ရှမ်းပြည် တောင်ပိုင်းသာ ဆိုရ၏၊ နေမင်းက ပူပြင်းလှ၏။ ပူအိုက်လှသည်မှာလည်း မြန်မာပြည် အလယ်ပိုင်းအတိုင်းပင် ဖြစ်၏။ ကျနော် ရောက်ရှိနေသော နေရာသည်ကားမြောက်ပိုင်း နမ့်ဆန်နှင့်တော့ မမှားစေချင်ပါ။ ဤ နမ့်စန်သည်ကား တောင်ပိုင်း နမ့်စန် လွယ်လင်ခရိုင်မှ ဖြစ်ပါသည်။ ကျိုင်းတုံမြို့သို့ သွားသော မော်တော်ကားလမ်းလည်း ဖြစ်ပါသည်။
တရုတ်ဖြူ ကျူးကျော်မှုကို ဗမာ့တပ်မတော်က ပထမအချီတိုက်ခိုက်ပြီးနောက် နှစ်ဘက်စလုံးက မိမိတပ်များကို ပြန်လည် ဆုတ်ကြပြီး ပြန်လည်ဖွဲ့စည်းနေသော အချိန်ကာလလည်း ဖြစ်ပါသည်။ တပ်များကို ပြန်လည်ဖွဲ့စည်းရာတွင် အရှေ့ဘက်ခြမ်း တရုတ်ဖြူတို့ကို တိုက်ခိုက်ရန်အတွက် သေနတ်ကိုင်တပ်ရင်း ၅ ၏ တပ်ရင်းမှူးအဖြစ် ပြောင်းရွှေ့ရပါသည်။ ကျနော်သည် အနောက်ဘက်ခြမ်း ရခိုင် စစ်မျက်နှာ ခ.လ.ရ. ၂၂ တပ်ရင်းမှူးအဖြစ်နှင့် မူဂျာဟစ်များကို နှိမ်နင်းနေစဉ် ထိုသို့ ပြောင်းရွှေ့ရခြင်း ဖြစ်ပါသည်။
ကျွန်တော်ကိုင်ရသော တပ်ရင်းမှာ – ကျွန်တော့်အဖို့ တပ်ရင်းအသစ်တော့ မဟုတ်ပါ။ ကျွန်တော်၏ မိခင်တပ်ရင်းလည်း ဖြစ်ပါ၏။ စစ်တပ်စကားတွင် မိခင်တပ်ရင်း ဟူသည်မှာ – မိမိ၏ နဂို မူလတပ်ရင်း ဟူ၍ ခေါ်ဝေါ် သုံးစွဲခြင်း ဖြစ်ပါသည်။ ဤတပ်ရင်းကို စဖွင့်စတွင် ကျွန်တော်တို့ ဗိုလ်တစုနှင့် ဖွင့်ကြသော တပ်ရင်း ဖြစ်ပါသည်။ တပ်၏အကြောင်းကို သိပြီး ဖြစ်သည်မို့ မည်သည့်ပြဿနာမျှ မပေါ်သော်လည်း တချိန်တခါမှ မရောက်ဖူး၊ မနေဖူးသော ရှမ်းပြည်နှင့် သူ၏ တောတောင်ဒေသ၊ အခြေအနေ၊ တကြိမ်တခါမှ မမြင်ဖူး၊ မတိုက်ဖူးသေးသော ရန်သူ တရုတ်ဖြူ နိုင်ငံခြားစစ်တပ်တို့မှာ ကျွန်တော့်အဖို့ အသစ်အဆန်း ဖြစ်နေပါ၏။ နယ်မြေအကြောင်း၊ ရန်သူ့အကြောင်းကိုတော့ ကျွန်တော်သည် အစမှနေပြီး အတော် လေ့လာရပေဦးမည်။ ထို့အပြင် ပထမအချီ တိုက်ပွဲတုန်းက နှစ်ဘက်တပ်များ၏ တိုက်ခိုက်ကြပုံတွေကိုလည်း သင်ခန်းစာအပြည့် ထုတ်နုတ်ရန်လည်း အရေးကြီးနေပါ၏။
