်းချီဆွဲစရာ ကုန်ကြမ်းတွေ၊ သင်ကြား ပြသစရာ အထောက် အကူ ပစ္စည်းတွေဟာ သုံးမကုန်အောင် ရှိနေပါလားဆိုတာ သဘော ပေါက်ရတော့တယ်။ တကယ်တော့ သဘာဝ တရားထဲက အလှကို ထုတ်ယူတတ်သူဟာ အနုပညာ သမားတွေဆိုတာ သဘော ပေါက်မိတော့တယ်။
ကဗျာဆရာ တယောက်ရဲ့ ကဗျာထဲမှာ ဖတ်လိုက်မိတဲ့ စာသားလေးက စိတ်ထဲ စွဲနေတယ်။ ဝန်းတံခါးမှာ သံပန်းတံခါးကို မြင်ပြီးကဗျာဆရာက “အနုပညာ ရောစွက်လာလျှင် သံပင် ပန်း ဖြစ်နိုင်တကား” လို့ ဥဒါန်းကျူးရင့် ထားခဲ့တဲ့ စာသားလေးက အနုပညာ ဖန်တီးသူတွေကိုတွေ့တိုင်း ရေရွတ်မိတဲ့ စာသားလေးပါပဲ။ ဒီဆောင်းပါးလေး မရေးခင် စာပေဟောပြောပွဲတခုကို နားထောင်ထားတော့ ဟောပြောပွဲမှာ ဟောသွားတဲ့ စာရေးဆရာရဲ့ စကားလေးက ခေါင်းထဲဝင်လာပြန်တယ်။ ဗိုလ်ချုပ်အောင်ဆန်းက ဒဂုန်တာရာကို ပြောတယ် –
“ကိုဌေးမြိုင်ရ အိမ်ထောင်ရေးမှာလဲ အနုပညာ လိုအပ်သဗျ”
အရာရာ အနုပညာဆိုတာ လိုအပ်ပါလား။ အနုပညာနဲ့ ထိလိုက်ရင် လှလာပါလား ပေါ့။ သံတောင် ပန်းဖြစ်သေးတာကိုး။ နိုင်ငံရေးသမားတွေရဲ့ နှလုံးသားထဲ အနုပညာ စိုက်ထူလိုက်မိရင် သူတို့ရဲ့နိုင်ငံရေးဟာ လှပလာကြတာတွေကို တွေ့လိုက် ရတယ်။ သူတို့ရဲ့ စကားတွေဟာ အနုပညာကြောင့် လူတွေရဲ့ နှလုံးသားထဲအထိ ထိုးဖောက်သွားကြတာကို တွေ့လိုက် ရတယ်။ အနုပညာသမားတွေရဲ့ နှလုံးသားဆိုတာ ကဗျာတွေအတွက် စကားလုံးတွေ၊ ပန်းချီကားချပ်တွေအတွက် ဆေးရောင်စုံတွေ၊ တေးသီချင်းတွေ အတွက် သံစဉ်တွေကို သိုမှီးရာ တိုက်ခန်းမဟုတ်လား။ အနုပညာ နဲ့ နိုင်ငံရေး ပေါင်းစပ် မိတော့ကော …။
သင်တန်းမှာ ပါဝင်နေသူတွေထဲမှာတော့ ဦးပဉ္ဇင်းတို့ရဲ့ ယနေ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ် ပါဝင်ခဲ့တယ်။ သူ့မှာ ထင်ရှား သိသာတာကတော့ အနုပညာတွေ သူ့ဆီ စုပြုံနေတာပါပဲ။ ကဗျာကောင်းတွေကို ကိုယ်တိုင်လည်း ရေးသလို ကဗျာဆရာတွေရဲ့ ကဗျာကောင်းတွေကိုလည်း ရင်ထဲအထိ သိမ်းထားသူ၊ တေးသီချင်းပေါင်း များစွာကို တကယ့် အဆိုတော် ကြီးတွေလို သီဆိုနိုင်သူ၊ သူဆွဲထားတဲ့ ပန်းချီ ကားတချပ် အကြောင်းကို မပြီးသေးသော ပန်ချီးကားများဆိုတဲ့ ခေါင်းစဉ်နဲ့ စာတပုဒ် ရေးခဲ့ဖူးပါသေးတယ်။
