ကျနော်တို့ တပ်ရင်းသည် ရှေ့တန်းတနေရာ သံလွင်မြစ် အရှေ့ဘက် ကမ်းဆီသို့ ရွှေ့ပြီး နေရာယူရန် ဖြစ်လာ၏။ မိုင် ၁၀၀ ကျော် ဝေးကွာသော နေရာသို့ တပ်ရင်းတခုလုံး ရွှေ့ပြောင်းရေးသည် မြေပြန့်တွင် ဘာမှ အခက်အခဲ မရှိသော်လည်း ဤနေရာမျိုးတွင်ကား အခက်အခဲပေါင်းစုံ တွေ့ရလေ၏။ ကားများ မလုံလောက်မှု၊ လမ်းခရီး မသာယာမှု၊ ကြားစခန်းချရမည့် ဒေသ နေရာထိုင်ခင်းနှင့် အဆိုးရွားဆုံးမှာ သံလွင်မြစ်ကို ဖြတ်ကျော်ရေးပင် ဖြစ်တော့၏။
တပ်ရင်းတရင်းလုံး ရွှေ့ပြောင်းရန် ကားကိုမဆိုထားဘိ တပ်ခွဲတခွဲစာလောက် သယ်ယူပို့ဆောင်ရေးကားပင် မလုံမလောက်ဖြစ်နေ၏။ အရပ်ကားများပါ အကူအညီ ရယူလိုက်၏။ သို့အတွက် တပ်ခွဲအလိုက် ရွှေ့ပြောင်းရေးမူကိုပင် ကျနော်တို့ ရေးဆွဲရ၏။ တခွဲ ရွှေ့ပြီးမှ တခွဲ လိုက်ရခြင်းကြောင့် တပ်ရွှေ့ပြောင်းမှုသည် ရက်ပေါင်း အတော် ယူရ၏။ သံလွင်မြစ်ကူးဖို့ကတော့ ကူးတို့ပေါ်မှာ ကားတစီး နှစ်စီးကိုသာ တခါတခါသာလျှင် သယ်ပေးနိုင်၏။ ၎င်းပေါ်မှ စက်သီးကို အားကိုးပြီး သံလွင်မြစ်ရေစီးအားဖြင့် သွားသော ကူးတို့ဖောင် ဖြစ်ခြင်းကြောင့် ကားမှာ နှစ်ဘက်ထိပ်သို့ ရောက်လာသော အင်အားကို သူ့တာဝန်ကျေ မထမ်းဆောင်ပေးနိုင်ပါချေ။ ကားများသည် ရက်နှင့်ချီပြီး ကိုယ့်အလှည့် သူ့အလှည့် စောင့်နေရ၏။ (ယခုကတော့ ကြိုးတံတား ဆောက်လုပ်နေချေပြီ) ဤလို အခါမျိုး၌သာ အခြေအနေဆိုးနှင့် ရင်ဆိုင်ရသော ဤတာကောကူးတို့ဆိပ်၌ အခြေအနေ အဆိုးဆုံးဖြစ်ပေသည်မှာ မလွဲပေ။ ကူးတို့ကြောင့်ပင် တပ်များ ချီတက်ရေးနှုန်းထားမှာ အတော်နှေးလှပါ၏။
သို့သော် တွေ့ရမည့် ဒုက္ခအဖုံဖုံ အခက်အခဲအမျိုးမျိုးကို ဖြေရှင်းပြီး တပ်ခွဲလိုက် ရွှေ့နေကြပါ၏။
ဤအချိန်အခါတွင် မေမြို့ရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်ရင်းမှူးများ အစည်းအဝေးပွဲ တက်ရောက်ရန် ခေါ်သော ကြေးနန်းစာ ရောက်လာ၏။ ရွှေ့ပြောင်းရေးကို ဒုတပ်ရှင်းမှူးနှင့် လွှဲအပ်ပြီး ကျနော်သည် သီပေါ ဂုတ်ထိပ်ဘက်လမ်းအတိုင်း မေမြို့သို့ ထွက်ခွာသွား၏။ နံနက်စောစောက နမ့်စန်စခန်းမှ ထွက်လာခဲ့ရာတွင် သီပေါမြို့တွင် နံနက်စာ ဆိုင်တွင် ဝင်စားပြီး ညနေပိုင်းတွင် မေမြို့သို့ ရောက်သွားကြ၏။ မေမြို့သို့ ရောက်သည့်အခါ တိုင်းစစ်ဌာနချုပ်က သတ်မှတ်ထားသည့် ဧည့်ရိပ်သာတွင် တည်းခိုပြီး နောက်နေ့တွင် တိုင်းစစ်ဌာနချုပ် အစည်းအဝေးပွဲ စပါလေ၏။