နမ့်စန်သည် စစ်မြေပြင်ဇုံနယ်အတွင်းတွင် ရှိသော်လည်း နောက်တန်းအခြေစိုက်စခန်းသာ ဖြစ်ပြီး ရှေ့တန်းနှင့်ဆိုလျှင် မိုင် (၁၀၀) ကျော် ဝေးကွာလှ၏။ ဤအတွက် စစ်၏ ကြောင့်ကြမှုကို မတွေ့ရသော်လည်း စစ်မြေပြင်၏ ဒုက္ခ အဖုံဖုံ အရသာကိုတော့ မြည်းစမ်းနေရပါလေပြီ။ တပ်ပေါင်းစုံနှင့် ရှုပ်ထွေးပြီး ယာယီတဲတန်းလျားဝယ် စုပြုံနေရကာ တပ်ရိက္ခာမှအပ ဘာမှ ဝယ်စား၍ မရသည့်အတွက် နံနက် ပဲဟင်း၊ ည ငါးသေတ္တာ၊ နံနက် ငါးသေတ္တာ၊ ညပဲဟင်းနှင့်သာ လှည့်၍ စားနေရရှာ၏။ ရေကလည်း ရှားလှသည့်အတွက် ရွာ၏ တခုတည်းသော ရေချိုးရာ ချောင်းသို့ သွားရောက်ပြီး ရေချိုးကြရ၏။ ချောင်းမှာ ချောင်းငယ်တခုသာ ဖြစ်ပြီး ရေမှာလဲ နီကျင်ကျင် နောက်တောက်တောက်သာ ဖြစ်၏။
ဓာတ်မီးလည်း မရှိ။ ညဆိုလျှင် လက်ဆွဲမှန်အိမ်ထွန်းပြီး အလုပ် လုပ်စရာရှိက လုပ်ပြီး အလုပ်မရှိက ဝိုင်းဖွဲ့ စကားပြောတတ်ကြ၏။ စာဖတ်တတ်သောသူအဖို့ ဖယောင်းတိုင်မီး ခေါင်းရင်းတွင် ထွန်းပြီး စာဖတ်ကြ၏။ ဓာတ်ခဲဖြင့်ဖွင့်သော ရေဒီယိုလည်း မပေါ်သေးရာ ဤလိုနေရာမျိုး၌ တိုင်းပြည်နှင့်လည်းကောင်း၊ ကမ္ဘာနှင့်လည်းကောင်း အဆက်ပြတ်နေသလိုဖြစ်ပြီး အပျင်းပြေစေဖို့ ရေဒီယိုသီချင်းများလည်း မကြားရ။ တပ်ဖွဲ့များကို တပ်မတော် သက်သာချောင်ချိရေးအဖွဲ့က ဓာတ်စက် နှင့် ဓာတ်ပြားများ ဝယ်ပေးထားသောကြောင့် ပျင်းတိုင်း ဓာတ်စက်သာလျှင် ဖွင့်ကြတော့၏။ မေလှမြိုင်သည် ကျွန်တော်၏တပ်ရင်းတွင် “စတား” ဖြစ်နေရာ နံနက်အိပ်ရာထတိုင်း ရဲဘော်တို့သည် မေလှမြိုင်အချော့ဖြင့် အိပ်ရာထကြ၏။ မေလှမြိုင်အသံနှင့် ဟန်ကို ရဲဘော်တို့က သဘောကျကြ၏။ မေလှမြိုင်ဓာတ်ပြားမှာ ဘယ်တော့မှ မအားရပါချေ။
ကျွန်တော်သည် ဤတပ်ရင်းတွင် နေရာတကျ ဖြစ်လာပြီးနောက် ပထမဦးဆုံး ရန်သူဖြစ်သော တရုတ်ဖြူစစ်တပ်တို့၏အကြောင်းကို လေ့လာ၏။ ၎င်းတို့သည် တရုတ်ပြည်မှ ဆုတ်ခွာလာကြရသော ကွန်မင်တန်စစ်တပ်များ ဖြစ်၏။ တရုတ်နီအတက်တွင် ၎င်းတို့သည် တရုတ်ပြည်တွင်းတွင် ဆက်၍ မနေနိုင်သည့်အတွက် လွတ်မည်လွတ်ရာ ပြေးကြရာဝယ် ဒါးမရှိ၊ တံခါးမရှိ၊ ဟာလာဟင်းလင်း ပွင့်နေသော ပြည်ထောင်စုမြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာခြင်း ဖြစ်၏။
