အဲဒီတုန်းကတော့ အမှတ်တမဲ့ပါ။ ဒါပေမယ့် တချို့အမှတ်တမဲ့တွေဟာ အဖိုးတန်တဲ့ စာအုပ်တအုပ်က စာမျက်နှာတရွက်မှာ ရေးထားတဲ့ အကြောင်းအရာ တပိုဒ်လို့ ပြောရမှာပါ။တချိန်မှာ လိုအပ်လာတော့ ရှာကြဖွေကြ ပြန်လှန်ကြည့်ကြရတာပေါ့။ အခုလည်း အကြောင်း ဖန်လာလို့ အဲဒီအမှတ်တမဲ့တခုကို ပြန်ပြောင်းမြင်မိပါတယ်။

အဲဒီတုန်းကဆိုတာ ၂၀၀၀ – ၂၀၀၁ ခုနှစ် လောက်ကပါ။ ရန်ကုန်မြို့မှာ အလုပ်လိုက်ရှာနေတုန်း သူငယ်ချင်း တယောက်ရဲ့ အဆက်အသွယ်နဲ့ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်တဲ့ တပ်ဖွဲ့တဖွဲ့ထဲ ဝင်ရောက်ခဲ့ပါတယ်။ ဦးစောသမူဟဲ ဦးဆောင်တဲ့ (ဟောင်သရော အထူးဒေသ) ကရင်ငြိမ်းချမ်းရေး တပ်ဖွဲ့ပါ။ ဦးစောသမူဟဲ အဖွဲ့ဟာ KNU ကနေ ခွဲထွက်ပြီးတော့ ၁၉၉၇ ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက်မှာ စစ်အစိုးရကို လက်နက်ချခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။
ကျနော်က ဟောင်သရောအထူးဒေသ တပ်ဖွဲ့ဝင်တွေ ရန်ပုံငွေအတွက် နောက်တန်းကနေ စီးပွားရေးလုပ်ကွက် ရှာပေးရတဲ့ ရန်ကုန် လှိုင်သာယာမြို့နယ် ကျန်စစ်သားအိမ်ရာက ရုံးချုပ်မှာ အလုပ်ရပါတယ်။ အဲဒီတုန်းက ဟောင်သရော အထူးဒေသ ကရင်ငြိမ်းချမ်းရေး တပ်ဖွဲ့ အတွင်းရေးမှူး မန်းအောင်တင်မြင့်က တပ်ဖွဲ့ စီးပွားရေး လုပ်ငန်းတော်တော်များများကို တာဝန်ယူထားတာပါ။ လက်နက်ချ ပြီးတဲ့နောက်ပိုင်း ဟောင်သရော အထူးဒေသ တပ်ဖွဲ့အတွက် အစိုးရက ကရင်ပြည်နယ်တဝိုက်မှာ လုပ်ကွက်တွေ ချပေးရာကနေ နှစ်နှစ်၊ သုံးနှစ် အတွင်းမှာပဲ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေ အထိ စီးပွားရေး လုပ်ငန်းတွေ တိုးချဲ့လာခဲ့ကြပါတယ်။
တပ်ဖွဲ့အတွက် အဓိကလုပ်ရတဲ့ အလုပ်က ကျွဲ၊ နွားတွေကို ကယ်ရီ လုပ်ပေးရတာပါ။ ဧရာဝတီတိုင်းက မြို့ရွာတွေဆီက မှောင်ခို ကုန်သည်တွေရဲ့ ကျွဲတွေ၊ နွားတွေကို သင်္ဘောနဲ့ ရန်ကုန်ကနေ မြောင်းတကာမြို့အထိကို ပို့ပေးရတာပါ။ အဲဒီခရီးစဉ်တွေမှာ ကျနော်က ရုံးအဖွဲ့မှူးကိုယ်စား ရောင်းဝယ်ရေး တာဝန်ခံအဖြစ် လိုက်ပါရပါတယ်။ ဧရာဝတီတိုင်းမှာရှိတဲ့ မြို့ရွာအနှံ့ ရောက်ခဲ့သလို အဲဒီမြို့ရွာတွေက အစိုးရ ထောက်လှမ်းရေးမှူးတွေ၊ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့လည်း တွေ့ဆုံခဲ့ရပါတယ်။ သူတို့ကို အကြောင်းကြားပြီးမှ လမ်းကြောင်းကို သွားရတာပါ။ မြောင်းတကာရောက်တဲ့အထိကို တရွာဝင် တရွာထွက်နဲ့ စစ်ဆေးဂိတ်တွေမှာတော့ စာရွက်စာတမ်းထုတ်ပြ၊ ဒီထက်ပိုပြီး အစစ်ဆေးများလာရင် သူတို့လက်ထဲ ပိုက်ဆံထိုးထည့် နားလည်မှုတွေနဲ့ လုပ်ဖြစ် ကြတာပါ။ ရုံးအဖွဲ့မှူးကလည်း အဲဒီလိုပဲ မှာကြားထားတာပါ။