သူဆွဲပေးတဲ့ ပန်းချီကားချပ်ဟာ ရင်ထဲမှာ နှစ်ရှည်လများ တည်အောင် ပေးခဲ့တဲ့ အစွမ်းကို ပြောပြချင်လွန်းလို့ အဲဒီတုန်းက ဆောင်းပါး ရေးခဲ့တာပါ။ အနုပညာ ဖန်တီးသူတိုင်းဟာ ရယ်သံကို ကဗျာ ဖွဲ့သလို၊ ရှိုက်သံကိုလည်း တေးသီချင်း အဖြစ် ပြောင်းလွှဲ နိုင်ကြတယ်။ ဒဏ်ရာနဲ့ ဝေဒနာဟာ သူတို့အတွက်ကုန်ကြမ်းတွေပဲ မဟုတ်လား။ ကိုယ်တိုင် အနုပညာ ဖန်တီးသူဟာ အခြားတယောက် ဖန်တီးထားတဲ့ အနုပညာ တခုကိုလည်း ကျကျနန ခံစားတတ်တယ် ဆိုတာ အထူး ပြောစရာ မလိုတော့ပါဘူး။
သွေ့ခြောက်နေတဲ့ ထောင်ထဲက နေ့ရက်တွေကို စိုပြည် လန်းဆန်းအောင် ပြုလုပ်ကြတဲ့ အရာတွေထဲမှာ နိုင်ငံရေး ခံယူချက်ပါမယ်၊ ဘာသာရေး အလုပ်လည်း ပါမယ်၊ နောက်အဓိက နေရာက ပါနေမှာကတော့ အနုပညာပါပဲ (ကိုဌေးကြွယ် သင်္ကြန်ရက်ကို ရွေးပြီး ဦးပဉ္ဇင်းကို ပြောပြခဲ့ဖူးတဲ့ “ပိတောက်ပွင့်ဆဲ လသာဆဲ” ဆိုတဲ့ ဝတ္ထု အကြောင်းကိုလည်း ဆောင်းပါးတစောင် ရေးပါဦးမယ်)
သူတို့ ပန်းချီ သင်တန်းက တိုက်ခန်းထဲမှာတင် မဟုတ်ပါဘူး၊ တခါတလေ တိုက်အပြင်ထွက် ရေးဆွဲ တတ်ကြပါတယ်။ ပညာကို ရသလောက် အမိအရ ယူရုံမကပါဘူး။ အနုပညာ အခံရှိသူမှ ဒီအချိန်တွေကို အသုံးချတာပါ။ သဲကုန်းက ကိုသိန်းထွန်း အမေ ဆုံးတော့ သူတို့ အနုပညာနဲ့ နာရေးကူညီမှု တခုကို ပြုလုပ်ခဲ့တယ်။
ပန်းချီပြပွဲထဲက ရုပ်ပုံ ကားချပ်တွေထဲမှာ ရင်ကိုထိမှန်ခဲ့တဲ့ ကားချပ်တွေ ပါဝင်နေတယ်ဆိုတာ အထူးပြောစရာ မလိုပါဘူး။ ကိုဌေးကြွယ် ဦးပဉ္ဇင်းကို လက်ဆောင်ပေးတဲ့ ကားတကားကတော့ လှိုင်းတွေ အင်မတန်ကြီးမားနေတဲ့ ပင်လယ်ပြင်နဲ့၊ လှိုင်းတွေကို သေချာကြည့်ရင် ဘီလူးတကောင် ပါးစပ် ဟထားသလိုမျိုး။ အစ်ဇင်တွေ ဘာတွေကို ကိုယ်က နားမလည်တော့ သေချာ မပြောတတ်ပေမယ့် ခံစားလို့ ရတယ်။ နောက်ပြီး ပြပွဲက ပုံတွေကကော …။
