လက်ထဲက ကလေးကို တင်းတင်း ကျပ်ကျပ် ပွေ့ပိုက်ထားပေမယ့် ရုတ်တရက် ခြေထောက်က မြေကြီးနဲ့ လွတ်သွားတယ်၊ အဲဒီ အချိန်မှာ ရေလုံးကြီးတလုံးက ဝင်အဆောင့်မျက်စိတွေပြာသွားပြီး လက်ထဲက ကလေး လွတ်ထွက်သွားတာလို့ ပဲကြီးခွံတွေ ကို စိတ်မပါလက်မပါ သင်နေရင်း မဝါဝါက ပြောပြတယ်။
လူက ရေထဲမှာ ခြေထောက်လည်း အောက်ကို မထောက်မိ၊ ဘေးမှာလည်း ဘာကို မဆွဲမိဘဲ ဝဲထဲမှာလည်သလို လည်နေ တယ်၊ ဘာကိုမှ သတိမထားနိုင်တော့ဘဲ ဝင်တိုးမိတဲ့ မည်းမည်းတခုကို လက်က မလွတ်အောင် အတင်းဖမ်းဆုပ်ထားလိုက် မိတယ်၊ အဲဒါက သစ်ပင်ကြီးတပင် ဖြစ်နေတယ် သူ့လိုပဲ အဲဒီသစ်ကိုင်းကြီးကို ဖက်ထားတဲ့သူ ၁၀ ယောက်ကျော်လောက် ရှိတယ်လို့ မဝါဝါက ဆိုပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၁ အောက်တိုဘာလက ပခုက္ကူ ရွှေချောင်းဒေသခံ လူတွေအတွက် အိပ်မက်ဆိုးကြီးတခုလို ဖြစ်ခဲ့ရတဲ့ အဖြစ်အပျက်ကို ဒီအဖြစ်အပျက်ထဲမှာ မပါခဲ့ရတဲ့ ဘေးလူတယောက်လို မဝါဝါက ကိုယ်တိုင်ပြန်ပြောင်း ပြောပြနေတာပါ။ တကယ်တော့ ဒီအဖြစ်အပျက်ထဲမှာ သူကိုယ်တိုင် ပါဝင်ခဲ့ရသလို၊ ဒီအဖြစ်အပျက်ကြောင့် သူ့ရဲ့ ၁ နှစ်ခွဲအရွယ်သားငယ်၊ သူ့မိခင်၊ သူ့ရဲ့ မောင်နဲ့ ကြီးတော်တယောက် ဆုံးရှုံးခဲ့ရသူပါ။ သူကိုယ်တိုင်တောင် သစ်ပင်လုံးကြီးကို ဆုပ်ကိုင်ထားခဲ့မိလို့ အသက်ရှင်ခွင့် ရခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၅ လလောက်က ပခုက္ကူမြို့ ရွှေချောင်း ရေကြီးမှုကြောင့် လူပေါင်း ၅၀၀ လောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။ ရွှေချောင်း ဒေသမှာ အနှစ် ၅၀ ကျော်အတွင်း ဒါမျိုးတခါမှ မကြုံဖူးဘူးလို့ ဒေသခံတွေက ဆိုတယ်။
ချောင်းလို့ဆိုပေမယ့် မိုးတွင်း ရေတက်ချိန်မှာတောင် ဒူးခေါင်းလောက်အထိပဲ ရေရှိဖူးတဲ့အတွက် ဒီလိုအဖြစ်အပျက်မျိုး ဖြစ်လာလိမ့်မယ်လို့ သူတို့ ဒေသခံတွေ တခါမှ မစဉ်းစားခဲ့ ဖူးပါဘူး။ မိုးအချိန်မဟုတ်ရင် အဲဒီနေရာက သဲပြင်ကျယ်ကြီးပါပဲ။ ရေကြီးခဲ့တဲ့ အချိန်ကတော့ သူတို့အားလုံး မမျှော်လင့်ခဲ့ဘဲ သဲပြင်ကျယ်ကြီးက ရေပြင်ကျယ်ကြီး ဖြစ်သွားခဲ့တာပါ။ လူနှစ်ရပ်ကျော်လောက် မြင့်တက်လာတဲ့ ရေတွေ ရုတ်တရက် ဘယ်ကဘယ်လို ဆင်းလာတယ် ဆိုတာ သူတို့ အခုအချိန်ထိ မသိကြသေးပါဘူး။
