ကျောက်ပန်းတောင်းမြို့နယ်ထဲကို ရောက်တဲ့အချိန်မှာ အနွေးထည် ထူထူထဲထဲဝတ်၊ မာဖလာတွေ ပတ်ပြီး ဆိုင်ကယ် လေးတွေ ကိုယ်စီနဲ့ သွားလာနေတဲ့ မြင်ကွင်းကိုတွေ့လိုက်ရပါတယ်။
ရာသီဥတုက မှုန်မှုန်မှိုင်းမှိုင်း၊ ဒီဇင်ဘာ လကုန်ခါနီး နေ့လယ်ခင်းသာသာ ညနေမစောင်းတစောင်းအချိန် ဆိုပေမယ့် နေရောင် ကို သေသေချာချာ မမြင်ရဘူး။ ဒီဒေသတွေကို နွေခေါင်ခေါင်မှာသာ ရောက်ဖူးတဲ့သူ ဖြစ်တဲ့အတွက် အမြင်က ဆန်းလို့ နေပါတယ်။ မန္တလာမင်း ရန်ကုန် – ညောင်ဦး အထူးယာဉ်ကြီးပေါ်ကနေ စဉ်းစား မိလိုက် တာကတော့ မကြာသေးခင်က မန္တလေးတိုင်း မြင်းခြံခရိုင် ကျောက်ပန်းတောင်း မြို့နယ်ထဲက အဖြစ်အပျက်တခုပါ။ ဂျပန်အမျိုးသမီးတဦးကို ဆိုင်ကယ် တက္ကစီသမား တယောက်က မတရားပြုကျင့်ပြီး သတ်ဖြတ်လိုက်တယ် ဆိုတဲ့ အဖြစ်အပျက်ပါ။
ထနောင်းပင်တွေ၊ မန်ကျီးပင်တွေ၊ ကုက္ကိုလ်ပင်ကြီးတွေနဲ့ အညာဆောင်းရှုခင်းရယ်၊ ထန်းပင်မြစ် အစည်းလိုက်ကြီးတွေ ဟိုနားတပုံ၊ ဒီနားတပုံ မြင်ရတာရယ်က နိုင်ငံခြား ခရီးသွားတွေသာမကဘဲ ရန်ကုန်လို အောက်ဘက်က လူတွေ အတွက်ပါ အမြင်တမျိုးဆန်းနေပါတယ်။ ဆောင်းတွင်းကြီးမှာ ကုန်းတွင်းပိုင်း မုန်တိုင်းကြောင့် မိုးရွာထားတဲ့အတွက် ဖုန်ထူထူ မြင်ကွင်းတွေ မရှိပါဘူး။
ညောင်ဦးကို ကားဆိုက်တော့ ညနေ ၅ နာရီ။ ဒီအချိန်က သာမန်ဆို မှောင်စပျိုးရမယ့်အချိန် မဟုတ်ပေမယ့် ပတ်ဝန်းကျင် တခွင်မှာ မှုန်မှိုင်းပြီး အလင်းရောင်အားနည်းနေပါတယ်။ ရွှေစည်းခုံ စေတီခြေရင်းက ကားဂိတ်မှာ မြင်းလှည်းတစီးမှ မတွေ့ရပါဘူး။ ညနေစောင်းအချိန်ဖြစ်လို့ မြင်းလှည်းတွေ သိမ်းသွားတာလည်း ဖြစ်နိုင်ပါတယ်။ ဆိုင်ကယ် တက္ကစီ သမားတွေတော့ ရှိသေးတယ်။
ဘယ် ဟိုတယ်ကိုမှ ကြိုတင်ပြီး ဘွခ် မလုပ်ထားမိတဲ့အတွက် ဆိုင်ကယ်တက္ကစီသမားကို ပါးစပ်ထဲရှိတဲ့ ယာခင်းသာ ဟိုတယ်ကို မောင်းပါလို့ ပြောလိုက်တယ်။ “ဆိုင်ကယ် တစီးကို ထောင့်ငါးရာ” ဆိုတဲ့ အတွက် ဈေးမဆစ်တော့ဘဲ မောင်းခိုင်းလိုက်ပါတယ်။ လမ်းရောက်တော့မှ ဆိုင်ကယ်သမားက ယာခင်းသာမှာ ကြိုပြီး ဘွတ်ကင် မလုပ်ထားရင် အခန်းရဖို့ မလွယ်ဘူးလို့ ဆိုပါတယ်။
တကယ်လည်း ယာခင်းသာက နေရာလွတ်မရှိပါဘူး။ ယာခင်းသာတင် မကဘူး နောက်ထပ် ဟိုတယ် ၃၊ ၄ ခုလည်း အဆင်မပြေပါဘူး။ သူငယ်ချင်း ခရီးသွားလမ်းညွှန်တဦးရဲ့ “ဟိုတယ်တွေကို ကြိုဘွခ် မလုပ်ထားရင် ရဖို့ မလွယ်ဘူးနော်” ဆိုတဲ့ စကားကို သတိရမိတယ်။
