မကြာသေးခင်က ပြည်တွင်းမှာဖြစ်ခဲ့တဲ့ နိုင်ငံရေး အပြောင်းအလဲတွေဟာ နိုင်ငံခြားသားတွေကို မြန်မာပြည်ချက်ချင်း သွားချင်အောင် ဆွဲဆောင်ခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံရဲ့အခြေခံအဆောက်အအုံမှာ အကန့်အသတ်တွေရှိနေတာမို့ တချို့ခရီးသွားတွေအဖို့ တည်းခိုစရာဟိုတယ်ခန်း ရှာမတွေ့နိုင်တဲ့ အခက်အခဲနဲ့ ကြုံရနိုင်ပါတယ်။

မြန်မာတနိုင်ငံလုံးမှာ ဟိုတယ် ၇၃၁ လုံးပဲ ရှိပါတယ်၊ အခန်းစုစုပေါင်းကတော့ ၂၅၀၀၀ ပါ။ မြို့တော်ဟောင်းလည်းဖြစ်၊ အခုအချိန်ထိလည်း အများစုက နိုင်ငံထဲကို ဝင်လမ်းထွက်လမ်းအဖြစ် အသုံးပြုနေကြတဲ့ ရန်ကုန်မြို့မှာဆိုရင်လည်း အခန်း ၈၀၀၀ ပဲ ရှိပါတယ်။
အဲ့ဒီအခန်း ၈၀၀၀ မှာ ၃၀၀၀ ပဲ “ကမ္ဘာလှည့် ခရီးသည်တွေအတွက် သင့်တော်တယ်” လို့ ပြည်ထောင်စု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ (UMTA) ရဲ့ လက်ရှိဥက္ကဌနဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ (MTB) ရဲ့ ဒု ဥက္ကဌဖြစ်သူ ဦးမောင်မောင်ဆွေက ဆိုပါတယ်။
ရန်ကုန်က ဟိုတယ်နဲ့ တည်းခိုခန်းတွေဟာ ခရီးသွားတွေကို လက်ခံဖို့ အဆင်သင့်ဖြစ်နေကြတဲ့အပြင် အများစုက အရင်ထက် ဈေးနှုန်းနှစ်ဆ ဒါမှမဟုတ် သုံးဆ တင်ထားကြပါတယ်။ မြို့လယ်မှာရှိတဲ့ ဝိုင်အမ်စီအေနဲ့ ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်မှာရှိတဲ့ စင်ထရယ်ဟိုတယ် (Central Hotel) တွေဟာ လာမယ့်ရက်သတ္တပတ်အထိ အခန်းအားလုံးပြည့်နေပြီလို့ ဟိုတယ်တာဝန်ရှိသူတွေက ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပြောပါတယ်။
“အခန်းရှာရင်း နောက်ဆုံးမှာ လမ်းကြားထဲက ဈေးတော်တဲ့ တည်းခိုခန်းရလိုက်တယ်။ တညကို ၂၅ ဒေါ်လာပေးရတယ်။ ဒါပေမယ့်ဗျာ အခန်းကမှောင်ပြီး ညစ်ပတ်နေတဲ့အပြင် မျက်နှာကြက်ပေါ်မှာလည်း ခိုတွေ အသိုက်ဖွဲ့နေကြသေးတယ်” လို့ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ကျောပိုးအိတ်လွယ်ခရီးသည် ကနေဒါနိုင်ငံသားက ပြောပြပါတယ်။
ဘယ်လိုပဲဖြစ်နေနေ ရန်ကုန်က ဟိုတယ်ခန်း အရေအတွက်ကတော့ နိုင်ငံခြားခရီးသွား ဧည့်သည်တွေအတွက် လုံလောက်မှု မရှိသေးပါဘူး။ စီးပွားရေးလုပ်ငန်းရှင်တွေ၊ သံတမန်အဖွဲ့တွေ၊ NGO ဝန်ထမ်းတွေနဲ့ မြန်မာနိုင်ငံမှာ အခွင့်အလမ်းအသစ်တွေ ပေါ်လာပြီဆိုတဲ့ မက်လုံးကြောင့် နိုင်ငံထဲကိုလာကြတဲ့ လုပ်ငန်းကိစ္စကြားခံ ဆောင်ရွက်ပေးသူမျိုးစုံဟာ ရန်ကုန်က ဟိုတယ်ခန်းအများစုကို ယူထားကြတယ်လို့ ဒေသခံတွေ အဆိုအရ သိရပါတယ်။
