ထားဝယ်လေဆိပ်အဝင်၀ မြေကွက်လပ်ရှေ့မှာ တနင်္ဂနွေနေ့ မနက်ပိုင်း ၇ နာရီအချိန်သာ ရှိသေးပေမယ့် ထောင်ချီရှိတဲ့ လူတွေ စုဝေးနေကြတယ်။ ဒီ လူအုပ်ကြီးထဲမှာ အသက် ၅ နှစ် အရွယ်ကစလို့ အသက် ၇၀ ကျော် အမယ်အို၊ အဘိုးအိုတွေလည်း ပါဝင်နေ ပါတယ်။
ပင်နီရင်ဖုံးအကျႌနဲ့ ယောထဘီ ဝတ်ဆင်ထားတဲ့ ချောမောလှပတဲ့ မိန်းမပျိုလေးတွေကလည်း စံပယ်ပန်းတွေ၊ သပြေပန်းတွေ၊ ဂန္ဓမာ ပန်းတွေ အပါအဝင် ပန်းအမျိုးအစား ပေါင်းစုံ ကိုင်ဆောင်ထားကြပြီး သူတို့မျက်နှာတွေအားလုံး တက်ကြွရွှင်လန်းနေကြတယ်။
အမယ်အိုတချို့ကလည်း သူတို့လက်မှာ ခွပ်ဒေါင်းနဲ့ ကြယ်ဖြူတလုံးပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အလံငယ်လေးတွေကို ကိုင်ရင်း ထားဝယ်လေဆိပ် အဆောက်အအုံဘက်ကို လှမ်းမျှော်ကြည့်နေကြတယ်။
လုံခြုံရေးလက်ပတ်နဲ့ လူငယ်တွေက လူဝင်လူထွက်လုပ်နိုင်မယ့် လမ်းကြောင်းကို ရှင်းလင်းပုံဖော်နေကြချိန် NLD တံဆိပ်ပါ တီရှပ် တွေ၊ ဦးထုပ်တွေ ဝတ်ဆင်ထားတဲ့ လူငယ်တွေကတော့ အသင့်အနေအထား လမ်းဘေး ဝဲယာတလျှောက် ညီညီ ညာညာ မတ် တတ် ရပ်နေကြတယ်။ သူတို့အားလုံးရဲ့လက်တွေက တဦးကိုတဦး ခိုင်မြဲစွာ ချိတ်ဆက် ထားကြတယ်။
မနက် ၇ နာရီ ခွဲ လောက်မှာ ကင်မရာတွေကိုင်ထားတဲ့ ပြည်တွင်းပြည်ပ သတင်းထောက်တွေ တဖွဲဖွဲ ရောက်လာကြတယ်။ ထားဝယ်လေဆိပ်ရှေ့မြေကွက်လပ်မှာ ခြေချစရာမရှိလောက်အောင် လူတွေ ကြိတ်ကြိတ်တိုး စည်ကားလှတယ်။ အများစု က ဆိုင်ကယ်တွေနဲ့ လာရောက်ကြတာဖြစ်ပြီး ဆိုင်ကယ်တွေအားလုံးမှာလည်း NLD အလံငယ်တွေကို စိုက်ထူထားကြတယ်။ အနီရင့်ရောင် NLD အလံကြီးတွေကလည်း လေဆိပ်ဝန်းကျင် တခုလုံးကို ဖုံးလွှမ်း သွားတယ်။
မနက် ၇ နာရီ ၅၅ မိနစ်လောက်မှာ လူစုလူဝေးကြီး လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး အားလုံးမျက်ဝန်းတွေက တောက်ပသွားကြတယ်။
မြန်မာ ဆန်ဆန် အစိမ်းရင့်ရောင် ရင်ဖုံးအကျႌနဲ့ထဘီ ဝတ်ဆင်ထားတဲ့ အမျိုးသမီးတဦး ထားဝယ် လေဆိပ်ဆိုက်ရောက်ဆောင်က ထွက်လာတယ်ဆိုရင်ပဲ ပတ်ဝန်းကျင်တခုလုံး လက်ခုပ်သံတွေ ဆူညံသွားတယ်။
လူတွေက အမျိုးသမီးကို မြင်တယ်ဆိုရင်ပဲ ပြုံးတဲ့သူတွေက အားရပါးရပြုံးကြတယ်။ အော်တဲ့သူတွေက အားရပါးရ အော်ကြတယ်။ တချို့ကလည်း ရှိုက်ကြီးတငင် ငိုကြတယ်။ တချို့ကလည်း ခုန်ပေါက်နေကြတယ်။ တချို့ကလည်း အလံတွေကို ဝှေ့ယမ်းကြတယ်။
