မြန်မာပြည်မှာ “အပြောင်းအလဲတွေ” တသီတတန်းဖြစ်ထွန်းနေပါပြီလို့ အစိုးရက နိုင်ငံတကာမိသားစုကို ထုတ်ဖော်ပြသနေပေ မယ့် အိမ်နီးချင်း ထိုင်းနိုင်ငံကမြန်မာဒုက္ခသည် ထောင်ပေါင်းများစွာအတွက်တော့ ပြည်တော်ပြန်ဖို့အရေးဟာ အလှမ်းဝေး နေ တဲ့ အိပ်မက်ပမာ ရှိနေဆဲပါ။
“တိုးတက်မှုက မြို့ကြီးတွေမှာလောက်ပဲ မြင်ရတာ၊ ငါတို့ မွေးရပ်မြို့လေးမှာဆို ဘာမှမတိုးတက်ဘူး”လို့ သူ့အိမ်ရှေ့က ဝရန် တာလေးမှာထိုင်ရင်း အသက် ၆၁ နှစ်အရွယ် ကရင်အမျိုးသား စောရော်က ဧရာဝတီကို ပြောပြပါတယ်။ သူဟာ ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင် မယ့်စရီးယမ်း မြို့နယ်မှာရှိတဲ့ မယ့်လာဦး ဒုက္ခသည်စခန်းက ဒုက္ခသည် တဦးဖြစ်ပါတယ်။
အေးလှတဲ့ ဆောင်းရာသီမနက်ခင်းမှာ ကရင်ပြည်နယ်ဖွား စောရော်တယောက် အိမ်ရှေ့မှာထိုင်ရင်း သူ့ရဲ့တရုတ်နိုင်ငံထုတ် ရေ ဒီယိုလေးနဲ့ အာရ်အက်ဖ်အေ မြန်မာပိုင်း အစီအစဉ်ကို နားထောင်နေပါတယ်။ သူ့အတွက်တော့ အာရ်အက်ဖ်အေဟာ သူ့နိုင်ငံက သတင်းတွေသိခွင့်ရတဲ့ တခုတည်းသော သတင်းဌာနပါပဲ။
“ငါတို့ အိမ်ပြန်ရမယ့်ရက်က အဝေးကြီးလိုသေးတယ် ထင်တာပဲ” လို့လည်း စောရော်က မျှော်လင့်ချက်မဲ့တဲ့အသံနဲ့ ခေါင်းခါပြီး ဆက်ပြောပါတယ်။ ဒီလိုမျှော်လင့်ချက်မဲ့နေမှုဟာ နှစ်ပေါင်း ၃၀ ကျော်ကြာ သူတို့အိမ်လို့ သူတို့ခေါ်ဝေါ် သတ်မှတ်ခဲ့ကြတဲ့ ဒီ အထီးကျန် ဒုက္ခသည်စခန်းက ဒုက္ခသည် ၄၀၀၀၀ ကျော်ကြားမှာတွေ့နေရတဲ့ စိတ်ခံစားမှု လက္ခဏာဖြစ်ပါတယ်။
အစိုးရစစ်တပ်က စစ်ဆင်ရေးဆင်နွှဲပြီး သူ့ရွာဖျက်ဆီးခံလိုက်ရတဲ့နောက် ၁၉၈၀ အစောပိုင်းမှာ စောရော်ဟာ သူ့မွေးရပ်မြို့ကနေ ထွက်လာခဲ့တာပါ။ အဲ့ဒီအချိန်မှာ “ယာယီ” နားခိုစရာလို့ သူထင်ထားခဲ့တဲ့ ဒုက္ခသည် စခန်းဟာ နှစ်ပေါင်း ၃၀ နီးပါးကြာပြီးတဲ့နောက်မှာလည်း သူ့ရဲ့ “အိမ်” အဖြစ် ဆက်လက်တည်ရှိနေပါတော့တယ်။
စောရော်လိုပဲ ခန့်မှန်းခြေ ၁၄၀၀၀၀ လောက်ရှိတဲ့ မြန်မာဒုက္ခသည်တွေဟာ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်း ၉ ခုမှာ နေ ထိုင်လျက်ရှိကြပါတယ်။
ကရင်အမျိုးသား အစည်းအရုံး (KNU) လို တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေဟာ သူတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့အတွက် အစိုးရကို ၁၉၄၈ ခုနှစ်ကတည်းက စတင်တော်လှန်တိုက်ခိုက်ခဲ့ကြပေမယ့် အစိုးရကတော့ အာဏာခွဲဝေမယ့်ကိစ္စကို သူတို့နဲ့ဆွေးနွေးဖို့ အခုထိ ဆန္ဒမရှိသေးပါဘူး။
