“ကျနော်တို့အတွက်ကဘိန်းဆိုတာ အန္တရာယ်၊ လူသားမျိုးနွယ် အညွန့်တုံးစေမယ့် မူးယစ်ဆေး။ ဒါပေမယ့် တောင်သူတွေအတွက်ကတော့ဒါဟာ ရွှေ။ သူတို့သိတာ သူတို့စားဝတ်နေရေးအတွက် ရွှေ၊ စားစရာပေးမယ့်ငွေ”
ဒါကတော့ မြန်မာနိုင်ငံမူးယစ်အထူးတိုက်ဖျက်ရေးအဖွဲ့က အငြိမ်းစား ရဲအရာရှိတယောက် ပေးတဲ့မှတ်ချက်ပါ။
ရှမ်းပြည်နယ်နမ့်ဆမ်မြို့နယ်က ဘိန်းစိုက်တောင်သူ ဦးစိုင်းလုံ (အမည်ရင်းမဟုတ်)က “ဘိန်းစိုက်ရင် အချိန် ၄ လပဲ ပေးရတယ်။ ၄ လနဲ့တင် အစေးယူလို့ရပြီ။ ဘိန်းစိမ်းတပိဿာကို အနည်းဆုံးကောက်ဈေး ၆ သိန်းကနေ ပြန်ရောင်းဈေးက ၁၅ သိန်း၊ ၁၆ သိန်းအထိ အရည်အသွေးအလိုက်ဈေးပေါက်တယ်။ အဲဒီတော့ ဒီတပိဿာတည်းနဲ့ တနှစ်လုံး ထိုင်စားလို့ရတာကိုး။ အချိန်အကြာကြီးစောင့်ပြီးအဝေးကြီး၊ အများကြီးသယ်သွားပြီး ရောင်းမှရမယ့် သနပ်ဖက်တို့၊ အာလူးတို့၊ သီးနှံတို့ ဘယ်စိုက်တော့မတုန်း” ပြောပြပါတယ်။
ဘိန်းပင်တွေစိုက်တဲ့အခါထွေထွေထူးထူး ထိန်းသိမ်းပြုပြင်ဖို့ မလိုသလို ဘိန်းသီးကိုခြစ်လို့ ထွက်လာတဲ့ အစေးတွေကိုနောက်တနေ့မှာ ပြန်သိမ်းယူရတာဟာ လက်ဝင်တဲ့အလုပ်ဆိုပေမယ့် ဘိန်းတဧကကို ဘိန်းစိမ်း တပိဿာခွဲကနေ ၃ ပိဿာအထိရတာကြောင့် အခြားသီးနှံတွေ စိုက်တာထက်စာရင် အကျိုးအမြတ်ပိုရနေတယ်လို့ သိရပါတယ်။
အစေးခြစ်ယူတဲ့နည်းအပြင်ဘိန်းပင်စိုက်တဲ့အခါ အဖူးလေးတွေ ထွက်လာတာနဲ့ အပင်ကိုနှုတ်၊ ရေနည်းနည်းနဲ့ ပြုတ်ပြီးတော့အဆီထုတ်ယူတာကနေ ရတဲ့ဘိန်းဆီဟာလည်း ဈေးကောင်းရတယ်လို့ ဆိုပါတယ်။
ရာသီဥတု အပြောင်းအလဲ၊မြေဆီအခြေအနေ စတာတွေကြောင့် တခြားစိုက်ပျိုးသီးနှံတွေ မအောင်မြင်လို့ တခြားတောင်သူတွေစားဝတ်နေရေးပြဿနာ ရင်ဆိုင်ရပေမယ့် ဘိန်းစိုက်တောင်သူတွေ အဖို့ကတော့ ဘိန်းစိုက်တာ တနှစ်အောင်မြင်သွားရင်ပဲနောက် ၂ နှစ် ၃ နှစ်အထိ စားဝတ်နေရေး ပြေလည်ကြပါတယ်။
ဒါကြောင့်လည်းရှမ်းတောင်တန်းတွေမှာ အရင်က ဝေစည်နေခဲ့ဖူးတဲ့ သနပ်ဖက်စိုက်ခင်းတွေ၊ သီးနှံစိုက်ခင်းတွေနေရာမှာငွေဖြစ်လွယ်တဲ့ ဘိန်းခင်းတွေက အစားထိုးဝင်လာနေတာပါ။
ဘိန်းစိုက်တာအပြင်မူးယစ်ဆေးဝါး ထုတ်လုပ်တာတွေပါ ရှိနေတယ်။ နယ်မြေခံအာဏာပိုင်တွေ၊ အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့တို့ ပါဝင်ပတ်သက်တာတွေလည်း ရှိနေတယ်လို့သိရပါတယ်။
