“ပင်းတယ မြို့နယ်ဆေးရုံတွင် လက်ထောက် ဆရာဝန် (၄) ဦး၊ လက်ထောက် သွားဆရာဝန် (၁) ဦး၊ ဓာတ်ခွဲကျွမ်းကျင် ၃ (၁) ဦး လိုအပ်နေပါသဖြင့် ခန့်အပ်ပေးနိုင်ရန်အစီအစဉ်ရှိ မရှိ သိရှိလိုကြောင်း” ဆိုပြီး လွှတ်တော်မှာ ကျန်းမာရေးဝန်ကြီးကို အမတ်တဦးက မေးမြန်းထားတာရှိပါတယ်။ ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ တခြား မေးခွန်းတွေကလည်း ဆရာဝန်တိုးခန့်ဖို့၊ ဆေးရုံတွေ အဆင့်မြှင့်ပေးဖို့ စတာတွေနဲ့ ပတ်သက်တာတွေပဲ များနေပါတယ်။ လူတွေ ရောဂါဘယကင်းဝေးပြီး အသက်ရှည်အောင် ခေတ်ပေါ်ဆေးဝါးတွေနဲ့ ဆရာဝန်၊ ဆေးရုံတွေကိုပဲ ပုံအပ်ထားတော့မှာလား။
အထက်ပါမေးခွန်းကို အဖြေရှာဖို့ အခုချိန်မှာ ကမ္ဘာ့ထိပ်တန်းနိုင်ငံတခုဖြစ်ပြီး စာရင်းဇယား အတိအကျရှိတယ်လို့ ယူဆရတဲ့ အမေရိကန်ပြည်ထောင်စုကို ဥပမာအဖြစ် ကြည့်ရအောင်ပါ။
၁၉၀၀ ပြည့်နှစ်ကစလို့ အမေရိကန်ပြည်ထောင်စုမှာ အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ သေနှုန်း (Mortality rate) ၂ ခုစလုံး ကျဆင်းသွားတာကို တွေ့ရပါတယ်။ ဖော်ပြပါပုံဟာ ၁ နှစ်မှာ လူ ၁၀၀၀ လျှင် ဘယ်နှယောက်သေသလဲ ဆိုတာကို ဖော်ပြထားတာဖြစ်ပြီး အသက်ကန့်သတ်ချက် (ဥပမာ – ၅ နှစ်အောက်ကလေး သေနှုန်းစသဖြင့်) မထားဘဲ အသက်အရွယ်အားလုံးရဲ့ သေနှုန်းကို ခြုံငုံဖော်ပြထားတာ ဖြစ်ပါတယ်။
ကူးစက်ရောဂါတချို့ကြောင့် သေဆုံးရနှုန်းတွေကိုတော့ သက်ဆိုင်ရာ အစွမ်းထက် ဆေးဝါးတွေနဲ့ ကာကွယ်ဆေးတွေ မပေါ်ခင်နဲ့ ပေါ်ပြီး အခြေအနေနှစ်ခုကို ခွဲခြားကြည့်ဖို့တော့ လိုအပ်ပါတယ်။
လူ ၁၀၀၀ လျှင် သက်ဆိုင်ရာ ရောဂါကြောင့် သေနှုန်းကျဆင်းပုံများကို ဖော်ပြထားခြင်း ဖြစ်ပါတယ်။
အူရောင်ငန်းဖျားရောဂါအတွက် ကလိုရမ်ဖီနီကော (Chloramphenicol) ကို ၁၉၄၉ ခုနှစ်၊ တီဘီရောဂါကုဆေးဖြစ်တဲ့ အိုင်ဆိုနိုင်ရာဇိုက် (Isoniazide) ကို ၁၉၅၁ ခုနှစ်၊ ဝက်သက်ကာကွယ်ဆေးကို ၁၉၆၃ ခုနှစ်တွေမှာ အသီးသီး ရှာဖွေတွေ့ရှိပြီး အသုံးပြုနိုင်ခဲ့ကြပါတယ်။ အံ့အားသင့်စရာ တွေ့ရှိချက်ကတော့ အူရောင်ငန်းဖျားရောဂါ၊ တီဘီရောဂါနဲ့ ဝက်သက်ရောဂါတွေကြောင့် သေနှုန်းတွေဟာ ၎င်းတို့အတွက် လိုအပ်တဲ့ ဆေးဝါးတွေ မပေါ်ခင်ကတည်းက ကျဆင်းနေတာပါပဲ။