မကြာသေးခင်က မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အပြောင်းအလဲ လက္ခဏာတွေဟာ မြို့ပြဒေသတွေ အတွက် လောက်ပဲဖြစ် တယ်ဆိုတာကို သူသဘောတူတယ်လို့ မယ်လဒုက္ခသည်စခန်း ဥက္ကဌဖြစ်သူ ကိုထွန်းထွန်းက ဧရာဝတီကို ပြောပါတယ်။
သူဆိုလိုတဲ့ မြို့ပြဒေသတွေဟာ ဗြိတိသျှကိုလိုနီကာလမှာ မြန်မာပြည်မလို့ လူသိများပြီး တိုင်းရင်းသား ပြည်နယ်တွေ မပါဘဲ သီးခြား အုပ်ချုပ်ခဲ့တဲ့ နယ်ပယ်တွေဖြစ်ပါတယ်။
“ဒုက္ခသည်တွေ နေရပ်ပြန်ရေးကတော့ အဝေးကြီးလိုသေးတယ်လို့ ကျနော်ထင်တယ်။ တိုင်းရင်းသားတွေရဲ့မွေးရပ်မြေတွေမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ဖော်ဆောင်နိုင်မှပဲ ဒီကိစ္စက ဖြစ်နိုင်ပါလိမ့်မယ်”လို့ ကိုထွန်းထွန်းက ဆိုပါတယ်။
မြန်မာပြည်ရဲ့ တိုင်းရင်းသားပြည်နယ်တွေမှာ တင်းမာမှုတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက်ရှိနေပေမယ့် ထိုင်း အစိုးရ ကတော့ မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ပို့လိုတဲ့ သူ့ရဲ့ရည်ရွယ်ချက်ကို ထပ်တလဲလဲ ထုတ်ဖော်နေပါတယ်။
ထိုင်းအစိုးရရဲ့ ဒုက္ခသည်ပြန်ပို့ရေး တောင်းဆိုချက်တွေဟာ ပြီးခဲ့တဲ့နှစ် သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအသစ် တက် လာတဲ့အချိန်မှာ ပိုလို့ကျယ်လောင် လာခဲ့ပါတယ်။
ဒုက္ခသည်တွေအနေနဲ့ အိမ်ပြန်ဖို့ စိတ်အားထက်သန်နေကြတယ်၊ ဒါပေမယ့် ပြည်တွင်းမှာ မကြာသေးခင်က အပြောင်းအလဲ
တွေဖြစ်ခဲ့သလို လက်နက်ကိုင် ပဋိပက္ခတွေလည်း ရှိနေသေးတယ်၊ အထူးသဖြင့် ကချင်ပြည်နယ်မှာ ပိုပြီးကြီးထွားလာနေ တယ် လို့ ထိုင်း-မြန်မာ နယ်စပ် တလျှောက် ကူညီ စောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့(TBBC)ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဆယ်လီ သွမ်ဆင် (Sally Thompson) က ဧရာဝတီကို ပြောပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်တွင်းမှာပဲ ရွှေ့ပြောင်းနေရတဲ့ တိုင်းရင်းသား ဒုက္ခသည် ၅၀၀၀၀၀ လောက် မြန်မာပြည်ရဲ့အရှေ့ဘက်၊ မြောက်ဘက်နဲ့ တောင်ဘက်တွေမှာ ရှိနေကြတယ်လို့လည်း သူက ဆိုပါ သေးတယ်။
“ဒုက္ခသည်တွေ တချိန်မှာသူတို့အိမ်ပြန်နိုင်ကြလိမ့်မယ်လို့ ကျမတို့ အမြဲတမ်းမျှော်လင့်ပါတယ်”လို့ ဆယ်လီကဆိုပါတယ်။ ဒါ
ပေမယ့် ဘယ်တော့ဖြစ်မလဲဆိုတာကိုတော့ သူမခန့်မှန်းနိုင်ပါဘူးလို့ ထပ်ပြောပါတယ်။
