မြန်မာနိုင်ငံလို့ ပြောလိုက်တာနဲ့ သူ့ရဲ့အဓိက ပင်မ သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကြီးကို တွေးမြင်မိကောင်း မြင်မိပါလိမ့်မယ်။ ဧရာဝတီမြစ်ရဲ့ အလှအပ၊ မြစ်ကြောင်းတလျှောက်က လူနေမှုဘဝတွေ အကြောင်း ပြောကြမယ် ဆိုရင်တော့ ဧရာဝတီကို အကြောင်းပြုလို့ နာမည်ပေးခံရတဲ့ ဧရာဝတီလင်းပိုင်တို့ရဲ့ အကြောင်းကို ချန်လှပ်ထားလို့ မရပါဘူး။
ကမ္ဘာတဝှမ်းလုံးမှာ မျိုးသုဉ်းပျောက်ကွယ်လုနီးဖြစ်နေတဲ့ တိရစ္ဆာန်စာရင်းဝင် ဧရာဝတီလင်းပိုင်တွေဟာ တခြားသော လင်းပိုင်တွေလို ရေကူးမြန်တဲ့ သတ္တဝါတွေတော့ မဟုတ်ပါဘူး။ သူတို့ဟာ တခြားသော လင်းပိုင်တွေလို ရေမျက်နှာပြင်ပေါ်ကို ခုန်ပျံတာ၊ ရေပေါ် ဦးခေါင်းဖော်ရင်းက လေးကိုင်းလေး ကွေးလိုက်သလို ရေထဲ ငုံ့လျိုးဆင်းသွားတာမျိုးလည်း မလုပ်တတ်ကြပါဘူး။
သူတို့ရဲ့ ပုံပန်းသဏ္ဍာန်ဟာလည်း လူအများစု မြင်ဖူးနေကျ လင်းပိုင်တွေနဲ့ ကွဲပြားပြန်ပါတယ်။ မီးခိုးရောင်၊ မီးခိုးပြာရောင်ရင့်ရင့်ရှိတဲ့ ဧရာဝတီလင်းပိုင်တွေဟာ နဖူးမောက်မောက်၊ ခေါင်းကြီးကြီး သိပ်မထင်ရှားတဲ့ နှုတ်သီးတွေ ပိုင်ဆိုင်ကြပါတယ်။
ဒီနေ့အထိ ဒေသခံတံငါတွေနဲ့ အတူတကွ ငါးဖမ်းနေကြတဲ့ မြန်မာနိုင်ငံက ဧရာဝတီလင်းပိုင်တွေရဲ့ ချစ်စရာ အလေ့အထဟာ အရှေ့တောင်အာရှ နိုင်ငံတွေဖြစ်တဲ့ လာအို၊ ကမ္ဘောဒီယား၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့ဆီက ဧရာဝတီလင်းပိုင်တွေနဲ့ မတူထူးခြားတာကြောင့် နိုင်ငံအရပ်ရပ်က သဘာဝချစ်သူတွေကြားမှာ ထင်ရှားပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယပင်လယ်ကမ်းရိုးတန်းက ဧရာဝတီလင်းပိုင်တွေဟာလည်း ဟိုးအရင်က တံငါတွေနဲ့အတူ ငါးဖမ်းတာမျိုး ရှိခဲ့ဖူးပေမယ့် ဒီနေ့ဒီအချိန်မှာတော့ မတွေ့မြင်ရတော့ဘူးလို့ သိရပါတယ်။
ဧရာဝတီလင်းပိုင်တွေ တံငါတွေနဲ့ ငါးဖမ်းကြတာတွေကို တွေ့ရလေ့ရှိတာကတော့ မန္တလေးတိုင်း၊ ကျောက်မြောင်းနဲ့ စဉ့်ကူမြို့ဝန်းကျင်က မြစ်ကြောင်းမှာပါ။
