ထောင်ချီရှိနေတဲ့ လူအုပ်ကြီးထဲမှာ အသက် ၈၀ နီးပါးအရွယ်ရှိ ဒေါ်သန်းရီတယောက် တုန်တုန်ချိချိ တိုးဝှေ့ရင်း ရှေ့ဆုံးကိုရောက်ဖို့ ကြိုးစားနေတယ်။ မနက် ၁၁ နာရီ ကျော်နေပြီဖြစ်လို့ နေရောင်ရဲ့အပူရှိန်၊ ထောင်နဲ့ချီ စုရုံးနေတဲ့ လူအုပ်တွင်းက အပူရှိန်တွေကြောင့် ဒေါ်သန်းရီ မျက်နှာတခုလုံးမှာ ချွေးတွေ စီးကျနေတယ်။
အသက်အရွယ် ကြီးရင့်နေပြီဖြစ်ပေမယ့် လူအုပ်ရဲ့ရှေ့ဆုံးကို ရောက်ဖို့ လူငယ်တဦးအလား တိုးဝှေ့နေတယ်။
“သားလေးသမီးလေးတို့ရယ်၊ နည်းနည်းလောက်။ အမေရှေ့ကို သွားပါရစေ။ သမီးကို မြင်ချင်လို့ပါ” ဆိုတဲ့ အသံကလည်း သူ့ရဲ့နှုတ်ခမ်းဖျားက ထွက်ပေါ်နေတယ်။
မွဲခြောက်ခြောက် အသားအရေ၊ ပိန်လှီတဲ့ ကိုယ်ခန္ဓာ၊ ဝါကျင်ဖျော့တော့နေတဲ့ မျက်လုံးတွေနဲ့ ဒေါ်သန်းရီတယောက် ဘာကြောင့် လူအုပ်ထဲမှာ ဒီလို တိုးဝှေ့နေပါသလဲ။
အကြောင်းကတော့ ဒေါ်သန်းရီဟာ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေတဲ့ ပုသိမ်မြို့က ကိုသိန်း ဘောလုံးကွင်းထဲက လူအုပ်ကြီးထဲမှာ ရောက်ရှိနေတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို တွေ့မြင်ရဖို့ သူရုန်းကန်လှုပ်ရှား တိုးဝှေ့နေတာ ဖြစ်ပါတယ်။
ပူပြင်းလှတဲ့ နေရောင်အောက်မှာ လူတိုင်းလူတိုင်း ခွပ်ဒေါင်းနဲ့ ကြယ်ဖြူတံဆိပ်ပါ အလံငယ်လေးတွေကို ကိုယ်စီကိုင်လို့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို နားထောင်နေကြပါတယ်။
မိန့်ခွန်းနားထောင်ရင် မူးလဲသွားတဲ့သူတွေ အတော်တော်များများ ရှိနေပြီး ဒီလူတွေကို နီးစပ်ရာလူငယ်တွေက ပွေ့ချီထမ်းထုတ်သွားရပါတယ်။ ပြီးတော့ အရိပ်ရှိရာနေရာမှာ ပြုစုကုသပေးမှုတွေလည်း လုပ်ပေးနေကြတယ်။
လူတိုင်းမျက်နှာက ချွေးသံတရွှဲရွှဲဖြစ်နေပေမယ့် သူတို့အားလုံး ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောရာ စင်မြင့်ထက်ဆီကိုပဲ
လှမ်းမျှော်ကြည့်နေကြတယ်။
ဧရာဝတီတိုင်း မြောင်းမြမြို့နယ်မှာ မွေးဖွားခဲ့တဲ့ ဒေါ်ခင်ကြည်ရဲ့ သမီးငယ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီတိုင်း ပြည်သူတွေဟာ သူရဲ့ဆွေမျိုးတွေပါပဲလို့ ပြောဆိုလိုက်ချိန်မှာတော့ လူထုကြီးရဲ့အော်ဟစ်အားပေးသံက ဆူညံသွားတော့တယ်။