နောက်ဆုံးမှာတော့ “ဈေးကြီးချင်လည်း ကြီးပါစေ သံတဲ ဟိုတယ်ကိုပဲ မောင်းပေးပါ” လို့ ပြောလိုက်ရတယ်။ သံတဲ ဟိုတယ်က တရက်ကို ကျပ် ၃ သောင်းခွဲ၊ ဒါပေမယ့် ဒီနေ့ တရက်ပဲရမယ်၊ ၃ သောင်းခွဲထဲမှာ မနက်စာလည်း ပါတယ် လို့ သိရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီတရက်တော့ နေလိုက်တော့မယ်၊ နောက်နေ့တွေ နောက်မှ ကြည့်ရှင်းတော့မယ် ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ အခန်းယူလိုက်ပါတယ်။
ပုဂံလို ခရီးသွားလုပ်ငန်းနဲ့ စီးပွားဖြစ်တဲ့ နေရာမှာ ဘာကြောင့် ဟိုတယ်တွေ၊ တည်းခိုခန်းတွေ ရဖို့ ဒီလောက်ခက်ခဲရတာလဲ ဆိုတဲ့ မေးခွန်းကို ဆိုင်ကယ်သမားကို မေးဖြစ်ပါတယ်။
“ဒီရာသီက ခရီးသွားရသီလေ။ ပြည်တွင်းခရီးသွားတွေကော၊ ပြည်ပ ခရီးသွားတွေကော အရမ်းများတဲ့အချိန် ဆိုတော့ တည်းခိုခန်းတွေ မလောက်ဘူး။ မနေ့က ခရီးသွားတဖွဲ့ဆို ဇရပ်ပေါ်မှာပဲ အိပ်လိုက်ရတယ်” လို့ ဆိုင်ကယ်တက္ကစီမောင်းတဲ့ ကိုအောင်အောင်ဦးက ရှင်းပြပါတယ်။ ကားဂိတ်ကနေ ယာခင်းသာဟိုတယ် တခုတည်းမဟုတ်ဘဲ ဟိုတယ်တွေ ပတ်မောင်းပေး လိုက်ရတဲ့အတွက် ဆိုင်ကယ်ခကို ကျပ် ၅၀၀ ပိုပေးရပါတယ်။
ဟိုတယ်အခန်းယူ၊ ရေချိုးသန့်စင်ပြီး ထမင်းစားဖို့ မစဉ်းစားသေးဘဲ နောက်တနေ့အတွက် အဆင်ပြေမယ့် ဟိုတယ် ဒါမှမဟုတ် တည်းခိုခန်း ရှာဖို့ ထွက်ရပါတယ်။
ကံအားလျော်စွာပဲ သံတဲနဲ့ မနီးမဝေးက အိုအေစစ် ဆိုတဲ့ တည်းခိုခန်းလေး ရလိုက်ပါတယ်။ အခန်းခက တရက်ကို ကျပ် ၁ သောင်း။ ခြံဝန်းထဲက အသင့်အတင့် တည်းခိုခန်းပါ။ တီဗီမပါ၊ ရေခဲသေတ္တာမပါ။ အဲကွန်း၊ ပန်ကာ မပါ။ သာမန် ဆိုပေမယ့် ဘာပဲဖြစ်ဖြစ် မနက်ဖြန်အတွက် အဆင်ပြေသွားပါပြီ။
ဒီတော့မှ ဟိုတယ်နဲ့ မနီးမဝေးက မြန်မာထမင်းဆိုင်မှာ ထမင်းစားဖို့ ဆိုင်ကယ်သမားကို ပို့ခိုင်းရပါတယ်။ ထမင်းကို တက်သုတ်ရိုက်စား၊ ဟိုတယ်ပြန်ပြီး မနားခင် နောက်တနေ့မနက် ပခုက္ကူဘက်ကို ကူးဖို့ရယ်၊ မနက်တခါတည်း ဟိုတယ်ကနေ Check out လုပ်ဖို့ရယ် ပြင်ဆင်ထားရပါတယ်။