ထိုဒေသတဝိုက်သည်ကား တောင်ကလည်းများ၊ တောကလည်းထူ၊ လူသူကလည်း ပါး၊ ရှိသောသူများကလည်း ရိုးအ၊ ပြည်ထောင်စုမြန်မာတပ်ကလည်း မရှိ ဖြစ်နေရာ တရုတ်ဖြူတို့သည် ထင်သလို နေကြပြီးနောက် ဤနေရာတွင်ပင် အားမရဖြစ်လာကာ လူအပေါက်အရောက် နည်းသော နေရာက- တဖန် မြို့ကြီးပြကြီးဘက်ဆီသို့ ချဉ်းကပ်လာတော့၏။ နယ်အတော်များများကိုပင် သိမ်းပိုက်လာနိုင်ကြ၏။ ဤသို့သောအခြေရောက်မှပင် ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရ သိရှိလာ၏။ မျက်လုံးပြူးလာကြ၏။
ဗမာ့တပ်မတော်သည်လည်း ပြည်တွင်း ဆူပူမှု နှိမ်နင်းနေရသည့်ကြားမှ တရုတ်ဖြူ စစ်တပ် ကျူးကျော်မှုကို ဟန့်တားရ၏။ ထပ်ဆင့် တာဝန်ပေးလာတော့၏။ ပြည်တွင်း ဆူပူမှု နှိမ်နင်းရေးမှ တပ်အင်အားများကို ထုတ်နုတ်နိုင်သမျှ ထုတ်နုတ်ပြီး တရုတ်ဖြူ တိုက်ခိုက်ရေးအတွက် တပ်မဟာတခု ဖွဲ့လိုက်ပြီး ပို့လိုက်၏။
ရိက္ခာ၊ လက်နက်၊ စက်ပစ္စည်းများကိုလည်း ရှိစုမဲ့စု၊ မနေမနား အားသွန်ပို့ရတော့၏။ ဤသို့ တရုတ်ဖြူ တိုက်ရေးတွင် အားသွန်ခွန်စိုက်သော ဗမာ့တပ်မတော်ကို အနှောင့်အယှက်ပေးသည့်သဘောနှင့် ပြည်တွင်း ရောင်စုံ သောင်းကျန်းသူများတို့သည် မီးရထားလမ်းဖျက် တံတားချိုးနှင့် ချီတက်မှု နှေးကွေးအောင် တရုတ်ဖြူတို့ကို အလုပ်အကျွေး ပြုကြကုန်၏။
သုံးသောင်းမျှသော အင်အားဖြင့် ဝင်လာသော တရုတ်ဖြူတပ်များကို အခြားနိုင်ငံမျိုးသာ ဆိုပါက တပ်မတော်အင်အား သိန်းဂဏန်းတခုလောက် (သို့) အနည်းဆုံး ဒီဝီဇံ (တပ်မ) အင်အား သောင်းဂဏန်းတခုလောက်တော့ လက်မနှေး အသုံးပြုကြမည် ဖြစ်သော်လည်း ကျွန်တော်တို့ တိုင်းပြည်၌မူ တပ်မဟာ (ဘရိဂိတ်) အင်အားစု ထောင်လောက်နှင့် နည်းနည်းနှင့်ကျဲကျဲ ဝိုင်းနေရတော့၏။
