အသက်ရှုရ ခက်ခဲတဲ့အထိ ဖုန်တွေ တထောင်းထောင်း ထနေတဲ့ မြေသား လမ်းမပေါ်မှာ ကားတွေ၊ ဆိုင်ကယ်တွေပါတဲ့ ယာဉ်တန်းကြီးတခု မရပ်မနား ခရီးနှင်နေတယ်။ယာဉ်တန်း ဖြတ်သန်းရာ လမ်းတလျှောက် ဖုန်မှုန့်တွေက သဲမုန်တိုင်းကြီးတခု တိုက်ခတ်နေသည့် အလား အရှေ့ကို သဲသဲကွဲကွဲ မမြင်နိုင်လောက်အောင် ပိန်းမှောင်နေတယ်။ မော်တော်ဆိုင်ကယ် ရာနဲ့ချီပြီး ဖုန်လုံးကြီးထဲမှာ ဖြေးညင်းစွာ ဖြတ်သန်းနေကြတယ်။
လူအများစုရဲ့ ဆံပင်တွေ၊ အဝတ်အစားတွေက စလို့ မျက်တောင်မွှေးအထိ ဖုန်မှုန့်တွေ အလိမ်းလိမ်းဖြစ်နေပြီး ဖုန်မှုန့်ပါတဲ့လေကို ရှုရှိုက်ရင်းနေကြရတယ်။ ခက်ခဲကြမ်းတမ်းပြီး ကျန်းမာရေးထိခိုက်တဲ့ အခြေအနေရှိနေပေမယ့် အားလုံးက ဇွဲမလျှော့ အားမာန်အပြည့်နဲ့ သွားနေကြတယ်။
သူတို့အားလုံးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဦးဆုံးသော ကော့မှူးမြို့နယ် စည်းရုံးရေးခရီးစဉ်ကို လိုက်ပါနေကြတဲ့သူတွေဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် သန်းခေါင်စာရင်း ပြောင်းရွှေ့ထားရာ ဝါးသင်္ခကျေးရွာကို ခရီးနှင်နေကြတာဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် သူဝင်ရောက်ယှဉ်ပြိုင်မယ့် ကော့မှူးမြို့နယ် မဲဆန္ဒနယ်ကို စည်းရုံးရေးထွက်လာတာဖြစ်လို့ ကော့မှူးဒေသခံတွေ ထောင်ပေါင်းများစွာ သောင်းသောင်းဖြဖြ ကြိုဆိုကြတယ်။
ဒေါ်အောင်ဆန်းစုကြည် ကားတန်းဖြတ်သန်းရာ လမ်းတလျှောက် လူတွေက တိုးမပေါက်နိုင်လောက်အောင် ကြိတ်ကြိတ်တိုး စည်ကားပါတယ်။ အိုးစည်၊ ဒိုးပတ်၊ ကရင်ဒုံးယိမ်းစတဲ့ အတီးအမှုတ်အက အခုန်တွေနဲ့ ကြိုဆိုနေကြတဲ့ လူတွေ၊ ခွပ်ဒေါင်းအလံငယ်လေးတွေ ကိုင်ဆောင်ဝှေ့ယမ်းနေတဲ့ ပြည်သူတွေ၊ အရွယ်ပေါင်းစုံ ကားလမ်းမကြီးဘေး ဘယ်ညာနှစ်ဖက်စလုံးမှာ မတ်တပ်ရပ်ရင်း ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ဆိုင်းနှုတ်ဆက်ကြတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို မြင်တော့ သူတို့ရဲ့လက်တွေကို လေထဲမှာ ဝှေ့ယမ်းလို့ “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ”လို့ အောင်ဟစ်ဆုတောင်းကြတယ်။ ဒေါ်အောင်ဆန်းစုကြည်က စည်းရုံးရေး ခရီးစဉ်တွေမှာ လုပ်နေကြပုံစံအတိုင်း ကားခေါင်းမိုးကနေ ခေါင်းပြူလို့ ပြည်သူတိုင်းကို လက်ပြနှုတ်ဆက်ကြတယ်။