ဧရာဝတီလင်းပိုင်တွေရဲ့ အကူအညီနဲ့ ငါးဖမ်းတဲ့အခါ သာမန် ကွန်ပစ်ဖမ်းတာထက်ကို ငါး ၃ ဆ ပိုရလေ့ရှိတယ်လို့ ဆိုပါတယ်။ ဒီအတွက် ဧရာဝတီလင်းပိုင်တွေကို တွေ့ရလေ့ရှိတဲ့ နေရာတွေဆီ လှေ ၂ စီးကနေ ၄ စီး၊ ၅ စီး အုပ်စုလိုက် အစုန်အဆန် သွားကြရှာကြရပြီး သူတို့တွေရဲ့ အရိပ်အယောင် တွေ့ရတဲ့အခါမှာ အချက်ပေးခေါ်ကြရပါတယ်။
တံငါတွေဟာ ဧရာဝတီလင်းပိုင်တွေကို “ငါးတူတူဖမ်းကြရအောင်” လို့ ခေါ်ကြတဲ့အခါ လှေနံကို သစ်သားချောင်းတွေနဲ့ စည်းချက်တကျ ခေါက်လိုက်၊ ရေပြင်ကို တက်နဲ့ အသာလေး ပုတ်လိုက်၊ တက်နဲ့ ရေကို ဘယ်ဖက်ကို မွှေလိုက်၊ ညာဖက်ကို မွှေလိုက်နဲ့ အသံပေး ခေါ်တတ်ကြပါတယ်။
“ပထမ လှေနံကို ခေါက်တာက ငါတို့ဒီမှာရောက်နေပြီ။ ငါးဖမ်းရအောင် လာကြလို့ အချက်ပေးတာ။ တခါတလေကျတော့ သူတို့က ဒီလိုအသံကြားရင် ရန်သူလား မိတ်ဆွေလား မခွဲတတ်တော့ မလာဘူး။ ဒီတော့ တက်နဲ့ ရေကို ပုတ်ပြီး အသံပေးရတာ။ ငါတို့ရန်သူမဟုတ်ဘူး၊ လာကြ၊ ငါးဖမ်းကြရအောင် လို့ပေါ့” လို့ စဉ့်ကူးနားတဝိုက်မှာ ငါးဖမ်းနေကျ တံငါသည်တဦးက ပြောပြဖူးပါတယ်။
ဧရာဝတီလင်းပိုင်တွေကို အများအားဖြင့် ၆ ကောင်အောက်နည်းတဲ့ အုပ်စုအနေနဲ့ပဲ တွေ့ရလေ့ရှိပါတယ်။
ဒီလို တခါပြီးတခါ အချက်ပေးခေါ်ပေမယ့် ဘယ်လိုမှ ခေါ်မရတာကြောင့် ဒီတိုင်း ပြန်လာရတဲ့ အခေါက်တွေလည်း မနည်းဘူးလို့ ဆိုပါတယ်။ လင်းပိုင်တွေလာပြီဆိုရင်တော့ တခါတလေ ၂ ကောင်ကနေ ၃ ကောင်အထိ လာကြပြီး တခါတလေကျတော့လည်း တကောင်တည်းပဲ တွေ့ရတဲ့အခါလည်း ရှိတယ်။ တကောင်တည်းလာရင်တော့ ငါးဖမ်းရတာ နည်းနည်းခက်တယ်လို့ ဆိုပါတယ်။
ဒီလိုနဲ့ အချက်ပေးခေါ်တာ နည်းနည်းကြာတဲ့အခါမှာတော့ ဟိုးအဝေးရေပြင်မှာ ဆူးတောင်ရိပ်ရိပ်လေးနှစ်ခု တံငါတွေဆီ ကူးလာနေတာ မြင်ရပါပြီ။ တံငါလှေပေါ်က လင်းပိုင်ဟေ့ လင်းပိုင်ဆိုပြီး အချင်းချင်း သတိပေးသံတွေလည်း ထွက်လို့ တံငါတွေလည်း ဝမ်းပန်းတသာ ဖြစ်ကြပါတယ်။။