“ရေလုံးကြီးက ရုတ်တရက် ဆင်းလာပြီး အိမ်ကို ရိုက်လိုက်တော့ ပထမ အိမ်က ကျွတ်ထွက်သွားတယ်။ ရေထဲမှာ အိမ်က တစစီ ဖြစ်သွားတော့ ကျမတို့အားလုံးလည်း ရေထဲမှာ တယောက်စီ ကွဲသွားတယ်။ ကျမက ကလေးငယ်လေးကို အတင်းဖက်ထားပြီး ရေထဲမှာ မျောသွားတာ။ အမေရယ်၊ ကြီးတော်ရယ် မောင်လေးရယ်က ဘယ်တွေ ရောက်ကုန်မှန်း မသိဘူး” လို့ မဝါဝါက ရှင်းပြတယ်။
ညဘက် လူခြေတိတ်ချိန်၊ လူတွေအားလုံးအိပ်ချိန်မှာ ဖြစ်ခဲ့တာကြောင့် သူတို့အားလုံးအတွက် ပြင်ဆင်ချိန် မရလိုက်ကြပါဘူး။ တာဝန်ရှိသူတွေက ရေတွေဆင်းလာနိုင်တယ်လို့ ပြောပေမယ့် ဘယ်တုန်းကမှ ဒူးခေါင်းကျော်အောင် ရေမတက်ဘူး တာကြောင့် ဒီလောက်အထိ ဆိုးရွားသွားလိမ့်မယ်လို့ သူတို့တွေ မမျှော်လင့်ခဲ့ကြတာပါ။
“ရေတွေက ပထမပိုင်းမှာ တရိပ်ရိပ်နဲ့ တဖြည်းဖြည်းချင်းတက်လာတော့ ကျနော်က ကလေးနဲ့ မိန်းမကို သွားခေါ်လာခဲ့တယ်။ တခြားသူတွေကို ပြေးကြတော့လို့ပြောပေမယ့် ဘယ်သူမှ မပြေးဘူး။ ဒီလောက်ကြီး တခါမှ မဖြစ်ဘူးတော့လည်း ဘယ်သူမှ မထင်ဘူးလေ” လို့ ရွှေချောင်းဒေသခံ ကိုစံရွှေက ဆိုပါတယ်။
တချို့ဆိုရင် ရေက အိမ်ခြေကို ရောက်နေတာတောင် အေးအေးဆေးဆေး အိပ်ရာ ဝင်ခဲ့ကြတာလို့ ရွှေချောင်းဒေသမှာ ရပ်ကွက်လူကြီးအဖြစ် တာဝန်ယူထားတဲ့ ဦးပြားက ပြောပြတယ်။
“ကျမ ယောက်ျားနဲ့ ကလေး အကြီး ၂ ယောက်က ယောက္ခမတွေရွာက ဘုရားပွဲကို သွားနေကြတာကြောင့် သူတို့တော့ လွတ်သွားတယ်” လို့ မဝါဝါက ဆိုတယ်။
ရွှေချောင်းဒေသမှာ ကျူးကျော်သဘောမျိုး တဖြည်းဖြည်း ရွှေ့ပြောင်းနေထိုင်လာကြတာ ဒီ ရေကြီးမှု မဖြစ်ခင်အထိ အိမ်ခြေ ၃၀၀ ကျော်လောက်ရှိတဲ့ ရပ်ကွက်တခု ဖြစ်နေခဲ့တာပါ။ တချို့ဆိုရင် အိမ်ကြီးအိမ်ကောင်းတွေ၊ အုတ်ပက်ကား တိုက် တွေတောင် ဆောက်ထားပြီး အခြေကျ နေကြတယ်၊ ကျပ် ၁၀ သိန်းလောက်တတ်နိုင်ရင် ခြံဝိုင်းလေးနဲ့ အေးအေးဆေးဆေး နေနိုင်တယ်လို့ သိရပါတယ်။