“သူတို့ကို ဘိန်းခွန်ပေးရတယ်။ ဘိန်းဆယ်ပိဿာထွက်ရင် အရည်အသွေးအလိုက် ဘိန်းခွန် တပိဿာ၊ နှစ်ပိဿာ၊ နောက်ပြီး ဘယ်အဖွဲ့ကိုငွေဘယ်လောက် ဆိုတာမျိုး ဘိန်းခွန်ပေးရတာ။ တချို့ကျတော့လည်း သူတို့ကိုယ်တိုင် တောင်သူတွေကိုစည်းရုံးပြီးစိုက်ခိုင်း၊ ပြီးရင် သူတို့ကပဲ ပြန်ဝယ်တယ်။ ပြီးရင် တရုတ်ပြည်ကို ရောင်းတာရောင်း၊ဘိန်းဖြူပြန်ချက်တာတွေ လုပ်ကြတယ်” လို့ ဦးစိုင်းလုံက ပြောပါတယ်။
ပလောင်အမျိုးသမီးများအဖွဲ့(PWO) ကထုတ်တဲ့ အစီရင်ခံစာတရပ်မှာတော့ ရှမ်းပြည်နယ် ပလောင်ဒေသမှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်နေတာတွေဟာ၂၀၁၀ နိုဝင်ဘာ နောက်ပိုင်းကနေ ၂၀၁၁ နှစ်ကုန်ပိုင်းအထိ ၇၈ ရာနှုန်း တိုးတက်လာတယ်လို့ ဖော်ပြထားပါတယ်။ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံးကလည်း မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှုဟာတနှစ်အတွင်းမှာ ၂၀ ရာနှုန်း မြင့်တက်လာတယ်လို့ ထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်နယ်ဘက်တင်မကအိန္ဒိယ-မြန်မာ နယ်စပ်ဒေသဖြစ်တဲ့ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အနောက်မြောက်ပိုင်းမှာဆိုရင်လည်း၂၀၀၈ ခုနှစ်နောက်ပိုင်းမှာ ဘိန်းကို တိုးပြီး စိုက်လာကြတာဟာ ၂၀၁၁ နှစ်ကုန်ပိုင်းမှာဆိုရင်ဧက ၅၀၀ ထက်မနည်း ရှိနေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
“အများစုက ဒီဖက်မှာလာနေတဲ့ကသည်းလူမျိုးတွေ စိုက်ကြတယ်။ သူတို့ကို ဒီက အာဏာပိုင်တွေက နေထိုင်ခွင့် ပေးထားပြီး အဲဒီဘိန်းစိုက်တာကိုလည်းငွေယူပြီးတော့ ခွင့်ပြုထားတာ။ ထွက်လာတဲ့ ဘိန်းစိမ်းတွေကို တရုတ်ကိုပို့တယ်။ အိန္ဒိယဘက်ကိုပြန်ပို့တာလည်း ရှိတယ်” လို့ အိန္ဒိယ-မြန်မာနယ်စပ်မှာ နေထိုင်သူတဦးက ပြောပြပါတယ်။
ကချင်ပြည်နယ်မှာလည်းဘိန်းစိုက်ပျိုးမှု တိုးတက်လာတာရဲ့ နောက်ဆက်တွဲအဖြစ် မူးယစ်ဆေးဝါး သုံးစွဲမှုတွေ တစတစ များလာလို့ဖားကန့်၊ လုံးခင် စတဲ့ ကျောက်တူးရာ မှော်ထဲတွေမှာ မူးယစ်ဆေးဝါးပြဿနာတွေ၊ အမှုအခင်းတွေမကြာခဏ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“နယ်မြေခံရဲတွေကလည်းလိုင်းကြေးတွေယူပြီး လွှတ်ထားတော့ မှော်ထဲမှာဆိုရင် ဒီဆေးပြားတွေ၊ ဘိန်းတွေက လွတ်လွတ်လပ်လပ်ကိုရောင်းဝယ်ဖောက်ကားနေသလို ဖြစ်နေတယ်။ မြို့ပေါ်မှာတောင် တက္ကစီသမားတွေ၊ ကျောင်းသားတွေဘိန်းစွဲနေတာ၊ ဆေးပြားသုံးနေတာတွေ အများကြီး တွေ့လာရတယ်” လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။