တပ်မဟာတခုတွင် တပ်ရင်း ၃ ရင်းသာ ရှိရာ တပ်မကြီးလိုက်ရှိနေသာ တရုတ်ဖြူစစ်တပ်ကို ရင်ဆိုင်ရေးမှာ လွယ်ကူသောကိစ္စ မဟုတ်ပါချေ။ ဤ မလွယ်ကူသောကိစ္စကိုပင် ဗမာ့တပ်မတော်က ရင်ဆိုင်လိုက်၏။ ဗမာနှင့်တရုတ်ဖြူ ပထမအချီ ရင်ဆိုင်တိုက်ခိုက်ကြတော့၏။ တရုတ်တို့ နာသောနေရာတွင် ရှိသလို မြန်မာတို့နာသောနေရာလည်း ရှိခဲ့၏။ နှစ်ဘက်သော အင်အားများ နဖူးတွေ့ ဒူးတွေ့ တွေ့ကြတော့မှ တဦးအကြောင်း တဦးက အနည်းငယ် သဘောပေါက်လာကြတော့၏။ မြန်မာတို့၏စိတ်ဓါတ်၊ သတ္တိ၊ အလျှော့မပေးလိုသော စိတ်ထားကို တရုတ်တို့ သိသွားကြသလို တရုတ်တို့၏ ဒုက္ခဆင်းရဲခံမှု၊ လက်နက်သာလွန်ကောင်းမှု၊ အင်အား ဆထက်လွန်ကြီးမားမှုကို မြန်မာတို့ သိသွားကြကုန်၏။
စက်သေနတ်ချင်း တူလျှင် တရုတ်စက်သေနတ် ပစ်ခတ်မှုသည် မြန်မာတပ်ထံသို့ ရောက်ပြီး မြန်မာတို့၏ စက်သေနတ် ပစ်ခတ်မှုသည် တရုတ်ထံ မရောက်၊ တရုတ်စိန်ပြောင်းသည် မြန်မာစိန်ပြောင်းထက် အဝေးပြေး၏။ တရုတ်လက်နက်များသာ မြန်မာတို့အပေါ်တွင် လွှမ်းမိုးမှု ပြုထားနိုင်၏။ မြန်မာတို့၏ လက်နက်ကား တရုတ်ဖြူ စစ်တပ်အပေါ် မလွှမ်းမိုးနိုင်ပြီ။ နောက် တရုတ်တို့သည် အဝတ်တထည် ကိုယ်တခုသာ ရှိပြီး စောင်တဘက် တထည် ပခုံးသိုင်း၊ ခါဆံတို ထောင်းပြီး အိတ်ရှည်လေးတွင် ထည့်၊ ခါတောင်ကလေးစား ရေသောက်သွားခြင်းဖြင့် နေသွားနိုင်ကြသော်လည်း ဗမာ့တပ်မတော်သည်ကား တရုတ်ဖြူလောက် ဒုက္ခ မခံနိုင်ကြ။ အနည်းဆုံးတော့ ချက်ပြုတ်ပြီးအစားအစာ စားရမှ ဖြစ်နေ၏။
တရုတ်ဖြူတပ်များသည် လှုပ်ရှားမှုတွင် ပေါ့ပါးလှ၏။ နောက်ပိုင်းဖြစ်သော အုပ်ချုပ်မှုပိုင်းကို လျော့နိုင်သမျှ၊ ပေါ့နိုင်သမျှ စီစဉ်ထားကြမှုကြောင့် ဗြုန်းဒိုင်း ထသွားနိုင်၏။ ချီတက်ရေးနှုန်းမှာလည်း ပိုမြန်၏။ ပိုဝေး၏။ ဗမာ့တပ်မတော်သည်ကား တောတောင်နှင့် ကိုက်ညီမှုရှိအောင် ပြင်ဆင်ထားရမှု မရှိသည့်အတွက် နောက်ဆံတင်းပြီး ချီတက်မှု၌လည်း လေးကန်လှ၏။
တိုက်ရမည့်ရန်သူ၏အကြောင်း၊ တွေ့ကြုံရမည့် ရာသီဥတု နှင့် မြေအနေအထားကို လေ့လာထားပြီး ကြိုတင်လေ့ကျင့်ထားရမှု မရှိဘဲ နဖူးတွေ့၊ ဒူးတွေ့ တွေ့ကြရပြီး ဖြစ်သလို တိုက်သွားကြရသည်နှင့် တူလှပေ၏။