အဲဒီတုန်းက ကျွဲနွားကုန်သည်တွေက တနင်္ဂနွေနေ့တိုင်းဖွင့်တဲ့ မြောင်းတကာ နွားပွဲဈေးမှာ သွားရောင်းကြတော့ တပတ်မှာ တခေါက် ကယ်ရီလုပ်ဖြစ်ပါတယ်။ တပ်ဖွဲ့ ရန်ပုံငွေအတွက်လည်း တော်တော်လေးအဆင်ပြေနေတဲ့ အချိန်ပါ။ ကုန်သည် ပွဲစားတွေနဲ့ လုပ်ကွက် တခုခု ရှိလာပြီဆိုရင် ရုံးအဖွဲ့မှူးက ရန်ကုန်မြို့ ၈ မိုင်လမ်းဆုံက ဦးခင်ညွန့် ထိန်းချုပ်ခဲ့တဲ့ စစ်ထောက်လှမ်းရေး ရုံးချုပ်ကို စာသွားတင်ခိုင်းပါတယ်။ စာသွားတင်တိုင်း ကျနော်တို့ကို စစ်ထောက်လှမ်းရေးရုံးချုပ် အပေါက်ဝမှာ အကြိမ်ကြိမ် စစ်ဆေးပြီးမှ စာကို ဂိတ်ဝမှာပဲ ထားခဲ့ရပါတယ်။ အထဲကို ပေးမဝင်ဘူး။
တနှစ်လောက် အကြာမှာတော့ ဧရာဝတီတိုင်းက ကျွဲတွေ၊ နွားတွေ ကုန်တော့မယ်၊ ကျွဲ နွားကုန်ကူးတာကို ရပ်လိုက်ပါ ဆိုပြီး ဧရာဝတီ တိုင်းမှူးက အကြောင်းကြားလာပါတယ်။ ရုံးအဖွဲ့မှူးက ကျွဲ နွားတွေ ဝယ်ထားပြီးသားဖြစ်နေတာကြောင့် နောက်ဆုံးအကြိမ် ခွင့်ပြုဖို့ ဧရာဝတီတိုင်းမှူးကို တောင်းဆိုခဲ့ပါတယ်။ တိုင်းမှူးက ခွင့်ပြုလိုက်ပါတယ်။ အမြန်ဆုံး အဆုံးသတ်ဖို့ကို သတိ ထပ်ပေးလိုက်ပါတယ်။ တကယ်တမ်း ဒီအလုပ်က တပ်ဖွဲ့ လစဉ်ဝင်ငွေအတွက် အဆင်ပြေသလို ကျွဲ နွားမှောင်ခိုသမားတွေ အတွက်လည်း အမြတ်များများရတဲ့ အလုပ်ပါ။ ဧရာဝတီတိုင်းမှူးဆီကနေ တောင်းဆိုထားတဲ့ နောက်ဆုံး တချိန်က မှတ်မိသလောက်ဆိုရင် လေးကြိမ်မြောက်ပါ။
နောက်ဆုံးတခေါက်ဖြစ်တဲ့ လေးကြိမ်မြောက်မှာတော့ ကျနော်တို့ ဟိုင်းကြီးကျွန်းကိုသွားရပါတယ်။ ခရီးကတော်တော် ဝေးပါတယ်။ ဟိုင်းကြီးကျွန်းမှာရှိတဲ့ ရွာတွေကနေ ကျွဲ နွား စုစုပေါင်း ၂၄ ကောင် တင်လာခဲ့ပါတယ်။ ပုံမှန်အတိုင်း တွေ့နေကြ ဂိတ်တွေမှာ ဂိတ်ကြေး ကျပ်ငွေ ၂၀၀၀ ပေး၊ ညဘက်ဆိုတော့ တချို့နေရာတွေမှာ ဘယ်သူဘယ်ဝါတောင် မသိတော့ပါဘူး။ ကျွဲ နွားတင်လာတာကို မြင်ပြီး ငါတို့က ဒီရွာက ရာအိမ်မှူးတွေ ဆိုပြီး လမ်းကနေ ဖြတ်တောင်း၊ ကိုယ်ကလည်း ပြဿနာမတက်ချင်တာနဲ့ ကျပ် ၂၀၀၀ ပေးလိုက်ရပါတယ်။
