မြန်မာနိုင်ငံတွင် အထူးစီးပွားရေး ဇုန်များ၊ ဆိပ်ကမ်းများ၊ မီးရထားလမ်းများ၊ စက်ရုံများ၊ ပြည်တွင်းဝင်လာမည့် နိုင်ငံခြားခရီးသွား ဧည့်သည် ၅ သိန်းကျော် အစရှိသည်ဖြင့်အောင်မြင်သော စီးပွားရေးတခုစီသို့ အရောက် လှမ်းမည့်အရေး တွင်တွင် ကျယ်ကျယ် ဆွေးနွေးပြောဆို နေကြချိန်တွင် အလွန်အရေးကြီးသော အရာတခု ကျန်နေသေးသည်။ ထိုအရာသည်ကား လျှပ်စစ်စွမ်းအင်ပင် ဖြစ်သည်။
မြန်မာနိုင်ငံ လူဦးရေသည် ထိုင်းနိုင်ငံ လူဦးရေနှင့် မတိမ်းမယိမ်း ဖြစ်သော်လည်း လျှပ်စစ်စွမ်းအား ထုတ်လုပ်မှုမှာတွင် ထိုင်း၏ ၁၃ ရာခိုင်နှုန်းထက် ပိုနည်းနေသည်။
မြန်မာနိုင်ငံတွင် မဂ္ဂါဝပ် ၂၀၀၀ သာ ထုတ်လုပ်နိုင်ပြီး ထိုင်းနိုင်ငံမှာမူ မဂ္ဂါဝပ် ၂၆၀၀၀ ထုတ်လုပ်နိုင်သည်။ လူဦးရေ ၆ သန်းသာရှိပြီး ကျေးလက်ဒေသအများဆုံးရှိသည့် လာအိုနိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်နိုင်စွမ်းသည် မြန်မာနိုင်ငံနှင့် အတူတူပင်ဖြစ်သည်။ သို့ဖြစ်၍ ယခုနှစ်နှင့် လာမည့်နှစ်များတွင် ဆောင်ရွက်ရန် စီစဉ်ထားသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများအားလုံးအတွက် မည်သို့ စွမ်းအင်ဖြည့်ဆည်းပေးမည်နည်း။
ထိုမေးခွန်းနှင့် ပတ်သက်၍ စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက ဤကိစ္စသည် ပုဂ္ဂလိကလုပ်ငန်းများ၏ လက်အတွင်း ရှိပါလိမ့်မည်ဟုသာ ပြောကြားနိုင်ရုံမှအပ တခြား အဖြေရှိဟန်မတူပေ။
မဂ္ဂါဝပ် ၇၆၀၀ ခန့်ထုတ်နိုင်မည့် ဆောက်လက်စ စီမံကိန်းနှစ်ခုကိုလည်း မြန်မာအစိုးရက မကြားသေးမီက ရပ်နားခဲ့သည်။ တရုတ်က ဆောက်လုပ်ပေးမည့် မဂ္ဂါဝပ် ၃၆၀၀ ထုတ်နိုင်သော မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့် အရှေ့တောင်ပိုင်းကမ်းရိုးတန်း၊ ထားဝယ်စီးပွားရေးအထူးဇုန်ကို မဂ္ဂါဝပ် ၄၀၀၀ စွမ်းအင်ဖြည့်ဆည်းပေးနိုင်မည့် ကျောက်မီးသွေးစက်ရုံစီမံကိန်းတို့ ဖြစ်သည်။
မြန်မာနိုင်ငံသည် လျှပ်စစ်မီး မကြာခဏ ပြတ်တောက်ခြင်းကြောင့် နာမည်ပျက်နေသည့် တိုင်းပြည်တခုဖြစ်သည်။ အသေးစား စီးပွားရေးလုပ်ငန်း ရာပေါင်းများစွာမှသည် ဟိုတယ်ကြီးများ၊ စက်ရုံကြီးများအထိ နိုင်ငံခြားမှ ဈေးကြီးပေးဝယ်ယူရသော ဒီဇယ်နှင့်မောင်းနှင်ရသည့် မီးစက်များကိုသာ အားထား အသုံးပြုနေရသည်။
စွမ်းအင်ဝန်ကြီးက Reuters သတင်းဌာနကို ပြောကြားချက်အရ မြန်မာနို်င်ငံ၏ အိုမင်းရင့်ရော်နေသော အသေးစား လောင်စာဆီချက်စက်ရုံများက တိုင်းပြည်တပြည်လုံး လိုအပ်သော ဓါတ်ဆီနှင့် ဒီဇယ်ပမာဏ၏ သုံးပုံတပုံကိုသာ ထောက်ပံ့ပေးနိုင်သည်ဟု သိရသည်။