ကျွန်တော်လည်း တရုတ်ဖြူ စစ်မျက်နှာ နယ်မြေရောက်မှ အင်္ဂလိပ်စစ်ဦးစီးတက္ကသိုလ်က သင်ကြားထုတ်နုတ်သော တောတောင်တိုက်ပွဲ၊ စစ်ပညာစာစောင်များကို အရေးတကြီး ရှာဖွေဖတ်ရ၏။ ဖတ်လိုက်သမျှတို့သည် ကျွန်တော်တို့ သိနေသော နေ့စဉ်လုပ်နေကြသော လုပ်ငန်းများကိုသာ တွေ့ရ၏။ သူ့စာစောင်များကို အထင်တကြီးနှင့် ဖတ်လိုက်ခါမှ မိမိကိုယ်ကို ပိုပြီး အထင်ကြီးလာရ၏။ ကျွန်တော်တို့ တိုင်းပြည်သည် တောတောင် ထူပြောသော တိုင်းပြည်ဖြစ်၏။ ထိုတောတောင်အတွင်းတွင် ကြီးပြင်းလာရ၏။ ငယ်စဉ်ကပင် တောတောင်များနှင့် ထိတွေ့လာရ၏။ စစ်တပ်တွင်း၌လည်း တောတောင်တဝိုက်၌သာ လှည့်လည် တိုက်ခိုက်နေကြရ၏။ တောတောင်နှင့် ပတ်သက်၍ အလိုအလျောက် အသိဉာဏ် ရှိနေ၏။ ထမင်းစား ရေသောက်သည့်ပမာ အလိုအလျောက် မသင်ကြားရဘဲ လုပ်ကိုင် သွားလာတတ်၏။ ပြင်ဆင်လာတတ်၏။ နေထိုင်သွားတတ်၏။ တောတောင်အတွင်း ရေရှာတတ်၏။ သစ်ဥ၊ သစ်ဖုများကို ရှာဖွေ စားသောက်နိုင်၏။ စားအပ်၊ မစားအပ်သည်ကိုလည်း အနံ့အရသာအရ ခံယူတတ်စွမ်းလည်း ရှိ၏။
သို့သော် ကျွန်တော်တို့၏ အသိဉာဏ်သည် စာပေထက်တွင် မသင်ထား။ လူတကိုယ် သူ၏ ဦးနှောက်အတွင်း၌သာ ထား၏။ သူသေသွားလျှင် သူ့အသိသည် သူနှင့် ပါသွားပြီ။ နောက်ပေါက်သောသူသည် သူ့အတွေ့အကြုံနှင့် သူ့အသိဉာဏ် ထပ်မံ ရှိလာရ၏။ ယခုသော်ကား တောထူထူ တောင်ထပ်ထပ်နှင့် ဝေးကွာပြီးရှိသူ တပါးသော တိုင်းသား၊ မြို့ကြီးသားများက တောတောင် အကြောင်း လေ့လာထားပြီး ပြန်လည် ဆရာလုပ်လိုကြသည်ကို ကျွန်တော်တို့ကလည်း ရောယောင်ပြီး တပည့်ခံ ပြန်သင်ကြားနေရပါလေ၏။ တောနေတောင်သူလယ်သမားများကို စပါး မစိုက်တတ်သူ၊ မြို့ကြီးသားများ စိုက်ပျိုးရေး အရာရှိတဦးက စပါးစိုက်ပျိုးပုံအကြောင်း ဆရာလုပ် ညွှန်ကြားနေသည်နှင့် တူနေတော့၏။ ထိုစိုက်ပျိုးရေးအရာရှိသည် သူကိုယ်တိုင် လယ်တကွက်ကို မစိုက်နိုင်ခါမှ ရှိရော၊ သူသင်ကြားခဲ့သော သုတေသန လုပ်ခဲ့သော၊ အတွေ့အကြုံ စာတွေ့ဗဟုသုတကိုကား လယ်လုပ်သူ တောင်သူ လယ်သမားထက်တော့ သာလွန်ကြောင်းကိုတော့ မငြင်းနိုင်ကြသလို စာပေထက်တွင် မတင်ထားသော ကျနော်တို့လည်း အင်္ဂလိပ်တို့၏ တောတောင် တိုက်ပွဲအကြောင်းကို ပြန်၍ လေ့လာ ဖတ်ရှုနေရလေပြီ။