“ကျမက ဧရာဝတီတိုင်းသူရဲ့သမီးဆိုတော့ ကျမလည်း ဧရာဝတီတိုင်းသူလို့ ကိုယ့်ကိုယ် ယူဆပါတယ်။ အခု ကျမတို့ ကိုယ့်မြို့ကိုယ့်ရွာကို ပြန်ရောက်လာသလိုပဲ လှိုက်လှိုက်လှဲလှဲကြိုဆိုတဲ့ ပုသိမ် ပြည်သူပြည်သားတွေကိုလည်း အင်မတန်မှ ကျေးဇူးတင်ပါတယ်။ ကျမကို ပုသိမ်ထီးတွေကို ပေးလိုက်လို့ နေအင်မတန်ပူတဲ့အခါမှာ အဲဒီပုသိမ်ထီးရဲ့အောက်မှာ သွားရတယ်။ ဒီလိုပဲ တဦးအပေါ် တဦးထားရှိတဲ့ မေတ္တာအောက်မှာ အမြဲနေနိုင်ကြပါစေလို့ ကျမ အမြဲဆုတောင်းပါတယ်။ အခုဆိုလို့ရှိရင် ကျမ ပုသိမ်မြို့ကို မရောက်တာ နှစ် ၂၀ ကျော်နေပါပြီ။ ပထမဦးဆုံး ပုသိမ်ရောက်တုန်းကလည်း ပုသိမ်မြို့သူ မြို့သားတွေကို အင်မတန်မှ လှိုက်လှိုက်လှဲလှဲ ကျမတို့ကို ထောက်ခံခဲ့တယ်။ ပုသိမ်တမြို့လုံးက စက်ဘီးတွေနဲ့ လိုက်ပြီး အားပေးနေတာကို သတိရနေပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က လူထုကို ကြည်ရွှင်တဲ့ အပြုံးမျက်နှာနဲ့ နှုတ်ခွန်းဆက်တယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၃ နှစ် အတွင်းမှာ ဒုတိယအကြိမ်ဖြစ် ဧရာဝတီတိုင်းကို လာရောက်တာဖြစ်ပါတယ်။ ပထမ အကြိမ်က ၁၉၈၉ ခုနှစ်တုန်းက စည်ရုံးရေးခရီးစဉ်ပါ။ အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည် ကားနဲ့လှည့်လည်လို့မရအောင် စစ်အစိုးရက ခြိမ်းခြောက် ဟန့်တားခဲ့လို့ ဒေါ်အောင်ဆန်းစုကြည်ကို စက်ဘီးနဲ့တင်ပြီး စည်းရုံးရေးခရီး ထွက်ခဲ့ကြရဖူးပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဝင်ရောက်ယှဉ်ပြိုင်မယ့် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ဆန္ဒတွေ အမှန်တကယ်ဖြစ်ပေါ်ဖို့ ရွေးကောက်ပွဲ တရားမျှတဖို့အတွက် ပြည်သူတွေအားလုံးက
ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ပုသိမ်လူထုကို တိုက်တွန်းပါတယ်။
“အခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မှန်မှန်ကန်ကန်မျှမျှတတ ဖြစ်နိုင်ဖို့ ပြည်သူအားလုံး ဝိုင်းကူညီပါလို့ မေတ္တာရပ်ခံ ချင်ပါတယ်။ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းဥပဒေတွေ ဘယ်လိုရှိသလဲဆိုတာ ပြည်သူတွေ သိနိုင်အောင် ကျမတို့အဖွဲ့ချုပ်က ကြိုးစားဆောင်ရွက်ပေးပါ့မယ်။ ပြည်သူတွေကလည်း ဒီစည်းမျဉ်းစည်းကမ်းတွေအရ တနိုင်ငံလုံး မဟုတ်ရင်တောင်မှ မဲဆန္ဒပေးရမယ့် နယ်တွေမှာ ဝိုင်းဝန်းကြည့်ရှုပြီးတော့ ရွေးကောက်ပွဲကို ကာကွယ်စောင့်ရှောက်ပေးစေချင်ပါတယ်” လို့ သူက ဆိုတယ်။