ဒီ ဒေသခံအများစုကတော့ သဘင်သည်တွေ၊ လက်လုပ် လက်စားတွေ၊ ပဲကြော်ဖိုတွေအတွက် ပဲကြီးတို့၊ ပဲလိပ်ပြာတို့ အခွံညှစ်တဲ့ အလုပ် လုပ်ကိုင် သူတွေ၊ အခစား တောင်သူတွေ များတယ်လို့ လို့ ရွှေချောင်းနဲ့ ကိုက် ၁၀၀ လောက်အကွာမှာ ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေး ထူထောင်ထားတဲ့ ပခုက္ကူ ၃ ရက်ကွက်က တိလောကရာမ ကျောင်းတိုက် ဆရာတော် ဦးပညာဝံသက မိန့်ပါတယ်။
“ကျူးကျော်နေကြတဲ့ သူတွေဆိုပေမယ့် နှစ်ပေါင်းများစွာ ကြာပြီဆိုတော့ သူတို့ဒေသလိုပဲ ဖြစ်နေပါပြီ။ တချို့က အလုပ်အကိုင် ကောင်းလို့ အိမ်ကောင်းကောင်း ဆောက်ထားနိုင်ကြတယ်။ အများစုကတော့ ဆင်းရဲပါတယ်” လို့ ဦးပညာဝံသက ဆိုတယ်။
တိလောကရာမ ဘုန်းတော်ကြီးသင် စာသင်ကျောင်းမှာ ရွှေချောင်းဒေသက ကလေးတွေ အများဆုံး တက်ရောက် ပညာသင် ကြပါတယ်။ ရေကြီးမှုဖြစ်တော့ ဒီကျောင်းမှာ တက်ရောက်ပညာသင်နေတဲ့ မူကြိုကနေ ၇ တန်းအထိ ကလေးအရွယ်စုံ ၂၄ ယောက် အသက် ဆုံးရှုံး ခဲ့ရတယ်လို့ သိရပါတယ်။
“ညဘက် ရေကြီးချိန်က မြန်လွန်းပြီး ဘုန်းဘုန်းတို့ စာသင်တိုက်နဲ့လည်း နည်းနည်းလှမ်းတာကြောင့် လုံးဝမသိလိုက်ဘူး။ ည ၁ နာရီလောက် ရေစကြီးတာ ဘုန်းဘုန်းတို့ သိတော့ မနက် ၆ နာရီဖြစ်နေပြီ။ အဲဒီအချိန် ချောင်းစပ်ကို ပြေးသွားတော့ လူတွေ၊ အိမ်တွေ၊ သစ်ပင်ကြီးတွေ မျောနေတာပဲ တွေ့ရတယ်။ ကရိန်းတွေနဲ့ လာပြီး ကယ်ပေမယ့် ဘယ်လောက်များများ ကယ်နိုင်မှာလဲ” လို့ ကျောင်းတိုက်မှာ ရေဘေးကယ်ဆယ်ရေး စခန်းဖွင့်ခဲ့တဲ့ ဆရာတော်က ရှင်းပြတယ်။
အစက ပေ ၇၀၊ ၈၀ လောက်ပဲ ကျယ်ခဲ့တဲ့ ရွှေချောင်းဟာ အခုဆိုရင် ကိုက် ၁၀၀ မက ကျယ်တဲ့ သဲပြင်ကျယ်ကြီး ဖြစ်သွားပါပြီ။ ရေကြီးချိန်က ရွှေချောင်းရပ်ကွက်မှာရှိတဲ့ အေးငြိမ်းချမ်းသော ကျောင်းတိုက် အမည်ရှိတဲ့ ဘုန်းတော်ကြီးကျောင်း ရဲ့ သာသနိက အဆောက်အအုံတွေလည်း ရေထဲ မျောပါသွားပါတယ်။ အဲဒီကျောင်းက ကိုရင်ကြီးတပါးလည်း ရေကြီးတဲ့ထဲ ပါသွားပြီး ပျံလွန်ခဲ့တယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၅ လလောက်က ဘင်္ဂလားဒေ့ရှ် နိုင်ငံနယ်စပ်ကိုဖြတ်ကျော် ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းငယ်ကြောင့် ရခိုင်ပြည်နယ် စစ်တွေ မြို့၊ စစ်ကိုင်းတိုင်း မုံရွာ၊ မကွေးတိုင်း ထီးလင်း၊ ဂန့်ဂေါ၊ ဆော၊ ပခုက္ကူ၊ ဆိပ်ဖြူ၊ ဆင်ဖြူကျွန်း၊ မန္တလေးတိုင်း ညောင်ဦးမြို့တွေမှာ မိုးရေချိန် အမြင့်ဆုံးစံချိန်သစ်တွေနဲ့ ရွာသွန်းခဲ့တယ်လို့ အစိုးရသတင်းစာတွေမှာ ဖော်ပြထားခဲ့ပါတယ်။
အဲဒီအချိန်က ချင်းတောင်တန်းမှာလည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် ဂန့်ဂေါမြို့နယ်နဲ့ ပေါက်မြို့နယ်၊ ဆိပ်ဖြူ မြို့နယ်တို့ကို ဖြတ်စီးတဲ့ ယောချောင်း၊ ဆောချောင်းက ကျဆင်းလာတဲ့ တောင်ကျရေတွေကြောင့် ချောင်းနံဘေး ကျေးရွာတွေမှာ လူအသေအပျောက် ရှိခဲ့တယ်၊ ကြက်သွန်စိုက်ခင်းတွေလည်း ပျက်စီးသွားခဲ့ပါတယ်။
ပခုက္ကူ အထက်ပိုင်းမှာ မိုးကြီးခဲ့ပြီး တောင်ကျရေတွေ ဒလဟော ဆင်းလာခဲ့ရာက ရွှေချောင်းဒေသမှာ မမျှော်လင့်ခဲ့တဲ့ ရေကြီးမှု ဖြစ်ပေါ်ခဲ့ရတာ၊ လူပေါင်းများစွာ အသက်အိုးအိမ် ဆုံးရှုံးခဲ့တဲ့ အဖြစ် ဖြစ်ခဲ့ရတာလို့ သဘာဝပတ်ဝန်းကျင်နဲ့ သစ်တော ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းက ပြောပြပါတယ်။
ပခုက္ကူ အထက်ပိုင်းမှာ မြိုင်ဆည် အပါအဝင် ဆည်တချို့လည်း ရှိနေတာကြောင့် မိုးအရမ်းများလာတဲ့အချိန်မှာ ရေဖောက်ချ ရပါတယ်။ ဆည်ရေ မဖောက်ချဘူး ဆိုရင်လည်း ဆည်ကျိုးနိုင်ပြီး ဒီထက်ပိုဆိုးတဲ့ ရေဘေးဒုက္ခကို ခံစားကြရမယ်လို့ သိရပါတယ်။ မိုးများလို့ ဆည်ရေ လွှတ်ရတဲ့အချိန်မှာ သက်ဆိုင်ရာကို အဆင့်ဆင့် အကြောင်းကြားပေမယ့် စီးဆင်းသွားတဲ့ ရေတွေကို ကြားက တားပေးမယ့် သစ်ပင်၊ သစ်တောတွေ မရှိတော့တာကြောင့် ထင်တာထက် များတဲ့ ရေပမာဏ စီးဆင်းခဲ့ပြီး ဒေသခံတွေ ရေဘေးဒုက္ခ ခံစားကြရတာပါ။