တတိယနိုင်ငံတွေမှာ သွားရောက်အခြေချတဲ့ ဒုက္ခသည်အရေအတွက်ဟာ ၇၀၀၀၀ လောက်ရှိသွားပြီဖြစ်ပေမယ့် ဒုက္ခသည် စခန်းမှာကျန်ရှိနေတဲ့ အတော်များများကတော့ မြန်မာပြည်ကိုပြန်ရဖို့ မျှော်လင့်နေကြတာမို့ အဲ့ဒီနိုင်ငံတွေမှာ သွားအခြေချမယ့်နည်းလမ်းကို မရွေးချယ်ကြဘူးလို့လည်း ဆယ်လီက ဆိုပါသေးတယ်။
“ငြိမ်းချမ်းရေးရရင် အိမ်ပြန်မှာပေါ့”လို့ အသက် ၅၄ နှစ်အရွယ် ဖောမူနန်းက ဧရာဝတီကို ပြောပြပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၂၅ နှစ် ကတည်းက မြန်မာပြည်ကနေ ထွက်လာခဲ့သူဖြစ်ပြီး လောလောဆယ်မှာ မယ့်လာဦး ဒုက္ခသည်စခန်းရဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ယူနေသူပါ။
“သူတို့မြို့တွေမှာ အစိုးရစစ်သားတွေမရှိဘူးဆိုရင် ဒုက္ခသည်တော်တော်များများ အိမ်ပြန်သွားကြပြီပေါ့”လို့လည်း ဖောမူနန်းက ဆိုပါသေးတယ်။
၁၉၈၄ နဲ့ ၁၉၉၇ အကြားမှာ အစိုးရတပ်က ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာရှိတဲ့ KNU စခန်းတွေအပြင် သူ့ရဲ့ ပန်းဟက်ရွာ အပါအဝင် အရပ်သားတွေနေထိုင်တဲ့ ရွာတွေကိုလည်းသိမ်းယူခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ သူလည်း ကရင်ပြည်နယ်ကနေ ထိုင်း-မြန်မာနယ်စပ်ကို ထွက်လာခဲ့ပါတယ်။
ဘာသာတရားအပေါ်ယုံကြည်ကိုင်းရှိုင်းမှုဟာ ကရင်တိုင်းရင်းသားတွေ အတော်များများအကြားမှာ အားကောင်းတဲ့ အလေ့ အထ တခု ဖြစ်ပါတယ်။ သူတို့ရဲ့ ပြည်တော်ပြန်အိပ်မက်တွေ အကောင်အထည်ပေါ်စေဖို့ တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းမှာ ဆုတောင်းကြပါတယ်။
ဇန်နဝါရီလ ၁၂ ရက်နေ့ KNU ခေါင်းဆောင်တွေနဲ့ အစိုးရကိုယ်စားလှယ်တွေ ငြိမ်းချမ်းရေးစကားပြောနေချိန်မှာ ဂျပန်၊ ထိုင်း၊ အမေရိကန်ပြည်ထောင်စု၊ အင်္ဂလန် နဲ့ အခြား ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအပါအဝင် ကမ္ဘာအနှံ့မှာရောက်ရှိနေကြတဲ့ ကရင်ပြည်သူတွေကလည်း ကရင်ပြည်နယ်ငြိမ်းချမ်းရေး အတွက် ဆုတောင်းပွဲတွေ ကျင်းပခဲ့ကြပါတယ်။
အစိုးရနဲ့ KNU ငြိမ်းချမ်းရေးဆွေးနွေးပွဲရဲ့ ရလဒ်ကတော့ အချက် ၁၁ ချက်ပါတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူချက် ကို ပဏာမအဆင့်အနေနဲ့ အဲဒီနေ့မှာပဲ လက်မှတ်ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ သဘောတူချက်အရ KNU အနေနဲ့ ဆက်သွယ်ရေး ရုံးတွေဖွင့်ခွင့်ရမှာဖြစ်ပြီး အစိုးရအနေနဲ့လည်း အရပ်သားတွေအပေါ် အဓမ္မ လုပ်အားပေးခိုင်းစေနေတာ တွေ၊ ဥပဒေမဲ့ ထင် သလို အခွန်ကောက်ခံနေတာတွေနဲ့ ခြိမ်းခြောက်ငွေညှစ်တာတွေကို အဆုံးသတ်သွားအောင် တာဝန်ယူဆောင်ရွက်ရမှာဖြစ်ပါတယ်။