လူတွေ ကူးစက်ရောဂါကြောင့် သေနှုန်းကျဆင်းသွားရခြင်းရဲ့ အဓိကအချက်ဟာ ဆေးဝါးကို အခြေပြုတဲ့ ကျန်းမာရေး စောင့်ရှောက်မှုကြောင့် မဟုတ်ဘူးဆိုတာ အမေရိကန်ပြည်ထောင်စုရဲ့ အတွေ့အကြုံကို ဥပမာယူရင် သိနိုင်ပါတယ်။ ဒါဆို မူဝါဒရေးရာ ချမှတ်သူတွေအနေနဲ့ ဘယ်အချက်၊ ဘယ်နည်းလမ်းတွေကို အလေးပေးပြီး လုပ်ဆောင်သင့်သလဲ၊ လွှတ်တော်အမတ်တွေ အနေနဲ့ ဘယ်လိုမေးခွန်းတွေကို မေးမြန်းအကြံပြုသင့်လဲဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။
ကျန်းမာရေးကိစ္စရပ်များကို ကုသမှုနဲ့ ကာကွယ်မှုဆိုပြီး အကြမ်းဖျဉ်း ခွဲခြားနိုင်ပါတယ်။ အကန့်အသတ်နဲ့ ခွင့်ပြုထားတဲ့ ကျန်းမာရေးဆိုင်ရာ အသုံးစရိတ်ကို ဖော်ပြပါကိစ္စရပ်၂ ခုအတွက် ခွဲဝေသုံးစွဲရပါတယ်။ မြန်မာပြည်လို နိုင်ငံမျိုးမှာ ပိုရှားပါးတဲ့အတွက် ခွင့်ပြုထားတဲ့ဘတ်ဂျက်အသုံးစရိတ်ကို ကာကွယ်ရေးနဲ့ ကုသရေး ၂ ခုမှာ ဘယ်ဘက်ကို အဓိကထားပြီး သုံးစွဲမလဲဆိုတာ အလေးထား ဆုံးဖြတ်ရမယ့်ကိစ္စတခု ဖြစ်လာပါတယ်။ ကာကွယ်ခြင်းက ကုသခြင်းထက် ကောင်းတယ်ဆိုတဲ့ ဆိုရိုးစကားကို လက်ခံတယ်ဆိုရင် ရောဂါတွေကို ကာကွယ်နိုင်ဖို့ လူထုရဲ့ ကျန်းမာရေး အသိပညာ တိုးပွားအောင် ဆောင်ရွက်ဖို့လိုပါတယ်။
ကုသမှုအတွက်ဆိုရင် ဆရာဝန်၊ ဆေးဝါး ပြည့်စုံဖို့လိုအပ်သလို ပညာပေးဖို့ဆိုရင်လည်း ကျန်းမာရေး စောင့်ရှောက်မှု စနစ်အရ လူထုနဲ့ အနီးကပ်ဆုံး ထိတွေ့နေတဲ့ ကျန်းမာရေးလုပ်သား၊ သွားဖွားဆရာမ၊ အရန်သားဖွားဆရာမတွေရဲ့ စည်းရုံးပညာပေးနိုင်စွမ်း မြင့်တက်နေဖို့ လိုပါတယ်။ အထူးသဖြင့် ကျေးလက်နေလူထုရဲ့ ကျန်းမာရေးပြဿနာတွေနဲ့ သူတို့ရဲ့ကျန်းမာရေးဆိုင်ရာ ယုံကြည်မှုတွေကို အနီးကပ် ထိတွေ့သိရှိနိုင်မယ့် ဆရာဝန်မဟုတ်တဲ့ အောက်ခြေ ကျန်းမာရေးဝန်ထမ်းတွေကို နိုးကြားတက်ကြွလာအောင် လုပ်ပြီး အကျိုးအရှိဆုံးဖြစ်အောင် အသုံးချဖို့လိုပါတယ်။
လက်ရှိကျန်းမာရေးဝန်ကြီး ဒေါက်တာ ဖေသက်ခင် (ကလေးဆေးပညာ ပါမောက္ခဟောင်းနဲ့ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ်ဟောင်း) အနေနဲ့ ရာထူးလက်ခံပြီးနောက် နှစ်ပေါင်းများစွာ ၁ လကို ချီးမြှင့်ငွေ ၁၀၀၀ ဝန်းကျင်သာ ရရှိခဲ့တဲ့ အလုပ်သင် ဆရာဝန်တွေကို ၅၅,၀၀၀ ကျပ်အထိ တိုးမြှင့်ပေးအပ်ခဲ့ပါတယ်။ အောက်ခြေ ကျန်းမာရေးဝန်ထမ်းတွေရဲ့ စွမ်းရည်ကို မြှင့်တင်ဖို့၊ ထိထိရောက်ရောက် အသုံးချနိုင်ဖို့ အသုံးစရိတ်တွေ ဘယ်လိုတိုးမြှင့်မယ်ဆိုတာကို ဆွေးနွေးပြောဆိုသံတွေ မကြားရသေးပါဘူး။ ကျန်းမာရေးလုပ်သားတချို့ဆို သင်တန်းပြီးတဲ့နောက် နှစ်ပေါင်းများစွာ မွမ်းမံသင်တန်းပေးခြင်း၊ စောင့်ကြပ်လမ်းညွှန်ခြင်း မခံရတဲ့အတွက် မူလရည်မှန်းချက်ကနေ သွေဖည်ပြီး ရပ်ရွာထဲမှာ အရပ်ဆေးထိုးဆရာ (Quack) အဖြစ်တောင် လုပ်ကိုင်နေကြတာကို တွေ့နေရပါတယ်။ လွှတ်တော်အမတ်တွေ အနေနဲ့ လူထုထဲကိုဆင်းပြီး စည်းရုံးပညာပေးရမယ့် ကျန်းမာရေးလုပ်သား၊ သားဖွားဆရာမ၊ အရန်သားဖွား ဆရာမတွေအတွက် ဘယ်လို ဆောင်ရွက်ပေးမလဲဆိုတာ ကျန်းမာရေးဝန်ကြီးကို ထောက်ပြမေးမြန်းဖို့ လိုပါတယ်။
ပြည်သူလူထုရဲ့ ကျန်းမာရေးအဆင့်အတန်းကို မြှင့်တင်ဖို့ဆိုရင် ပညာပေးတာအပြင် စည်းမျဉ်းဥပဒေတွေ ချမှတ်ပြီး ထိရောက်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေ ပေးဖို့လိုပါတယ်။ ဆေးလိပ်၊ အရက်၊ ဘီယာသောက်သုံးမှု ကြာရှည်လေ အဆုတ်ကင်ဆာ၊ အသည်းကင်ဆာလို အသက်အန္တရာယ်ပေးနိုင်တဲ့ ရောဂါတွေ ရဖို့များလေပါ။ ခေတ်မီ ကင်ဆာကုထုံးတွေ ပေါ်နေပေမယ့် ကုန်ကျစရိတ် အလွန်မြင့်မားတာကြောင့် လူတိုင်း လက်လှမ်းမှီဖို့ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် အရက်၊ ဘီယာ သောက်သုံးမှု လျော့နည်းအောင် ဥပဒေချမှတ်ပြီး တားဆီးပေးဖို့လိုပါတယ်။
အရွယ်မရောက်ခင် (ဥပမာ – ၁၈နှစ်မပြည့်မီ) အရက်၊ ဘီယာသောက်သုံးမှုကို တားဆီးဖို့ လွှတ်တော်အမတ်တွေအနေနဲ့ ဘယ်လိုဥပဒေတွေ ချမှတ်ဖို့စီစဉ်ထားသလဲ၊ ချမှတ်မယ့် ဥပဒေကို အသက်ဝင်အောင် ဘယ်လိုလုပ်မလဲ ဆိုတာတွေကို သက်ဆိုင်ရာဝန်ကြီးကို မေးမြန်းသင့်ပါတယ်။ ဒါ့အပြင်ရှိပြီးဥပဒေဖြစ်တဲ့ ဆေးလိပ်ကို တလိပ်စီခွဲ မရောင်းဖို့ တားမြစ်ထားတဲ့ ဥပဒေကို ဘယ်လို အသက်ဝင်အောင် လုပ်ဆောင်နေသလဲ ဆိုတာကိုလည်း မေးမြန်းဖို့ကောင်းပါတယ်။
လူထုရဲ့ကျန်းမာရေးကို သူတို့ရဲ့လူမှုရေးရာ အခြေအနေတွေက အများကြီးလွှမ်းမိုးနေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ ကျန်းမာရေးအဆင့်အတန်းကို မြှင့်တင်နိုင်ဖို့၊ အထူးသဖြင့် လူ့အဖွဲ့အစည်းမှာ အထိခိုက်လွယ်ဆုံးသူတွေရဲ့ ကျန်းမာရေးအပေါ် လူမှုရေးရာအခြေအနေတွေရဲ့သက်ရောက်ချက်များ (Social determinants of health) ကို အရေးယူဖြေရှင်းဖို့လိုတယ်လို့ အကြံပြုတင်ပြထားပါတယ်။ လူမှုရေးရာအခြေအနေတွေကို စီးပွားရေး၊ လူမှုရေးဆိုင်ရာမူဝါဒတွေနဲ့ နိုင်ငံရေးတို့က ပုံဖော်ပေးတယ်လို့ ဆိုပါတယ်။