“ဒီမိုကရေစီရရှိဖို့ အမေစုကို မဲပေးစို့”၊ “ဒီမိုကရေစီရရှိရေး အမေစုကို ဝန်းရံပေး” ဆိုတဲ့ ဟစ်ကြွေးသံတွေကလည်း ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်းဖြတ်သန်းရာ လမ်းတလျှောက် သောသောညံနေတယ်။
“We Love Our Mother Su”၊ “You Are Our Hope” စတဲ့ ဆိုင်းဘုတ်တွေ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေ ကိုင်ဆောင်ကြိုဆိုနေတဲ့ သူတွေကလည်း မနည်းလှပါဘူး။ တချို့သူတွေက ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ တစ်ဆယ်တန်၊ ငါးကျပ်တန် အဟောင်းအနွမ်းကလေးတွေကို တုတ်ကလေးတွေနဲ့ ချိတ်လို့ သူတို့ရင်ထဲက ဆန္ဒကို ထုတ်ဖော်ကြတယ်။
နေ့လည်အချိန် ပူပြင်းလှတဲ့ နေရောင်ကြောင့် ကြိုဆိုကြတဲ့ ပြည်သူတွေရော၊ ပြည်သူတွေကို ပြန်လည်နုတ်ဆက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ပါ ပင်ပန်းနွမ်းနယ်ဟန် မပြပါ။ အားလုံးရဲ့မျက်နှာတွေမှာ ပင်ပန်းနွမ်းနယ်မှုထက် ပြုံးပျော်ကျေနပ်နေတဲ့ ဝမ်းသာကြည်နူးမှုတွေကသာ ကြီးစိုးနေတယ်။
မွန်းလွဲ ၂ နာရီကျော်ချိန်မှာ ဝါးသင်္ခကျေးရွာကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ယာဉ်တန်းဆိုက်ရောက်လာတယ်။
တဲကလေးတွေ အများစုရှိနေတဲ့ ဒီကျေးရွာကလေးက ဆင်းရဲတဲ့ ကျေးရွာလေးတခု ဖြစ်တယ်ဆိုတာ နွမ်းနယ်မှေးမှိန်နေတဲ့ ရွာသူရွာသားတွေရဲ့ အသွင်အပြင်ကို ကြည့်ရင်သိနိုင်တယ်။ အိမ်ကြီးအိမ်ကောင်း တချို့ရှိတယ်ဆိုပေမယ့် အများစုကတော့ ယိုင်နဲ့နဲ့ ဝါးထရံကာ၊ ထနိမိုးအိမ်ကလေးတွေပါ။
ဝါးသင်္ခကျေးရွာမှာ နေထိုင်တဲ့ ကရင်တိုင်းရင်းသား မိသားစုတစုရဲ့သန်းခေါင်းစာရင်းထဲကို ဒေါ်အောင်ဆန်းစုကြည်က မိသားစုဝင်တဦးအဖြစ် ပြောင်းရွှေ့ပြီး ကော့မှူးမြို့နယ်သူ မြို့နယ်သားတွေနဲ့ တထပ်တည်းရှိကြောင်း ပြသလိုက်တယ်။ ဝါးသင်္ခကျေးရွာသားတွေ အများစုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကျေးရွာရဲ့ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်အဖြစ် လက်ခံရတာကို ကျေနပ်နေကြတယ်။
“အရမ်းပျော်တယ်။ အမေစု အခုလို ရွာကိုလာပြီး ရွေးကောက်ပွဲဝင်တာ ဘယ်လိုပျော်မှန်းမသိဘူး” လို့ ဝါးသင်္ခရွာခံ ကရင်တိုင်းရင်းသားတဦးက ဆိုတယ်။