အဲဒီအမျိုးသမီးကတော့ တနင်္သာရီတိုင်း ထားဝယ်ဒေသကို ပထမဆုံးသော နိုင်ငံရေးစည်းရုံးမှုခရီးစဉ်အဖြစ် လာရောက်တဲ့ လူထု ခေါင်းဆောင်၊ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါပဲ။
ပန်းကုံးစွပ်တဲ့သူတွေ များလွန်းလှတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့လည်ပင်းမှာ စံပယ်ပန်းကုံးတွေ ဖွေးဖွေးလှုပ်နေတယ်။ လက်ထဲမှာလည်း သပြေပန်းတွေ၊ နှင်းဆီပန်းတွေ၊ ဂန္ဓမာပန်းတွေ မနိုင်မနင်းဖြစ်နေပုံပါပဲ။
၁ ဂ / ၉၈၁၈ နံပါတ်တပ်ထားတဲ့ ပါဂျဲရိုး ကားပေါ်ကနေ လူထုကို လက်ပြ နှုတ်ဆက်လိုက်တယ်ဆိုရင်ပဲ“အမေစု ကျန်းမာပါစေ” “NLD အောင်ရမည်” “ရွေးကောက်ပွဲ နိုင်ရမည်” ဆိုတဲ့ ကြွေးကြော်သံတွေက ထားဝယ် လေဆိပ် တခုလုံးကို ဖုံးလွှမ်းသွားတယ်။
ဒေါ်အောင်ဆန်းစုကြည် လိုက်ပါတဲ့ယာဉ်တန်းက လူစုလူဝေးကြားထဲကနေ ခက်ခက်ခဲခဲထွက်ခွာလျက်ရှိနေချိန်မှာ ရာပေါင်းများစွာသော ဆိုင်ကယ်တွေကလည်း ထားဝယ်မြို့ကားလမ်းမတွေကို ဖုံးလွှမ်းသွားတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ယာဉ်တန်းနောက်မှာ သတင်းထောက်တွေ၊ ပြည်သူတွေ လိုက်ပါ စီးနင်းလာတဲ့ ယာဉ်စီးရေ တရာနီးပါး
လောက် ရှိတာကြောင့် ယာဉ်တန်းကြီးက တမျှော်တခေါ်နဲ့ ရှည်လျား လွန်းလှ ပါတယ်။
ထားဝယ် ပြည်သူတွေကလည်း သင်္ကြန်ရေပက်ခံ ကားတွေလိုပဲ ကားအမိုးဖွင့် မတ်တတ်ရပ် အနေအထားနဲ့ ပူပြင်းတဲ့ နေရောင်ကို ဂရုမစိုက်ဘဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းနဲ့အတူ လိုက်ပါကြတယ်။
ထားဝယ်မြို့အဝင် လမ်းဘေး ဝဲယာတလျှောက် မြောက်မြားစွာသောပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည် ကို နှုတ်ဆက်နေကြ တယ်။
“အမေစုကို ရှစ်ဟယ် (အမေစုကို ချစ်တယ်)” ဆိုတဲ့ ထားဝယ်သံ ဝဲ၀ဲနဲ့ စုပေါင်း အော်ဟစ်သံတွေကလည်း လမ်းတလျှောက် ထွက် ပေါ်နေတယ်။
ထားဝယ်လူထုရဲ့ မျက်ဝန်းတွေက မျှော်လင့်ချက်တွေ၊ ရဲရင့်မှုတွေနဲ့ တောက်ပလွန်းလှတယ်။ ထားဝယ်မြို့သူမြို့သားတွေ အားလုံး ပျော်နေကြတယ်။
မနက် ၈ နာရီ မိနစ် ၄၀ ကျော်လောက် ဆေးရုံလမ်းရှိ တနင်္သာရီတိုင်း NLD ရုံးကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာတဲ့အခါ မှာလည်း ရုံးရှေ့မှာ ကားလမ်းမအပြည့် ထောင်ချီတဲ့ လူတွေ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနှုတ်ဆက်နေကြတယ်။