တရုတ်ဖြူစစ်တပ်ကို ဗမာ့တပ်မတော်သည် မိမိတို့အတွေ့အကြုံအရနှင့် ရင်ဆိုင်နေလိုက်ကြပြီးဖြစ်ပါသည်။ စစ်တပ်ကြီး နှစ်တပ်၊ တဘက်နှင့်တဘက် တိုက်ခိုက်ရေးအတွက် ရင်ဆိုင်ကြရာဝယ် တပ်ကိုဖြန့်လိုက်လျှင် တပ်မ (ဒီဝီဇံ) သည် ၁၆ မိုင်၊ ၁၇ မိုင်လောက် ဖြန့်ကြပြီး တပ်မဟာ (ဘရီဂိတ်) ၏ စစ်မျက်နှာသည် ကိုက် ၂၀၀၀ မျှ၊ တပ်ရင်းစစ်မျက်နှာသည် ကိုက် ၈၀၀ မျှ၊ တပ်ခွဲစစ်မျက်နှာသည် ကိုက် ၃၀၀ မျှ အကြမ်းသဘော ရှိကြ၏။
ဒုတိယကမ္ဘာစစ်ကြီးတွင် ဂျာမန်စစ်တပ်ကို တွန်းလှန်ရေးအတွက် အင်္ဂလန်ကျွန်း ကာကွယ်ရေးတွင် အင်္ဂလိပ်စစ်တပ်တို့သည် ဒုဖြင့် ခုခံရေးအတွက် တပ်မတခု၏ ထိန်းရမည့် နယ်မြေ အကျယ်အဝန်းသည် ၄၅ မိုင်အထိ ထားရှိကြရာ နယ်မြေ ခုခံ ကာကွယ်ရေးအတွက် တပ်ရင်းတရင်းလျှင် အကြမ်းအားဖြင့် ၅ မိုင်မှ ၁၀ မိုင်အတွင်း၌သာ ရှိကြပါသော်လည်း ကျွန်တော်တို့မှာမူ ကိုယ့်ဝန် ကိုယ့်အားနှင့်မို့ တပ်ရင်းတရင်းလျှင် နယ်မြေ ဧရိယာအလိုက် မခွဲခြားနိုင်ဘဲ နယ်မြေအနေအထားအရ ထွက်လမ်းဝင်လမ်းကိုသာ ကြည့်ပြီး တပ်ရင်းကို တာဝန်ပေးရမှုကြောင့် တပ်ရင်း ၁ ရင်းသည် မိုင် ၅၀ မှ မိုင် ၁၀၀ ပတ်ဝန်းကျင်ကို ထိန်းနေသော အခြေသို့ ရှိနေ၏။ ဤအနေအထားအရ နယ်မြေကိုတော့ မကာကွယ်နိုင်၊ ရန်သူ့သတင်းကိုသာ စုံစမ်းပြီး ရန်သူကို ရှာဖွေ တိုက်ခိုက်ရသော ခံစစ်ရှင် တိုက်စစ်ရှင် သဘောနှင့်သာ အားသွန်ထားသည်ကို တွေ့ရ၏။ သူ့အင်အားနှင့်သူ ချမှတ်သော နည်းလမ်းသည် ကိုက်ညီသည်ဟု ဆိုရပေမည်။
နယ်မြေလူထုသည် နိုးကြားတက်ကြွသောသူများ မဟုတ်သည့်အတွက် သူတို့သည် ကြားနေသဘော ဖြစ်နေ၍ နှစ်ဘက်စလုံးအဖို့ သူ့ကြားနေစိတ်ထားကို မိမိတို့အတွက် လှည့်၍ အသုံးပြုရပေ၏။