ညောင်ဦးမြို့ရဲ့ ညရှုခင်းက တိတ်တိတ်ဆိတ်ဆိတ်၊ မှောင်မှောင်မည်းမည်းပါပဲ။ နိုင်ငံခြားသား များများစားစား သွားလာ နေတာလည်း မတွေ့ရပါဘူး။ မီးမှိန်မှိန် စားသောက်ဆိုင်ကြီး တချို့မှာတော့ နိုင်ငံခြားသားတွေ ညစာ စားနေကြ ပါတယ်။ မြန်မာပြည်မှာ နိုင်ငံခြားသားဆိုရင် တည်းချင်တဲ့ နေရာမှာ တည်းလို့မရဘူး ဆိုတာ ဆိုင်ကယ်သမား ဆီက တဆင့် သိလိုက် ရတယ်။ အနည်းဆုံး ကြယ်သုံးပွင့် အဆင့်ရှိတဲ့ ဟိုတယ်တွေမှာပဲ တည်းရတယ်လို့ ဆိုပါတယ်။ ထမင်းဆိုင် အသွား ဆိုင်ကယ်ခ ကျပ် ၁ ထောင်။ အဲဒီကနေတော့ အပြန်ကို လမ်းပဲလျှောက်လိုက်ပါတယ်။
သံတဲရဲ့ မနက်စာ ဘူဖေးကတော့ တော်တော်လေး ကောင်းတယ်ဆိုရမှာပါ။ မုန့်ပေါင်းလို အညာမုန့်ကစလို့ ဥရောပစာ၊ တရုတ်စာ အကုန်ရှိပါတယ်။ ကျပ် ၃ သောင်းခွဲ ယူထားတော့လည်း ဒီလောက်တော့ ကောင်းရမှာပေါ့လို့ တွေးမိတယ်။
ပခုက္ကူကို သွားဖို့အတွက် အရင်ဆုံး လက်ပံခြေဆိပ်ကို ဆိုင်ကယ်နဲ့ တစီးကို ကျပ် ၅၀၀၀ ကျပါတယ်။ ဆိုင်ကယ်နဲ့ လက်ပံခြေဆိပ် အထိ မိနစ် ၄၀ လောက်မောင်းရတယ်။ ကုတို့ဆိပ်ရောက်တော့ ထွက်ခါနီး စက်လှေပေါ် ပြေးတက်ရတယ်။ စက်လှေပေါ်မှာ ဆိုင်ကယ်တွေကော၊ ပခုက္ကူကတဆင့် ခရီးဆက်ကြမယ့်သူတွေကော တွေ့ရတယ်။ စက်လှေခက တယောက်ကို ကျပ် ၅၀၀ ပါ။ နောင်ဆိုရင်တော့ ကုတို့ စက်လှေတွေ အလုပ်ဖြစ်တော့မယ့် အနေအထား မရှိပါဘူး။ မြန်မာပြည်မှာ အရှည်ဆုံး ညောင်ဦး – ပခုက္ကူ တံတားကြီး ဖွင့်တော့မယ့်အချိန်ပါ။ တံတားကြီးဖွင့်ပြီးရင် ဘတ်စ်ကားတွေ၊ ဆိုင်ကယ်တွေနဲ့ပဲ ပခုက္ကူကို တိုက်ရိုက် သွားလို့ရပြီပေါ့။ ဧရာဝတီမြစ်ကြီး ထဲမှာတော့ သဲသောင်တွေ ဟိုနေရာ၊ ဒီနေရာ ထွန်းနေတာ တွေ့ရတယ်။ သောင်တွေကို ကွေ့ကာ ဝိုက်ကာ မောင်းနေရတဲ့အတွက် စက်လှေက မိနစ် ၂၀ လောက် အကြာမှာ ဟိုဘက်ကမ်းကို ကပ်ပါတယ်။
ဆိုင်ကယ် တက္ကစီ မငှားတော့ဘဲ မြင်းလှည်းငှားဖို့ စဉ်းစားလိုက်ပါတယ်။ မနက် ၈ နာရီ လောက်ကနေ ညနေ ၃ နာရီ လောက်မှာ ကုတို့ဆိပ်ကို ပြန်ပို့ပေးမယ်၊ သွားချင်တဲ့နေရာတွေ လိုက်ပို့ပေးမယ်။ ကျပ် ၈ ထောင်နဲ့ ဈေးတည့်ပါတယ်။
ရွှေဝါရောင်တော်လှန်ရေး မီးပွား စတင် လောင်ကျွမ်းခဲ့တဲ့မြို့ ပခုက္ကူမှာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ပြည့်နှက်လို့ နေပါတယ်။ ပခုက္ကူ ဈေးကတော့ ကွဲစပြုနေပါပြီ။ သနပ်ခါးတုံးသည်တွေ အများအပြား၊ ကြက်သွန်၊ ပဲ အစရှိတဲ့ ကုန်သိုလှောင်ရုံတွေ အများအပြား၊ ကုန်စည်ဒိုင်တွေ အများအပြားကို တွေ့ရပါတယ်။ ဟိုးတချိန်တုန်းက ဒေါ့ဂျစ်ကားဟောင်းကြီးတွေ၊ ဟောင်းနွမ်း ရှေးကျပေမယ့် မဆွေးမြေ့သေးတဲ့ တိုက်အိမ်၊ ပျဉ်ထောင်အိမ် ဟောင်းကြီးတွေ၊ ဘုန်းကြီးကျောင်းအိုကြီးတွေနဲ့ ပခုက္ကူမြို့ရဲ့ မြင်ကွင်းဟာ ရင့်ကျက် တည်ငြိမ်ပြီး ဗဟုသုတ အပြည့်ရှိတဲ့ အသက်ကြီးကြီး လူတဦးနဲ့ တူနေပါတယ်။