ဧရာဝတီလင်းပိုင်လေး ၂ ကောင်ဟာ ပထမတော့ အန္တရာယ်ရှိမရှိ စူးစမ်းနေတဲ့ပုံစံနဲ့ ခပ်လှမ်းလှမ်းမှာပဲ ဟိုဟိုဒီဒီ ကူးနေတယ်။ သိပ်မကြာပါဘူး၊ တံငါတယောက်က လှေနံကို ဗုံတီးသလို တတုတ်တုတ်နဲ့ ခေါက်တော့ လင်းပိုင်နှစ်ကောင်ဟာ အတူငါးဖမ်းကြမယ်လို့ သဘောတူတဲ့အနေနဲ့ ဆူးတောင်ကို ဝှေ့ယမ်းလိုက်ပါတယ်။
အဲ့ဒီနောက်မှာတော့ စက်ဝိုင်းခြမ်းလို ကူးရင်း စည်းဝိုင်းတခု စလုပ်ပါတယ်။ စည်းဝိုင်းအပြင်ဘက်ကို ပြန်ထွက်လိုက်၊ စက်ဝိုင်းထဲ ပြန်လာလိုက်နဲ့ အလုပ်တွေ ရှုပ်နေပါတော့တယ်။
ဒါဟာ ငါးတွေကို တံငါတွေရှိရာဖက်သို့ မောင်းရင်း တံငါတွေ ကွန်ပစ်ရလွယ်အောင် စုနေတာပါပဲ။ ဒီလိုကူးနေရင်းက စည်းဝိုင်း တဖြည်းဖြည်းကျဉ်းလိုက်ပြီး ငါးတွေကို ကျုံးသွင်းပါတော့တယ်။ ဒီအချိန်မှာ လင်းပိုင်တကောင်ဟာ စက်ဝိုင်းအပြင်ဘက်ကို မသိမသာလေး ထွက်ရင်း ဝန်းအပြင်ဘက်ကို ငါးတွေ လွတ်မထွက်အောင် စောင့်ပါတယ်။ စည်းဝိုင်း ကျဉ်းလာတာနဲ့အမျှ ငါးတွေ တစီစီ ပွက်နေတာကို အတိုင်းသား မြင်ရပါတယ်။ လှေပေါ်က တံငါသည်တွေကလည်း ပိုက်တွေပြင်ရင်း လင်းပိုင်တွေဆီက အချက်ပေးတာကို စောင့်နေကြတယ်။
မကြာခင်မှာပဲ စည်းဝိုင်းဝိုင်းနေတဲ့ လင်းပိုင်ဟာ သူ့ရဲ့ဆူးတောင်ကို ဘယ်ညာဝှေ့ယမ်းပြတာကို တွေ့လိုက်ရပါတယ်။ ဒါကတော့ ငါးတွေတော်တော်များများ သူ ကျုံးသွင်းပြီးပြီ၊ ဖမ်းလို့ရပြီဆိုတဲ့ အဓိပ္ပါယ်ပါ။ တံငါတွေကလည်း လှေနံကို အသာယာလေးခေါက်ပြီး “ကောင်းပြီ၊ ဒါဆို ကွန်နဲ့ပစ်တော့မယ်” လို့ အချက်ပြန်ပေးပါတယ်။
ဧရာဝတီလင်းပိုင်ဟာ ပွဲသိမ်းအနေနဲ့ စည်းဝိုင်းကို တချက်ပတ်လိုက်ပြီး ငါးအုပ်ကို တံငါလှေရှိရာသို့ မောင်းသွင်းလိုက်ပါတယ်။ တံငါဆီက ပိုက်ကွန်ဟာ ရေပြင်ကို အထိမှာတော့ လင်းပိုင်က သူကိုယ်တိုင် ပိုက်ကွန်မှာ မငြိမိအောင် ပါးပါးနပ်နပ် ရှောင်ထွက်ရင်း စည်းဝိုင်းအပြင်ကို လွတ်ထွက်သွားတဲ့ ငါးတွေကို လိုက်ဖမ်းစားတာကိုလည်း တွေ့ရပါတယ်။ ဒီလို လုပ်တာဟာ စုစုပေါင်း ကြာချိန် ၅ မိနစ်ကနေ ၈ မိနစ်ကျော်ကျော်လေးပဲ ရှိပါတယ်။