မြန်မာနိုင်ငံမှာ ပထမဆုံး ခရီးသွားလုပ်ငန်းလိုင်စင်ရတဲ့ ဆွစ်ဇာလန်နိုင်ငံသား အာမင် ရှော့ဂ် (Armin Schoch) ကတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်ရောက်တဲ့ ဒီဇင်ဘာလတုန်းက သူနဲ့ တခြားဧည့်သည် အတော်များများဟာ သူတို့တည်းနေတဲ့ ကြယ်ငါးပွင့်အမျိုးအစား ချက်ထရီယမ်ဟိုတယ် (Chatrium Hotel) ကနေ မဖြစ်မနေ ထွက်ပေးဖို့ အပြောခံခဲ့ရတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ကို ဟိုတယ်ကနေ ချက်ချင်းပြောင်းပေးဖို့ ပြောတယ်။ ကလင်တန် (Cliton) နဲ့ သူ့အဖွဲ့က ဟိုတယ်အပေါ်ထပ် သုံးခုကို ယူလိုက်တယ်။ တထပ်ကတော့ လက်နက်ကိုင် လုံခြုံရေးတွေအတွက် ဖြစ်တယ်။ ကျနော်လည်း တခြားဟိုတယ် ရှာမတွေ့တာနဲ့ မိတ်ဆွေအိမ်မှာ သွားတည်းလိုက်ရတယ်” လို့ သူက ပြောပါတယ်။
ဟိုတယ်ခန်း လိုအပ်ချက်က တစတစ မြင့်မားလာတာမို့ လက်ရှိအရေအတွက်ဟာ ဒီနှစ်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မှာ မဟုတ်ပါဘူး။ ၂၀၁၁ မှာ မြန်မာပြည်ကို ဧည့်ဗီဇာနဲ့ လာလည်သူ ၃ သိန်းနဲ့ ၄ သိန်းကြား ရှိပါတယ်။ အဲဒီအထဲမှာ တရုတ်က ၆၅၀၀၀၊ ထိုင်းက ၆၁၀၀၀ နဲ့ အများဆုံးဖြစ်ပါတယ်။ အစိုးရအရာရှိတွေရဲ့အဆိုအရ ၂၀၁၂ မှာ နိုင်ငံခြား ဧည့်သည်အရေအတွက် အနည်းဆုံး ၃၀ ရာခိုင်နှုန်း တက်လာဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။
New Yourk Times သတင်းစာ၊ Conde Nast Traveller မဂ္ဂဇင်း၊ CNN သတင်းဌာနနဲ့ Lonely Planet အပါအဝင် သြဇာကြီးတဲ့သတင်းဌာနနဲ့ ခရီးသွားလမ်းညွှန်များကလည်း မြန်မာပြည်ဟာ ၂၀၁၂ မှာ အလည်အပတ် သွားရောက်သင့်တဲ့ ထိပ်တန်းနိုင်ငံတခုအဖြစ် အကြံပြုထားတာမို့ အရင်ကထက် ပိုများတဲ့ အနောက်နိုင်ငံသား အရေအတွက်ကို ဒီနှစ်မှာ “ရွှေမြေ” ဆီ ဆွဲဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
“၂၀၁၂ မှာ ရန်ကုန် နိုင်ငံတကာလေဆိပ်ကနေ ကမ္ဘာလှည့်ခရီးသည် ၅ သိန်းကို လက်ခံ ကြိုဆိုရလိမ့်မယ်လို့ ကျနော်တို့ ခန့်မှန်းထားပါတယ်။ ပြီးတော့ ၂၀၁၅ မှာ ခရီးသည် ၁ သန်းကျော် လာလိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်” လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးအုံးမြင့်က ပြောပါတယ်။