လွန်ခဲ့တဲ့ ၄ လ လောက်က ပခုက္ကူမြို့ရဲ့ ရွှေချောင်း ရေကြီးခဲ့ပြီး လူတွေ ရာပေါင်းများစွာ သေဆုံးခဲ့တဲ့ အဖြစ်ကို သတိရ မိပါတယ်။ အခုတော့ နေအိမ်ဆုံးရှုံးခဲ့သူတွေအတွက် အစိုးရနဲ့ NGO အဖွဲ့အစည်းတွေ ပူးပေါင်းပြီး သွပ်မိုးထရံကာ အိမ်သစ် ၃၀၀ ကျော် ဆောက်ပေးထားပြီးပါပြီ။ ရွှေချောင်းက အခုတော့ ရေကြီးခဲ့တာ သူမဟုတ်ခဲ့သလို သဲပြင် အပြန့်ကျယ်ကြီးထဲ လူသွားလမ်း၊ လှည်းသွားလမ်းတောင် ပေါက်နေပါပြီ။
ရွှေချောင်းကျယ်ကြီး အလယ်မှာတော့ နေပူပူထဲ ထိုင်ပြီး ကျောက်ရွေးနေတဲ့ အဘွားတဦးကို တွေ့ရပါတယ်။ အသက် ၈၀ လို့ ဆိုတဲ့ အဘွား ဒေါ်အေးသန်းရဲ့ အိမ်ကတော့ ချောင်းရေကြီးတဲ့ထဲ မပါခဲ့ဘူးလို့ တင်းတောင်းထဲကို ကျောက်တွေ ရွေးထည့် နေရင်း ပြောပြပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းသုံး ကျောက်စရစ်ရွေးခက တတောင်းအတွက် ကျပ် ၁၀၀ ရတယ်၊ တနေ့လုံးရွေးမှ ၂ တောင်းတောင်မရဘူးလို့ သူက ဆိုပါတယ်။ သူ့ဝင်ငွေက တနေ့ကို ကျပ် ၁၅၀ နဲ့ ၂၀၀ ပေါ့။ ပခုက္ကူကနေ လက်ပံပင် ဆိပ်ကို ပြန်ကူးတော့ ညနေ ၃ နာရီကျော်နေပြီ။ ကူးမယ်သူလည်း နည်းသွားပြီဆိုတော့ စက်လှေခက တယောက်ကို ကျပ် ၁၅၀၀ တောင်းပါတယ်။ ဆိုင်ကယ်ကတော့ တစီးကို ကျပ် ၃၀၀၀ ပါ။
ဂျပန်နိုင်ငံသူ ကိစ္စ ပြဿနာတက်ပြီးတဲ့နောက်မှာ ဆိုင်ကယ်တက္ကစီ သမားတွေကို စည်းကမ်းချက်တွေ ထပ်သတ်မှတ် လိုက်တယ်လို့ ကိုအောင်အောင်ဦးက ပြောပါတယ်။
“ဆိုင်ကယ်သမားတွေက နိုင်ငံခြားသားတွေကို လုံးဝ တင်ခွင့်မရှိဘူး၊ ဦးထုပ်ဆောင်းရမယ် စသည်ဖြင့်ပေါ့။ စည်းကမ်းချက်တွေ မလိုက်နာရင် တက္ကစီဆွဲခွင့် ရုပ်သိမ်းမယ်ပေါ့။ ကျနော်တို့ ပုဂံက ဆိုင်ကယ်သမားတွေက ဧည့်သည်တွေနဲ့ လုပ်စားနေရတာ၊ မဟုတ်တရုတ် မလုပ်ပါဘူး” လို့ သူက ဆိုပါတယ်။
ပုပ္ပားကနေ ညနေ ၃ နာရီလောက်မှာ ပြန်ဆင်းလာတဲ့ ဂျပန်နိုင်ငံသူက ပထမ ကျောက်ပန်းတောင်းကနေ ခရီးသည်တင် ယာဉ်နဲ့ ညောင်ဦးကို ပြန်ဖို့ စီစဉ်ထားပေမယ့် ခရီးသည်တင်ယာဉ်မှာ နေရာမရှိတော့တာကြောင့် ဆိုင်ကယ်တက္ကစီ ငှားစီးပြီး ပြန်လာရာ ကနေ ပြဿနာ ဖြစ်ခဲ့တာလို့ ကိုအောင်အောင်ဦးက ရှင်းပြတယ်။