ငါးတွေပါလာတဲ့ ပိုက်ကို ဆွဲတင်ပြီးချိန်မှာတော့ လင်းပိုင်တွေဟာ တံငါလှေတွေနားမှာ ဝေ့လည်လည်လုပ်ရင်း ပိုက်ကနေ လွတ်ကျတဲ့ငါးတွေ၊ တံငါတွေ ရေထဲချပေးတဲ့ငါးတွေကို လိုက်စားကြပါသေးတယ်။
ပိုက်ထဲကငါးတွေကို လှေဝမ်းထဲထည့်ပြီး နောက်တခေါက်ပိုက်ပြန်ပစ်ဖို့ အဆင်သင့်ဖြစ်တဲ့အခါ တံငါတယောက်က လှေနံကို တတောက်တောက် ခေါက်ပြန်ပါတယ်။ ဒါကတော့ “နောက်တခေါက် ငါးတွေထပ်ဖမ်းဖို့ အဆင်သင့်ဖြစ်ပြီ” လို့ အချက်ပေးတာပါ။ ဒီအခါမှတော့ လင်းပိုင်လေးတွေဟာ တံငါတွေဆိုလိုတာကို အပြည့်အ၀ နားလည်တဲ့အလား အသံပြန်ပေးရင်း တကောင်နဲ့တကောင် ခွာလိုက်ပြီး ငါးတွေစုဖို့ လုပ်ငန်းတခေါက် ပြန်စပြန်ပါတယ်။
တံငါလှေတွေမှာ ငါးအလုံအလောက်ရပြီဆိုရင် တံငါတွေဆီက အချက်ပေးတာ ရပ်လိုက်တော့တယ်။
“တခါတလေကျတော့လည်း လင်းပိုင်တွေဟာ သူတို့ ဗိုက်ပြည့်ပြီဆိုရင် ဒီတိုင်းပဲ လျှောက်ကူးနေတော့တာ။ ဘယ်လောက် အချက်ပေးပေး ဂရုမစိုက်တော့ဘူး။ အသံပေးလိုက်၊ တခါတခါ ရေမှုတ်ထုတ်လိုက်နဲ့ နှုတ်ဆက်သလိုလို ဂရုမစိုက်သလိုလိုနဲ့ ကူးသွား၊ ငုပ်သွားရော” လို့ တံငါသည်တဦးက ပြောပါတယ်။
ဧရာဝတီ လင်းပိုင်တွေကို ဒီလို အချက်ပေး ခေါ်ပုံခေါ်နည်းများအား ကျောက်မြောင်းနဲ့ စဉ့်ကူတဝိုက်ရွာတွေက တံငါတွေဟာ သားစဉ်မြေးဆက် လက်ဆင့်ကမ်းပေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒီတံငါတွေဟာ သူတို့ရဲ့ မိတ်ဆွေဖြစ်တဲ့ ဧရာဝတီ လင်းပိုင်တွေရဲ့ ပုံစံအနေအထား၊ ငါးဖမ်းတဲ့အခါလုပ်တဲ့ အပြုအမူတွေအရ ချစ်စနိုး နာမည်တွေ ပေးထားတတ်ကြပါသေးတယ်။
အခု ပြောပြတဲ့ တံငါတွေနဲ့ ငါးအတူတူဖမ်းကြတဲ့ ဧရာဝတီလင်းပိုင်တွေရဲ့ ပုံရိပ်ကတော့ ၂၀၀၆ ခုနှစ်တုန်းက တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးပါ။ အခုအချိန်အထိလည်း ကျောက်မြောင်း၊ စဉ့်ကူဒေသက တံငါတွေနဲ့ ဧရာဝတီလင်းပိုင်တွေ ငါးအတူတူ ဖမ်းနေကြဆဲ၊ သဘာဝမြတ်နိုးတဲ့ နိုင်ငံခြားသား ခရီးသွားတွေ ဒီမြင်ကွင်းမျိုးကို စိတ်ဝင်တစားနဲ့ လာရောက်လေ့လာနေဆဲပါ။