ကျေးရွာသူကျေးရွာသားတွေရဲ့ မျက်နှာမှာ ရိုးသားမှုတွေ၊ ဂုဏ်ယူမှုတွေနဲ့ ပြုံးပျော်နေကြတယ်။ ပုံမှန်အားဖြင့် တိတ်ဆိတ်ငြိမ်သက်နေလေ့ရှိတဲ့ ကော့မှူးမြို့နယ် အစွန်အဖျားက ဝေးလံခေါင်သီတဲ့ ဝါးသင်္ခကျေးရွာလေးက
ရွာသူရွာသားတွေရဲ့ ပျော်ရွှင်မှုအော်ဟစ်မှုတွေနဲ့ ဆူညံနေတယ်။ ရပ်ဝေးကလာရောက်ကြတဲ့ သတင်းထောက်တွေ၊ ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံတဲ့ သူတွေကြောင့်လည်း ဝါးသင်္ခကျေးရွာလေးက ထူးထူးခြားခြား စည်ကားနေတယ်။
နေ့လယ် ၃ နာရီဝန်းကျင်မှာ ဒေါ်အောင်ဆန်းစုကြည်က ဝါးသင်္ခကျေးရွာအပြင်မှာရှိတဲ့ လယ်ကွင်းပြင်ထဲမှာ ပြည်သူများကို မိန့်ခွန်းပြောပါတယ်။ ကရင်တိုင်းရင်းသူ တိုင်းရင်းသားတွေအများစုရှိတဲ့ ဝါးသင်္ခကျေးရွာက ပြည်ထောင်စုရဲ့ သင်္ကေတတခုဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က စပြောလိုက်တယ်ဆိုရင်ပဲ လက်ခုပ်သံတွေ၊ အော်ဟစ်အားပေးသံတွေ ဆူညံသွားတယ်။
“ကျမ ကော့မှူးမြို့နယ်က ဝါးသင်္ခရွာကို ပထမဦးဆုံးလာရတဲ့ အကြောင်းကတော့ ကရင်တိုင်းရင်းသူ၊ တိုင်းရင်းသားတွေ များလို့ဖြစ်ပါတယ်။ ဒီရွာမှာ ကရင်တိုင်းရင်းသူ တိုင်းရင်းသားတွေ အများစုဖြစ်တော့ ကျမတို့ရဲ့ ပြည်ထောင်စုရဲ့ သင်္ကေတတခုလို ဖြစ်နေပါတယ်။ ကျမတို့ဒီရွာကို လာရတာက အင်မတန်မှလည်း အားတက်တယ်။ လမ်းခရီး တလျှောက်လုံး ပြည်သူလူထုရဲ့ ကြိုဆိုမှုကြောင့်လည်း ကျမတို့က ပိုပြီးတော့ ကျမတို့တာဝန်တွေကို ထမ်းဆောင်နိုင်မယ့် အင်အားတွေ ပြည့်လာတယ်လို့ ပြောချင်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုတယ်။
ဆင်းရဲနွမ်းပါးမှု၊ အလုပ်အကိုင် မလုံလောက်မှုတွေကြောင့် ဆင်းရဲနေကြတဲ့ ပြည်သူတွေကို စာနာထောက်ထားကြောင်း၊ တတ်နိုင်သလောက် ဖွံ့ဖြိုးရေး လုပ်ဆောင်ပေးလိုကြောင်း၊ ဒီမိုကရေစီ စစ်မှန်နိုင်ရေးကြိုးစားမယ့် အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုတယ်။
ကရင်ရွာဖြစ်ပေမယ့် သူ ကရင်စကားကို မလေ့လာမိတဲ့အတွက် တောင်းပန်ကြောင်း၊ နောင်တခေါက်လာရင် ကရင်လို ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတခွန်းလောက်တော့ ပြောနိုင်အောင် ကြိုးစားမယ်လို့ ပြောလိုက်ချိန်မှာ ရွာသူရွာသားတွေ
သဘောကျလက်ခုပ်တီးသံ ကျေးရွာတခုလုံး ဖုံးလွှမ်းသွားပါတယ်။