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေဆဲမှာပဲ ဘောလုံးကွင်းထဲကို လူတွေ ဝင်လာမစဲ တသဲသဲဖြစ်နေပြီး ဘောလုံးကွင်းပြည့် လူထုပရိသတ်တွေ ပိုလို့များပြားလာပါတယ်။ ကလေးတွေချီထားတဲ့ မိခင်တွေအစ သက်ကြီးရွယ်အို
အဘိုးအဘွားတွေ၊ လူငယ်လူရွယ်ကလေးတွေ သံဃာတော်တွေအဆုံး လူထုပရိသတ်က တခဲနက် အားပေးနေကြတယ်။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းမှာပါတဲ့ ပရိသတ်သဘောကျစေမယ့် ပြောဆိုချက်တွေကြောင့် လက်ခုပ်သံတွေ ဆက်တိုက်ထွက်ပေါ်နေသလို အများစုက အလံငယ်တွေ ကိုင်ပြီး ဝှေ့ယမ်းအားပေးကြတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီတိုင်းကို လာရောက်တဲ့ ခရီးစဉ်မှာ ပြည်သူအများစု ဆင်းရဲတာ တွေ့ရတဲ့အကြောင်း၊ နိုင်ငံအနာဂတ်အတွက် ပညာရေးနဲ့ကျန်းမာရေးကို အဓိက မြှင့်တင်ဖို့လိုကြောင်း ပြောပါတယ်။
“ဒီနိုင်ငံမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးဆိုတာနဲ့ မပြီးပါဘူး။ အဲဒီအဆင့်ကနေပြီးတော့ ဖူလုံတဲ့အဆင့်၊ ချမ်းသာတဲ့အဆင့်အထိ ရောက်ဖို့ အားလုံးကြိုးစားရပါမယ်။ ပညာရေးမှာ ကျမတို့ လူငယ်တွေ ကိုယ်တတ်ထားတဲ့ ပညာတွေကို သင့်သင့်တော်တော် သုံးနိုင်ဖို့ ဆိုတာလည်း အရေးကြီးပါတယ်။ ပညာတွေတတ်ထားပြီးတော့ အလုပ်မရှိဘူးဆိုလို့ရှိင် ဒီပညာတွေက အလဟဿဖြစ်သွားမှာပါ။ လူငယ်တွေက အဓိက အားကိုးရမှာကြောင့်မို့လို့ ပညာရေးကို ကျမတို့ မြှင့်တင်ချင်တာဖြစ်ပါတယ်။ ပညာတတ်ပြီးတော့ မကျန်းမာလို့ရှိရင်လည်း လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေကို အားနည်းသွားမှာပါ” လို့ ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြပါတယ်။
လွှတ်တော်မှာ NLD ပါတီကိုယ်စားလှယ်တွေ ရောက်ရှိမယ်ဆိုရင် ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ဆောင်မှာဖြစ်တဲ့အတွက် အဲဒီအချိန်မှာလည်း လူထုထောက်ခံမှု အရေးတကြီး လိုတယ်လို့ သူကဆိုတယ်။
“ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ တခြားဥပဒေတွေနဲ့ပတ်သက်လို့ ပြင်သင့်တာတွေကို ပြင်ဖို့ကြိုးစားပါ့မယ်၊ အဲဒီလို ကြိုးစားတဲ့နေရာမှာ ပြည်သူရဲ့ ထောက်ခံမှုကို အမြဲလိုနေမယ်ဆိုတာ ကျမတို့ အခုကတည်းက ပြောထားပါရစေ။ ပြည်သူထောက်ခံမှု မရှိလို့ရှိရင်တော့ ဘယ်တော့မှ ရေရှည်မှာ အောင်မြင်မှုမရနိုင်ပါဘူး” လို့ ဒေါ်အောင်ဆန်းစုကြည်က ပရိသတ်ကို ပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေဆဲမှာပဲ ပုဆိုးအပြာ၊ အကျႌအဖြူတွေ ဝတ်ဆင်ထားတဲ့ ပုသိမ်နည်းပညာ တက္ကသိုလ်က ကျောင်းသားကျောင်းသူ ခြောက်ရာနီးပါး ကွင်းအတွင်းကို တန်းစီပြီး ဝင်လာကြတယ်။
