ဇန်နဝါရီလ ၁၃ ရက်နေ့က ပြန်လွတ်လာကြတဲ့ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ကိုကိုကြီး (ခေါ်) ကေကျု လည်း ပါလာခဲ့တယ်။ သူ ထောင်က လွတ်လာပြီးတာနဲ့ သူ့ကို အင်တာဗျူးခဲ့တာနဲ့ ဆက်စပ်ပြီး အခုလို သတင်းသမား ဖြစ်ခဲ့ရတာ သူနဲ့ တိုက်ရိုက် ပတ်သက်ခဲ့တာကို အောက်မေ့မိပါတယ်။
![M3391E-1004](https://burma.irrawaddy.com/wp-content/uploads/2012/01/PIC_0020408.jpg)
သရက်အကျဉ်းထောင် ၁ တိုက် မှာ ကိုကိုကြီးနဲ့ အတူနေစဉ် ကာလတွေတုန်းက ကိုကိုကြီးကို အတူနေ နိုင်ငံရေး အကျဉ်းသားတွေက အဖိုးကြီးလို့ ခေါ်ပြီး ကျနော့်ကိုတော့ အဖိုးလေးကို ခေါ်ကြတယ်။ အားလုံးထဲမှာ သူက အသက်အကြီးဆုံးမို့ သူ့ကို အဲဒီလိုခေါ်ကြတာပါ။
ကိုကိုကြီးဟာ ၁၉၉၉ ခုနှစ်က ကျခံရတဲ့ ပြစ်ဒဏ်ကာလ ကုန်ဆုံးချိန်က အမှတ်ရစရာလေးကို ရင်ထဲ စွဲစွဲထင်ထင်ရှိခဲ့ တယ်။ လွတ်ရက် နီးကပ် လာတာနဲ့အမျှ အမြဲ ကြိုတင်ပြင်ဆင်တတ်တဲ့ အဖိုးကြီး ခေါ် ကိုကိုကြီးဟာ အပြင်လောက ပြန်ရောက်ရင် မီဒီယာတွေနဲ့ ဘယ်လိုရင်ဆိုင် ဖြေကြားသွားမလဲ ဆိုတာကို အစမ်းလေ့ကျင့်ခန်းလုပ်ဖို့ ကျနော်နဲ့ တိုင် ပင်လေ့ရှိပါတယ်။
ကိုကိုကြီးကို အကျဉ်းထောင်ထဲမှာပဲ အစမ်း အင်တာဗျူးခွင့်တွေ ကျနော် ရခဲ့တယ်။
နေ့တိုင်း လမ်းလျှောက်ရင်း ကျနော်က ကပ်သီး ကပ်သပ် ကြံကြံဖန်ဖန် မေးခွန်းတွေ ထုတ်၊ သူက ဖြေရင်းနဲ့ လေ့ကျင့်ခဲ့ ကြတာပါ။
တရက်တော့ သူ လွတ်ရက်စေ့တဲ့နေ့မှာပဲ ထောင်ဗူးတံခါးဝကို သူ့ကို ခေါ်သွားကြပေမယ့် ပြန်ရောက်လာခဲ့ပါတယ်။ အဲဒီမှာ ကျနော်က သူ့ကို “ဘ” ခြောက်လုံး မေးခွန်းတွေ ဆင့်ဆင့်ပြီး မေးဖြစ်ခဲ့တယ်။ နောက်ဆုံး အဖြေကတော့ အရင်ပြစ်ဒဏ်ကနေ လွှတ်ပေးလိုက်တဲ့ စာကို ထောင်ပိုင်နဲ့ ရဲ သတင်းတပ်ဖွဲ့က ဖတ်ပြတယ်၊ ပြီးတာနဲ့ တဆက်တည်း မှာပဲ နိုင်ငံတော်လုံခြုံရေးကို ထိပါးနှောင့်ယှက်တယ်လို့ ယူဆရတဲ့ အမှုဖြစ်တဲ့ ပုဒ်မ ၁၀ (က) နဲ့ ၆ လ ထပ်မံ ချုပ်နှောင် လိုက်တယ် ဆိုတာပါပဲ။
