အာဆီယံ စီးပွားရေး လုပ်ငန်းရှင်များ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ပြင်ဆင်၊ အမေရိကန်က ဒဏ်ခတ် ပိတ်ဆို့မှုတချို့ ရုပ်သိမ်း၊ ချားလ်စ် ဒစ်ကင်း နှစ် ၂၀၀ ပြည့်ဗြိတိန်နိုင်ငံ မင်းသား ချားစ်က ဦးဆောင် ကျင်းပဖို့ ပြင်ဆင်၊ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေး၊ ဝန်ထမ်းများ လစာ တိုးဖို့ အတည်ပြု၊ ဗယ်လင်တိုင်းဒေး ကျင်းပမည်၊ ပြည်တော် ပြန်ရန် ဖိတ်ခေါ်….
ဖိုးရှုပ်။ ။ အာ…ဦးရုက္ခစိုး တယောက်ကတော့ နတ် ဂျာနယ်လစ်များ လုပ်တော့မလား မသိဘူး…၊ သတင်း ဖတ်နေလိုက်တာ များ TV မှာ သတင်းခေါင်းစဉ် ကြေညာနေသလိုပါပဲလား…၊ ကျနော်တို့လို ဂျာနယ် မလစ်တလစ် ယောင်တောင်တောင်တွေတော့ အလုပ်လက်မဲ့ ဖြစ်တော့မှာပဲ…။
ချင်းမိုင် ဒွိုင် ဆူထေ့ တောင်ပေါ်ရှိ ညောင်ပင်ရိပ်အောက်တွင် ဦးရုက္ခစိုး တဦးတည်း အင်တာနက်စာမျက်နှာပေါ်က သတင်းများကို အသံထွက် ဖတ်နေစဉ် ဘယ်အချိန်က အနားတွင် ရောက်နေမှန်း မသိရသော ဖိုးရှုပ်က ရုတ်တရက် ပြောလိုက်ခြင်း ဖြစ်သည်။
ရုက္ခစိုး။ ။ ဂျာနယ်လစ်ပဲဖြစ်ဖြစ် ၊ ဂျက်တိဗစ်ပဲ ဖြစ်ဖြစ် လုပ်သင့်ရင် လုပ်ရမှာပဲကွ….အခု ပြောင်းလဲ ဖြစ်ထွန်းနေတဲ့ ကမ္ဘာ့အခင်းအကျင်း ၊ မြန်မာ့ အခင်းအကျင်း လိုအပ်ချက်အရ ဖြစ်ဖြစ် ပြောင်းသင့်တာပြောင်း ပြင်သင့်တာပြင် လုပ်သင့်တာ လုပ်ရမှာပဲ …။
ဦးရုက္ခစိုးက ဖိုးရှုပ်ကို ငေါ့တော့တော့ တုံ့ပြန်လိုက်သည်။
ဖိုးရှုပ်။ ။ အောင်မယ်လေးဗျာ…ပြောသွားလိုက်တာများ…ရွေးကောက်ပွဲ ဝင်ဖို့ မဲဆွယ်စည်းရုံးရေး လုပ်နေတဲ့ ကိုယ်စားလှယ် လောင်းကြီး ကျနေတာပဲ….ဒါနဲ့ ကျနော် မရှင်းတာက ဦးရုက္ခစိုး စကားထဲမှာ ဂျက်တိဗစ် ဆိုတာ ဘာကို ပြောတာလဲ….။
ရုက္ခစိုး။ ။ အဲဒါလည်း အပြောင်းအလဲနဲ့ ဆိုင်တယ် ကွ….။
ဖိုးရှုပ်။ ။ ပြောမှာသာ ပြောပါဗျာ…နိဒါန်းတွေ…အချီးတွေ…မိတ်ဆက်တွေ နဲ့ ပေရှည်နေပါဦးမယ်…။
ဖိုးရှုပ်က စိတ်မရှည်သည့် လေဖြင့် ပြောသည်။