ဒါပေမယ့် ခရီးသွားဧည့်သည် အတော်များများကတော့ မြန်မာပြည်ကို လေကြောင်းကနေ သွားလို့မဖြစ်နိုင်တဲ့ အခက်အခဲနဲ့ ကြုံကောင်းကြုံရနိုင်ပါတယ်။ လက်ရှိအခြေအနေမှာ နိုင်ငံထဲကို တိုက်ရိုက်ပျံသန်းတဲ့ နိုင်ငံတကာလေကြောင်း အနည်းငယ်ပဲရှိတာမို့ သွားမယ့်သူအများစုဟာ သူတို့ခရီးစဉ်ကို ဘန်ကောက်ကနေတဆင့် စီစဉ်နေကြရပါတယ်။ မြန်မာပြည်က တခြား “နိုင်ငံတကာလေဆိပ်” ဆိုတဲ့ မန္တလေး၊ ပုဂံနဲ့ နေပြည်တော် လေဆိပ်တွေဟာလည်း လေဆိပ်အနေအထားအရ ခရီးစဉ်မဖြစ်စလောက်ကိုပဲ စီမံခန့်ခွဲနိုင်တာပါ။
အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ အရင်က စွဲကိုင်ခဲ့တဲ့ ကြိုတင်စီစဉ်ခရီးသွားလာမှု (Package tours and cruises) မှုဆိုင်ရာ “မြန်မာပြည်သပိတ်မှောက်ရေး” လှုပ်ရှားမှုကို လက်တဆုပ်စာ နိုင်ငံတကာ NGO တွေက ထောက်ခံဆဲဖြစ်ပါတယ်။ ဒါပေမယ့် တသီးပုဂ္ဂလ ခရီးသွားတွေနဲ့ ကျောပိုးအိတ်လွယ် ခရီးသည်တွေကိုတော့ ကိုယ့်ဘာသာကိုယ်သွားကြဖို့ တိုက်တွန်းတာမို့ ခရီးသည် အတော်များများဟာ သူတို့ရဲ့ အခွင့်အလမ်းကို အသုံးချဖို့ ကြိုးစားကြမှာဖြစ်ပြီး တည်းခိုစရာတွေ ကြိုတင်ပြင်ဆင်မှုမရှိဘဲ မြန်မာပြည်ထဲကို ရောက်လာကြပါလိမ့်မယ်။
“အဲဒီလိုလာရင်တော့ သူတို့တွေ လမ်းပေါ်မှာ တညလုံး လမ်းလျှောက်ရင်လျှောက် ဒါမှမဟုတ်လည်း ဘုန်းကြီးကျောင်းမှာ အိပ်ရတာမျိုး ဖြစ်နိုင်တယ်။ သူတို့အတွက် အိပ်ရာရှိမှာ မဟုတ်ဘူး” လို့ ရန်ကုန်မှာနေတဲ့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတယောက်က ဆိုပါတယ်။
အခုလို အခက်အခဲဖြစ်နေတဲ့ အခြေအနေမှာတောင်မှပဲ ရန်ကုန်မြို့ခံတွေဟာ ကိုယ့်အိမ်ခန်းကို ငှားစားတာ ဒါမှမဟုတ် နိုင်ငံခြားဧည့်သည်ကို လိုအပ်လို့ အခန်းပေးတည်းလိုက်တာမျိုး လုပ်လို့မရပါဘူး။ နိုင်ငံတကာက အလည်အပတ် လာရောက်သူတွေဟာ ဘယ်သူ့အိမ်မှာဖြစ်ဖြစ် မတည်းခင် သက်ဆိုင်ရာ အာဏာပိုင်ထံ အကြောင်းကြား ခွင့်ပြုချက်ယူရမယ်ဆိုတဲ့ ဥပဒေရှိနေဆဲမို့ ဖြစ်ပါတယ်။ ပြီးတော့ အမေရိကန်နိုင်ငံသား ဂျွန် ဒဗလျူ ယက်ထော (John W. Yettaw) ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်းလျားကန်စောင်းကအိမ်ကို တညမှာ သူ့သဘောနဲ့သူ ရေးကူးပြီး သွားလိုက်လို့ “နိုင်ငံခြားသားကို ခိုလှုံခွင့်ပေးတယ်” ဆိုတဲ့အမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် အပြစ်ဒဏ်ပေးခံရတဲ့ မျက်မြင်သာဓကကိုလည်း ဘယ်သူမှ မမေ့ဘဲရှိနေသေးပါတယ်။