အဲဒီနောက် ဝါးသင်္ခကျေးရွာတွင်းက သန်းခေါင်းစာရင်းဝင်ထားတဲ့ ကရင်မိသားစုအိမ်မှာ ဒေါ်အောင်ဆန်းစုကြည် နေ့လည်စာ ထမင်းသွားစားတော့လည်း ပြည်သူတွေက အိမ်ရှေ့မှာနေပူခံ ငုတ်တုတ်ထိုင် စောင့်ဆိုင်းကြတယ်။
အဲဒီနောက် ညနေ ၄ နာရီလောက်မှာ ငှက်အော်စမ်းကျေးရွာဘက်ကို စတင်ထွက်ခွာလာပြီး လမ်းခရီးတလျှောက် ကြိုဆိုတဲ့ ကျေးရွာပြည်သူတွေ အများအပြားတွေ့ရပါတယ်။
ငှက်အော်စမ်းကျေးရွာကို ရောက်ရှိချိန်မှာ ညနေ ငါးနာရီခွဲနီးပါး ရှိနေပြီဖြစ်ပြီး လူတွေရာပေါင်းများစွာကလည်း ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ဆိုင်းနေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကားတန်းကိုမြင်ရင်ပဲ ရွာသူရွာသားတွေက ပြေးလွှားနှုတ်ဆက်ကြိုဆိုကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြုံးရင်း လက်ပြနှုတ်ဆက်တယ်။
ငှက်အော်စမ်းကျေးရွာမှာ ဒေါ်အောင်ဆန်းစုကြည်က ၁၅ မိနစ်ကြာ မိန့်ခွန်းပြောဆိုပြီး ပြန်လည်ထွက်ခွာချိန်မှာ ညနေ ၆ နာရီထိုးလုပြီ။ ပတ်ဝန်းကျင်က မှောင်ရီပျိုးစပြုနေပြီဖြစ်ပေမယ့် ကြမ်းတမ်းလှတဲ့ မြေသားခရီးလမ်းတလျှောက် ကျေးရွာတွေက ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ဆိုင်းကြိုဆိုနေကြဆဲ ဖြစ်ပါတယ်။
မီးမရှိတဲ့ကျေးရွာတွေက ဖယောင်းတိုင်တွေထွန်းညှိပြီး လက်ကကိုင်လို့ နှုတ်ဆက်ကြတယ်။ တချို့ပြည်သူတွေက လက်နှိပ်ဓာတ်မီးတွေကို ထွန်းဖွင့်ထားကြသလို တချို့လူတွေက ဘက်ထရီအိုးနဲ့ ချိတ်ဆက်ပြီး မီးတွေထွန်းညှိ စောင့်ဆိုင်း လက်ပြနှုတ်ဆက်ကြတယ်။ တချို့ကျေးရွာတွေက လမ်းဆုံလမ်းဂွတွေမှာ မီးဖိုကြီးတွေဖိုလို့ ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်း ဖြတ်သန်းမယ့်အချိန်ကို တန်းစီစောင့်ဆိုင်းနေကြတယ်။
ညအချိန် နှုတ်ဆက်ကြသူတွေထဲမှာ အမယ်အိုတွေ၊ အဖိုးအိုတွေ၊ ကလေးငယ်တွေလည်း ပါဝင်ပြီး ယာဉ်တန်းဖြတ်သန်းရာ လမ်းတလျှောက် စည်ကားနေပါတယ်။
ည ၈ နာရီကျော်လာပြီ ဖြစ်တာကြောင့် အမှောင်ထုက ကြီးစိုးနေပြီဖြစ်ပေမယ့် ကော့မှူးဒေသခံတွေရဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနှုတ်ဆက်ကြတဲ့ မီးအလင်းရောင်တွေကြောင့် လျှပ်စစ်မီးမရှိတဲ့ ကားလမ်းတလျှောက် ထွန်းလင်းတောက်ပနေခဲ့ပါတယ်။