သံတိုင်ကြားကနေ အပြင်ဘက် ရေအိုးထဲက ရေကို လှမ်းခပ်နေတဲ့ပုံရဲ့ အဓိပ္ပာယ်ကို ကိုယ့်ဘာသာ ဖော်ပြီး ခံစားလိုက်ရတာ။ ရေငတ်နေသူရဲ့ သံတိုင် အတွင်းက စိတ်ခံစားမှုတွေကို အမိအရ ဖော်ပြနိုင်တယ်လို့ ထင်တယ်။ သူဆာနေတာ ရေအပြင် တခြား ဘာတွေကို ထောင်ထဲကနေ တမ်းတနေသေးလဲ။ ဒီမေးခွန်းကိုပါ တဆက်တည်း မွေးထုတ်လိုက်တယ်လို့ ဆိုရမယ်။ သူလှမ်းခပ်လိုက်တဲ့ ရေအိုးထဲမှာကော ရေရှိရဲ့လား။ အရောင်တွေအရ ည ရှုခင်းဆိုတာ မှန်းလို့ရတယ်။ ဒီတော့ ညခင်းကြီးမှာ သူ ဆာနေတဲ့ရေကို ဘယ်သူကဖြည့်ပေးမှာလဲပေါ့။ ဘာပဲပြောပြော နာကျင်နေတဲ့ ဝေဒနာကို မြစ်ဖျားခံခဲ့တဲ့ ကားချပ်ဆိုတာ သိသာပါတယ်။ ဆာလောင်မှု ကုန်ကြမ်းကနေ အနုပညာ ကုန်ချော တခုကတော့ မွေးဖွားလာတာ အမှန်ပါပဲ။ အရုပ်ကဗျာကို ငရဲခန်းထဲက လူသားတွေ ဖန်တီးလိုက်မှုဟာ ဒုက္ခထဲက သုခကို ဆွဲထုတ်လိုက်တာပါပဲ။ မျက်ရည်ကြားက ပီတိ တခုကို ကောက်ရလိုက်တာပါ။
ဆရာ ဦးခင်မြင့်အောင် ကိုယ်တိုင်ရေးဆွဲထားတဲ့ နောက်ကားချပ် တခုကလည်း ရင်ထဲက မထွက်အောင် ရှိနေဆဲပါပဲ။
အသက်အရွယ် ရနေပြီးဖြစ်တဲ့ လူသားတဦးက ပခုံးပေါ်မှာ ကလေးငယ်လေးကို ထမ်းပိုးထားတယ်။ ကလေးငယ်က လူကြီး ပခုံးပေါ် မတ်တပ်ရပ်လို့ သူက အလကား ရပ်နေတာမဟုတ်ဘူး။ အလုပ်တခု လုပ်နေတယ်။ အဲဒီအလုပ်ကတော့ သူ့ လက်ထဲကနေ ငှက်တကောင်ကို လွှတ်ပေးလိုက်တာ ပါပဲ။ မျိုးဆက်သစ်တွေကို ပခုံးထမ်း တင်ပေးနေတဲ့ အနာခံစိတ်၊ ထိုစိတ်နဲ့ အတူ မွေခံထိုက်စေ ဆိုတာ ဖြစ်အောင် အစဉ်အလာ ကောင်းတွေကို လက်ဆင့်ကမ်း ပေးတဲ့ သမိုင်းတာဝန်၊ မပြီးပြတ်သေးတဲ့ အမျိုးသားရေး ကိစ္စ။ ဒါတွေဒါတွေဟာ ပန်းချီကားမှာ ပေါ်လွင်နေတယ်။ ကြည့်ရသူ လူတိုင်းကို ရင်ထဲ ထိမှန် စေတယ်ဆိုတာ အသေချာပါပဲ။ ကဗျာတပုဒ်က တာဝန်ယူချင် စိတ်တွေကို ပေးတယ်ဆိုရင် ပန်းချီ ကားတချပ်ဟာလည်း ခံစားသူတွေကို ရှေ့ခရီးရဲ့ အလုပ်တွေကို မီးမောင်း ထိုးပြနေတာပါပဲ။