ဒီလို သဘောတူညီချက်တွေ ရှိပေမယ့်လည်း စစ်ပြေးဒုက္ခသည်တွေကတော့ သူတို့ ဘယ်အချိန် လုံလုံခြုံခြုံနဲ့ အိမ်ပြန်ခွင့်ရ မလဲဆိုတဲ့အပေါ် မရေမရာရှိနေဆဲဖြစ်ပါတယ်။ လက်ရှိအခြေအနေတွေကို အကောင်းဘက်ကမြင်တယ်လို့ ဒုက္ခသည်တချို့က ဆိုပါတယ်၊ ဒါပေမယ့် သိပ်မဝေးတော့တဲ့ကာလမှာ အိမ်ပြန်နိုင်လိမ့်မယ်ဆိုတာကိုတော့ လူအနည်းငယ်ကပဲ ယုံကြည်ကြပါတယ်။
အခုအချိန်မှာ အတော်လေးငြိမ်သက်နေတယ်လို့ဆိုနိုင်တဲ့ ကရင်ပြည်နယ်ရဲ့အခြေအနေဟာ စစ်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ် နေ တဲ့ ကချင်ပြည်နယ်နဲ့တော့ လုံးဝဖီလာဆန့်ကျင်ဖြစ်နေပါတယ်။
အစိုးရက ကချင်ပြည် လွတ်လပ်ရေးတပ်မတော်(KIA)ကို ပြီးခဲ့တဲ့နှစ် ဇွန်လကစပြီး စစ်ဆင်ရေးဆင်နွှဲခဲ့တာမို့ ၁၇ နှစ်ကြာ နှစ် ဘက်အပစ်အခတ်ရပ်စဲရေး သဘောတူချက်ဟာလည်း ပျက်ပြားသွားခဲ့ရပါတယ်။ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIO)ပြော
ရေးဆိုခွင့်ရှိသူ ဦးလနန်ကတော့ အစိုးရဘက်က ဟယ်လီကော်ပတာတွေ သုံးနေတာဟာ ဒဏ်ရာရ ရဲဘော်တွေကို စစ်မြေပြင် ကနေ သယ်ထုတ် သွားဖို့အတွက်သာ မဟုတ်ဘဲ နိုဝင်ဘာ၂၅ ၇က်နေ့ကစပြီး လက်နက် ခဲယမ်းတွေနဲ့ စစ်သားတွေကို စစ်မြေပြင်ဆီ ပို့ဖို့အတွက် ဖြစ်တယ်လို့ ဧရာဝတီကို ပြောပြပါတယ်။
ကချင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ကချင်ပြည်သူ ၄၅၀၀၀ ကျော်ဟာ မိမိတို့နေရပ်ရင်းကို စွန့်ခွာထွက်ပြေးခဲ့ကြ ရပြီး သူတို့ ဘယ်အချိန်အိမ်ပြန်လို့ရမယ်ဆိုတာကို ပြောဖို့ခက်တယ် လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။
“အစိုးရအနေနဲ့ တိုင်းရင်းသား အင်အားစုတွေနဲ့ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေး မတည်ဆောက်ဘူးဆိုရင် စစ်ပွဲတွေ ရေရှည် လိမ့်မယ်”လို့ ဦးလနန်က သတိပေးပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ အမေရိကန်နိုင်ငံ မက်ဆာချူးဆက် ပြည်နယ် ကိန်းဘရစ်ချ်မြို့အခြေစိုက် လူ့အခွင့်အရေး အတွက် သမားတော်များ(Physicians for Human Rights)အဖွဲ့က ကချင်ပြည်နယ်မှာ အစိုးရတပ်ဖွဲ့တွေက လူ့ အခွင့်အရေးချိုးဖောက် မှုတွေ၊ ရက်စက်ယုတ်မာမှုတွေရှိနေတယ်လို့ စွပ်စွဲပြောဆိုတာတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတခု ပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီစုံစမ်းစစ်ဆေးမှုအရ ၂၀၁၁ ဇွန်လနဲ့ စက်တင်ဘာလအတွင်းမှာ အစိုးရတပ်က အရပ်သားတွေ ဆီကနေ စားနပ်ရိက္ခာတွေ လုယူခဲ့တယ်၊ ရွာတွေထဲကို လက်လွတ်စပယ်ပစ်ခတ်ခဲ့တယ်၊ ရွာသားတွေကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်၊ ပြီးတော့ သူတို့ကို ပေါ်တာအဖြစ်၊ မိုင်းရှင်းကိရိယာအဖြစ် အသုံးပြုခဲ့တယ်ဆိုတာတွေကို တွေ့ရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံအခြေစိုက် ကချင်သတင်းဌာန(KNG)ရဲ့အဆိုအရ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Cliton) မြန်မာနိုင်ငံမှာ သမိုင်းဝင်အလည်အပတ်ခရီးအဖြစ် ရောက်ရှိနေတဲ့ နိုဝင်ဘာ ၃၀ ရက်နေ့မှာလည်း အစိုးရတပ်ဖွဲ့တွေက သာမန် ကချင်ပြည်သူတွေကို သတ်ဖြတ်ပြီး သူတို့အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။
နိုင်ငံတကာမိသားစုအနေနဲ့ သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အားပေးအားမြှောက်ပြုသင့်တယ်၊ ဒါပေ မယ့် ဆိုးဆိုးဝါးဝါး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေတဲ့ အထူးသဖြင့် လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခဒဏ် ခံနေရ တဲ့ ဒေသတွေက ချိုးဖောက်မှုတွေကိုတော့ လျစ်လျူ မရှုသင့်ဘူးလို့ မြန်မာ့အရေး စောင့်ကြည့်လေ့လာနေသူ အက်ရှ်လေ ဆောက်သ်(Ashley South) က ပြောပါတယ်။
တိုင်းရင်းသားအင်အားစုတွေရဲ့ ပြင်းပြတဲ့ဆန္ဒနဲ့ နစ်နာချက်တွေကို အရေးတယူ ကိုင်တွယ်ဆောင်ရွက်ခြင်းမရှိဘဲနဲ့ တိုင်းပြည် ရဲ့လူမှုရေးနဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ ထိုင်းနဲ့ အခြားနိုင်ငံတွေမှာရောက်နေကြတဲ့ ဒုက္ခသည်တွေဟာ ဘယ်နေ့ ပြန်ရမယ်ဆိုတာ မသေချာပေ မယ့် သူတို့နိုင်ငံ ပြန်ရမယ့်နေ့ အတွက် ဆက်လက် ဆုတောင်းနေကြဆဲပါ။ ဒုက္ခသည်စခန်းမှာပဲ သူ့ဘဝရဲ့အချိန်အများစုကို ကုန်ဆုံးခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် မောလူးကတော့ သူ့အနေနဲ့ မိုက်ရူးရဲ ဆန်ပြီး အိမ်ကိုအလောတကြီးပြန်ဖို့ မကြိုးစားချင်ဘူးလို့ ပြောပါတယ်။
တတိယနိုင်ငံတခုခုကိုသွားတာဟာ သူ့အတွက်ရော သူ့ရဲ့ “နောက်မျိုးဆက်တွေ” အတွက်ပါ ပိုကောင်းတဲ့ ရွေးချယ်စရာလမ်း တခုဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဒါပေမယ့် သူလည်း ငြိမ်းချမ်းရေးရတဲ့အချိန် တနေ့နေ့မှာ သူ့ ဘိုးဘေးဘီဘင်တွေ အခြေ ချခဲ့တဲ့မြေကို ပြန်မြင်တွေ့ရဖို့ မျှော်လင့်နေဆဲပါပဲ။
သူက ရယ်လျက်“အဲ့ဒီအချိန်ဆို ငါလည်း အဘိုးကြီး ဖြစ်ကောင်း ဖြစ်နေလောက်ပြီ” တဲ့။ ။