ဒီ မျိုးသုဉ်းလုဖြစ်နေတဲ့ ဧရာဝတီ လင်းပိုင်တွေကို ကာကွယ်ဖို့ သူတို့ ကျက်စားလေ့ရှိတဲ့ ဧရာဝတီမြစ်ရဲ့ ကျောက်မြောင်းကနေ မင်းကွန်းအထိ အပိုင်းအခြားကို ဧရာဝတီလင်းပိုင် ကာကွယ်ရေးဇုန်အဖြစ် ၂၀၀၅ ခုနှစ်ကနေ စပြီး သတ်မှတ်ခဲ့ပါတယ်။
ဧရာဝတီလင်းပိုင်တွေအတွက် ကာကွယ်ရေးဇုန်လို့ သတ်မှတ်ထားတဲ့ ကျောက်မြောင်းကနေ မင်းကွန်းအထိ မြစ်ကြောင်းမှာ ဧရာဝတီလင်းပိုင်တွေကို ရောင်းဖို့လို့ ရည်ရွယ်ပြီးတော့ပဲဖြစ်ဖြစ် ဘာအကြောင်းကြောင့်နဲ့မှ မဖမ်းဖို့၊ မသတ်ဖို့၊ ဧရာဝတီလင်းပိုင် တကောင်လုံးကိုဖြစ်စေ၊ တစိတ်တဒေသကိုဖြစ်စေ ရောင်းဝယ်ဖောက်ကားတာတွေ မလုပ်ဖို့၊ လျှပ်စစ်တိုက်ပြီး ငါးဖမ်းတာတွေမလုပ်ဖို့၊ မျောပိုက်ချ ငါးဖမ်းတဲ့အခါ ပိုက်အရှည် ပေ ၃၀၀၊ ပိုက်အကျယ် ပေ ၆၀၀ ထက်ပိုတဲ့ မျောပိုက်တွေမသုံးဖို့၊ ပိုက်မှာ မတော်တဆမိနေတဲ့ လင်းပိုင်တွေကို ပြန်လွှတ်ပေးဖို့တွေကို နှိုးဆော် တားမြစ်ထားပါတယ်။
ဧရာဝတီမြစ်အထက်ပိုင်း ကမ်းနားတလျှောက်က ရွှေတူးလုပ်ငန်းတွေမှာ ရွှေသန့်စင်တဲ့အခါသုံးတဲ့ ပြဒါးဟာ မြစ်ရေထဲရောက်ရာကနေ ရေသတ္တဝါတွေ ပြဒါးဆိပ်သင့်မယ့် အန္တရာယ်တွေရှိတာကြောင့် ပြဒါးမသုံးဖို့၊ ပတ်ဝန်းကျင်နဲ့ သဘာဝကို မထိခိုက်နိုင်တဲ့နည်းတွေကိုပဲ အတတ်နိုင်ဆုံးသုံးဖို့ကိုလည်း တားမြစ်ထားပါတယ်။
ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေးကို အမေရိကန်နိုင်ငံအခြေစိုက် သဘာ၀ သားရဲတိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (WCS) နဲ့ ငါးလုပ်ငန်း ဦးစီးဌာနတို့က ပူးပေါင်းလုပ်ဆောင်နေတာပါ။
WCS ရဲ့ ပြောပြချက်အရ ကျောက်မြောင်းနဲ့ အနီးတဝိုက်မှာ ဧရာဝတီလင်းပိုင် ၈၆ ကောင်တွေ့ရပြီး အဲ့ဒီအထဲမှာ ဧရာဝတီလင်းပိုင်မိခင်နဲ့ သားပေါက်လေးတွေပါ ပါလို့ ဒီအကောင်လေးတွေ မျိုးသုဉ်းပျောက်ကွယ်မယ့်အရေးကနေ စိတ်အေးစရာတခုတော့ ဖြစ်တယ်လို့ ဆိုပါတယ်။