“ဒီနေ့ ထားဝယ်တမြို့လုံးနီးပါး အလုပ်တွေ နားထားကြတယ်။ ဆိုင်ရှိတဲ့သူတွေကလည်း ဆိုင်ပိတ်ထားတယ်။ အမေစုကို ကြိုဖို့၊ အမေစုကို ဘယ်လောက် ထောက်ခံတယ် ဆိုတာ ပြဖို့”လို့ ထားဝယ်မြို့ခံတဦးက ပြောဆိုပါတယ်။
မနက် ၈ နာရီ ၄၅ မိနစ်မှာ NLD ရုံးထဲကနေပြီး ဒေါ်အောင်ဆန်းစုကြည် လူထုကို မိန့်ခွန်း စပြောတယ်။
တရား ဥပဒေ စိုးမိုးဖို့၊ ပြည်တွင်းငြိမ်းချမ်းရေး ရဖို့၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဖို့ နဲ့ ပြည်သူအတွက် တကယ်အလုပ်လုပ်ဖို့ ကြားဖြတ် ရွေးကောက်ပွဲဝင်တဲ့အကြောင်း မိနစ်၂၀ နီးပါးကြာ စကားပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြတ်သားခိုင်မာတဲ့ ပြောဆိုချက်တွေကြောင့် သဘောကျတဲ့ ပြည်သူတွေရဲ့ လက်ခုပ်သံတွေက မပြတ် ထွက်ပေါ်နေတယ်။
မနက် ၉ နာရီ ၁၅ မိနစ်မှာ ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်း လောင်းလုံမြို့နယ် NLD ရုံးကို စတင်ထွက်ခွာ ပါတော့တယ်။
ယာဉ်တန်းနောက် ခြေလျင် လမ်းလျှောက်လိုက်တဲ့သူတွေ မနည်းလှသလို ဆိုင်ကယ်တွေကလည်း မရေမတွက်နိုင်အောင် များလွန်း လှတယ်။
ထားဝယ်မြို့ကနေ ကမျောကင်း လမ်းအတိုင်း လောင်းလုံမြို့ကို ထွက်ခွာရာ လမ်းတလျှောက် ဖြတ်သန်းကျေးရွာ တွေက ဗိုလ်ချုပ် အောင်ဆန်း သီချင်းတွေ၊ လွတ်လပ်ရေး သီချင်းတွေ၊ အာဇာနည် သီချင်းတွေဖွင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ် အောင်ဆန်း ဓာတ်ပုံပါ ဗီနိုင်းကြီးတွေထောင်ပြီး သောင်းသောင်းဖြဖြ ကြိုဆိုကြတယ်။
အခြေခံပညာကျောင်းက ပညာရေးဝန်ထမ်း ကျောင်းဆရာ၊ ဆရာမတွေကလည်း ရွာသူရွာသားတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုနှုတ်ဆက်ကြတယ်။
တချို့ကျေးရွာတွေက “ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုပါ၏” ၊ “လွှတ်တော်တွင် ရာနှုန်းပြည့် NLD နိုင်ရမည်” ဆိုတဲ့ စာသားတွေပါတဲ့ ဗီနိုင်းကြီးတွေကို ကားလမ်းမပေါ်ကို ကန့်လန့်ဖြတ် ချိတ်ဆွဲထားကြတယ်။
မနက် ၁၁ နာရီကျော်မှာ လောင်းလုံ NLD ရုံးကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာပြီး လူထုကို ၁၅ မိနစ် မိန့်ခွန်းပြောပါတယ်။