ညောင်တုန်းမြို့ရောက်တော့ ည ၁၁ နာရီဝန်းကျင်ရှိနေပါပြီ။ ကုန်းပေါ်တက် နားပြီး ည ၁၂ နာရီကျော်လောက်မှာ ခရီးပြန်ဆက်ကြပါတယ်။ ညောင်တုန်းက ထွက်တဲ့ အချိန်မှာတော့ ကျွဲ နွားတင်လာတဲ့ သင်္ဘောက ကျနော်လိုက်ပါလာတဲ့ သင်္ဘောအပါအဝင် ၃ စီး တွေ့ရပါတယ်။ တစီးက အစိုးရဆီက သားသတ်လိုင်စင်ရ ထားတဲ့ ညောင်တုန်းက ကုန်သည်တယောက်၊ နောက်တစီးက ဘာစာရွက်စာတမ်းမှမရှိဘဲ မှောင်ခိုသင်္ဘောလို့ သိရပါတယ်။
ထန်းတပင် မြို့နယ်အပိုင် မဲဇလီ ရောက်တော့ မနက် ၃ နာရီလောက် ရှိနေပါပြီ။ မြစ်ကမ်းဘေးမှာ အချက်ပြမီးတွေပြတဲ့ သူကပြ၊ ဓာတ်မီးထိုးပြီး အော်တဲ့သူကေအော်၊ အသင့်စောင့်နေတဲ့ သင်္ဘောနှစ်စီးက ဘေးနားကပ်လာပြီးတော့ ကျနော်တို့ သင်္ဘောကို အတင်းရပ်ခိုင်းနေပါတယ်။ အဲဒါနဲ့ ရပ်ပေးလိုက်ပါတယ်။ ကမ်းဘေးမှာလဲ လူအယောက် ၃၀ လောက်ရှိမယ်၊ သေနတ်တွေလည်း တချို့မှာ ပါတယ်။ ပတ်ဝန်းကျင်က မှောင်နေတော့ သူတို့ ဓာတ်မီးအလင်းရောင်တွေပဲ မြင်ရတယ်။ လူနှစ်ယောက် ဓာတ်မီးတလက်စီနဲ့ သင်္ဘောပေါ် တက်လာပြီးတော့ ဒီသင်္ဘောကို ဘယ်သူတာဝန်ခံတာလဲတဲ့။ ကျနော်ပါလို့ ပြောလိုက်ပါတယ်။ ဘာအထောက်အထားရှိလဲ ပြခိုင်းတယ်။ ဒါနဲ့ ကျနော်က ရုံးအဖွဲ့မှူး ထုတ်ပေးတဲ့ စာရွက်စာတမ်းအားလုံး ထုတ်ပေးလိုက်တယ်။ သူက စာရွက်စာတမ်းတွေယူသွားပြီး ကျနော် အပါအဝင် သင်္ဘောမှာပါလာတဲ့ ကျွဲ နွားပိုင်ရှင် ၅ ယောက်စလုံးကို အားလုံးဆင်းခဲ့ခိုင်းတယ်။ ကုန်းပေါ်ရောက်တော့ စာရွက်စာတမ်းတွေကို လူ ၃ ယောက် ဝိုင်းကြည့်နေကြတယ်။ အဲဒီထဲက တယောက်က ညောင်တုန်းမြို့က ထောက်လှမ်းရေးမှူးဖြစ်နေပါတယ်။
ကျနော်က ဒါ ဟောင်သရော အထူးဒေသ ကရင်ငြိမ်းချမ်းရေး တပ်ဖွဲ့က ထုတ်ပေးထားတဲ့ စာရွက်စာတမ်းပါ၊ ဒီစာရွက် စာတမ်းတွေနဲ့ ဒီလမ်းကြောင်းမှာ သွားနေတာ တနှစ်တောင် ရှိတော့မယ်လို့ ပြောလိုက်ပါတယ်။ သူတို့ထဲက အသက်ကြီးကြီး တယောက်က ဒီစာရွက်တွေ တရားမဝင်ဘူးတဲ့။ အဲဒါနဲ့ ကျနော်က ဒါ ဧရာဝတီတိုင်းမှာ သွားလာလို့ရအောင် ဧရာဝတီတိုင်းမှူး ကိုယ်တိုင် လက်မှတ်ထိုးပေးထာတဲ့ စာရွက်နဲ့ ရန်ကုန်မြို့ စစ်ထောက်လှန်းရေး ရုံးချုပ်က ဗိုလ်မှူးကြီးစန်ပွင့်က အလုပ်လုပ်ပိုင်ခွင့် လက်မှတ်ထိုးပေးတဲ့ စာရွက်စာတမ်းတွေပါ၊ ဘာဖြစ်လို့ တရားမဝင်တာလဲ လို့ ပြန်မေးလိုက်တယ်။ မရဘူး၊ ခင်ဗျားတို့ တရား မဝင် ကန့်သတ်ပစ္စည်းတွေကို သယ်ဆောင်တဲ့အတွက် ခင်ဗျားတို့ကို တရားစွဲမယ်။ စခန်းလိုက်ခဲ့ပါတဲ့။