ကိုအောင်အောင်ဦးရဲ့ ဆိုင်ကယ်က ကိုယ်ပိုင် မဟုတ်ဘူး၊ အုံနာခ တရက်ကို ကျပ် ၁ သောင်း ပေးရတယ်လို့ သိရတယ်။ နိုင်ငံခြားသားတွေ တင်ခွင့်မရှိတော့တဲ့အတွက် ဆိုင်ကယ် တက္ကစီသမားတွေ ဝင်ငွေ ထိခိုက်တယ်လို့ သူက ဆိုပါတယ်။
“ဧည့်သည်များတဲ့ အခုလိုရာသီမှာမှ ကျနော်တို့အတွက် တလကို ကျပ် ၁ သိန်းခွဲ၊ ၂ သိန်းလောက် ကျန်တာပါ။ ကျန်တဲ့ ရာသီတွေက အုံနာခ ရှင်းပြီး ၇ သောင်းလောက်ပဲ ကျန်တယ်၊ တော်တော်ပါးပါတယ်။ ဒီကြားထဲ နိုင်ငံခြားသား မတင်ရတော့ဘူး ဆိုတော့ ဝင်ငွေ တော်တော် လျော့သွားတယ်” လို့ သမီးတယောက် ဖခင် ကိုအောင်အောင်ဦးက ပြောပြတယ်။ သူ့ ဇနီးသည်ကတော့ ဟိုတယ်တွေ၊ တည်းခိုခန်းတွေမှာ အဝတ်လိုက်လျှော်တယ်လို့ ဆိုပါတယ်။
ပုဂံ မြို့ဟောင်းထဲမှာတော့ နိုင်ငံခြားသားတွေက သူတို့တည်းတဲ့ ဟိုတယ်တွေက စက်ဘီးတွေငှားပြီး လည်ကြတာ များပါ တယ်။ လှည်းဝင်ရိုးသံ တညံညံ ပုဂံ ဘုရားပေါင်း ဆိုတဲ့အတိုင်း ပုဂံဘုရားတွေဟာ နေရာအနှံ့ ရှိနေတာမို့ တန်ခိုးကြီး၊ နာမည်ကြီး စေတီတွေ၊ ဘုရားတွေ လည်မယ် ဆိုရင်တောင် တရက်နဲ့ အဆင်မပြေပါဘူး။
ဘုရားဖူး ကားတွေကတော့ စေတီတဆူမှာ ခဏရပ်၊ ပြီးရင်ဆင်းကြ၊ ဘုရားဖူးကြ နောက်တနေရာ ရွှေ့ ဆိုတဲ့ ပုံစံနဲ့မို့ အေးအေးဆေးဆေး လေ့လာချင်သူတွေ၊ ဓာတ်ပုံရိုက်ချင်သူတွေအတွက် အဆင်မပြေပါဘူး။
မြို့ဟောင်းမှာ လည်ဖို့အတွက် မြင်းလှည်းခက မနက် ၉ နာရီလောက်ကနေ ညနေ ၅ နာရီလောက်အထိ ကျပ် ၁ သောင်းခွဲပါ။ မိုးတစွတ်စွတ်နဲ့မို့ လူတော်တော်ပါးပါတယ်။ နာမည်ကြီး အာနန္ဒာ စေတီကတော့ ဇန်နဝါရီ လဆန်းမှာ ကျင်းပမယ့် ဘုရားပွဲ အတွက် ပြင်ဆင် ခင်းကျင်းနေတယ်။ စက်ဘီးတွေနဲ့ မိုးကာတွေ ဝတ်ပြီး သွားနေတဲ့ နိုင်ငံခြားသား တချို့ကိုလည်း တွေ့တယ်။
ပုဂံရှုခင်းကတော့ မိုးရေထဲမှာပဲဖြစ်ဖြစ်၊ နွေခေါင်ခေါင်မှာပဲဖြစ်ဖြစ် ကြည့်လို့မဝအောင် တမျိုးစီ လှနေတာပါပဲ။ တနေကုန် နေမမြင်ရတဲ့အတွက် ပုဂံရဲ့ နာမည်ကျော် Sunset နေဝင်ချိန် ရှုခင်းကို မကြည့်ခဲ့ရပါဘူး။ မိုးကြောင့်လား၊ ဆောင်းတွင်း မို့လား မကွဲပြားပေမယ့် ပုဂံရဲ့ အအေးဒဏ်ကြောင့် တနေ့လုံး အနွေးထည် မချွတ်နိုင်ပါဘူး။ မနူဟာ ဘုရားရှေ့မှာတော့ ပြည်တွင်း ပြည်ပ ဘုရားဖူးတွေ တော်တော်လေး စည်ကားနေတာ တွေ့ရပါတယ်။