စည်းဝေးပွဲတွင် မပြေလည်သော တပ်တွင်းပြဿနာများကို ဖြေရှင်းကြ၏။ တရုတ်ဖြူ တိုက်ခိုက်ရေးအတွက် တပ်များ ဖွဲ့စည်းပြင်ဆင်မှု၊ ပစ္စည်း လုံလောက်အောင် ဖြည့်စွက်ချက် အခန်းများကို ဆွေးနွေးကြ၏။ တနေ့လုံး အချိန်ယူသော ဆွေးနွေးပွဲဝင် နံနက်စာ စားပြီးနောက် ညနေ စည်းဝေးပွဲ စ ရာတွင် တရုတ်ဖြူတိုက်ခိုက်ရေး အတွေ့အကြုံ ဟောပြောပွဲ နှင့် လေ့လာခြင်း ပြုကြမည် ဖြစ်သည့် အတွက် စည်းဝေးခန်းမရှေ့တည့်တည့်တွင် မြေပုံကြီး တချပ်ကို ထူးထူးခြားခြားလည်း ချိတ်ထား၏။ ဘေးတွင် ထောက်ပြရန် တုတ်ရှည်တချောင်းလည်း ထောင်ထား၏။ တရုတ်ဖြူ စစ်မျက်နှာတွင် အနေကြာပြီး မကြာ သူလည်း တရုတ်ဖြူတို့နှင့် ထိတွေ့မှု များသော တပ်ရင်းတရင်းမှ တပ်ရင်းမှူးတဦးက ရှင်းပြမည်လည်း ဖြစ်ပါသည်။ ထိုတပ်ရင်းမှူးသည် တောင်ပေါ်သား ပြည်ထောင်စု မြန်မာ တိုင်းရင်းသားတဦးလည်း ဖြစ်ပါသည်။
သူသည် သူ့တပ်၏ အတွေ့အကြုံကို တခြား တပ်ရင်းမှူးများရှေ့တွင် ဖော်ထုတ်ခွင့်ရသည့်အတွက် ဂုဏ်ယူစရာလည်း ဖြစ်နေပါ၏။ ကျနော်တို့ကလည်း ဤတိုက်ပွဲမှ ဘာအတွေ့အကြုံများ ရပါ့မလဲ ဟု စိတ်စောပြီး အထူး အာရုံစိုက် နားထောင်၏။
ထိုတပ်ရင်းမှူးသည် မြေပုံကို ကိုင်ပြသော တုတ်ကို ကိုင်ပြီး မြေပုံပေါ်တွင် ထောက်ကာ မြေအခြေအနေ၊ တောင်ကုန်း နေရာ အနေအထားအပြင် မိမိဘက် အခြေအနေ၊ ရန်သူဘက်အခြေအနေတို့ကို ရှင်းပြ၏။ ဤအထိတော့ လုပ်ရိုးလုပ်စဉ်၊ ပြောရိုးပြောစဉ်များ ဖြစ်သည့်အတွက် ကျနော်တို့သည် သိပ် အာရုံမထား၊ နောက်ဆုံးအဆင့်ဖြစ်သော တိုက်ပွဲအခြေအနေကိုသာ သိလိုကြ၏။ အခြေအနေကတော့ ရန်သူကို လိုက်လံ ရှာဖွေ တိုက်ခိုက်သော ဤတပ်ရင်းသည် မမျှော်လင့်သော နေရာတွင် မမျှော်မှန်းနိုင်သော တရုတ်ဖြူတပ်ကြီးတတပ်နှင့် တောထူထူ တောင်ထပ်ထပ်တွင် တွေ့ကြုံမိသော တိုက်ပွဲပုံစံ ဖြစ်၏။ သို့သော် တရုတ်ဖြူတို့က ဘုရားဖြူဖြူတောင်ထိပ်ကို ရထားပြီး ဗမာ့တပ်မတော်မှတပ်ရင်းသည် ဘုရားဖြူတောင်ခြေရင်းမှနေပြီး တိုက်ရသော တောင်ပေါ်နှင့်တောင်အောက် တိုက်ပွဲကြီး ဖြစ်ပါသည်။