၂၀၀၅ ခုနှစ် မှာတော့ ပုဒ်မ ၁၀ (က) ထပ်တိုးဖို့ သက်တမ်း ၅ နှစ်နဲ့ ၆ လ ကာလ ကုန်သွားဖို့ အချိန်တွေက နီးကပ်လာ ပြန်တယ်။ အဲဒီတုန်းကလည်း အင်တာဗျူးတွေလုပ်ရင်း သူနဲ့ ကျနော် လေ့ကျင့်ကြပြန်တယ်။
“ငါ့ကို ထောင်ထဲမှာတုန်းက မင်းက ချောင်ပိတ်မေးတာတွေကိုတောင် ငါ ဖြေနိုင်ခဲ့သေးတာ” လို့ ကိုကိုကြီးက ဇန်နဝါရီ ၁၃ ရက်နေ့ သူထောင်ကလွတ်တဲ့အချိန် ကျနော့်အင်တာဗျူးအပြီးမှာ မှတ်မှတ်ရရ ပြောပါတယ်။
ကျနော်က အလွန်အဖြေကျပ်တဲ့ မေးခွန်းတွေကို သူ့ကို မေးခဲ့ဖူးတယ်။ မနက်ဖြန် သူ့ကို ဘာတွေ မေးမလဲ ဆိုတာ စဉ်းစားရတာ ကျနော့်ရဲ့ ထောင်တွင်း သတင်းထောက်အလုပ်လို့တောင် ပြောနိုင်ပါတယ်။
“ခင်ဗျားတို့က ကျောင်းသားအရွယ်လည်း မဟုတ်တော့ဘူး။ အခု ခင်ဗျား လွတ်လာပြီဆိုတော့ ကျောင်းသားသမဂ္ဂ ပေါ်ပေါက်ရေး လုပ်ဦးမှာလား” ဆိုတဲ့ ကျနော့်မေးခွန်းကို သူက “ကျနော်တို့ အခုလွတ်လာပြီဆိုတော့ အသက် အရွယ်အရရော၊ ဖြတ်သန်းမှုအရရော၊ တိုင်းပြည်အကျိုး တကယ်လုပ် ကြပြီ ဆိုရင် လမ်းပေါ်ထွက်ပြီး အရင်တုန်းက ပြောခဲ့သလို ကျောင်းသားနိုင်ငံရေး လောက်နဲ့ မလုံလောက်ဘူး၊ ဒါကြောင့် ကျနော်ကတော့ ပါတီနိုင်ငံရေး ဘက်ကို ဦးတည်လုပ်သွားမယ်” ဆိုပြီး ကိုကိုကြီးက ဖြေဖူးတယ်။ ဒါက သူ ထောင်ကလွတ်ရင် ဘယ်လိုဖြေမယ် ဆိုတာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကာလ အကျဉ်းစံနေရစဉ်မှာ မေးခဲ့ ဖြေခဲ့ကြတာတွေပါ။ ဒီနေ့ ဒီအချိန်မှာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ အတူ သူ ဘာတွေ လုပ်မယ် ဆိုတာတော့ မြန်မာပြည်သားတွေ သိနေလောက်ပါပြီ။
“ဒေါ်အောင်ဆန်းစုကြည်ကို ပါတီခေါင်းဆောင်ထက် ပိုပြီးမျှော်လင့်ထားလား၊ ဘာကြောင့်မျှော်လင့်ထားတယ်၊ မထား ဘူးဆိုတာလေး သိပါရစေ။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး မိတ်ဆွေအဖြစ် သဘောထားလား၊ ပြိုင်ဘက်အဖြစ် သဘောထားလား” ဆိုတဲ့ မေးခွန်းကိုလည်း သူ ပြန်ဖြေခဲ့ဖူးပါတယ်။
