ရန်ကုန်တွင် ရောက်ရှိနေသော ဖိုးရှုပ်နှင့် ကြွက်စုတ်တို့မှာ ချစ်သူများနေ့က အလန်း လွန်နေသော စုံတွဲများကို အငေးလွန်မိ သောကြောင့် အတူလာသည့် ဦးရုက္ခစိုးနှင့်တကွဲစီ ဖြစ်သွားသည်။ ဦးရုက္ခစိုးက ဖိုးရှုပ်နှင့် ကြွက်စုတ်တို့အား နတ်မျက်စိနှင့် လိုက်ရှာရာ နောက်ဆုံး ရွှေတိဂုံ စေတီပေါ်တွင် ငေါင်တောင်တောင်နှင့် ဟိုရှာ သည်ရှာ လုပ်နေသော သကောင့်သားများကို တွေ့လိုက် ရလေသည်။ အချိန်က ည …။ ရွှေတိဂုံ စေတီကြီးကား နီယွန်မီးများတဖျပ်ဖျပ်နှင့်။
ရုက္ခစိုး။ ။ ဘယ်လို ဖြစ်တာလို့ လင်းတမှိုင် မှိုင်နေကြတာလဲကွာ။ အခုလိုအချိန် သာတောင့်သာယာ အနေအထားမှာ ပျော်ပျော် နေစမ်းပါကွ။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုးပဲ ပျော်။ ကျနော်တော့ တော်တော် စိတ်ညစ်နေပြီ။
ရုက္ခစိုး။ ။ ဘာဖြစ်လို့ ညစ်တာလဲကွ …။ သြော် သိပြီ မိန်းကလေးသီးသန့် ဘတ်စ်ကားတွေ ပေါ်လာလို့ ထင်တယ်။
ကြွက်စုတ်။ ။ လုပ်ပြီ ဦးရုက္ခစိုးကလည်း … မိန်းကလေး သီးသန့် ဘတ်စ်ကား ပေါ်တာနဲ့ ကျနော်တို့က ဘာလို့ စိတ်ညစ်ရမှာလဲ။
ရုက္ခစိုး။ ။ မသိဘူးလေကွာ … မင်းတို့က အရမ်း အတွေးခေါင်တဲ့ ကောင်တွေဆိုတော့ …၊ ရည်းစားလေး တယောက်လောက်များ မတော်တဆ ရခဲ့ရင် ဒီဘတ်စ်ကားတွေနဲ့ ခက်ရချည်ရဲ့လို့များ တွေးပြီး စိတ်ညစ်နေလားလို့။
ဖိုးရှုပ်။ ။ မလိုပါဘူး ဦးရုက္ခစိုးရာ။ တက္ကစီ စီးမှာပေါ့။
ကြွက်စုတ်။ ။ တက္ကစီစီးဖို့ နေနေသာသာ ဖိနပ်တောင် စီးစရာ မရှိတော့ဘဲနဲ့များ။
ဖိုးရှုပ်။ ။ ဟာ ဟုတ်သားပဲ။ ဦးရုက္ခစိုး ပေါက်တက်ကရ ထင်ရာတွေ လျှောက်ပြောနေလို့ မေ့သွားတာ။ ကျနော်တို့ ဖိနပ်ပျောက်သွားလို့ဗျ။
ရုက္ခစိုး။ ။ ဘယ်လိုဖြစ်တာလဲ …။
ဖိုးရှုပ်။ ။ ကျနော်တို့ နှစ်ယောက် ဘုရားကန်တော့နေတုန်း ဘေးမှာ ဖိနပ်တွေ ချွတ်ထားတာ … ကန်တော့ပြီးလို့ လှည့်လည်း ကြည့်လိုက်ရော မရှိတော့ဘူးဗျာ။ မနက်ကမှ ဝယ်လာတဲ့ အောကတ္တီပါ အသစ်စက်စက်တွေ။