ရုက္ခစိုး။ ။ ဒီလိုလေ…ဂျက်တိဗစ် ဆိုတာက…အရင်တုန်းက အက်တိဗစ် တက်ကြွ လှုပ်ရှားသူ…ဟို အရေး ဒီအရေး လှုပ်ရှားသူ…နောက် အခြေအနေ ယိုယွင်းလာတဲ့အခါ ကျတော့ ရေကြည်ရာ မြက်နုရာ ဆိုသလို…တရွာ မပြောင်း သူကောင်း မဖြစ် ဆိုသလို… အပြောင်းအလဲ လုပ်လာတဲ့ ဂျာနယ်လစ် ပုဂ္ဂိုလ်များလို့ ကျွနု်ပ် ဒက်ဖနေးရှင်း အဓိပ္ပာယ် ဖွင့်ဆို ထားပါတယ်….။
ဖိုးရှုပ်က ဦးရုက္ခစိုးကို မျက်မှောင်ကြုတ် ကြည့်လိုက်ပြန်သည်။
ဖိုးရှုပ်။ ။ လုပ်ပြန်ပြီ…ဘိုလိုတွေရော…စကားပုံတွေရော…ရှုပ်ရှက်ကို ခတ်နေတာပဲ…သေချင်တဲ့ကျား တောပြောင်း ဆိုတာရော မပါဘူးလား ဗျာ…။
ထိုစဉ် ကြွက်စုတ် ရောက်လာပြီး ဖိုးရှုပ်တို့ ပဋိပက္ခ ကြားထဲ ဝင်ပါ လာသည်။
ကြွက်စုတ်။ ။ ဟာ ဦးရုက္ခစိုးက တောက်တီး တောက်တဲ့ တွေ ပြောပြန်ပြီ…ကျနော့်ကိုပါ ထိခိုက်နေပြီ…ကျနော့်များ ဒဲ့ ပြောတာ လား…
ရုက္ခစိုး။ ။ မင့်လောက်တော့ စာမဖွဲ့ဘူး…မင်းက ယောင်ယောင် ယောင်ယောင် အဆင့်ပဲ ရှိတာ…ဟို သရုပ်ဆောင် လုပ်လိုက်…ဒီ သီချင်းခွေမှာ ဝင်ဆိုလိုက် နဲ့ အရင်ကဆို ပိုဆိုးသေး…မဆီမဆိုင် ဆန္ဒပြတဲ့ အထဲ ပါလို့ပါ…
စစ်မျက်နှာက ကြွက်စုတ်နှင့် ဦးရုက္ခစိုးဖြစ်သွား၍ ဖိုးရှုပ်က ငြိမ်နေလိုက်သည်။
ကြွက်စုတ်။ ။ ဆဗိုက်ဗယ် ဗျ…ဆဗိုက်ဗယ်… ကြုံသလို ဖြေရှင်းရတာပဲဗျ…ငါ့ဝမ်း ပူဆာ မနေသာ ဆိုတာ ဦးရုက္ခစိုး သိရဲ့လား…အင်း သိမယ်လို့တော့ မထင်ပါဘူး…လူမှ မဟုတ်တာ…ဆန္ဒပြတာက ဒေါက်ဂရုမန့်(Document) တခုဖြစ်တယ် ဗျ…
ရုက္ခစိုး။ ။ အေးပါ…မင့် ဆင်ခြေ ဆင်လက် တွေက လက်ခံနိုင်စရာ လိုလိုပါပဲ…ငါ ဆိုလိုတာက အမြီးအမောက် မတည့်တာ တွေ ကို ဆိုလို တာပါ…ငါ့ ဝမ်း ပူဆာတာက ဘယ်အတိုင်းအတာ အထိ ပူဆာလဲ ဆိုတာလည်း ရှိတာပေါ့ နော်…