နေ့လယ်အချိန် များပြားလှတဲ့ ပြည်သူတွေက ထီးမပါ၊ ဦးထုပ်မဆောင်း၊ အရိပ်မခိုဘဲ ခြစ်ခြစ်တောက် ပူနေတဲ့ နေရောင်အောက်မှာ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို နေပူခံနားထောင်ကြတယ်။
အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်က အောက် ရေဖြူရွာ၊ သောကြာပြင်ရွာ တို့ကို ဆက်လက်ခရီးထွက်ခွာခဲ့ပြီး မွန်းလွဲ ၃ နာရီ ဝန်းကျင်မှာ မောင်းမကန် ကမ်းခြေကို ရောက်ရှိလာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနှုတ်ခွန်းဆက်ဖို့ လာကြတဲ့ လူတွေ များလွန်းလှတာကြောင့် သဲဖွေးဖွေးကို မမြင်ရတဲ့အထိ မောင်း မကန်ကမ်းခြေမှာ လူတွေ စုပြုံတိုးနေကြတယ်။ ရေး ၊ ကော့သောင်း အစရှိတဲ့ တနင်္သာရီတိုင်း နေရာဒေသ နယ်ပယ်စုံ က ပြည်သူ တွေက ဒေါ်အောင်ဆန်းစုကြည်ကို လာရောက် နှုတ်ဆက်ကြတယ်။
တချို့ပြည်သူတွေက ထမင်းချိုင့်တွေကို ခြင်းထဲ ထည့်လို့ မိသားစု၊ ဆွေမျိုးတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ကို လာနှုတ်ဆက်ကြ တယ်။ တချို့လူငယ်တွေက ပါးပြင်တွေပေါ်မှာ NLD အလံပုံ စတစ်ကာတွေကိုကပ်ထားပြီး တချို့မိန်းမပျိုလေးတွေကနဖူးပြင်မှာ ကပ်ထားကြတယ်။
ကမ်းခြေဖြစ်လို့ အေးမြတဲ့ ပင်လယ်လေတိုက်ခိုက်ရမှာဖြစ်ပေမယ့် လူတွေများလွန်းလှတာကြောင့်အတော်ကို မွန်းကျပ် လွန်းနေ တယ်။
လူထုထဲမှာ NLD အလံတွေကို ဝှေ့ယမ်းပြီး “အမေစု” ဆိုတဲ့အသံက လူတိုင်းနှုတ်ခမ်းကလို ထွက်ပေါ်နေတယ်။ မောင်းမကန် ကမ်းခြေမှာ လူထုကို နာရီဝက် နီးပါးကြာ မိန့်ခွန်းပြောပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် ထွက်ခွာပါတယ်။
ညနေ ၃ နာရီ ၄၅ မိနစ်ကျော်မှာ ထားဝယ်မြို့ဗိုလ်ချုပ်လမ်းမပေါ်မှာရှိတဲ့ တော်ဝင်ဦး ဘေဘီ စတိုးကနေပြီး ဒေါ်အောင်ဆန်းစုကြည် က လူထု ကို မိန့်ခွန်းပြောပြန်ပါတယ်။
မိန့်ခွန်းလာနားထောင်တဲ့ လူတွေက များပြားလွန်းလှပြီး ဗိုလ်ချုပ်လမ်းတလျှောက် မျက်စိတဆုံး လူတွေ အုံးအုံးကျွက်ကျွက်
တိုးဝှေ့ နေကြတယ်။
အန္တရာယ်ကို ဂရု မမူဘဲ တိုက်ခေါင်မိုးတွေ၊ ဝရန်တာတွေပေါ်မှာလည်း လူတွေ မနည်းမနောရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်း ကို နားထောင်နေကြတယ်။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေစဉ်မှာ လက်ခုပ်သံတွေက ထားဝယ်မြို့တခုလုံး မြည်ဟီး နေ တယ်။