“လင်းပိုင်အမေနဲ့ ကလေးတွေကို တိုးတွေ့လာတော့ သူတို့အရေအတွက်ကို ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်ချက်တွေ ဖြစ်နိုင်ခြေတွေ အများကြီးရှိလာတယ်။ ပြည်သူတွေ၊ အထူးသဖြင့် ငါးဖမ်းသမားတွေ၊ ဒေသခံတွေ၊ မြစ်ကြောင်းမှာ အလုပ်လုပ်နေတဲ့ လုပ်ငန်းရှင်တွေကလည်း ပါဝင်ဖို့ လိုပါတယ်” လို့ ရန်ကုန်မြို့ WCS က ဌာနေကိုယ်စားလှယ် ဦးသန်းမြင့်က ဧရာဝတီကို ပြောပြပါတယ်။
၂၀၀၃ ခုနှစ်မတိုင်ခင်က ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ ဧရာဝတီလင်းပိုင် ၃၇ ကောင်ပဲ တွေ့ခဲ့ရာကနေ တဖြည်းဖြည်းနဲ့ ၅၈ ကောင်၊ အဲ့ဒီကနေမှ ၂၀၀၈ ခုနှစ် နှောင်းပိုင်းမှာ ၇၂ ကောင်အထိ တိုးလာတယ်လို့ ဆိုပါတယ်။ အခုလို အကောင်အရေအတွက် တိုးလာတာတွေ့ရပေမယ့် ဧရာဝတီလင်းပိုင်တွေဟာ ရေထဲ လျှပ်စစ်တိုက်ပြီး ငါးဖမ်းတာတွေ၊ မျောပိုက်တွေရဲ့ အန္တရာယ်၊ မြစ်အထက်ပိုင်းက ရွှေတူးဖော်လုပ်ငန်းတွေက စွန့်ပစ်ပစ္စည်းတွေရဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရဆဲပါပဲ။
ရွှေသန့်စင်တဲ့အခါ ပြဒါးသုံးတာတွေ လျော့နည်းသွားပေမယ့် ရွှေတူးလုပ်ငန်းတွေကြောင့် မြစ်ကမ်းတလျှောက် ကမ်းပါးတွေပြိုကျပျက်စီးတာ၊ လုပ်ငန်းခွင်အညစ်အကြေးတွေ မြစ်ထဲရောက်ပြီး မြစ်ကြောင်းတလျှောက်မှီခိုနေတဲ့ ဇီဝမျိုးကွဲတွေ၊ သဘာဝပတ်ဝန်းကျင်တွေ ယိုယွင်းပျက်စီးနေတာဟာလည်း ရေရှည်မှာ ရေသတ္တဝါတွေ ထိခိုက်လာမှာကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူတွေက စိုးရိမ်ပူပန်နေကြပါတယ်။
“ရွှေတူးတာ၊ ငါးဖမ်းတာတွေက သူတို့စီးပွားရေးဖြစ်နေတော့ ဒါကြီးကို လုံးဝမလုပ်နဲ့လို့တော့လည်း တားဖို့က မဖြစ်နိုင်ပြန်ဘူး။ ကျနော်တို့ဘက်ကလည်း ပညာပေးတာတွေ တားမြစ်တာတွေ လုပ်နေသလို သူတို့ဘက်ကလည်း ဒီအကောင်လေးတွေဟာ ထိန်းသိမ်းစောင့်ရှောက်ထိုက်တယ်၊ သူတို့နဲ့ အတူ ငါးဖမ်းကြတဲ့ ချစ်စရာကောင်းတဲ့ ဓလေ့ဟာ နိုင်ငံအတွက် ဂုဏ်ယူထိုက်တယ်၊ ဒါကို ကာကွယ်ထိုက်တယ် ဆိုတာ သူတို့စိတ်ထဲ သိထားပြီး နှစ်ဘက်လုံး အကျိုးရှိဖို့ ဝိုင်းဝန်းလုပ်ကြရင်တော့ အောင်မြင်မှုရမယ်လို့ ကျနော်တို့ မျှော်လင့်တယ်လေ” လို့ ဦးသန်းမြင့်က ပြောပါတယ်။