ကြွက်စုတ်။ ။ ဦးရုက္ခစိုး ပြောသလိုဆို တချို့ အဖွဲ့အစည်းကြီးတွေလည်း အငြိမ့် က…ဗီဒီယို ဇာတ်လမ်းရိုက်…ဟစ်ပ်ဟော့ပ် ဆို… သီချင်းခွေ ထုတ်တာ အမြီးအမောက် မတည့်ဘူး ဆိုတဲ့ သဘောလား…တချို့ဆိုလည်း အစည်းအဝေးတွေ ခဏခဏ လုပ်…အစည်းအဝေး လုပ်ဖို့ စည်းဝေး…သင်တန်းတွေ ခဏခဏ ပေး…သင်တန်းတွေ ခဏခဏ တက်…ဆီမီနာတွေ…ကွန်ဖရင့် တွေလုပ်…အဲဒါတွေရော ဘာပြောမလဲ…
ရုက္ခစိုး။ ။ မင်း ဆရာမလုပ်ပါနဲ့…အဲဒါတွေလည်း ငါတွေးထားပြီးသား…ပွဲတော်ချိန် ခါတော်မီ ဈေးခင်း တွေ…ရာသီချိန် ရာသီစာ ရောင်းတာတွေ…ပွဲလန့်တုန်း ဖျာခင်းတာတွေ… တပွဲစားတွေ… ပွဲစားတွေ…အကျိုးတော်ဆောင် ကိုဖိုးမောင်တွေ… ပြောရရင် ပြော မဆုံးပေါင် တောသုံးထောင်…မြစ်ကိုးစင်း…တောင်စဉ် ခုနစ်ထပ် ဖြစ်တော့မယ်…
ထိုသို့ ဦးရုက္ခစိုး နှင့် ကြွက်စုတ်တို့ စစ်ဖြစ်နေသည်ကို ပြေငြိမ်းစေရန်အတွက် ဖိုးရှုပ်က ငြိမ်းချမ်းရေး အကျိုးတော်ဆောင်ကြီးပမာ ဝင်ရောက် ပြောဆိုလိုက်သည်။
ဖိုးရှုပ်။ ။ တော်ကြပါတော့ဗျာ…နားတွေလည်း ပူထူ အူနေပါပြီ…ခင်ဗျားတို့စစ်ပွဲက ပြီးဦးမှာလားဗျာ…ကျနော်ဖြင့် ဖြစ်နိုင်ရင် ဒီ ဒွိုင် ဆူထေ့ တောင်ပေါ်ကနေ…ရန်ကုန်အထိ ရောက်အောင်ကို အမြန်ဆုံး ပြန်ပြေးလိုက်ချင်တော့တယ်…ရပ်တန်းက ရပ်ကြပါတော့ဗျာ…
သို့သော် ဦးရုက္ခစိုးက မရပ်ပါ…။
ရုက္ခစိုး။ ။ အေး မင်းလိုမျိုးတွေ ပေါ့…သူများက ပြည်တော်ပြန်ဆို ပြန် ပြန်…ငြိမ်းချမ်းရေး ဆိုလည်း ငြိမ်းချမ်းရေး…ငြိမ်းချမ်းရေး… ဒီမိုကရေစီ ဆိုလည်း…ဒီမိုကရေစီ…ဒီမိုကရေစီ…ကိုယ်က ဘယ်ကို…ဘာပုံစံနဲ့…ဘာပြန်လုပ်မှာလဲ…ဘာလဲ…ဘယ်လဲ…စဉ်းစား ဖို့တော့ လိုတယ်ကွ…ငါကတော့ ပြန်ချင်တယ်…ဒါပေမယ့် ဖြည်းဖြည်းပဲ…ဟို သီချင်းထဲကလို “ရန်ကုန်တော့ ဖြည်းဖြည်း ပေါ့…” ဆို သလို…
ဦးရုက္ခစိုး တဦးတည်း ခါးထောက်၍ ဆရာကြီးဂိုက်ဖမ်းပြီး ဟန်ပန် အပြည့်ဖြင့် ပြောဆိုနေရာမှ နောက်သို့ ပြန်လှည့်ကြည့် လိုက်ရာ ဖိုးရှုပ်နှင့် ကြွက်စုတ် ဘယ်အချိန်ကတည်းက လစ်ပြေးသည်မသိ…သူကောင့်သား နှစ်ဦးလုံး မရှိတော့ပေ…။ ။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။