ဒေါ်အောင်ဆန်းစုကြည် လာမယ့်ရက်နဲ့ တိုက်ဆိုင်ပြီး စာမေးပွဲစစ်မယ်လို့ တရားဝင်သတင်းတွေ ထွက်ပေါ်နေပေမယ့် ကျောင်းသားတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောမှုကို မဖြစ်၊ ဖြစ်အောင် လာကြတာပါ။
“ဒီနေ့ ကျောင်းမသွားဖြစ်ဘူး။ ပုသိမ်တက္ကသိုလ် ကျောင်းသားကျောင်းသူတွေလည်း စာမေးပွဲမဖြေဘဲ အမေ့ဆီကို လာကြတယ်” လို့ ပုသိမ် နည်းပညာတက္ကသိုလ်ကျောင်းသားတဦးက ဆိုတယ်။
အဲဒီအချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်က ကျောင်းသားကျောင်းသူတွေအတွက် သူရဲ့ စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောဆိုပါတယ်။
“ကျမ တခုတော့ နည်းနည်းစိတ်ပူသွားတယ်။ ဒီမှာ လူငယ်တွေအများကြီး လာကြိုဆိုတဲ့အခါမှာ တော်ကြာ စာမေးပွဲတွေ
ဘာတွေ မဖြေဖြစ်လို့ရှိရင် စာမေးပွဲကျမှာလည်း စိုးရိမ်လို့ပါ။ ကျမတို့ရဲ့ လူငယ်တွေကို ပညာတတ်စေချင်တယ်။ ကျမတို့ရဲ့ လူငယ်တွေကို အဆင့်မြင်တဲ့ ပညာတတ်စေချင်တယ်။ ဒါဟာ ကျမတို့နိုင်ငံရဲ့ အနာဂတ်အတွက်ဖြစ်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တာနဲ့ ကျောင်းသားကျောင်းသူတွေနဲ့အတူ လူထုပရိသတ်က တခဲနက် လက်ခုပ်တီးကြပါတယ်။
ထောင်နဲ့ချီတဲ့ လူအုပ်ကြီးထဲမှာ NLD အမှတ်တံဆိပ် အဝါရောင်ခွပ်ဒေါင်းနဲ့ အဖြူရောင် ကြယ်တံဆိပ် စက္ကူရုပ်ကြီးကို ကိုင်ဆောင်ပြေးလွှားနေတဲ့ လူငယ်နှစ်ဦးကိုလည်းတွေ့ရပြီး သူတို့နှစ်ဦးကလည်း စာမေးပွဲမဖြေဘဲ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုတဲ့ ကျောင်းသားလူငယ်တွေလို့ ပုသိမ်မြို့ခံတွေက ဆိုပါတယ်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူတွေ နိုင်ငံရေးမှာပါဝင်ဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ပြည်သူတွေရဲ့ အကျိုးကို အဓိက ဆောင်ရွက်မှာဖြစ်ပြီး ပြည်သူတွေကလည်း နောက်ကနေ မားမားမတ်မတ် ရပ်တည်ပေးကြဖို့ လိုတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။
