ဦးရုက္ခစိုး ရင်တုန်ပန်းတုန်ဖြစ်နေသည်။ သွေးဆေးပဲ ဖျော်သောက်ရမလိုလို၊ သကြားပဲ လျက်ရမလိုလို ဖြစ်နေ၏။ ကြားရသည့် သတင်းများက နတ်ပင် ရင်တုန်ပန်းတုန်ဖြစ်စရာ။ ဦးရုက္ခစိုး၏ မအီမသာဖြစ်နေသော မျက်နှာကို ကြည့်ရင်း ဖိုးရှုပ်ကော ကြွက်စုတ်ပါ တအံ့တသြ ဖြစ်နေကြသည်။
ဖိုးရှုပ်။ ။ ဘာဖြစ်နေရ ပြန်တာလဲ ဦးရုက္ခစိုးရယ်။
ကြွက်စုတ်။ ။ ဟုတ်ပါ့ဗျာ။ အရင်တပတ်ကပဲ အရမ်းအရမ်းကို ပျော်တာပါပဲရှမ် … အဲလေ … ဗျာဆို။ အခုတော့ တကယ်ပဲ နတ်ရူး ဖြစ်တော့မယ်ထင်တယ်။
ရုက္ခစိုး။ ။ ကြားရတဲ့ သတင်းတွေက ရင်တုန်စရာ ကောင်းလွန်းလို့ပါကွာ။ ငါ့ကို သကြားလေး နည်းနည်းလောက် အနံ့ပေးရှူပါလား။
ဖိုးရှုပ်။ ။ ဘာသတင်းတွေ ကြားလို့လဲ ဦးရုက္ခစိုးရဲ့။ ကျနော် အကောင်းဆုံး အကြံပေးရရင်တော့ ဦးရုက္ခစိုးအနေနဲ့ ဘာသတင်းပဲ ကြားကြား တရားနဲ့ဖြေ။
ရုက္ခစိုး။ ။ နတ်ကို တရားလာမပြစမ်းပါနဲ့။ မင်းတို့ကြားရင် မင်းတို့လည်း ရင်တုန်သွားမှာ။ မကြားသေးဘူးလား … ဟို ပြည်တွင်း မီဒီယာ တခုက ဟို မီဒီယာ အန်တီကြီးတယောက်က ဟို ဘဘကြီးကို စွတ်တင်ပေးနေတာလေ။
ကြွက်စုတ်။ ။ ဟာဗျာ … ဦးရုက္ခစိုးလုပ်ပုံကလည်း ပေါ့ပ်ဂျာနယ် ခေတ်ဦးကလို ကြာသပတေးနံနဲ့ စတဲ့ မင်းသမီးလေးက စနေနံနဲ့ စတဲ့ မင်းသားလေးနဲ့ ဗုဒ္ဓဟူးနံနဲ့ ဆုံးတဲ့ ဟိုတယ်ကြီးမှာ ဆိုတာလို ဘာပြောချင်မှန်းကို မသိဘူး။
ရုက္ခစိုး။ ။ မင်းမသိပေမယ့် စာဖတ်သူတွေ သိတယ်ကွ။ ထားစမ်းပါကွာ … မင်းပြောတာနဲ့ စကားဘယ်ရောက် သွားမှန်းတောင် မသိဘူး။
ဖိုးရှုပ်က “ဟို ဘဘကြီးကို စွတ်တင်ပေးနေတယ် ဆိုတာအထိ ရောက်သွားပြီ” ဟု ထောက်ပေးလိုက်သည်။
ရုက္ခစိုး။ ။ အေး … အဲဒါ။ ဟိုဘဘကြီးကို စွတ်တင်ပေးရင်း တင်ပေးရင်း ဘရိတ်အုတ် မရဘူး ဖြစ်နေပုံရတယ်။ အဲဒါကို ငါ ရင်တုန်တာပါကွာ။
ဖိုးရှုပ်။ ။ တရားနဲ့ ဖြေပေါ့ ဦးရုက္ခစိုးရယ်။ ဒါကတော့ ဒီလောက်တော့ ရှိမှာပေါ့။ သူ့ခမျာလည်း ကျေးဇူးခံ ကျေးဇူးစားက ရှိဖူးတာကိုး။ တင်ပေးရမှာပေါ့။
ရုက္ခစိုး။ ။ တင်ပေးတာတော့ တင်ပေးပေါ့ကွာ။ သို့သော် … ရွှေပန်းလေးတပွင့် သို့မဟုတ် ဘဘ ဆိုတာတော့ များတာပေါ့။