“အဓိကကတော့ အဲဒီအထက်ပိုင်းက သစ်တောတွေ မရှိတော့တာကြောင့် လိုတာထက်ပိုပြီး ရေကြီးခဲ့တာ။ ဒီဒေသခံ လူတွေ ဆိုတာက တနေကုန် အလုပ်လုပ်ပြီး ညဘက် အစောကြီးအိပ်တတ်ကြတယ်လေ။ ရေဆင်းမယ်လို့ သတိပေးပေမယ့် မိုးကြီး ရေလျှံလာလို့ ဆည်ရေဖောက်ချတဲ့ အချိန်က ညဘက်၊ လူတွေမှာလည်း အတွေ့အကြုံမရှိတော့ ဒီလောက်အထိ ဖြစ်လိမ့်မယ်လို့ ဘယ်သူက ထင်မလဲ” လို့ ဦးအုန်းက ဆိုပါတယ်။
အထက်ပိုင်းကတောတွေ၊ ချင်းတောင်တန်းတွေမှာသာ သစ်ပင်၊ သစ်တောတွေ ရှိနေခဲ့မယ်ဆိုရင် တောင်ကျရေပဲဖြစ်ဖြစ်၊ ဆည်ဖောက်ချလို့ ဆင်းလာတဲ့ ရေကိုပဲဖြစ်ဖြစ် သစ်ပင်တွေက ထိန်းထားနိုင်တဲ့အတွက် အောက်ဘက်ရောက်တဲ့အချိန်မှာ ရေအရှိန်က နည်းသွားမယ်လို့ ဦးအုန်းက ပြောပြပါတယ်။ သစ်တောခံနိုင်အားထက် ပိုပြီး သစ်ခုတ်တာမျိုး မလုပ်သင့် တော့ဘူး၊ သစ်တောထိန်းသိမ်းဖို့၊ မကွေးတိုင်း အစရှိတဲ့ အပူပိုင်းဒေသတွေမှာ သင့်လျော်တဲ့ သစ်ပင်တွေ စိုက်ဖို့ အစိုးရကိုယ်နှိုက်က လုပ်မှ ရတော့မယ်လို့ သူက ဆိုတယ်။
“အစိုးရရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သစ်တောဝန်ကြီးဌာနကို ပြောချင်တာကတော့ နိုင်ငံခြားကို သဘာဝဓာတ်ငွေ့တွေ တွွင်းထွက်တွေ ရောင်းချင်ရောင်းပါ၊ သစ်ပင်တွေ ကိုတော့ ထပ်မရောင်းပါနဲ့တော့လို့ ပြောချင်တယ်” လို့ ဦးအုန်းက ပြောပါတယ်။
အခုနောက်ပိုင်းနှစ်တွေမှာ သစ်ပင်သစ်တော ပြုန်းတီးမှု လွန်ကဲတာတွေ၊ ကာဗွန်ထုတ်လွှတ်မှု မထိန်းနိုင်တာတွေကြောင့် ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုတွေ မကြာခဏ ကြုံနေရပြီး လူတွေဟာ သဘာဝဘေး အန္တရာယ်တွေကို ရင်ဆိုင် နေကြ ရပါတယ်။ အချိန်မရွေး ရာသီဥတု ဖောက်ပြန်နိုင်ပြီး နွေခေါင်ခေါင်မှာ မုန်တိုင်းကျတာမျိုး၊ ခြောက်သွေ့ဒေသတွေမှာ ထင်မထားဘဲ ရုတ်တရက် မိုးကြီးတာမျိုး၊ ဆူနာမီလို ရေအောက် ငလျင်ကြောင့် မဟာရေလှိုင်း ဖြစ်ပေါ်တာမျိုးတွေ ကြုံလာနိုင်တယ် ဆိုတဲ့အကြောင်းလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာ ရှင်တွေက သတိပေးထားပါတယ်။