ဒါကြောင့် သက်ဆိုင်ရာ မဲဆန္ဒနယ်ကလူထုရဲ့ ကျန်းမာရေးကို မြှင့်တင်ချင်တဲ့ လွှတ်တော်အမတ်အနေနဲ့ သူ့ကို ရွေးကောက် တင်မြောက်ခဲ့တဲ့သူတွေရဲ့ လုပ်ငန်းခွင်အခြေအနေကို လျစ်လျူရှုလို့ မရပါဘူး။ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ လုပ်ငန်းခွင်မှာ လုပ်ကိုင်နေသမျှ ရောဂါကင်းရှင်းဖို့ မျှော်မှန်းလို့မရပါဘူး။ ငှက်ဖျားထူထပ်တဲ့ဒေသရှိ ရွှေတော၊ ရေနံမှော်တွေမှာ လုပ်တဲ့သူတွေကိုကြည့်ရင် ဒီအချက်ကို နားလည်နိုင်မှာပါ။ အလုပ်နားရက်ရယ်လို့ သီးသီးသန့်သန့်မရှိ၊ ငှက်ဖျားအန္တရာယ်အတွက် ကြိုတင်ပညာပေး ခြင်းမရှိ၊ ဆေးစိမ်ခြင်ထောင် ထောက်ပံ့ပေးခြင်းမရှိ၊ နေမကောင်းလို့ ခွင့်ခံစားခွင့်၊ တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ ဆေးကုသခွင့်မရှိတဲ့ အခြေအနေမျိုးမှာ လုပ်ကိုင်နေကြရတာပါ။ ဒါ့ကြောင့် စက်ရုံ၊ အလုပ်ရုံလို Formal sector မှာ လုပ်သူရော လက်ဖက်ရည်ဆိုင်၊ ကားဝပ်ရှော့၊ ရွှေတောလို Informal sector မှာ လုပ်တဲ့သူတွေအတွက်ပါ သင့်တင့်မျှတတဲ့ အလုပ်ချိန်၊ ခွင့်ခံစားခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရရှိဖို့လိုအပ်ပါတယ်။ လွှတ်တော်အမတ်များအနေနဲ့ ကျန်းမာရေးအတွက် လူမှုရေးရာ အခြေအနေတွေရဲ့ အရေးပါမှုကို လွှတ်တော်မှာ ထောက်ပြပြောဆိုပြီး လုပ်ငန်းခွင်အခြေအနေ တိုးတက်ကောင်းမွန်စေရန် အရေးယူဆောင်ရွက်ပေးဖို့ တိုက်တွန်းနှိုးဆော်သင့်ပါတယ်။
နိဂုံးချုပ်အနေနဲ့ လူထုရဲ့ ကျန်းမာရေးအဆင့်အတန်းကို ဆရာဝန်တွေ၊ ခေတ်ပေါ်ဆေးဝါးတွေနဲ့ မြှင့်တင်လို့မရဘဲ လူထု အခြေပြုနည်းနဲ့ စည်းရုံးပညာပေးခြင်း၊ ဘေးဥပဒ်တွေကနေ တားဆီးကာကွယ်တဲ့ မူဝါဒတွေ၊ စည်းမျဉ်းဥပဒေတွေ ချမှတ် အကောင်အထည်ဖော်ပေးခြင်းဖြင့်သာ လိုရာပန်းတိုင် ရောက်နိုင်မယ်ဆိုတာကို အကြံပြုတင်ပြအပ်ပါတယ်။
ကိုးကား
-၂၅-၁၀-၂၀၁၁ နေ့ထုတ် ကြေးမုံသတင်းစာ
-John B. Mckinlay and Sonja M. McKinlay. Medical Measures and The Decline of Mortality In: Conrad P, editor. The Sociology of Health and Illness. sixth ed. New York: Worth Publishers; 2001.