မူးယစ်ဆေးဝါး ပပျောက်ရေးအတွက်ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးမှုတွေ လုပ်နေတယ်ဆိုပေမယ့် မထိရောက်တာတွေအပြင် အာဏာပိုင်တွေ ပါဝင်ပတ်သက်နေတာကြောင့်အခုလို ဘိန်းစိုက်ပျိုးမှုတွေ ပြန်တိုးလာရတယ်လို့ အငြိမ်းစား မူးယစ်တိုက်ဖျက်ရေး အရာရှိဟောင်းက သုံးသပ်ပါတယ်။
၁၉၉၅-၉၆ ခုနှစ်လောက်မှာမူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံကိန်းတရပ်အနေနဲ့ ဘိန်းအစားထိုးသီးနှံအဖြစ် ပန်းဂျုံစိုက်ပျိုးဖို့အတွက် ဂျပန်နိုင်ငံက မျိုးစေ့နဲ့ နည်းပညာ အထောက်အကူတွေ ပေးခဲ့ပါတယ်။ ရှမ်းပြည်နယ်ကတောင်တန်းဒေသတွေရဲ့ မြေဆီမြေလွှာ အနေအထားအရ ပန်းဂျုံ စိုက်ပျိုးအောင်မြင်ရမှာ ဖြစ်ပေမယ့်တကယ်တမ်း လက်တွေ့မှာတော့ အောင်မြင်မှုမရခဲ့ဘူးလို့ သူက ဆိုပါတယ်။
“မျိုးစေ့တွေပေးတယ်၊ရောင်းစားတယ်။ မြေသြဇာတွေ၊ စိုက်ပျိုးရေးသုံးပစ္စည်းတွေ အထက်က ချပေးတယ်။ ရွာသားတွေဆီမရောက်ဘူး။ ပေါက်တူးကအစ၊ တူရွင်းကအစ ဝန်ထမ်းတွေက ရောင်းစားတယ်။ ရွာသားဆီကိုကျတော့ မကောင်းတဲ့မျိုးစေ့၊မကောင်းတဲ့ပစ္စည်းပေး၊ မြေသြဇာက မလုံမလောက်နဲ့ဆိုတော့ အထွက်မကောင်းတာနဲ့ မစိုက်ချင်ကြတော့ဘူး။ပန်းဂျုံဆိုတာ မူးယစ်ပြတိုက်မှာပဲ ရှိတော့တယ်” လို့ သူက ဆက်လက်ပြောပြပါတယ်။
ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးဖို့တောင်သူတွေကို ပညာပေး၊ စိုက်ပျိုးရေးသင်တန်းတွေ ပေးပြီး မျိုးစေ့တွေ၊ အပင်တွေ ပေးလိုက်ပေမယ့်လည်းတောင်သူတွေက မျိုးစေ့တွေ၊ အပင်တွေကို လမ်းမှာတင် ပစ်ခဲ့တာမျိုးလည်း ကြုံတွေ့ရဖူးတယ်လို့ဆိုပါတယ်။
“ဘာလို့တုန်းမေးတော့ ဒါတွေစိုက်ရင် အနည်းဆုံး ၂ နှစ် ၃ နှစ်နေမှ အကျိုးခံစားရမယ်၊ ဒီကြားထဲမှာ ကျနော်တို့ဘာသွားစားရမလဲ၊ ငတ် သေမှာပေါ့တဲ့။ ပြီးတော့ ဒါတွေ ပြန်ရောင်းမယ်ဆိုရင် အများကြီးလည်းထမ်းရတယ်။ အမြတ်ရရင်လည်း အလွန်ဆုံးမှ အချိန် တဆယ်လောက်ကိုမှ လေးငါးထောင်။ ဘိန်းတပိဿာဆိုအသာလေးသယ်သွား၊ တနှစ်မက ထိုင်စားလို့ရတယ်လို့ ပြန်ပြောတာဗျာ” လို့ သူကပြောပါတယ်။
ဘိန်းခင်းတွေဖျက်ဆီးရှင်းလင်းရေး လုပ်တဲ့အခါ နယ်မြေခံ အာဏာပိုင်အဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ညှိနှိုင်းမှုတွေလုပ်ထားတာကြောင့်ဓာတ်ပုံရိုက်ရုံ၊ ဗီဒီယိုသတင်းရိုက်ရုံသာ ဖျက်ဆီးကြလို့ ရှိနေတဲ့ဘိန်းခင်းဧရိယာရဲ့၅ ပုံတပုံကိုသာ ဖျက်နိုင်တာလို့ဆိုပါတယ်။
မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကို တိုက်ဖျက်ရေးမှာလည်း အဓိက ကုန်သည်ကြီးတွေ၊ ထုတ်လုပ်သူတွေဟာ အာဏာပိုင်တွေကိုလာဘ်ထိုးထားတာကြောင့် အမြဲတစေ လွတ်မြောက်လေ့ရှိတယ်။ လာဘ်ထိုးတဲ့အခါ ငွေကြေးအပြင်၊ မူးယစ်ဆေး၊နေအိမ်၊ ကားစတာတွေ လာဘ်ထိုးလေ့ရှိတယ်လို့ သူကဆိုပါတယ်။