မြင်းကပါရပ်က ယွန်းလုပ်ငန်း၊ ယွန်းဆိုင်တန်းတွေကလည်း နိုင်ငံခြားသားတွေအတွက် ဆွဲဆောင်နိုင်တဲ့ နေရာတခုပါ။ ဧရာဝတီ မြစ်ကမ်းဘေးက လောကနန္ဒာစေတီမှာတော့ ကျောင်းပိတ်ရက် နာမည်ကြီးဘုရားဓာတ်ပုံတွေကို တတွဲ ၅၀၀ ကျပ်နဲ့ ရောင်းတဲ့ ကလေးတွေ တွေ့ရပါတယ်။ ဟိုးအရင်ကတော့ ပုဂံ ဘုရားတိုင်းမှာ ၁၀ နှစ်၊ ၁၂ နှစ်အရွယ် ကလေးတွေက ဘုရား သမိုင်းကို အင်္ဂလိပ်လို၊ မြန်မာလို လိုက်လံ ရှင်းပြကြတာ တွေ့ရပေမယ့်၊ နောက်ပိုင်း ကလေးတွေကို အဲဒီလို လုပ်ဖို့ ခွင့်မပြု တော့တာကြောင့် ဓာတ်ပုံတွေလိုက်ရောင်းတာမျိုး၊ ငါးစာ ရောင်းတာမျိုး လုပ်ပြီး ကျောင်းပိတ်ရက် မုန့်ဖိုး ရှာရတယ်လို့ ကလေးတယောက်က ပြောပြပါတယ်။
လောကနန္ဒာ စေတီပေါ်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဇနီးကို အမှူးပြုပြီး မြို့တော်ဝန်ဟောင်း ဦးကိုလေးနဲ့ ဇနီးက ကျပ် သိန်း ၂၀၀၀ လှူဒါန်းတယ် ဆိုတဲ့ ကျောက်စာတိုင် တတိုင်ကိုလည်း တွေ့လိုက်ရပါတယ်။
ပုဂံမှာ ထူးခြားတာကတော့ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်တော်တော်များများမှာ ဒေါ်အောင်ဆန်းစုကြည် ပုဂံလာစဉ်က ရိုက်ယူထားတဲ့ ဓာတ်ပုံတွေကို ပုံကြီးချဲ့ပြီး ကပ်ထားတာပါပဲ။ တချို့ဆိုင်တွေမှာဆို ဆိုင်ရှင်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွဲရိုက် ထားတဲ့ ပုံတွေလည်း တွေ့ရတယ်။
ပုံဂံမြို့ဟောင်း၊ မြို့သစ်က ဘူဖေး ထမင်းဆိုင်တွေက သန့်ပြန့်ပြီး စုံလင် ကောင်းမွန်ပါတယ်။ အညာဟင်းတွေဖြစ်တဲ့ ပဲကြီးနှပ်၊ မန်ကျီးရွက်သုတ်၊ မြူရွက်သုတ်၊ ခရမ်းချဉ်သီးချက် စတဲ့ အရံဟင်းတွေကြောင့်လည်း တော်တော် စားမြိန်ပါတယ်။ တယောက်စာအတွက် ကျပ် ၃၀၀၀၊ ၄၀၀၀ စသည်ဖြင့် ကျသင့်ပါတယ်။
ပုဂံဘုရားတွေ၊ စေတီတွေကို နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ မပြုပြင်နိုင်ဘူး၊ အရင် စစ်အစိုးရ လက်ထက်က ဗိုလ်ချုပ်ကြီး တွေရဲ့ အဆင်ပြေသလို ပြုပြင်မှုတွေကြောင့် တချို့ ဂူဘုရားတွေဟာ ကြည့်ရတာ အဆင်မပြေလှဘူး ဆိုပေမယ့် ပွင့်လင်းပြီး ပုံစံပြောင်းလဲလာတဲ့ မြန်မာ့နိုင်ငံရေး အခြေအနေကြောင့် နိုင်ငံတကာ ခရီးသွားတွေဟာ မြန်မာပြည်ကို အဝင်များလာတဲ့အပြင် မြန်မာပြည်နဲ့ တွဲရက် ပုဂံကို စိတ်ဝင်စားကြတယ် ဆိုတာတော့ မငြင်းနိုင်ပါဘူး။ ပြုပြင်ထားတယ်၊ ပြင်ဆင်ထားတယ် ဆိုတာတောင် ပုဂံဟာ အရိုင်းဆန်ဆန် လှပနေဆဲပါ။ ဘုရားပျက်တွေနဲ့၊ တချို့နေရာတွေမှာ အုတ်ပုံသာသာ ဆိုပေမယ့် အဲဒီ အုတ်ပုံတွေ ကြားက ပုဂံအလှကို ဖုံးကွယ်ထားလို့မရပါဘူး။