မြန်မာနိုင်ငံ စုစုပေါင်းလူဦးရေ၏ ၂၅ ရာခိုင်နှုန်းနီးပါးသည်သာ ထိန်းသိမ်းပြင်ဆင်ထားခြင်းမရှိ၊ ယိုယွင်းပျက်စီးနေသော လျှပ်စစ်ဓာတ်အား လိုင်းနှင့် ချိတ်ဆက်ထားသည်။ ယခုနှစ်အကုန်တွင် ဓာတ်အားလိုင်းသစ်များ အပြီးသတ် တပ်ဆင်ပြီးဖြစ်ရမည် ဖြစ်သော်လည်း ၎င်းလိုင်းသစ်များသည် ရန်ကုန်၊ မန္တလေးမြို့ကြီးနှစ်မြို့ကြားတွင်သာ အဓိက တပ်ဆင်သွားမည်ဖြစ်သည်။
“မြန်မာနိုင်ငံမှာ နာတာရှည် လျှပ်စစ်စွမ်းအင်ပြဿနာ ရှိနေတဲ့အပြင် စွမ်းအင်ထောက်ပံ့ပေးဖို့နဲ့ လိုင်းကြိုးတွေ ချဲ့ထွင်ဖို့အတွက်က အချိန်ရော၊ ငွေပါ သုံးရမှာပါ” ဟု ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် စွမ်းအင်လုပ်ငန်း အကြံပေးနှင့် လေ့လာအကဲဖြတ်သူ ကောလင်း ရေးနိုးစ်က ဧရာဝတီ၏ မေးမြန်းမှုတခုတွင် ပြောကြားခဲ့သည်။
“မဂ္ဂါဝပ် ၉၀၀၀ ကျော် ထုတ်လုပ်နိုင်ဖို့ ရေအားလျှပ်စစ်ထုတ် ရေကာတာကြီးတွေ များစွာကို တည်ဆောက်ဆဲ၊ တည်ဆောက်ပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီလုပ်ငန်းရဲ့ ကံကြမ္မာက မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ယာယီ ရပ်ဆိုင်းခဲ့ပြီးနောက်မှာ အခြေမလှဖြစ်ခဲ့ရတယ်။ အဲဒီလုပ်ငန်းတွေကရ ရမယ့် စွမ်းအင်စုစုပေါင်းရဲ့ ၈၅ ရာခိုင်နှုန်းကိုလည်း တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံကို တင်ပို့ရောင်းချမှာပါ” ဟု ၎င်းက ထောက်ပြသည်။
“လူမှုရေးအရရော၊ သဘာဝပတ်ဝန်းကျင်အရပါ ထိခိုက်မှုများတဲ့ ရေကာတာကြီးတွေကို ရပ်ဆိုင်းတာ နားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့် အဲဒီလောက် သက်ရောက်မှုမရှိတဲ့ ထားဝယ်ကျောက်မီးသွေးစက်ရုံကိုလည်း ရပ်ဆိုင်းလိုက်တယ်” ဟု ရေးနိုးစ်က ပြောဆိုခဲ့သည်။
“ကျောက်မီးသွေးက ဖောချင်းသောချင်းပဲ။ ပြီးတော့ လောင်စာဆီလိုမျိုး ဈေးနှုန်းအတက်အကျလည်း မရှိလောက်ဘူး။ မြန်မာနိုင်ငံမှာ သဘာဝဓာတ်ငွေ့တွေ အများကြီးရှိပေမယ့်လည်း အများစုကို ပြည်ပနှစ်ရှည် စာချုပ်တွေနဲ့ ပို့ပေးဖို့ သဘောတူထားပြီးပြီ” ဟု ၎င်းက ဆိုသည်။
ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ချုပ်ဆိုထားတဲ့ အဆိုပါစာချုပ်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးပါမည်ဟု စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက ပြီးခဲ့သည့် ဇန်နဝါရီလက ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံတွင် အရံ သဘာဝဓာတ်ငွေ့ ၂၂.၅ ထရီလီယံကုဗပေ ရှိသည်ဟု စွမ်းအင်ဝန်ကြီးက Reuters သတင်းဌာနသို့ ပြောကြားခဲ့သော်လည်း ထိုပမာဏ ရှိ မရှိကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။ ၂၀၁၃ ခုနှစ်မှစ၍ ပြည်တွင်း စွမ်းအင်ထုတ်လုပ်မှုအတွက် သဘာဝဓာတ်ငွေ့ကို ပိုမိုသုံးစွဲမည်ဟုလည်း ဝန်ကြီးက ပြောဆိုခဲ့သည်။