နောက် ဦးခင်မြင့်အောင်ပဲ ရေးထားတဲ့ ပန်းချီကား တချပ်မှာ လူသားတယောက်ဟာ အင်မတန် လေးလံလှတဲ့ အရာတခုကို ထမ်းလို့ ကြိုးစားပြီး လှမ်းနေတဲ့ပုံ။ နောက် ဒီကားမှာ သိသာတာကတော့ နံရံ တွေကို အထင်းသား တွေ့လိုက်ရတာပါ။ လူ့ အခွင့်ရေးလို့ ပြောနေသူတွေ ဒီပန်းချီကားထဲက လိုမျိုး ခံစားမှုပေးတဲ့ အနုပညာ တခုခုနဲ့ အလုပ်လုပ် လိုက်ရင် သူတို့ အလုပ်တွေ ပိုပြီးလူတွေရဲ့ ရင်ထဲကို ရောက်မှာ သေချာတယ်။
သူတို့ပြပွဲထဲက အခုအချိန်ထိ မပျောက်မပျက် ရင်ထဲ ရှိနေသေးတဲ့ ပန်းချီကား တချပ်ကတော့ ခုတိုင် တချို့ အရပ်ဒေသမှာ ရှိသေးတဲ့ပုံပါ။ ဆီ ကြိတ်တဲ့ဆီဆုံကြီးကို နွားနဲ့ လှည့်နေတယ်။ ဆီ ကျတဲ့ နေရာမှာ ခံထားတဲ့ခွက်ကတော့ ဟန်းကောချိုင့်။ ဒီ ပန်းချီကား ကလည်း သူတို့သင်တန်းသားတွေထဲက တယောက်ရဲ့ လက်ရာပါ။ ရွှေဘိုက ကိုခင်မောင်ကြည် ရေးထားတာ။ အဆီအနှစ်တွေကို သူတို့စားသုံးနေပါလား၊ နွားက ဘယ်သူ့ကို ကိုယ်စားပြုနေလဲ၊ ဟန်းကောချိုင့်ကကော ဘယ်သူတွေရဲ့ နိမိတ်ပုံလဲ။
ထောင်ထဲရောက်စ အခန်းတိုင်းက ဝိုင်းပြီး ကြိုဆိုတဲ့ အခါက တေးသီချင်းတွေ သီဆိုကြတာကို ပြန် အမှတ်ရမိတော့တယ်။ အမှုတွဲ တယောက်က ထောင်ကျတော့မယ် ဆိုရင် သီချင်းတွေ အများကြီးယူလာခဲ့ဖို့လည်း လိုမယ်ဆိုပြီး ရယ်သလို မောသလို တောင် ပြောဖြစ်လိုက်သေးတယ်။ အနုပညာဟာ ဒဏ်ရာတွေကို သက်သာစေတဲ့ အရာဆိုတာ လက်တွေ့ ဘဝကပေးတဲ့ အသိနဲ့ကို သိလာခဲ့တာပါ။
အနုပညာကို တဘက်က ကိုင်ပြီး လုပ်တဲ့နိုင်ငံရေးဟာ သေနတ်ကိုင်ပြီးလုပ်တဲ့ နိုင်ငံရေးထက် သမိုင်းမှာ နေရာလှလှ ရမှာကတော့ အသေချာပါပဲ။
ဆရာတော် အရှင်ဇဝနသည် နိုင်ငံရေး အကျဉ်းသားဟောင်း ဖြစ်ပြီး ယခုအခါ နယ်သာလန်နိုင်ငံ ဥထရက်မြို့ မေတ္တာ ဓမ္မဝိဟာရ ကျောင်းထိုင်ဆရာတော် ဖြစ်သည်။