တဖက်မှာလည်း ဧရာဝတီလင်းပိုင်တွေကို လေ့လာတဲ့အခါ ဘယ်လိုချဉ်းကပ်ရမယ်၊ ဘာတွေ မလုပ်ရဘူး ဆိုတာကိုလည်း သတိပေးဖို့က လိုအပ်မှုတွေ ရှိနေပြန်ပါတယ်။
မြန်မာနိုင်ငံကို လာကြတဲ့ နိုင်ငံခြားသား ခရီးသွားတွေ တိုးလာတာနဲ့အမျှ ဧရာဝတီမြစ်ကြောင်းတလျှောက် စုန်ဆန်လေ့လာကြသူတွေ၊ ဧရာဝတီလင်းပိုင် စောင့်ကြည်ရေး သီးသန့်ခရီးစဉ်တွေအတွက် စုံစမ်းတာတွေဟာလည်း တနှစ်တခြား တိုးလာနေတယ်လို့ ရန်ကုန်က ခရီးသွား ကုမ္ပဏီတွေက ဆိုပါတယ်။
“ဧရာဝတီ လင်းပိုင်တွေနဲ့ ငါးဖမ်းတာကို မြင်နိုင်ဖို့ဆိုတာ တော်တော်ကို အချိန်ပေးရတာ။ စိတ်ရှည်ဖို့လည်း လိုတယ်။ တခါတလေ ငါးဖမ်းသမားတွေတောင်မှ သူတို့ကို မတွေ့နိုင်တာဆိုတော့ ညီမတို့အနေနဲ့ ဧည့်သည်ကို လင်းပိုင်တွေ မြင်ရမယ် မမြင်ရဘူးဆိုတာ အာမခံချက်မပေးနိုင်တာတောင် ဧည့်သည်တွေက စွန့်စားရေး ခရီးတခုအနေနဲ့ သိပ်သွားချင်ကြတာတွေ ရှိတယ်” လို့ ခရီးသွားကုမ္ပဏီတခုက တာဝန်ရှိသူတဦးက ပြောပါတယ်။
ဧရာဝတီလင်းပိုင်တွေဟာ အသံလှိုင်းနဲ့ တကောင်ကိုတကောင် ဆက်သွယ် သွားလာကြတာဖြစ်လို့ သူတို့ကို လေ့လာတဲ့အခါ အနှောင့်အယှက်ဖြစ်စေမယ့် အပြုအမူတွေ၊ အနှောင့်အယှက်ဖြစ်နိုင်တာတွေကို မပြုမူမိအောင် ကမ္ဘောဒီယားနိုင်ငံက ဧရာဝတီလင်းပိုင်တွေ စောင့်ရှောက်တာမျိုး ကိုယ့်နိုင်ငံ ရေမြေအခြေအနေနဲ့ ကိုက်ညီတာတွေကို လုပ်ဖို့ လိုနေတယ်လို့ ဧရာဝတီ လင်းပိုင်တွေကို အနီးကပ် လေ့လာခဲ့တဲ့ အဏ္ဏဝါဇီဝဗေဒပညာရှင် ဦးတင့်ထွန်းက ဆိုပါတယ်။
သူ သွားလေ့လာဖူးတဲ့ ကမ္ဘောဒီယားနိုင်ငံက ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေးဒေသတခုမှ လင်းပိုင်တွေကျက်စားတဲ့ အနီးအနားကို သွားမယ်ဆိုရင် စက်တပ်လှေတွေမသုံးဘဲ လှေ၊ လှော်တက်တွေနဲ့ပဲ အသာအယာ လှော်သွားပြီး ခပ်လှမ်းလှမ်းကနေပဲ ကြည့်ရတာတွေ၊ လင်းပိုင်တွေဆီကို အစားအသောက်၊ ပစ္စည်းတွေ ပစ်တာပြုတာတွေ မလုပ်ရဘူးလို့ ဆိုပါတယ်။