“မြန်မာ့နိုင်ငံရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို ကျနော်တို့ အမြဲ စဉ်းစားတဲ့အခါ ပါတီ ခေါင်းဆောင် တဦးထက် ပိုတယ်။ ဥပမာ ဗျာ State person လိုမျိုး ကျနော်တို့ က မျှော်လင့်ထားတယ်” လို့ ဒီမေးခွန်းကို သူ ဖြေပါတယ်။
“နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မိတ်ဆွေအဖြစ် ဆက်ရှိနေမယ် ဆိုတာ သေချာတာက ကျနော်တို့ဟာ မိတ်ဘက်ြုဖစ်တယ်၊ ဘုံ ပန်းတိုင်ရှိနေသမျှ ကာလ တလျှောက်လုံးပဲ” လို့လည်း သူက ပြောပါတယ်။
သတင်းသမားဆိုတာ ကိုယ်မေးမယ့်သူရဲ့အကြောင်း သိထားရမယ်၊ မေးရမယ့် ဘာသာရပ် အကြောင်းအရာကို သိနားလည် ထားရမယ်။ ပြီးတော့ ပရိသတ် ဘာသိချင်နေမလဲ သိထားရမယ် ဆိုတာတွေလောက်သာ အဲဒီတုန်းက ကျနော် နားလည် ခဲ့တာပါ။
၈၈ မျိုးဆက် ကျောင်းသားခေါင်ဆောင်တွေ ထောင်ကထွက်လာတော့ သိချင်သူ ပရိသတ်တွေ ကိုယ်စား ကျနော်က သတင်းသမားအနေနဲ့ မေးခွန်းတွေမေးရမယ့် တာဝန် ကျလာပါတယ်။ အခုတခါတော့ အစမ်းလေ့ကျင့်တာ မဟုတ် တော့ဘူး။ တကယ့် သတင်းသမားအဖြစ်နဲ့ သူ့ကို မေးပါတယ်။
ထောင်က ထွက်လာခါစ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ဘာတွေလုပ်ခဲ့တယ်၊ ဘာကြောင့် ထောင်ထဲ ရောက်ခဲ့တယ်၊ ထောင်ထဲမှာ ဘယ်လိုဖြတ်သန်းခဲ့တယ်၊ အခု ထောင်က ဘာကြောင့်လွတ်လာပြီး ဘာတွေဆက် လုပ်မယ်ဆိုတဲ့ သူတို့ရဲ့ အတွေးအမြင်၊ နှုတ်ထွက် စကားတွေကို ပြည်တွင်း၊ ပြည်ပက ပရိသတ်တွေနဲ့ နိုင်ငံတကာ အသိုင်းအဝန်းကပါ သိချင်နေကြပါတယ်။ ကျနော့်မေးခွန်းတွေကို ကိုကိုကြီးက အရင်တုန်းကလိုပဲ ပထမဆုံး လုပ်မယ့် သတင်းစာရှင်းလင်းပွဲ မတိုင်ခင် မကျွံရအောင် ထိမ်းသိမ်း ပြောဆိုသွားပြန်ပါတယ်။
“ငါက မင်းကို Reporter ဆိုတာ မေ့ချင်သလို ဖြစ်နေတယ်။ ငါက လွတ်လွတ်လပ်လပ် ပြောချင်တာ။ အားရပါးရ စိတ် ထဲရှိတာ ပြောလိုက်ချင်တာ” လို့ ကိုကိုကြီးက ပြောပါတယ်။
မှန်ပါတယ်။ အဖိုးကြီးဟာ သိပ်လူသား ဆန်ဆန် ပြုမူနေထိုင်ပြောဆို ချင်သူပါ။ ဒါပေမယ့် သူ့ဘဝက နိုင်ငံရေး ဘ၀ ဖြစ်နေပါတယ်။