အရှေ့တောင်အာရှသည် လောင်စာဆီအသုံးပြုမှုကို လျှော့ချနိုင်သည့် နည်းလမ်းကို ရှာဖွေနေပြီး သဘာဝဓာတ်ငွေ့ အလုံအလောက်မရှိသည့် ပြဿနာကို ရင်ဆိုင်နေရသောကြောင့် ကျောက်မီးသွေးအားနှင့် လျှပ်စစ်ထုတ်လုပ်ရန် စိုင်းပြင်းနေကြသည်။ ထားဝယ်ကျောက်မီးသွေးစက်ရုံ ရပ်ဆိုင်းလိုက်ခြင်းသည် အရှေ့တောင်အာရှ၏ လက်ရှိ စွမ်းအင်ထုတ်လုပ်မှု လားရာနှင့် ကွဲလွဲနေသည်။ ထားဝယ်တွင် မဂ္ဂါဝပ် ၄၀၀၀ အားသုံး စက်ရုံကို စွမ်းအင်ပေးနိုင်ရန် လုံလောက်သည့် ဓာတ်ငွေ့ပမာဏရမည်ဟု မည်သူကမှ တထစ်ချ မပြောနိုင်ပေ။
၂၀၁၁ နောက်ပိုင်းတွင် သဘာဝဓာတ်ငွေ့ ဆက်လက်ရရှိနိုင်မှု ပြဿနာရှိလာနိုင်ပြီး လျှပ်စစ်ထုတ်လုပ်မှု အားနည်းလာနိုင်သောကြောင့် မလေးရှားနိုင်ငံက မဂ္ဂါဝပ် ၁၀၀၀ ထုတ်နိုင်သော ကျောက်မီးသွေးအားသုံး စက်ရုံနှစ်ရုံ တည်ဆောက်နေသည်။
လတ်တလောအခြေအနေတွင် မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံ နှစ်နိုင်ငံစလုံးသည် စုစုပေါင်း လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းအတွက် ပြည်တွင်းနှင့် ပြည်ပမှ တင်သွင်းသော သဘာဝဓာတ်ငွေ့ကို မှီခိုနေရသည်။ ထိုင်းနိုင်ငံဆိုလျှင် လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှုအတွက် လိုအပ်သော လောင်စာသုံးပုံတပုံကို မြန်မာ့ဓာတ်ငွေ့နှင့် ထုတ်လုပ်နေခြင်း ဖြစ်သည်။
လုံလုံလောက်လောက် ထုတ်ယူနိုင်ခြင်းမရှိသော ပြည်တွင်းဓာတ်ငွေ့ကိုသာ အဓိက မှီခိုနေရသည့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း စွမ်းအင်ပြတ်လပ်မှုပြဿနာ ရင်ဆိုင်နေရသည်။ သို့သော် အစိုးရအပေါ် မကျေနပ်ဖြစ်နေသော စက်ရုံလုပ်သားများ၏ ဆန္ဒပြမှုများ၊ လျှပ်စစ်ပြတ်တောက်၍ ဒုက္ခရောက်နေရသော ချည်ထည်စက်ရုံများ၏ ဖိအားများကြောင့် ဘင်္ဂလားဒေ့ရှ် အစိုးရအတွက် မဖြစ်မနေ အရေးတယူ လုပ်ဆောင်ရတော့မည့် အခြေအနေ ရောက်ရှိနေသည်။ မြန်မာနယ်စပ်အနီး ကောက်ဘဇားမြို့တွင် ကျောက်မီးသွေးစွမ်းအင်သုံး ၁၄၀၀ မဂ္ဂါဝပ် ဓာတ်အားထုတ် စက်ရုံတရုံဆောက်ရန် စီစဉ်နေခြင်းသည် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုပြဿနာကို ဖြေရှင်းခြင်း၏ တစိတ်တဒေသဖြစ်သည်။ အမေရိကန် ဒေါ်လာ ၂.၅ ဘီလီယံတန် ဓာတ်အားပေးစက်ရုံကို မလေးရှားနိုင်ငံပိုင် လျှပ်စစ်ကုမ္ဗဏီတခုဖြစ်သည့် Tenaga Nasional Berhad က တည်ဆောက်သည်။
ထားဝယ်စီမံကိန်းအပြင် နောက်ထပ် အထူးစီးပွားရေးဇုန်ု ၃ ခု တည်ဆောက်ရန် မြန်မာအစိုးရက လေသံပစ်နေသည်။ ထို ၃ ခုမှာ ရန်ကုန်တောင်ဘက်ခြမ်းရှိ သီလဝါ အပါအဝင် ကျောက်ဖြူဝန်းကျင်တဝိုက်တွင် ဖြစ်သည်။ ကျောက်ဖြူတွင် ရေနံတင်သင်္ဘောဆိပ်ကမ်းတခုကို တရုတ်နိုင်ငံက လက်ရှိဆောက်လုပ်နေဆဲ ဖြစ်သည့်အပြင် မြန်မာနိုင်ငံကို ဖြတ်ပြီး တရုတ်နိုင်ငံ အနောက်တောင်ဘက်ခြမ်းဆီသို့ ရေနံစိမ်းများ ဖြတ်သန်းသယ်ယူမည့် ပိုက်လိုင်းများပါ တည်ဆောက်နေသည်။