“လောလောဆယ်မှာတော့ ကျနော်တို့နိုင်ငံက အကောင်လေးတွေက သူများနိုင်ငံမှာလိုတော့ လူနဲ့ ထိတွေ့မှု သိပ်မရှိသေးဘူးပေါ့ဗျာ။ ဒါပေမယ့် ခရီးသွားတွေ ဖွံ့ဖြိုးလာမယ့် နောင်တချိန်ကျရင်တော့ ဒီကောင်လေးတွေဆီ လူတွေ လာကြတော့မယ်။ အဲ့ဒီအခါ ဘယ်လိုပုံစံ ချဉ်းကပ်တာက အကောင်းဆုံးဖြစ်မယ်၊ ဘယ်လိုပုံစံကတော့ သူတို့ကို အနှောင့်အယှက်ဖြစ်မယ်ဆိုတာကို သက်ဆိုင်ရာက လေ့လာမှုတွေလုပ်ပြီး ဆောင်ရန်ရှောင်ရန်တွေကို ထုတ်ပြန်ဖို့ ပြင်ဆင်ထားသင့်တယ်” လို့ ဦးတင့်ထွန်းက ဧရာဝတီကို ပြောပြပါတယ်။
မြန်မာ့ဧရာဝတီမြစ်ကြီးထဲက ဧရာဝတီ လင်းပိုင်တွေရဲ့ ထူးခြားတဲ့စရိုက်၊ တံငါတွေနဲ့ အတူငါးဖမ်းကြတဲ့ ဖြစ်စဉ်နဲ့ သူတို့ကို ထိထိရောက်ရောက် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ဖို့ သုတေသနလုပ် လေ့လာတာတွေလည်း ဆက်လုပ်ဖို့ လိုအပ်နေပြီး အထူးသဖြင့် နည်းပညာအထောက်အပံ့တွေ အများကြီး လိုနေသေးတယ်လို့ သူက ဆိုပါတယ်။
သူက “ဒီကောင်လေးတွေက မြစ်ကြောင်းတလျှောက် စုန်ဆန်နေတော့ သူတို့ကို ခြေရာခံဖို့က နည်းပညာ၊ စက်ပစ္စည်းလိုအပ်မှုတွေ အများကြီးရှိသေးတယ်ဗျ။ ပြီးတော့ ကျနော်တို့ တနိုင်ငံတည်းမှာပဲ ရှိတော့တဲ့ တံငါတွေနဲ့ အတူ ငါးဖမ်းကြတယ်ဆိုတာက ကျနော်တို့ မြင်ဖူးနေကြ ငါးမွေးကန်တွေက လင်းပိုင်တွေလို တကူးတက သင်ပေးထားတာမဟုတ်ဘဲ သူတို့ဘာသာ တတ်နေကြတာမှာ သူတို့တွေက တံငါတွေအချက်ပေးတာကို ဘယ်လိုများ နားလည်နေကြလဲဆိုတာ သိပ်စိတ်ဝင်စားဖို့ ကောင်းတယ်” လို့ ပြောပါတယ်။
သူက ဆက်ပြီးတော့ “ဒီကောင်လေးတွေရဲ့ ချစ်ဖို့ကောင်းတဲ့ ဒီဓလေ့ကို ထိန်းသိမ်းဖို့၊ ကျနော်တို့ နိုင်ငံရဲ့ မြစ်ကြီးကို အမှီပြုပြီးတော့ နာမည်ရထားတဲ့ မြန်မာတွေအဖို့ ဂုဏ်ယူထိုက်တဲ့ ဒီကောင်လေးတွေကို အားလုံးဝိုင်းပြီး ထိန်းသိမ်း ကာကွယ်ကြရအောင်လို့ တိုက်တွန်းချင်ပါတယ်ဗျာ” လို့ ဆိုပါတယ်။