ဒါပေမယ့် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေ၊ ပြည်တွင်း ခရီးသွားတွေအတွက် လုံလောက်ပြီး အဆင်ပြေတဲ့ တည်းခိုရာ နေရာ၊ သန့်ရှင်းပြီး အဆင့်အတန်းမီတဲ့ အိမ်သာ က စလို့ စိတ်ချလုံခြုံမှု ဆိုတာကတော့ တော်တော်လေး လိုအပ်နေ သေးတယ်လို့ မြင်မိပါတယ်။
ရန်ကုန်ကနေ ညောင်ဦး အသွားမှာ အောင်မင်္ဂလာ အဝေးပြေးဝန်းကနေ မနက် ၈ နာရီမှာ စထွက်ခဲ့တဲ့ မန္တလာမင်း အထူးယာဉ်က အမှတ် ၃ လမ်းမကြီးကနေ ထွက်ပြီး အဝေးပြေး လမ်းမကြီးပေါ်မှာ တောက်လျှောက် မောင်းနှင်ခဲ့တာပါ။ ဘေးဘယ်ညာ နေအိမ်တွေ၊ မြို့ရွာတွေ မတွေ့ရတဲ့ လမ်းမကြီးဖြစ်တာကြောင့် ရှင်းလင်းမြန်ဆန်ပါတယ်။ နေပြည်တော်နဲ့ ရန်ကုန် ခရီးတဝက်လောက်မှာ ထုံးစံအတိုင်း “ပေါက်တော” ခဏ ရပ်ပါတယ်။ ဟိုးအရင်ကအတိုင်း အိမ်သာမရှိဘဲ ခြုံတိုးရတဲ့ ထုံးစံ မပျောက်သေးပါဘူး။ ကားက ထိုင်းနိုင်ငံက အဝေးပြေးယာဉ်ကြီးတွေလို ကောင်းမွန်ပြီး အဲကွန်းကလည်း အေးနေတာပါ။ ဒါပေမယ့် ထိုင်းက ကားတွေလို ကားပေါ်မှာ အိမ်သာမပါတာ တခုပါပဲ။ ကျန်တာတော့ တော်တော်လေး အဆင်ပြေပါတယ်။ ကားခက တယောက်ကို ကျပ် ၁၀၄၀၀ ကျပါတယ်။
နေပြည်တော်ကို မနက် ၁၁ နာရီခွဲ ကျော်ကျော် ဆိုက်တဲ့အချိန်မှာ မနက်စာ သုံးဆောင်ဖို့ စားသောက်ဆိုင်တွေက အစီအရီ၊ ဥရောပစာ၊ တရုတ်စာ၊ မြန်မာ ထမင်းဟင်းက စလို့ တော်တော်လေး စုံလင်ပြီး သပ်ရပ်တဲ့ ဆိုင်တွေတွေ့ရတယ်။ စားလို့လည်း ကောင်းပါတယ်။ အရင်ကလို ကားနဲ့ ချိတ်ထားတဲ့ ဆိုင်တွေမှာရပ်နား၊ ခရီးသည်က ကောင်းသည်ဖြစ်စေ၊ မကောင်းသည် ဖြစ်စေ ရွေးစရာမရှိဘူး စား ဆိုတာထက် စာရင်တော့ အများကြီး တိုးတက်လာပြီလို့ ဆိုနိုင်ပါတယ်။ အဲဒီကနေ ထွက် ကတည်းက မန္တလာမင်းဟာ တလမ်းလုံး မရပ်နားတော့ဘဲ ကျောက်ပန်းတောင်းအထိ ဆက်တိုက် မောင်းတာပါ။ ကျောက်ပန်းတောင်းမှာ လူအတင်အချ ခဏလုပ်ပြီးတာနဲ့ ညောင်ဦးကို တန်းမောင်းတဲ့ အတွက် ညနေ ၅ နာရီလောက်မှာ ခရီးဆုံးပါတယ်။ လမ်းမှာ ဘယ်မြို့၊ ဘယ်ရွာတွေ ရောက်ခဲ့တယ် ဆိုတာတောင် မသိရအောင် ဘေးဘယ်ညာမှာ သစ်ပင်တွေ၊ တောအုပ်တွေ၊ တောင်ကမူနဲ့ ဖုန်းဆိုးမြေတွေပဲ တွေ့ခဲ့ရတာပါ။