ကြွက်စုတ်။ ။ ဒီဘဘကြီး ခေတ်ကောင်းတုန်းက ကျောင်းသားတွေကို နှိပ်ကွပ်ခဲ့တာ၊ ထောင်ချခဲ့တာ၊ အကျဉ်းထောင်ထဲမှာ သူနှိပ်စက်လို့ လူတွေ အများကြီး သေခဲ့တာတွေ ဒီ မီဒီယာ အန်တီကြီး မသိလို့ နေမှာပေါ့ ဦးရုက္ခစိုးရယ်။ ပြီးတော့ သူက သတင်းသမားလေ။ အဲဒီအန်တီကြီး မီဒီယာတခုမှာ အင်တာဗျူးပေးထားတာ မတွေ့ဘူးလား … သူ့ကိုယ်သူ သတင်းသမားပါ ဆိုတာ အဲဒီအင်တာဗျူးထဲမှာ အကြိမ်ပေါင်း သုံးဆယ့်ခြောက်ခါလောက် ပြောထားတာ။
ရုက္ခစိုး။ ။ အင်းလေ သတင်းသမား ဆိုတော့လည်း မျှမျှတတပေါ့ …။ ၈၈ တွေနောက်ချည်း လိုက်ရေးနေရင် ၈၈ တွေပဲ နာမည်ကြီးကုန်မှာစိုးလို့ ဘဘကြီးလည်း နာမည်ကြီးပါစေဆိုပြီး ရွှေပန်းလေးနဲ့ တင်စားတာ ဖြစ်မှာပါ။ ငါပဲ တရားနဲ့ ဖြေပါ့မယ်။
ဖိုးရှုပ်။ ။ ဘဘကြီးက အခုတော့ နောင်တ တော်တော်လေး ရနေပုံပါပဲနော်။ ဒါပေမယ့် ဓာတ်ရှင်တွေ ဘာတွေ ရိုက်ဖို့များ အစီအစဉ် ရှိသလားမသိဘူး။ ဂျာနယ်မျက်နှာဖုံးတွေမှာ သူ့ပုံချည်းပဲ။
ကြွက်စုတ်။ ။ အဲဒါ ဖြစ်နိုင်တယ်။ ဟို နာမည်ကျော် ဓာတ်ရှင်မင်းသားကြီးကလည်း စုန်းစုန်း မြုပ်သွားပြီ ဆိုတော့ အဲဒီနေရာ ဝင်ချင် ဝင်လို့ရတာပဲ။ ပြောလို့မရဘူး စင်ပေါ်တက်ပြီး အာဟား အာဟားနဲ့ အော်နေတာ တွေ့ရင်တွေ့ရဦးမှာ။
ရုက္ခစိုး။ ။ အင်း … ရင်တုန်တယ် … ရင်တုန်တယ်။
ဖိုးရှုပ်။ ။ လုပ်ပြန်ပြီ ဦးရုက္ခစိုးရယ်။ အခုထိ ရင်က တုန်နေတုန်းလား။ တရားနဲ့ ဖြေပါဆို။
ရုက္ခစိုး။ ။ မရဘူးကွ။ မင်းတို့ မကြားဘူးလား။ ဟို လူရွှင်တော်ကြီး စကားတွေလွန်ပြီး ဘရိတ်အုတ်လို့မရတာနဲ့ မြန်မာပြည်က အကျဉ်းထောင်ဆိုတာ ဖိုက်စတား ဟိုတယ်လောက်နီးနီး ဖြစ်သွားတာ။
ဖိုးရှုပ်။ ။ တချို့လျှာတွေက ဘရိတ်အုတ်ဖို့ ခက်တယ် ဦးရုက္ခစိုးရဲ့ …။ တရားနဲ့ဖြေ တရားနဲ့ဖြေ။
ကြွက်စုတ်။ ။ ရပါတယ် ဦးရုက္ခစိုးရယ်။ ဘုန်းကြီး ခေါင်းခေါက်ပြီးရင်တောင် တောင်းပန်လို့ ရသေးတာပဲ။ သူလည်း ပြောချင်ရာ ပြောပြီးရင် ခဏ ခဏ တောင်းပန်မှာပေါ့။
