နေပြည်တော် လွှတ်သဘင်ကြီးအတွင်း၌ကား ဆွေးနွေးငြင်းခုံသံများနှင့် အုံးအုံးကြွက်ကြွက်ဖြစ်သည့် အမတ်များကဖြစ်၊ တပြိုင်တည်းတွင် ဝတ်စုံစိမ်းအမတ်များကလည်း ငိုက်သူငိုက်နှင့် သိုက်သိုက်မြိုက်မြိုက်ကြီး ဖြစ်၍ နေလေသည်။
“အပြော” နေရာတွင် ရွှေမန်းတင်မောင်ပြီးလျှင် ဒုတိယလိုက်သော အောက်လွှတ် ဥက္ကဋ္ဌကြီးကား အသံအကျယ်ဆုံး ဖြစ်လေသည်။ ဝန်ထမ်းများ လစာတိုးပေးရမည်ဟု လွှတ်တော်၌ တင်သွင်းသည်၊ ဗဟိုအစိုးရက ပယ်ချသည်။ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးကို “ဆွဲခန့်” လုပ်သင့်သည်ဟု ဗဟိုအစိုးရက တင်ပြသည်၊ လွှတ်တော်က ပယ်ချသည်။ ဤသို့ဖြင့် လွှတ်တော်တွင် တင်လိုက် ပယ်လိုက် “တင်ပယ်ပွဲ” ကျင်းပနေကြလေသည်။
ဤသို့နှယ် လွှတ်တော်ကြီးအတွင်း တင်ကြ ပယ်ကြ၊ ဆက်လက်တင်ကြ ဆက်လက်ပယ်ကြနှင့် လှုပ်လှုပ်ရွရွရှိနေစဉ် ဦးရုက္ခစိုး စံမြန်းရာ ညစ်ညမ်းသည့်လေထုများ ဝေ့ဆိုင်းနေသည့် ချင်းမိုင်မြို့ ဒွိုင်ဆူးထက်တောင်ပေါ်တွင်လည်း လွှတ်တော်နည်းတူ အကြိတ်အနှယ် ဆွေးနွေးနေကြသူများကား အမတ်မင်းများမဟုတ်သည့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ဖြစ်လေသည်။
ဦးရုက္ခစိုး ။ ။ မနှစ်တုန်းက ခေါ်ယူတဲ့ လွှတ်တော်တွေကတော့ လက်ညှိုးထောင် ခေါင်းငြိမ့် လွှတ်တော်ပဲကွ။ အဲဒီတုန်းက NDF အမတ်မင်းတဦးသာ အသံထွက်တယ်။ ကျန်အမတ်မင်းများတော့ လွှတ်တော်ထဲ ရှိနေတယ်ဆိုတာတောင် ငါ မေ့မေ့နေတယ်။ ဒီနှစ်တော့ လွှတ်တော်မင်းသားက အောက်လွှတ်သဘင် ဥက္ကဋ္ဌကြီးကိုးကွ။ သူ့အသံ တယ်ကျယ်တယ်။
ကြွက်စုတ် ။ ။ ဟုတ်တယ် ဦးရုက္ခစိုး၊ လာဘ်စားမှုတွေပျောက်အောင် ဝန်ထမ်းလခတိုးရမယ်လို့ လွှတ်တော်မှာ အနှီ အောက်လွှတ် ဥက္ကဋ္ဌ ပြောလိုက်တာ ပြည်သူတွေထဲတင်မက Facebook မှာပါ ဆွေးနွေးဝေဖန်လိုက်ကြတာ ဝက်ဝက်ကွဲ ရိုက်ခတ်သွားတာပဲ။ အောက်လွှတ် ဥက္ကဋ္ဌကြီးတော့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ အမှတ်တော့ တော်တော်ရသွားတယ်ဗျို့။
ဖိုးရှုပ် ။ ။ ဒါပေမယ့် သူလွှတ်တော်မှာ တင်ပြတဲ့ စကားထဲက ပြောစရာရှိတာတွေကို သွေးမကြောင်ဘဲ တင်ပြကြပါ ဆိုတာမှာ “သွေးကြောင်” ကို ပြန်ကြားရေးဝန်မင်းက ဆင်ဆာဖြတ်သတဲ့ဗျ။
ကြွက်စုတ် ။ ။ အဟဲ … ဒါကတော့ ပြန်ကြားရေးဝန်မင်းက “သွေးကြောင်” လို့ နေမှာပေါ့ကွာ။
ဦးရုက္ခစိုး ။ ။ အေး … သူတို့က ကြံ့ဖွံ့ပါတီထဲကချည်းပဲ ဆိုပေမယ့် ဗဟိုအစိုးရ၊ အောက်လွှတ်တော်၊ အထက်လွှတ်တော်၊ ဟိုဟိုဒီဒီ ကော်မတီတွေအနေနဲ့ကျတော့ အခြေအတင်တွေ ဖြစ်လာကြတယ် ထင်ပါ့ကွာ။ ဒါနဲ့ နိုင်ငံတော် ဘတ်ဂျက် ကိစ္စတွေများလည်း ငြင်းကြခုံကြတယ်ဆို ဖိုးရှုပ်ရဲ့၊ သိတာတွေ ပြောပါဦး။
ကြွက်စုတ် ။ ။ နိုင်ငံတော် ဘုံးဂျက် … အဲလေ … ဘတ်ဂျက်စာရင်းတွေကလည်း ခုမှ ထွက်တော့သကိုး။
ဖိုးရှုပ် ။ ။ ဟုတ်တယ် ဦးရုက္ခစိုးရေ … လွှတ်ညီလာခံကြီး ပေါ်လာကာမှပဲ ကျနော်တို့လည်း ဆပ်စရာ ဒေါ်လာ ဘီလီယံနဲ့ချီ တင်နေတဲ့ အကြွေးသူဌေးတွေမှန်း သိရတော့တာကိုး။ ခုကလည်း နိုင်ငံတော်ဘတ်ဂျက်ကို အမွေလုသလို ခွဲနေကြတော့ အစိုးရနဲ့ အမတ်မင်းတွေ ငြင်းကြခုံကြတာပေါ့ဗျာ။
ဦးရုက္ခစိုး ။ ။ ငါကြားတဲ့အထဲ နေပြည်တော် ဖွံ့ဖြိုးရေးစီမံကိန်းဘတ်ဂျက်ဆိုတာ ဘယ်လိုဟာတုန်းဟ။
ကြွက်စုတ် ။ ။ နေပြည်တော် မြို့ကြီးက ဟည်းနေပြီး လူမရှိလို့ လူဝယ်ထည့်မလို့ နေမှာပေါ့ ဦးရုက္ခစိုးရယ် အဟဲ …။
ဖိုးရှုပ် ။ ။ လူစည်အောင် မင်းလည်း နေပြည်တော် ရွှေ့နေပေါ့ ကြွက်စုတ်ရယ်။ ဦးရုက္ခစိုးပြောတဲ့ နေပြည်တော် ဖွံ့ဖြိုးရေး စီမံကိန်းဆိုတာမျိုးက သမ္မတမင်းရုံးရဲ့ ဘတ်ဂျက်ဗျ။ အဲဒီစီမံကိန်းတွေထဲမှာ အားကစားကွင်းတွေ၊ ကျောင်းတွေဆောက်ဖို့ ပါသတဲ့။