ရုက္ခစိုး။ ။ ဒါတော့ ခံပေါ့ကွာ။ ဒါ မြန်မာပြည်ကွ … မြန်မာပြည် … ဖိနပ်အသစ် ဆိုရင် ပျောက်တတ်တယ် … မှတ်ထား။ ဖိနပ်အသစ်စီးပြီး အလှူအိမ် မသွားနဲ့၊ ဖိနပ်အသစ်ကို ချွတ်ထားရင် သတိလက်လွတ် ဘုရား မကန်တော့နဲ့။
ကြွက်စုတ်။ ။ သြော် ဟုတ်လား၊ မှတ်သားလောက်ပါတယ်ဗျာ။ လောလောဆယ်တော့ ဖိနပ်ဗလာနဲ့ပဲ ခရီးဆက် ရတော့မှာပဲ။
ရုက္ခစိုး။ ။ နေပါဦးကွာ … ရောက်တုန်းရောက်ခိုက် … ဘုရားဖူးစမ်းပါရစေဦး။ ကဲ လကျ်ာရစ် ရစ်ရအောင်။
သာသနာ နှစ် ၂၆၀၀ ပြည့်အတွက် ရွှေတိဂုံစေတီတော်ကြီးအား စိတ်တိုင်းကျ အလှဆင်ထားရာ သူတို့အားလုံး မျက်စိများ ကျိန်းစပ်သွားကြသည်။
ရုက္ခစိုး။ ။ ဘယ်လိုဖြစ်တာလဲကွာ … ထွန်းထားတဲ့ နီယွန်မီးတွေကလည်း မျက်စိတောင်ကျိန်းတယ်။
ဖိုးရှုပ်။ ။ ဒါကတော့ လူတွေကလည်း ဘုရားဆိုတော့ သူတို့ တတ်နိုင်သလောက် အလှဆင်ထားတာ ဖြစ်မှာပါ ဦးရုက္ခစိုးရယ်။ သာဓု ခေါ်လိုက်ပါ။
ရုက္ခစိုး။ ။ မခေါ်နိုင်ပါဘူးကွာ။ ဘုရားကို အလှဆင်ထားတာများ ကြည့်စမ်းပါဦး နိုက်ကလပ်ကျနေတာပဲ။ မီးတွေကို စိတ်ကူးတည့်သလို လိုက်ချိတ်ထားလိုက်တာ။ အတွန့်တွေကော၊ အလိမ်တွေကော။
ကြွက်စုတ်။ ။ ဟာ အဲဒီလို မပြောရဘူးလေ ဦးရုက္ခစိုးရဲ့။ မပြောကောင်းဘူး။ ဒါ ဂေါပကရဲ့ စေတနာတွေ။
ရုက္ခစိုး။ ။ ဒါပဲ … မင်းတို့က … အဝေဖန် မခံနိုင်ဘဲ ဒီမိုကရေစီ လိုချင်လို့ ရမလားကွ။ ရွှေတိဂုံ စေတီတော်ကြီးက သူ့ ကျက်သရေနဲ့ သူ နေ့မှာ တမျိုး၊ ညမှာတမျိုး ရှိပြီးသား။ ဒါကို ပေါက်တတ်ကရ မယောင်ရာဆီလူး လျှောက်လုပ်တော့ သူ့ နဂို ရှေးဟောင်း အနုပညာ လက်ရာတွေ ဘယ်လိုက်ရှာရမှန်း မသိတော့ဘူး။
ဖိုးရှုပ်။ ။ ဒါကတော့ ဦးရုက္ခစိုးရယ်၊ ဒါ မြန်မာပြည်လေ …။
ရုက္ခစိုး။ ။ ဘာဆိုင်လို့လဲကွ။
ကြွက်စုတ်။ ။ ဆိုင်တာပေါ့ ဦးရုက္ခစိုးရယ်။ မြန်မာပြည်မှာက ခေတ်အဆက်ဆက် တိုင်းပြည် အုပ်ချုပ်သူတွေက အစ ရှေးဟောင်းအမွေ အနှစ် ဘယ်လို ထိန်းသိမ်းရမယ် ဆိုတာ မသိဘူး၊ ဘုရားတွေ့လို့ အလှဆင်ပေးလိုက်ရင် ကုသိုလ်ရတယ် ထင်ပြီး ထုံးစေတီကို ရွှေရောင် သုတ်လိုသုတ်၊ ဂူဘုရားတွေကို ထီးတင်လိုတင် …။
ရုက္ခစိုး။ ။ သြော် … မြန်မာပြည် … အင်း မှတ်သားလောက်ပါတယ်။
ထိုစဉ် ည ၁၀ နာရီ ထိုးပြီဖြစ်သောကြောင့် ရွှေတိဂုံ စေတီပေါ်မှ ဆင်းပေးကြရန် ဆော်သြသံ ထွက်ပေါ်လာသည်။ လူအများ ဘုရားကို သုတ်ခြေတင် ဖူးပြီး အမြန်ဆင်းကြရသည်။ ဆော်သြသံက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည်။
ရုက္ခစိုး။ ။ ဆင်းကြမယ်လေကွာ … ။ ပိတ်တော့မယ်တဲ့ အော်နေပြီ။
ဖိုးရှုပ်။ ။ ဓာတ်လှေခါးက ဆင်းမှာဗျ … အေးအေး ဆေးဆေးပေါ့။
ရုက္ခစိုး။ ။ သူများတွေ မြန်မြန်ဆန်ဆန် သုတ်ခြေတင်နေတဲ့ အချိန် မင်းက အေးအေးဆေးဆေးပေါ့ ဆိုတော့ မဟုတ်သေး ပါဘူးကွာ။ အားလုံး တန်းတူရည်တူပဲ ဖြစ်သင့်တာပေါ့။
ကြွက်စုတ်။ ။ ဦးရုက္ခစိုး မသိပါဘူး … အပေးအယူလေးတွေ ရှိတယ်၊ ဒါ မြန်မာပြည်ဗျ။
ရုက္ခစိုး။ ။ မှတ်သားလောက်ပြန်ပြီ။ အင်း မြန်မာပြည်ပေါ့လေ။
သူတို့အားလုံး အေးအေးဆေးဆေး စောင့်ပေးနေသည့် ဓာတ်လှေခါးမှ ဆင်းလာစဉ် ဘုရားခြေရင်းအရောက် တိုက်ပုံ အကျႌနှင့် လူကြီးတဦး ပါးစပ်မှ တတွတ်တွတ် ဆီမန်းမန်းသလို ရွတ်နေသည်ကို တွေ့လိုက်ရသည်။ သေသေချာချာ နားထောင် ကြည့်တော့ အမြီးအမောက် မတည့်သော အင်္ဂလိပ်စကားများ ရွတ်ဆိုနေခြင်း ဖြစ်၏။
ဖိုးရှုပ်။ ။ ဟေ့ကောင် ကြွက်စုတ်၊ လူကြီးက ကြည့်တော့ သန့်သန့် ပြန့်ပြန့်နဲ့၊ အရာရှိပုံပဲနော်။ ဘယ်လို ဖြစ်တာလဲ မသိဘူး။
သူတို့နားသို့ လူငယ်တဦး ရောက်လာကာ လူကြီး၏ လက်ကို ဆွဲခေါ်နေသည်။ ဖိုးရှုပ်က “ဘယ်လို ဖြစ်တာလဲဗျာ” ဟု စပ်စုလိုက်၏။
လူငယ်က “ကျနော့်အဖေပါဗျာ။ အစိုးရဝန်ထမ်းပါ။ အစိုးရက လစာတိုးပေးတော့ မယ်ဆိုလို့ ဝမ်းသာလုံးဆို့ကာ ရှိသေးတယ် မီတာခတွေက ဒီလကစပြီး တကယ်ကြီးကို ခုန်တက်သွားတာနဲ့ သွက်သွက်ခါအောင် စိတ်ဖောက်ပြန် သွားတာပါပဲ” ဟု ရှင်းပြလေသည်။
ရုက္ခစိုး။ ။ သြော် မြန်မာပြည် … မြန်မာပြည် … တညတည်းတင် သင်ယူလို့ကို မကုန်နိုင်ပါလားနော်။
ကြွက်စုတ်၊ ဖိုးရှုပ်တို့ကမူ နှစ်ဦးစလုံးပြိုင်တူ “မှတ်သားလောက်ပါတယ် မြန်မာပြည်ရယ်” ဟု မတိုင်ပင်ဘဲ ရွတ်ဆိုမိကြ လေတော့ သတည်း။ ။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။