အတူနေခဲ့တဲ့ အကျဉ်းစံ နှစ်ပေါင်းများစွာ ကာလမှာ လူတဦးချင်းစီရဲ့ အတွင်းသရုပ်ကို အမှန်အတိုင်း သိခွင့်ရခဲ့ ပါတယ်။ ဒါကလည်း သဘာဝပါဘဲ။ အဲဒီလို ပိတ်လှောင်ခံ ဘဝတွေမှာ အလွန် ဟန်ဆောင်ကောင်းတဲ့ သူတွေလည်း အရေခွံ ကျွတ်ကျရတာပါပဲ။
ဒီအတွက်ကြောင့်ပဲ ကိုကိုကြီးကို အတားအဆီး မရှိ သူ့ဘဝ၊ သူ့အကြောင်း သိခွင့်ပိုရခဲ့တာပါ။ အင်းစိန်ထောင်ထဲမှာ ရှိစဉ်က တိုက်ဝန်းထဲမှာ တိုက်က ၆ တိုက်ရှိပါတယ်။ အဲဒီတုန်းက ကျနော်က ကြိုးတိုက် ခေါ် ၂ တိုက်မှာ နေခဲ့ရပြီး သူ ကတော့ ၅ တိုက်မှာပါ။
သူဟာ အကျဉ်းထောင်ထဲမှာလည်း တခြား နိုင်ငံရေးအကျဉ်းသား များနည်းတူ အမြဲတမ်း လေ့လာတတ်သူဖြစ်ပြီး အထူးသဖြင့် သူ့ခေါင်းထဲမှာ နိုင်ငံရေးအကြောင်းပဲ တွေးဖြစ်၊ ပြောဖြစ်နေတာ သတိထားမိတယ်။ ဒါကြောင့်ပဲ ကိုကိုကြီးဟာ နိုင်ငံရေးသမားအဖြစ် မွေးဖွားလာတယ်လို့တောင် ပြောချင်ပါတယ်။
သူဟာ ၈၈ အုပ်စုထဲမှာ အသက်အရွယ်အရလည်း အကြီးဆုံးဖြစ်သလို ကျောင်းသားသက် အရှည်ဆုံးလည်း ဖြစ်ပါတယ်။ သူက ၈ တန်းအထိ တက်ခဲ့ပြီး အဲဒီတုန်းက က စက်မှုလက်မှုသိပ္ပံ (THS) ၂ နှစ် တက်ခဲ့တယ်။ THS လည်း အောင်တဲ့အချိန်မှာ ၁၀ တန်းလည်း အောင်ခဲ့ပါတယ်။ နောက်ထပ်ဆက်ပြီး အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (AGTI) ကိုလည်း EP နဲ့ အောင်မြင်ခဲ့ပါတယ်။
၁၀ တန်းအောင်တုန်းက ရမှတ်က ကျနော် အမှတ်မမှားဘူးဆိုရင် ၃၉၉ မှတ်ရခဲ့ပြီး နိုင်ငံတကာ ဆက်ဆံရေး ဘာသာ အထူးပြု (IR) နဲ့ ရန်ကုန်တက္ကသိုလ်မှာ ပထမဆုံး အပတ်စဉ် တက်ခဲ့တယ်။ ၁၉၈၈ ခုနှစ် ကျောင်းသား လှုပ်ရှားမှုကြီး ဖြစ်တော့ သူ က (IR) နောက်ဆုံးနှစ် ကျောင်းသားပေါ့။ သူက HGP စာမေးပွဲကိုလည်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဘာသာရပ် ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါသေးတယ်။
“ငါက ကျောင်းသား လုပ်စားသလိုများ ဖြစ်နေလား မသိဘူး” လို့ သူ တခါက ပြောဖူးတာ သတိရပါတယ်။