သူက “တရားခွင်ပေါ် ရောက်သွားတဲ့လူတွေဟာလက်လီပြန်ရောင်းသူတွေ၊ ဆေးသုံးသူတွေပဲ များတယ်။ အဓိက ကုန်သည်တွေ၊ ထုတ်လုပ်သူတွေရဲ့ အမှုတွေဟာတရားခွင်ပေါ်ရောက်လာတာ သိပ်ရှားတယ်။ အချုပ်မှာတင် လာဘ်ထိုးပြီး အာမခံနဲ့ လွှတ်တယ်ဆိုတာမျိုးကြောင့်တခါ လိုက်ပြန်ဖမ်းရတာမျိုး ခဏခဏကြုံဖူးတယ်။ ဖမ်းတဲ့ နေရာတင် ဆရာတို့ ဒီဟာတွေ ယူသွားပါ ကျနော်တို့ကိုတော့လွှတ်ပေးပါဆိုတော့ ဖမ်းတဲ့သူတွေက ပစ္စည်းတွေကို သိမ်း၊ လူကိုတော့ ပြေးခိုင်း၊ ပြီးတော့သူတို့ဘာသာ ပြန်ရောင်းတယ်။ ဒီလို အကျင့်ပျက်ဝန်ထမ်းတွေကို အဖွဲ့လိုက် ဖမ်းခဲ့ရဖူးတယ်” လို့ ပြောပြပါတယ်။
မြန်မာအစိုးရကကတော့ ပြီးခဲ့တဲ့ ၂၀၁၁ နှစ်ကုန်ပိုင်း ဘိန်းစိုက်ပျိုးရာသီဖြစ်တဲ့ စက်တင်ဘာကနေ နိုဝင်ဘာအထိမှာရှမ်းပြည်နယ် ပင်လောင်း၊ ဖယ်ခုံ၊ ဆီဆိုင်၊ တောင်ကြီး၊ ဟိုပုံး၊ မိုင်းကိုင်၊ မောက်မယ်၊လွိုင်လင်မြို့နယ်တွေနဲ့ ကယားပြည်နယ်ဖရူးဆိုး၊ဒီမောဆိုးမြို့နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ မကွေးတိုင်းတွေက ဘိန်းခင်း၂၄၁၆၉ဒဿမ ၃၃ ဧကကို ဖျက်ဆီးနိုင်ခဲ့တယ်၊မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူ ၂၂၉ ယောက်ကိုလည်း ဖမ်းဆီးအရေးယူနိုင်ခဲ့တယ်၊ စိတ်ကြွဆေးပြား၇ သိန်းကျော်ကိုလည်း ဖမ်းမိခဲ့တယ်လို့ သူတို့ သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။
ဘိန်းအဓိက စိုက်ပျိုးနေတဲ့ဒေသတွေဟာတခြားနေရာဒေသတွေထက်စာရင် အစစ၊ အရာရာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျတဲ့ နေရာတွေဖြစ်နေတာကြောင့်ငွေရလွယ်မှုတခုအတွက် ဒေသခံတွေ လမ်းမှားမလိုက်အောင် ပညာပေးနေရုံသက်သက်မဟုတ်ဘဲ ဒီဒေသတွေဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို အဓိကထား လုပ်ရမှာဖြစ်သလို တဘက်ကလည်း အာဏာပိုင်တွေ ပါဝင်ပတ်သက်နေတာကိုထိထိရောက်ရောက် ထိန်းချုပ်ဖို့ အရေးကြီးတယ်လို့ ရဲအရာရှိဟောင်းက ဆိုပါတယ်။
“ဘိန်းစိုက်တာဟာဟိုးအရင်ကတည်းက ဒီဒေသတွေမှာ အရိုးစွဲ အမြစ်တွယ်နေသလို ဒီကရတဲ့ အကျိုးအမြတ်ကို အလွဲသုံးစား လုပ်နေတာတွေဟာလည်းအာဏာပိုင်တွေဆီမှာ အရိုးစွဲနေတယ်။ ဒါတွေ မပျောက်ပျက်သရွေ့ မြန်မာနိုင်ငံမှာ ဘိန်းနဲ့ မူးယစ်ဆေးဝါး ပပျောက်ရေးဆိုတာဟာပြတိုက်ထဲထည့်ထားရတဲ့ ပုံပြင်ပြကွက်တခုလိုပဲ ဖြစ်နေဦးမှာပဲ။ ဒီဘိန်းသံသရာကြီး ရှည်ကြာနေဦးမှာပဲ” လို့ သူက ပြောပါတယ်။