ဖိုးရှုပ်။ ။ အဲဒါတော့ မင်းလွဲသွားပြီ။ အခုခေတ်က ဘုန်းကြီးခေါင်းခေါက်ပြီး တောင်းပန်တဲ့ ခေတ် မဟုတ်တော့ဘူး …။ ဘုန်းကြီးတွေကို သတ်၊ ထောင်ချ၊ လူဝတ်လဲပြီး မသိချင်ယောင်ဆောင်တဲ့ ခေတ်ကွ။ ဟို ဘဘကြီးတောင် သူ ဘာမှ မလုပ်ခဲ့သလို ခပ်တည်တည် နေနေတဲ့ဟာ။
ရုက္ခစိုး။ ။ အဲဒါတွေ ငါ ရင်တုန်တယ် ပြောတာ။ နောက်ထပ် ရင်တုန်တာတွေ ရှိသေးတယ်။
ကြွက်စုတ်။ ။ ဟာ … မကုန်သေးဘူးလား။
ရုက္ခစိုး။ ။ မကုန်သေးဘူးကွ ရှိသေးတယ်။ ငါ တနေ့က ရန်ကုန် ပြန်သွားတာ … မီဒီယာသမား အယောက် ၁၀၀၀ လောက် ဝိုင်းလိုက်၊ ဓာတ်ပုံတွေ ဝိုင်းရိုက်၊ ဗီဒီယိုတွေရိုက်၊ အင်တာတွေ ဗျူး၊ ဒီကြားထဲ ပြည်ပမီဒီယာကလည်း ဖုန်းတွေ အခေါက် ၁ သောင်းလောက် ဆက်၊ နားတွေ ပူထူပြီး …။
ဖိုးရှုပ်။ ။ ဒါကတော့ စတုတ္ထမဏ္ဍိုင်ခေတ်လေ ဦးရုက္ခစိုးရယ်။ ခွင့်လွှတ်လိုက်ပါ။
ရုက္ခစိုး။ ။ မဏ္ဍိုင်ကလည်း မဏ္ဍိုင်လွန်းတယ်ကွာ။ အဲဒီထဲမှာ မင်းလည်းပါတယ်ဖိုးရှုပ်။ မီဒီယာသမားတွေထဲက MRTV ဘယ်လောက်ဆိုလား မသိဘူး … အဲဒီက ချာတိတ်မ တယောက်က ချင်းမိုင်ရုက္ခစိုး ဆိုတာ ဘယ်တယောက်လဲဟင်လို့ လာမေးလို့ ကျုပ်ပါဗျာလို့ ပြောပြရသေးတယ်။ ပြောပြပြန်တော့လဲ ငါ့ကို ကျမ အန်ကယ့်ကို ဘာမေးရရင် ကောင်းမလဲ တဲ့။
ဖိုးရှုပ်။ ။ ဒါကတော့ သူလည်း အိမ်စာမလုပ်ခဲ့ မိလို့ ဖြစ်မှာပါ။ အခုအချိန်က မီဒီယာလွတ်လပ်ခွင့်ကို သွားနေတဲ့ ခေတ်ကြီးဆိုတော့ကာ …။
ရုက္ခစိုး။ ။ မဆိုတော့ကွာနဲ့။ သူတို့ လွတ်လပ်ခွင့် လုပ်တာ ငါ့မှာ ကင်မရာ ဒေါက်တွေနဲ့ ရိုက်မိ၊ ရကော်ဒါကြီးတွေ ပါးစပ်ထဲ ဝင်မလိုဖြစ်၊ တံတောင်တွေနဲ့ တွတ်မိ … အောင်မလေး … ပြောရင်းတောင် ရင်တုန်တယ်။
ကြွက်စုတ်။ ။ ကျနော်လည်း ရင်တုန်လာပြီ ဦးရုက္ခစိုး။
ကြွက်စုတ်က ရွှတ်နောက်နောက်ပြောလိုက်ရာ ကျွနု်ပ်တို့၏ ဇာတ်လိုက်ကျော် ဦးရုက္ခစိုးကြီးမှာ “အေး ဒါဆိုလည်း သွေးဆေးဖျော်သောက် … ငါတော့ တရားနဲ့ သွားဖြေကြည့်လိုက်ဦးမယ်” ဟု ဆိုရင်း ထိုင်နေရာမှ ရုတ်တရက် ကိုယ်ယောင်ဖျောက်၍ ထွက်သွားလေတော့သတည်း။ ။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။