ကြွက်စုတ် ။ ။ ဧကန္တ အစိုးရအဖွဲ့ဝင်တွေနဲ့ လွှတ်သဘင်အမတ်တွေ ပျင်းရင် ကစားဖို့ ဆောက်မှာနေမယ်ဗျ။ မဟုတ်ရင် လွှတ်သဘင်ထဲ ငိုက်နေကြတာကိုး။
ဦးရုက္ခစိုး ။ ။ ဒါတွေက သမ္မတရုံးနဲ့ ဆိုင်သလားကွ။ အားကစားကွင်းဆောက်၊ ကျောင်းဆောက်တာက သူတို့အလုပ်မှ မဟုတ်ဘဲ။
ဖိုးရှုပ် ။ ။ ဦးရုက္ခစိုးရယ် … ဒီအစိုးရအဖွဲ့မှာ မီးရထားဝန်မင်းက ငြိမ်းချမ်းရေးညှိနှိုင်း၊ အောက်လွှတ် ဥက္ကဋ္ဌက ရွေးကောက်ပွဲ တရားမျှတရပါမယ်လို့ ဝင်ကတိပေး၊ နယ်စပ်မှာ အပစ်မရပ်တာ ညွှန်ကြားချက် မရောက်လို့လို့ ဘဏ်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌက ပြောလို့ ပြောနဲ့ လူတခြား ကိစ္စတခြား ပြောနေကျက ထုံးစံပဲလေ။
ဦးရုက္ခစိုး ။ ။ ဒါနဲ့ ဒီလို မဆိုင်တဲ့ ဘတ်ဂျက်ခွဲဝေမှုတွေကို ဘယ်သူက လုပ်တာတုန်းကွ။
ဖိုးရှုပ် ။ ။ ဘဏ္ဍာရေး ကော်မရှင်က လုပ်တာ ဦးရုက္ခစိုးရဲ့။
ဦးရုက္ခစိုး ။ ။ ဘဏ္ဍာရေး ကော်မရှင်က ဘယ်သူတွေတုန်း။
ဖိုးရှုပ် ။ ။ ဥက္ကဋ္ဌက သမ္မတ၊ ဒု ဥက္ကဋ္ဌတွေက ဒုသမ္မတွေလေ။
ဦးရုက္ခစိုး ။ ။ ဟေ … ကိုယ့်ရုံးအတွက် ကိုယ်ပဲ ဘတ်ဂျက်ချပေးမှတော့ လွဲပြီပေါ့ကွယ်။
ကြွက်စုတ် ။ ။ ဟား … ဟား … သူတို့ဟာကလည်း ဂျာအေးသူ့အမေရိုက် ဖြစ်နေပါပေါ့လား။
ဖိုးရှုပ် ။ ။ ဒါက သမ္မတရုံးနဲ့ သမ္မတတွေနဲ့တင် လည်နေတာ၊ သမ္မတက ရှေ့က ပြော၊ နောက်က လုပ်ချင်ရာလုပ်နေတာတွေ အများကြီးဗျ။
ဦးရုက္ခစိုး ။ ။ သမ္မတမင်း အစိုးရအဖွဲ့ကလည်း ရထားတွဲကြီးလို ဖြစ်နေတာပေါ့။ ရှေ့က ခေါင်းတွဲကြီးက ဘယ်လိုမောင်းမောင်း နောက်ကအတွဲတွေက ဟိုနားပြုတ်ကျန် ဒီနားပြုတ်ကျန် ဖြစ်နေပါပေါ့လား။
ကြွက်စုတ် ။ ။ ပြုတ်ကျန်တာ အရေးမကြီး အချင်းချင်း ဆောင့်မိနေမှ ပြဿနာ။ အခုလို “တင်ပယ်ပွဲ” ကြီး ကျင်းပနေလိုက်တာ လူတွေလည်း မျက်စိတွေ လည်နေပြီ။ လခကတိုးတာ ဘယ်နားနေမှန်းမသိဘူး၊ ဆန်ဈေးကတော့ တက်သွားတယ်ပြောတာပဲဗျ။