ထို့အတူပင် တောထူထူ၊ တောင်ထပ်ထပ်သည် ကြားနေပင် ဖြစ်ကြောင်း ဒုတိယကမ္ဘာစစ်ကြီးတွင် မလေးရှားပြည်၌ တာဝန်ယူရပြီး ဂျပန်တိုက်စစ် သုံ့ပန်းဖြစ်သွားခဲ့ရသော စစ်သေနာပတိဖြစ်သူ အင်္ဂလိပ် ဗိုလ်ချုပ်ကြီး မစ်ဝဲလ်သည် “Jungle is neutral” ဟူ၍ ဒုတိယကမ္ဘာစစ်ကြီး အပြီးတွင် စာအုပ် ထုတ်ပြီး သူ မလေးရှားတွင် ရှုံးရသည်ကို ကာကွယ် ရေးသားသွားသည်ကို ဖတ်ဖူး၏။ သူ့အမြင်၌ တောသည် မိမိဘက်က မလိုက်၊ “ကြား” နေကြောင်း သဘောကို ဖော်ထား၏။ အမှန်စင်စစ် တောထူထူ၊ တောင်ထပ်ထပ်သည် “ကြား”တော့ မနေပါ။ သူ့တွင် မျက်ကွယ် နှင့် ကျည်ကွယ် အစွမ်းသတ္တိရှိ၏။ မျက်ကွယ် နှင့် ကျည်ကွယ် ဟူသော စစ်စကားမှာ မျက်စိနှင့်မြင်ခြင်း (ဝါ) မြင်ခြင်း နှင့် ကျည်ကို အကာအကွယ် ပြု၏ (ဝါ) ကျည်ဆံ မထိုးဖောက်နိုင်ခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ သူ့ကို အားကိုးသူ၊ သူ့ကို မြတ်နိုးသူကို သူသည် ဘက်လိုက်တတ်သည်ဟု ဆိုချင်ပါ၏။ ဒုတိယကမ္ဘာစစ်ကြီးတွင် ဂျပန်တို့သည် မလေးရှားစစ်မျက်နှာတွင် လည်းကောင်း၊ မြန်မာပြည်စစ်မျက်နှာတွင် လည်းကောင်း တောတောင်ကို ကျွမ်းကျင်စွာ အသုံးပြုပြီး အင်္ဂလိပ်တို့ကို မြေပြင်မှ မောင်းထုတ်နိုင်ခဲ့ကြသည် မဟုတ်ပါလား။
ယခုသည်လည်း တရုတ်ဖြူနှင့် ဗမာ့တပ်မတော်တို့သည် တောထူထူ၊ တောင်ထပ်ထပ်တွင် တွေ့ကြရပါပြီ။ သူ့ကို ပိုအားကိုးသူ ပို၍ မြတ်နိုးသူကိုတော့ သူ တိမ်းညွတ်ပေမည်ပဲ။ နှစ်ဘက်စလုံးကတော့ သူ့ကို အားကိုးခြင်းတော့ တူနေ၏။ သို့သော် တရုတ်ဖြူတို့က အိုးအိမ်ထူပြီးနေ၏။ မြန်မာတို့ကတော့ တောစွန့်ပြီး မြို့တက်သွားသောသူလို ကိုယ့်တောကိုယ့်ရွာဖြစ်သော်လည်း အနေဝေးပြီး ပြန်လာတော့ ဧည့်သည်လို ဖြစ်နေရတော့၏။ ဤအတွက်ကြောင့် နေထိုင်ရင်းရှိသူ တရုတ်ဖြူတပ်တို့က ပိုပြီး နယ်မြေ ကျွမ်းနေသယောင်ယောင်တော့ ဖြစ်နေ၏။
(“ဒီလိုမှန်းသိရင် အပိုင်း ၂” ကို ဆက်လက် ဖော်ပြပါမည်)
ဗိုလ်မှူးကြီးဟောင်း လွန်းတင် (ဗိုလ်ဟင်္သာ) သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဝါရင့်ခေါင်းဆောင်ဟောင်း တဦးဖြစ်သည်။ ၁၉၅၂ – ၅၃ ခုနှစ် တရုတ်ဖြူနှင့် ရင်ဆိုင်ရစဉ်က ကြုံတွေ့ရသည့် အခြေအနေများကို တင်ဆက်ခဲ့ခြင်း ဖြစ်သည်။