အဲဒီနောက် ညနေ ၄ နာရီကျော်ကျော်မှာ ဒေါ်အောင်ဆန်းစုကြည်က တော်ဝင်ဦး ဘေဘီစတိုးကနေ ထားဝယ်လေဆိပ်ကို ပြန် လည် ထွက်ခွာပါတော့တယ်။
ရန်ကုန်ပြန်လည်ထွက်ခွာတော့မယ့် ဒေါ်အောင်ဆန်းစုကြည်ကို မြို့လုံးကျွတ်ပြည်သူတွေက အုတ်အော်သောင်းတင်း နှုတ်ဆက်ကြ တယ်။ မနက်ပိုင်းက ထက်တောင် လမ်းမတွေပေါ်မှာ လူတွေပြည့်နှက်နေတယ်။
ယာဉ်ထိန်းရဲတွေကလည်း ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ထွက်ခွာနိုင်အောင် လမ်းတွေရှင်းပေးနေကြပါတယ်။ အနီရောင် ထဘီ ဝတ် သူနာပြုတွေကလည်း ဆေးရုံ အဝင်ပေါက်ကနေ ဒေါ်အောင်ဆန်းစုကြည်ကို လက်ပြနှုတ်ဆက်ကြတယ်။
ဒေါ်အောင်ဆန်းစုကြည်ကားဘေးမှာ ဝိုင်းနေတဲ့လူတွေက များလွန်းတာကြောင့် လုံခြုံရေး လူငယ်တွေလည်း ကားထွက်နိုင်အောင် မနည်း ဖယ်ရှားနေရပါတယ်။
“ဓယ်ဝယ်သား ဂူလောင်း အမေစုကို ရှစ်ဟယ်”(ထားဝယ်သား အားလုံး အမေစုကို ချစ်တယ်)ဆိုတဲ့ ထားဝယ်ဘာသာ စကားနဲ့ စာသားပါ ဆိုင်းဘုတ်တွေ ကိုင်ထားတဲ့ လူငယ်တွေကလည်း လေဆိပ် အဝင် လမ်းမဘေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက် နေကြတယ်။
တချို့လူတွေက ထားဝယ်က ပြန်လည်ထွက်ခွာတော့မယ့် ဒေါ်အောင်ဆန်းစုကြည်ကို လက်ပြနှုတ်ဆက်ရင်း မျက်ရည်တွေကျနေ
ကြတယ်။
ညနေ ၄ နာရီ ၁၅ မိနစ်လောက်မှာ ဒေါ်အောင်ဆန်းစုကြည် လေဆိပ်ရောက်ရှိပြီး မြန်မာ့လေ ကြောင်း လေယာဉ်ပေါ်ကို တက်သွား ပါတယ်။
လေယာဉ်က ကောင်းကင်ပေါ်ကို ပျံသန်းဖို့ အရှိန်ယူနေပါပြီ။ လေဆိပ်ဝန်းကျင်တခုလုံးမှာတော့ ထားဝယ်ဒေသခံတွေ ဖွေးဖွေးလှုပ် ရှိနေပြီး လေယာဉ်ကို လက်ပြနှုတ်ဆက်နေကြတယ်။ လေယာဉ် ပေါ်မှာ ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့မမြင်နိုင်ပေမယ့်
လက်ပြ နှုတ်ဆက် နေကြတယ်။
“သွားတော့ အမေရေ”လို့ အသက် ၃၀ ကျော်အရွယ် လူငယ်တဦးက ထားဝယ်သံ ဝဲ၀ဲနဲ့ အော်ဟစ်နှုတ်ဆက်တယ်။ သူ့ပါးပြင်မှာ
မျက်ရည်စတချို့ ရှိနေတယ်။
လေယာဉ် ကောင်းကင်ပေါ် တက်သွားပြီဖြစ်ပေမယ့် လေဆိပ်ဝန်းကျင်မှာ လူတွေရှိနေဆဲ…။ မြောက်မြားစွာသော ထားဝယ်ဒေသခံ တွေ က ကောင်းကင်မှာ ပျံသန်းနေပြီဖြစ်တဲ့ လေယာဉ်ကို မျက်စိတဆုံးကြည့်နေကြဆဲ…၊ လက်ပြနေကြဆဲ…..။ ။