ဖိုးရှုပ် ။ ။ မင်းဟာက သူတို့ အချင်းချင်း အငြင်းအခုံ ဖြစ်တာသေချာလို့လား၊ တမိုးလုံး ဖျောက်ဆိပ်၊ လွှတ်သဘင်တခုလုံး ကြံ့ဖွံ့တွေပဲဟာကို၊ လူခွဲကန်နေရင် ဘယ်လိုလုပ်မလဲ။
ထိုအခိုက် ဦးရုက္ခစိုး၏ မိုဘိုင်းဖုန်းတော်ကြီးသို့ မက်ဆေ့ချ်တစောင် ဝင်လာလေသည်။
ဦးရုက္ခစိုး ။ ။ မှန်းစမ်း ဘာတဲ့တုန်း။ သမ္မတမင်းက လွှတ်တော်မှာ မိန့်ခွန်းခြွေမယ်၊ အမှာတော် ပို့မယ် ဆိုပါလား။ ထူးထူးဆန်းဆန်းပဲ။
ဖိုးရှုပ် ။ ။ သေချာတယ်၊ လွှတ်သဘင်ထဲမှာ ငြင်းခုံနေကြလို့ ရေလာဖြန်းတာ ဖြစ်မယ်။
ကြွက်စုတ် ။။ ဟုတ်မယ် မထင်ပါဘူးကွာ၊ သူ့သမ္မတရုံး ဘတ်ဂျက်လျှော့မယ်ဆိုလို့ ကိုယ်ထင်လာပြတာ နေမှာပေါ့။
ဖိုးရှုပ် ။ ။ ဒါ သူတို့ ထိပ်ပိုင်းအကွဲအပြဲပဲ ဖြစ်ရမယ်ကွ။
ကြွက်စုတ် ။ ။ မင်းလို ဂျာနယ်လစ်ယောင်ယောင် အကောင်ဟာ အဆိုးသိပ်မြင်တာပဲကွ။ သမ္မတ လွှတ်တော်ထဲလာတာ ဘာဖြစ်တုန်း။
ဖိုးရှုပ် ။ ။ မင်းလို NGO ယောင်ယောင်ဟာလည်း အစာမြင်ပြီး တုတ်မမြင်တဲ့ ပရောဂျက်တင်သမားပဲကွ။ ဂျာနယ်လစ်ဆိုတာ ကွက်ကျော်မြင်ရတယ်။
ကြွက်စုတ် ။ ။ မင်းကအဆိုးမြင်တာကွ၊ လစာတိုးဖို့လည်း ဖြစ်ချင် ဖြစ်မှာပေါ့။
စသည်ဖြင့် စသည်ဖြင့် အော်ဟစ်ငြင်းခုံရာမှ လက်ဝှေ့ပွဲကြည့်ရတော့မလို ရှိနေရာ စိတ်ရှုပ်လာသော ဦးရုက္ခစိုးက …
ဦးရုက္ခစိုး ။ ။ ကိုင်း … ထသတ်မတတ် ငြင်းနေရအောင် ဒါ လွှတ်ညီလာခံမဟုတ်ဘူးဟေ့၊ မင်းတို့ဖာသာ အပြင်မှာ ဆက်ငြင်းကြ ခုံကြ။ လွှတ်သဘင်ထဲက တင်ပယ်ပွဲတွေကိစ္စနဲ့တင် ငါ စိတ်ရှုပ်လှပြီ။ လက်ဝှေ့ပွဲ ဆက်မကြည့်ချင်ဘူး၊ သွားကြပေတော့။
ပြောပြောဆိုဆို ဦးရုက္ခစိုးသည် နှစ်ယောက်စလုံးကို ဂုတ်မှကိုင်၍ စံမြန်းရာ အဆောင်တော်မှ ဆွဲထုတ်ကာ မနက်ဖြန် သမ္မတမင်း ဘာပြောလေမလဲဟု “မုခစာအုပ်” ခေါ် Facebook တွင် တက်ရှာနေလေတော့သတည်း။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။