ဒါပေမယ့် အားလုံးကတော့ အဆိုးကြီး မဟုတ်သေးပါဘူး။ ရန်ကုန်က အရာရှိတွေဟာ ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်ဖို့ လုပ်ငန်းခွင့်ပြုချက်နဲ့ လျှောက်လွှာတွေကို အမြန်ပြင်ဆင် ရေးဆွဲနေကြပါတယ်။ ဒေသခံ လုပ်ခံရှင်တွေကိုလည်း ဟိုတယ်တွေ ဖွင့်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။ ဒါ့အပြင် ရန်ကုန်မှာရှိတဲ့ ကိုလိုနီခေတ် အဆောက်အအုံဟောင်းတွေကိုလည်း ဟိုတယ်လုပ်ငန်းအတွက် လျာထားပြီး ဟိုတယ်ပိုင်ရှင်တွေကို ကမ်းလှမ်းကောင်း ကမ်းလှမ်းနိုင်ပါတယ်။
ရှာရတန် (The Sheraton)၊ ဝက်စတင် (The Westin) နဲ့ လီ မာရီဒီယန်း (Le Meridien) လိုမျိုး နိုင်ငံတကာဟိုတယ် ကွန်ယက်ကို ကိုယ်စားပြုတဲ့ စတားဝုဒ်ဟိုတယ်နှင့် အပန်းဖြေရာနေရာများ (Starwood Hotels and Resorts) က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ရည်ရွယ်ထားတယ်လို့ ပြီးခဲ့တဲ့လ ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ် (Davos) မြို့မှာကျင်းပတဲ့ ကမ္ဘာ့ စီးပွားရေးဖိုရမ် (World Economic Forum) မှာ ပြောခဲ့ပါတယ်။ တခြားကွန်ယက်တချို့ကလည်း အလားတူ ရင်းနှီးမြှုပ်နှံမှုမျိုးတွေလုပ်ဖို့ ကတိပြုကြသေးတယ်လို့ ဦးမောင်မောင်ဆွေက ဆိုပါတယ်။
“မာရီရော့တ် (Marriott) လိုမျိုး တချို့ဟိုတယ်တွေ အရင်က ရင်းနှီးမြှုပ်နှံခဲ့ဖူးတယ်။ ဒါပေမယ့် သူတို့အစိုးရတွေရဲ့ ဖိအားကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ ပြန်ရုပ်သိမ်းသွားတယ်လို့ ကျနော်ယူဆတာပဲ။ အခုဆိုရင် သူတို့အားလုံး ပြန်လာချင်နေတယ်ထင်တယ်။ လိုအပ်တဲ့ ကြိုတင်လေ့လာမှုတွေ ဒီနှစ်စလုပ်ကြမယ်လို့လည်း ယူဆတယ်။ ဒါပေမယ့် ၂၀၁၃ အထိတော့ အဲ့ဒီဟိုတယ်တွေ ပြန်လာကြဦးမှာ မဟုတ်ဘူး” လို့လည်း သူက ပြောပါတယ်။
Colin Hishelwood ရဲ့ Rangoon Hotels Struggle to Meet Tourist Demand ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါတယ်။