နောက်မနက်မှာပဲ လူ ၆ ယောက်၊ ကျွဲ နွား ၂၄ ကောင်၊ သင်္ဘောတစီး အဖမ်းခံ လိုက်ရပါတယ်။ အဲဒီကတည်းက ဧရာဝတီတိုင်းမှာ ဟောင်သရော တပ်ဖွဲ့ရဲ့ လုပ်ကွက်တခုဖြစ်တဲ့ ကျွဲ နွားကယ်ရီအလုပ်ကို အစိုးရက ဖျက်သိမ်းလိုက်ပါတော့တယ်။
အဲဒီကာလက စစ်အစိုးရ အဓိကဦးစားပေးထားတာ ငြိမ်းချမ်းရေးအဖွဲ့ ၁၇ ဖွဲ့ ရှိတယ်။ ပထမက ၀ တပ်ဖွဲ့၊ ဒုတိယ DKBA နဲ့ တတိယက ဟောင်သရောအဖွဲ့ပါ။ ၂၀၀၀ ပြည့်နှစ်လောက်က ဗိုလ်မှူးကြီးစန်းပွင့် ပြောခဲ့ဖူးတာ ရှိပါတယ်။ ဒီငြိမ်းချမ်းရေးအဖွဲ့တွေကို သူတို့ တတ်နိုင် သလောက် လုပ်ကွက်တွေ ပေးထားတယ်။ ဒါပေမယ့် ဘောင်ထဲကနေကျော်ပြီး လုပ်မယ်ဆိုရင်တော့ ဘယ်အဖွဲ့မဆို အချိန်မရွေး ဖမ်းလို့ရတယ်လို့ ဟောင်သရော အထူးဒေသ တပ်ဖွဲ့ရဲ့ စီးပွားရေးတာဝန်ခံ ရုံးအဖွဲ့မှူးကို ရန်ကုန် ၈ မိုင်က စစ်ထောက်လှမ်းရေးရုံးချုပ်မှာ ခေါ်ပြော ခဲ့တာလည်း ရှိပါတယ်။
အဲဒီတုန်းက စစ်အစိုးရက လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးယူတော့လည်း သူ၊ အလုပ်လုပ်ပိုင် ခွင့်တွေပေး တော့လည်းသူ၊ နောက် ဘောင်ကျော်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြန်ပြီးဖမ်းဆီးတော့လည်း သူပဲလို့ ပြောချင်ပါတယ်။
အခုဆိုရင် သမ္မတ ဦးသိန်းစိန် အစိုးရက ကရင် အမျိုးသားအစည်းအရုံး (KNU) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်ရပ်ဖို့သဘောတူ လက်မှတ်ရေးထိုးတာတွေ စတင်နေပါပြီ။ တိုင်းရင်းသားတွေ အလိုချင်ဆုံးအရာက စာရွက်ပေါ်မှာ လက်မှတ်ထိုးပြီး အချိန်မရွေး လုပ်ချင်ရာ ပြန်လုပ်မယ် ဆိုတဲ့ ဥပဒေမဲ့ သဘောတူညီချက် မဟုတ်ပါဘူး။ လက်သင့်ရာ စားတော်ခေါ်တဲ့ ပုံစံနဲ့ မတူညီတဲ့ မက်လုံးတွေ၊ အခွင့်အရေးတွေ ပေးတာမျိုးကိုလည်း မလိုချင်ပါဘူး။ တရားဥပဒေစိုးမိုးတဲ့ တကယ့် အစစ်အမှန် ငြိမ်းချမ်းရေးကို တိုင်းရင်းသားတိုင်း လိုချင်ပါတယ်။ နိုင်ငံသားတိုင်း ရပိုင်ခွင့်ရှိတဲ့ တန်းတူညီမျှတဲ့ အခွင့်အရေးတွေကို တိုင်းရင်းသား အားလုံး ညီညီမျှမျှ ရနိုင်ပါစေလို့ မျှော်လင့်ရင်း တချိန်က စစ်ထောက်လှမ်းရေးခေတ်မှာ ကိုယ်တိုင် အစက်အပြောက်ကလေး အဖြစ် ပါဝင်ခဲ့ရတဲ့ ငြိမ်းချမ်းရေး ကာလအကြောင်း ပြန်လည် မျှဝေလိုက်ပါတယ်။