အဲဒီတုန်းက သူ့ကို တချို့က ဗိုလ်ချုပ် (ဗိုလ်ချုပ်အောင်ဆန်း) နဲ့ တူတယ်လို့ ပြောကြသေးတယ်။ မတူတာကတော့ ဆံပင် ကောက်တာပါ။
ကိုကိုကြီးဟာ သစ်ကုမ္ပဏီ ဝန်ထန်းဖခင်နဲ့ တောင်ဥက္ကလာမြို့မှာ ကြီးပြင်းလာတယ်။ ညီအစ်ကို ၂ ဦးတည်းသာ ရှိတဲ့ မိသားစုမှာ အစ်ကိုကြီးဖြစ်တယ်။ ပြီးတော့ သူ့မိခင်က ချဉ်ပတ် ရောင်းခဲ့တာကြောင့် သူ့ကို “ချဉ်ပတ်” လို့ ကျောင်းနေဘက် သူငယ်ချင်းတချို့က ခေါ်ဝေါ် ခဲ့တာကိုလည်း ပြန်ပြောပြခဲ့ ဖူးပါတယ်။
ချဉ်ပတ် ဆိုတဲ့ နာမည်က နိုင်ငံရေးသမား ဘဝမှာလည်း ရခဲ့ပါသေးတယ်။ သူက ဘယ်နိုင်ငံရေး ပါတီကြီးရဲ့ ကြိုးကိုင်တာကိုမှ မခံသလို၊ သူမှန်တယ်ထင်ရင် ပြောတတ်တဲ့ အလေ့အကျင့်ကြောင့် တချိန်က နိုင်ငံရေးနယ်ပယ်မှာ ချဉ်ပတ် ဖြစ်ခဲ့ဖူးတယ် ဆိုတာကိုလည်း သူက မကြာခဏ ပြောလေ့ရှိပါတယ်။
၁၉၈၈ ခုနှစ် နောက်ပိုင်း သူ့ရဲ့ အကျဉ်းစံကာလက တွေမှာတော့ သူဟာ တခြား နိုင်ငံရေး အကျဉ်းသားတွေရဲ့ ငတ်လင့်မှု အပေါ် မူတည်ပြီး အကိုကြီးတာဝန်၊ ညီငယ်တာဝန်၊ မိခင်တာဝန်၊ ဖခင်တာဝန်၊ မိတ်ဆွေတာဝန်တွေကို ယူခဲ့တယ်ဆိုတာ မျက်မြင်တွေ့ခဲ့ရပါတယ်။
တချို့က သူ့ကို ကွန်မြူနစ် မလိုလားသူလို့ ပြောကြသလို၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ ပြိုင်ဘက်လို့ လည်း ပြောကြတယ်။ တချို့က စစ်အစိုးရ အရည်စုတ်လို့ ကျန်ခဲ့တဲ့ ကျန်ဖတ်လို့လည်း သူ့ကို ဝေဖန်ကြတယ်။ တကယ်တော့ သူက စစ်အစိုးရအတွက်လည်း ဘာတခုမှ အလုပ်လုပ်ခဲ့သူ မဟုတ်တာ သေချာပါတယ်။
သူက မြန်မာနိုင်ငံတော်နဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အတွက်ပဲ ခေါင်းထဲမှာ စဉ်းစားလုပ်ကိုင်လေ့ရှိတာပါ။ တခုချင်း စီကို အာရုံစိုက်သလို အထွေထွေခြုံငုံပြီး လေ့လာ သုံးသပ်တတ်တဲ့ သူ့ရဲ့ အထူးခြားဆုံးကတော့ စကား ပြောရင် ပြတ်သားတယ်၊ အဓိပ္ပာယ် ရှင်းအောင် ပြောတတ်တယ်။
အခုထောင်က ပြန်ထွက်လာတော့လည်း အရင်ကလိုပဲ မပြောင်းလဲတဲ့သူ့ရဲ့အသံ၊ သူ့ရဲ့ယုံကြည်ချက်က ထင်ရှားနေပါတယ်။ သူ့ရဲ့ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှုနဲ့ အပြောအဆို တွေကတော့ ပိုပြီး ရင့်ကျက်လာတာကို သတိထားမိတယ်။
သေချာတာက ကိုကိုကြီးနဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ ပြည်တွင်း ပြည်ပ အတိုက်အခံအဖွဲ့အစည်း တွေဟာ ၁၉၈၈ ခုနှစ်က သူတို့တွေနဲ့ အစပျိုးခဲ့၊ သူတို့တတွေ နှစ်ပေါင်း ၂၀ ကျော် လုပ်ဆောင်ရင်းနှီးခဲ့ကြ တာတွေရဲ့ အသီးအပွင့် တံခါးက အခု စတင်ပွင့်လင်းလာခဲ့ပြီ။
ဇာတ်လမ်းက အခုမှ စ တယ်လို့ ပြောလို့ရပါပြီ။ ဒီလို အခြေအနေကို ရောက်လာဖို့အတွက် အကျဉ်းထောင်တွေထဲ၊ တောတောင်တွေထဲ၊ နိုင်ငံရပ်ခြားတွေမှာ အခု ရှိနေကြသူတွေ၊ အသက်ပါ ဆုံးရှုံးသွားသူတွေ၊ ဘဝတွေ ဆုံးရှုံး နစ်နာ ခဲ့ရတာတွေအတွက် ကိုကိုကြီးနဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေက အကောင်းဆုံး လက်တွေ့အကျဆုံး လုပ်ဆောင် သွားကြမယ်လို့ ယုံကြည်မိပါတယ်။
“လွတ်လာတာ အပေါင်းလက္ခဏာပဲ၊ ဖမ်းလိုက်တာကတော့ အနုတ်လက္ခဏာပေါ့။အဲဒီလိုပဲ ပြောရမှာပဲ။ အမှန် ကတော့ အနုတ်လက္ခဏာနဲ့ ဖမ်းထားပြီးပြန်လွှတ်လို့ ဇီးရိုးဖြစ်သွားတယ် ဆိုတာတောင်မှ အဲဒီကာလကြီး တခုလုံးဆုံးရှုံးသွားတယ်လို့ မြင်ပါတယ်” ဆိုပြီး သူလွတ်လာလာချင်း ကျနော့်ရဲ့ အင်တာဗျူးမှာ ကိုကိုကြီးက ပြောခဲ့တာပါ။
ကိုကိုကြီးက ကာလကြီးတခုလုံး ဆုံးရှုံးသွားတယ်လို့ ပြောခဲ့ပေမယ့် သူ့ရဲ့ အကျဉ်းစံ ကာလတွေဟာ ကြယ်ငါးပွင့် ဟိုတယ်ကြီးမှာ ဇိမ်ခံအနားယူခဲ့တာ မဟုတ်ဘူး၊ လူ့ဘ၀ စာမျက်နှာ များစွာကို သင်ယူခဲ့ရတာ၊ သူကိုယ်တိုင် သင်ယူခဲ့သလို ကျနော်တို့ကိုလည်း သင်ပေးခဲ့တာ၊ တရက်ချင်း ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတဲ့ အကျဉ်းစံ ကာလမှာ အဓိပ္ပာယ်ရှိရှိ နေခဲ့တာလို့ ကျနော်လက်ခံ နားလည်ပါတယ်။
ဒီလို နားလည်ခဲ့တာကလည်း အကျဉ်းစံ သတင်းသမား ဘဝ၊ လွတ်လပ်တဲ့ သတင်းသမားဘဝ၊ ဒီနှစ်ဘဝစလုံးမှာ ကိုကိုကြီးဖြေခဲ့တဲ့ စကားလုံးတွေကတဆင့် ကျနော့်ကို ပြောပြခဲ့တာတွေကို မှတ်သား သိရှိခဲ့ရတာလို့ ဆိုချင်ပါတယ်။