ထားဝယ်စီးပွားရေးဇုန်ုအတွက် နေပြည်တော်က တာဝန်ပေးထားသည့် အဓိက ဆောက်လုပ်ရေးကုမ္ဗဏီမှာ ဘန်ကောက်အခြေစိုက် အီတလီ-ထိုင်း ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီဖြစ်သည်။ အီတလီ-ထိုင်း ဖွံံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီက လောင်စာဆီမှ ထုတ်လုပ်သော တခြားကုန်ကြမ်းပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် သံရည်ကျို စက်ရုံအတွက် ရင်းနှီးမြုပ်နှံသူများ ရရှိရန် ယခုလအကုန်တွင် တောင်ကိုးရီးယားတွင် လုပ်ငန်းတခုလုံးနှင့်ပတ်သက်ပြီး ရှင်းလင်းပြသရတော့မည်။ လျှပ်စစ်စွမ်းအင် ရရှိမည်ဟူသော အာမခံချက် မပေးနိုင်ပါက စီးပွားရေးလုပ်ငန်းကြီးများထံမှ စိတ်ဝင်စားမှုရရန် ခက်ခဲမည်။
ကမ္ဘာ့အခင်းအကျင်းတွင် အထီးကျန် အကျဉ်ခံရခြင်းနှင့် အဆိုးအဆင့် သတ်မှတ်ခံရခြင်းမှ မြန်မာနိုင်ငံ ကင်းလွတ်လာပြီဟူသော ပျော်ရွှင်ခြင်း၏ နောက်ကွယ်တွင် နိုင်ငံခြား စီးပွားရေးကုမ္ဗဏီများက မြန်မာနိုင်ငံတွင် မည်သို့ လုံလုံခြုံခြုံ ရင်းနှီးမြုပ်နှံနိုင်မည် ဆိုသည်နှင့်ပတ်သက်၍ သံသယ ရှိနေဆဲပင်ဖြစ်သည်။
ပြီးသည့်အပတ်တွင် ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးလေ့လာချက် တခုကလည်း သတိပေးချက်တခု ဖော်ပြခဲ့သည်။
“နှစ်ပေါင်းများစွာကြာ အထီးကျန်မှုနှင့် စစ်အုပ်ချုပ်မှုတို့ကြောင့် အခြေခံ အဆောက်အဦများနှင့် အင်စတီကျူးရှင်းများ၏ ဖွံ့ဖြိုးမှု နောက်ကျကျန်ခဲ့သည်” ဟု စီးပွားရေးလုပ်ငန်းများ ကြုံတွေ့နိုင်သည့် ဆိုးကျိုးများ လေ့လာသုတေသနပြုသော ဗြိတိန်နိုင်ငံမှ Maplecroft ကုမ္ဗဏီက ပြောဆိုခဲ့သည်။
“လာဘ်ပေးလာဘ်ယူမှုတွေရှိနေတာ၊ အားနည်းတဲ့ ဥပဒေနှင့် တရားရေးစနစ်၊ ဆက်လက်ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအပြင် ရင်းနှီးမြုပ်နှံသူတွေအတွက် ဥပဒေကြောင်းအရ အကာအကွယ်ပေးမှု အားနည်းနေတာတွေကြောင့် စီးပွားရေးလုပ်ငန်းတွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့အပြင် အဲဒီပြဿနာတွေ အပြည့်အ၀ ဖြေရှင်းနိုင်ဖို့ မြန်မာနိုင်ငံဟာ အချိန်အတန်ကြာ ယူရဦးမှာဖြစ်ပါတယ်” ဟု Maplecroft ကုမ္ဗဏီ အမှုဆောင်အရာရှိချုပ် Alyson Warhust က ပြောဆိုခဲ့သည်။
“စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ပွင့်ထွက်လာတော့မယ့် အခွင့်အလမ်းတွေကို အသေအချာ အသုံးချနိုင်ဖို့အတွက် တိုင်းပြည်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အန္တရာယ်ရှိမှုတွေကို စောင့်ကြည့်နေဖို့၊ စနစ်တကျ စီမံကိုင်တွယ်တတ်ဖို့ လိုပါလိမ့်မယ်” ဟုလည်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။