ဒါတွေကို ပြန်ကုစားနိုင်ဖို့ကတော့ သစ်ပင်တွေ စိုက်ကြဖို့ပဲလို့ ဦးအုန်းကဆိုပါတယ်။ သစ်ပင်တွေဟာ ချက်ချင်းကြီး ကြီးထွားရှင်သန်လာနိုင်တာ မဟုတ်ပေမယ့် ကျန်ရှိနေမယ့် အပင်တွေကိုလည်း ထိန်းသိမ်း၊ အဖြစ်မြန်တဲ့ သစ်ပင်တွေကို ဦးစားပေး စိုက်ပျိုးရမယ်လို့ သူက ဆက်ပြောတယ်။
မြန်မာပြည်က သစ်တောတွေ၊ သစ်ပင်တွေ ပြန်လည် ကြီးထွား ရှင်သန်လာတာ တခုတည်းနဲ့ ကမ္ဘာ့ ရာသီဥတု ဖောက်ပြန်မှု ကြီးကို ချက်ချင်း ကုစားနိုင်မယ်လို့ မဆိုလိုပေမယ့် ပခုက္ကူ ရွှေချောင်းရေဘေးလို ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ဘေးဒဏ် တွေကိုတော့ အနည်းနဲ့အများ ဟန့်တားနိုင်မယ်ဆိုတာကိုတော့ ဦးအုန်းရဲ့ အဆိုအရ သိရပါတယ်။
အခု အချိန်မှာ အစိုးရနဲ့ ပုဂ္ဂလိက ကယ်ဆယ်ရေးအဖွဲ့တွေ၊ INGO၊ NGO တွေ ပူးပေါင်းပြီး ရွှေချောင်း ရေဘေးဒဏ်ကြောင့် အိုးအိမ် ဆုံးရှုံးခဲ့ရ သူတွေအတွက် အိမ်တွေ ပြန်ဆောက်ပေးပြီး နေရာချထားပေးပြီးပါပြီ။ အဲဒီဒေသကို ရပ်ကွက်ကလေး တခုလို နေရာချထားပေးထားပြီး ဘုရားတဆူလည်း တည်ပေးထားတယ်၊ ဓမ္မာရုံလည်း ဆောက်ပေးထားပါတယ်။ သောက်သုံးရေ အတွက် ရေစက်နဲ့ ရေစင်လည်း တည်ပေးထားတာ တွေ့ရပါတယ်။ မကြာခင် အဲဒီနေရာမှာ ဈေးနဲ့၊ ကျောင်းနဲ့ စည်စည်ကားကား ပြန်ဖြစ်လာတော့မှာပါ။
“ရေဘေးကယ်ဆယ်ရေး လုပ်နေချိန်မှာ ဘုန်းဘုန်းကျောင်းကို ပိတ်ထားတယ်၊ အိမ်တွေပြန်ရပြီး နေရာချပေးပြီးချိန် ကယ်ဆယ်ရေးစခန်းပိတ်ပြီး ကျောင်းပြန်ဖွင့်မယ်လုပ်တော့မှ စိတ်မကောင်းဖြစ်ရတာ။ ရေထဲပါသွားတဲ့ ကျောင်းသား ၂၄ ယောက်ရဲ့ မိဘတွေက ဘုန်းဘုန်းဆီမှာ လာငိုကြတာလေ” လို့ တိလောကရာမ ဆရာတော်က မိန့်ပါတယ်။
ဆုံးရှုံးခဲ့ရတဲ့ အိမ်တွေ ပြန်ရကြပေမယ့် ဆုံးရှုံးခဲ့တဲ့ အသက်တွေ အတွက်တော့ ဘယ်လိုမှ အလျော်အစား မရနိုင်တော့ပါဘူး။
“အဲဒီအဖြစ်အပျက်ကြီးကို အခုပြန်စဉ်းစား၊ အခု အိပ်မက်မက်နေသလိုပဲ” လို့ ကလေးတယောက် အပါအဝင် မိသားစုဝင်တွေ ဆုံးရှုံးခဲ့ရတဲ့ မဝါဝါက ပြောပါတယ်။