အပြန်ကိုလည်း ဒီအတိုင်း ထင်ထားပေမယ့် တော်တော် အဆင်မပြေဘဲ စိတ်အနှောင့်အယှက် ဖြစ်ရတဲ့ ခရီးလို့ ဆိုရမှာပါ။ မနက် ၇ နာရီမှာ ထွက်မယ် ဆိုတဲ့ ကားက ၈ နာရီခွဲ လောက်မှ ညောင်ဦးက ထွက်ပါတယ်။ ပြီးတော့ လမ်းကြိုလမ်းကြား တော်တော် များများကို ဝင်လိုက် ထွက်လိုက် လုပ်ပြီး လူတင်ပါတယ်။ ၁ နာရီလောက်မောင်းရုံနဲ့ ရောက်သင့်တဲ့ ကျောက် ပန်းတောင်းကို ၃ နာရီလောက်မောင်းပြီးမှ ရောက်ပါတယ်။ မနက်စာကိုလည်း မိထ္ထီလာမြို့ထဲကို ဝင်ပြီး ဆိုင်တဆိုင်မှာရပ်နား စားစေပါတယ်။ မြို့ထဲကနေမောင်းတဲ့အတွက် ကားလမ်းက ဖြူးမနေဘဲ အချိန်လင့်ပါတယ်။ နေပြည်တော်က စားသောက်ဆိုင်တန်း ရှေ့မှာလည်း တခါထပ်ရပ်ပြီး တခုခု စားရအောင် နားပါတယ်။
ရန်ကုန် အောင်မင်္ဂလာ အဝေးပြေးဝန်းကို ဝင်တော့ ည ၇ နာရီ ထိုးပါပြီ။ ည ၇ နာရီအချိန် အဝေးပြေး ဝန်းထဲမှာ အိမ်သာက ပိတ်နေပြီ။ လမ်းက ပေါက်တောမှာ မဆင်းချင်တဲ့သူတွေအတွက် တော်တော် ဒုက္ခရောက်ပါတယ်။ အိမ်သာဝင်ချင်တဲ့သူတွေအတွက် ကား ရပ်နားရာနေရာကနေ တော်တော် ဝေးဝေး သွားမှ အများသုံးအိမ်သာတလုံး ရှိတယ်လို့ သိရပါတယ်။ အထုပ်အပိုးတွေ တသီကြီးနဲ့ ခရီးသည်တွေအတွက် ဘယ်လိုမှ မဆင်မပြေပါဘူး။
လျှပ်စစ်မီးလာပေမယ့် အလင်းရောင် လုံလုံလောက်လောက် ရှိမနေဘဲ အဝေးပြေးကားဝန်းဆိုတဲ့ နာမည်နဲ့ မလိုက်ဖက် လောက်အောင် ခြောက်ကပ်မှောင်မည်း နေတာပါ။ ခရီးသည်တွေကို ဆွဲတော့ လွဲတော့မတတ် ခေါ်ယူနေပြီး တစီးထဲကို ခရီးကြုံ ၇ ယောက်လောက် မရမချင်း ဆွဲခေါ်တင်ချင်တဲ့ တက္ကစီမောင်းသူတွေ ကြောင့်လည်း ခရီးသည်တွေ စိတ်အနှောင့် အယှက် ဖြစ်ရပြန်ပါတယ်။
မပြုမပြင်ဘဲ လှပနေဆဲ ရေမြေတောတောင် သဘာဝ ပတ်ဝန်းကျင် အခင်းအကျင်းတွေ၊ ရှေးဟောင်း ဘုရားပုထိုး စေတီတွေကို နိုင်ငံခြားခရီးသွားတွေသာ မက ပြည်တွင်း ခရီးသွားတွေကပါ စိတ်ဝင်တစား ကြည့်ရှု လေ့လာချင်ကြတာပါ။ ခရီးသွားတွေအတွက် အခြေခံလိုအပ်ချက်တွေကို ဒီထက် ပိုမို ပြီးပြည့်စုံအောင် ဖြည့်ဆည်းနိုင်မယ်ဆိုရင်တော့ မြန်မာ့ ခရီးသွားလုပ်ငန်း တိုးတက်ကောင်းမွန်လာဖို့ မဝေးတော့တဲ့အပြင် ဒေသခံတွေ အတွက်လည်း အသက်မွေးမှု လုပ်ငန်းတွေ စနစ်တကျ ပိုမို ဖန်တီးပေးလာနိုင်မယ်၊ သူတို့ ဝင်ငွေ ပိုတိုးလာမယ်လို့ မြင်မိပါတယ်။
လောလောဆယ်မှာတော့ လမ်းတလျှောက်လုံး စိတ်ထဲမှာ စွဲထင်လာခဲ့တဲ့ ပုဂံမြို့ဟောင်းရဲ့ အလှအပ မြင်ကွင်းတွေအားလုံး ရန်ကုန် ပြန်ရောက်ပြီ ဆိုတာနဲ့ ဓာတ်ပုံထဲမှာပဲ ပြန်ရှာ ကြည့်ရတော့မလို ဖြစ်သွားတာကြောင့် အားမလိုအားမရ ဖြစ်နေမိ ပါတော့တယ်။