“နိုင်ငံတနိုင်ငံ တကယ် တိုးတက်ဖို့ဆိုတာက ပြည်သူတွေပါမှ ဖြစ်နိုင်ပါတယ်။ ပြည်သူတွေမပါဘဲ မဖြစ်နိုင်ဘူး။ ကျမတို့ ဘယ်လောက်ပဲကြိုးစားကြိုးစား ပြည်သူတွေက ကျမတို့နောက်ကနေ မားမားမတ်မတ် မရှိလို့ရှိရင် ကျမတို့ရဲ့ကြိုးစားချက်တွေက ထိရောက်နိုင်မှာမဟုတ်ပါဘူး” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုတယ်။
လူထုခေါင်းဆောင်ပေမယ့် လူထုအကြိုက်တခုတည်းကို မပြောဘဲ လူထုအနေနဲ့ ပြင်သင့်တာ တွေပြင်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ရဲဝံ့ပြတ်သားစွာ ပြောပါတယ်။
“ကျမတို့ ပြည်သူတွေက စိတ်တက်ကြွသလောက် စည်းကမ်းနေရာမှာတော့ နည်းနည်းလေး အင်အားနည်းတယ်လို့ ဆိုချင်ပါတယ်။ စိတ်တက်ကြွတဲ့နေရာမှာတော့ အင်အားများတယ်၊ စည်းကမ်းရှိမှုမှာတော့ နည်းနည်း အင်အားနည်းတယ်။
အင်အားနည်းတဲ့ ကိစ္စတွေကို ဖြည့်ပေးရမယ်။ အင်အားများတဲ့နေရာမှာလည်း ဒီအင်အားတွေကို မှန်မှန်ကန်ကန် အသုံးချရမယ်။ အင်အားဆိုတာ မှန်မှန်ကန်ကန်သုံးမှ အများကို အကျိုးပြုတယ်။ အင်အားကို အလွဲသုံးစား လုပ်ပြီဆိုလို့ရှိရင် အများအတွက် အန္တရာယ်ဖြစ်ပါတယ်။ ဒါကြောင့်ကျမတို့ ပြည်သူတွေက ကိုယ့်ရဲ့အင်အားတွေကို မှန်မှန်ကန်ကန်နဲ့ အများအကျိုးအတွက်၊ နိုင်ငံအကျိုးအတွက် သုံးစေချင်ပါတယ်။ ရှိနေတဲ့ အားနည်းမှုတွေကိုလည်း ပြုပြင်စေချင်ပါတယ်” လို့ သူက ရှင်းပြတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိနစ် ၂၀ အကြာ မိန့်ခွန်းအဆုံးသတ်ချိန်မှာတော့ လက်ခုပ်သံတွေနဲ့အတူ ပြည်သူတွေက ဦးထုပ်တွေ၊ ထီးတွေ၊ အကျႌတွေ၊ အလံငယ်တွေ ဝှေ့ယမ်းပြီး ပုသိမ်ကနေ မြောင်းမြကို ဆက်လက်ထွက်ခွာတော့မယ် ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက်ကြတယ်။
“အမေစု ကျန်းမာပါစေ”၊ “အမေစုကို ချစ်တယ်” ဆိုတဲ့ ပြိုင်တူ အော်ဟစ်သံတွေက ပုသိမ်မြို့တခုလုံး ကျယ်လောင်မြည်ဟိန်းနေတယ်။
ယာဉ်ထိန်းရဲတွေလည်း ဒေါ်အောင်ဆန်းစုကြည် ကားတန်း ပြန်လည်ထွက်ခွာဖို့ လမ်းရှင်းပေးကြပြီး သူတို့ မျက်နှာတွေကလည်း ပြုံးပျော်နေကြတယ်။
ဘောလုံးကွင်းထဲကနေ လူအုပ်ကြီး တဖြည်းဖြည်း ပြန်လည်ထွက်ခွာနေပါပြီ။ ဒေါ်သန်းရီလည်း အများနည်းတူ ကွင်းထဲက ပြန်လည်ထွက်ခွာနေပေမယ့် သူ့ခြေလှမ်းတွေက သွက်လက်နေတယ်။
ချွေးတွေရွှဲနေတဲ့ အမယ်အိုရဲ့ မျက်နှာမှာ ကျေနပ်ပျော်ရွှင် ကြည်နူးတဲ့အရိပ်အယောင်တွေ အထင်သားတွေ့မြင်နေရတယ်။
ဆက်စပ်သည့် သတင်း
ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီး ပုသိမ်လူထု တခဲနက်ကြို