သူ့စကားအရ “ကျနော်တို့ ရှေ့ပေးတပ်ခွဲနှင့် တိုးမိတယ် ဆိုရင်ပဲ သေနတ်သံတွေဟာ ဝုန်းဒိုင်းနဲ့ ထွက်ကုန်ကြတာပဲ။ ကျနော်လည်း ရှေ့တက်ပြီး ကြည့်လိုက်တော့ တရုတ်တွေက တောင်ပေါ်က ၊ ကျနော်တို့ တပ်က တောင်အောက်က၊ တရုတ်တွေက တောင်ပေါ်က ဒက်၊ ဒက်၊ ဒက်နဲ့။ ကျနော်တို့တပ်ကလည်း အောက်ကနေပြီး ဒိုင်း၊ ဒိုင်း၊ ဒိုင်းနဲ့ ဖြစ်နေကြတယ်။ တပ်ခွဲ တခွဲနဲ့ ဆိုရင် တရုတ်ပစ်ခတ်တာက သိပ်ပြင်းထန်နေတော့ ကျနော်တို့ဘက်က အကူ တိုက်ပေးဖို့ လိုလာတယ်။ ဒါနဲ့ ဒုတိယတပ်ခွဲကို ထပ်ပြီး တင်လိုက်တယ်။
ဒီတပ်ခွဲလည်း ပထမတပ်ခွဲလိုပဲ တောင်ခြေကနေပြီး မတက်နိုင်ဘဲဖြစ်နေတယ်။ တရုတ်တွေကလည်း ဒက်၊ ဒက်၊ ကျနော်တို့ကလည်း ဒိုင်းဒိုင်း နဲ့ တိုက်ပွဲဟာ အတော် ပြင်းထန်နေတယ်။ ဒီအချိန်ထိမှာ ကျနော့်ဘက်က ၆ ယောက်လောက် ကျပြီး ၁၃ ယောက်လောက် ဒဏ်ရာ ရတယ်။ ဒဏ်ရာရသူနဲ့ သေသူကို သယ်ဖို့ ဒီတပ်ခွဲတွေဆီ ဆေးမှူး၊ ဆရာဝန် နဲ့ ဆေးတပ်သားတွေကို လွှတ်လိုက်တယ်။ ဆေးမှူးနဲ့ သူ့အဖွဲ့တွေဟာ ကျည်ဆံတွေကြားက လေးဘက်ထောက်ပြီး သွားနေရတယ်။ သေသူတွေ၊ ဒဏ်ရာရသူတွေကို ကျည်ဆံတွေကြားကပဲ သူနာပြုစင်နဲ့ ဆွဲထုတ်လာကြရတယ်။
တပ်ရင်းတခုလုံးဟာ တိုက်ပွဲအတွင်းမှာ ကျရောက်နေပြီး ခရီးသွား ထိုးဖောက် ချီတက်နိုင်တော့ နောက်ပိုင်း စိတ်ချလုံခြုံရာရယ်လို့ မရှိနိုင်တဲ့အတွက် တိုက်ပွဲနေရာမှာပဲ ဒဏ်ရာရသူများကို ကုသရတယ်။ သေနတ်သံ၊ စိန်ပြောင်းသံတွေ ဆူညံနေတဲ့ကြားက ဆရာဝန်ဟာ အရေးပေါ် ကုသမှုကို ခေါင်းအေးအေးထားပြီး သူ့တာဝန်ကို မလစ်ဟင်းရအောင် လုပ်ဆောင်တာကို တွေ့ရပါတယ်။ ဒဏ်ရာရသူတွေကို ချက်ချင်း ဆေးရုံပို့နိုင်မှာ မဟုတ်လို့ ဆရာဝန်ဟာ လိုအပ်တဲ့ လုပ်ဆောင်ချက်တွေကို တတ်နိုင်သလောက် လုပ်ပေးရတယ်။
တရုတ်ဖြူတွေဟာ ပစ်အားကို ဖိသုံးတယ်။ သူတို့စိန်ပြောင်းကျည်တွေဟာ ကျနော်တို့နောက်မှာ တဝုန်းဝုန်းနဲ့ ကျပြီး ပေါက်ကွဲနေတယ်။ မြေကြီးတွေလည်း တုန်တုန်ပြီး ခါနေတော့တယ်။ ကျနော်တို့ဘက်ကလည်း ကိုယ့်တပ်အပေါ် ကျမှာ စိုးလို့ ကျော်ပြီး ပစ်ရလို့ ကျည်ဆံတွေက တရုတ်တပ်တွေရဲ့ နောက်ပိုင်းမှာ ကျတယ်။ တိုက်ပွဲဟာ အတော်လေး ကြာသွားသော်လည်း တပ်က ရှေ့မတိုးနိုင်ဖြစ်နေလို့ တတိယတပ်ခွဲကို ညာဘက်ပတ်တက်စေပြီး တိုက်စေတယ်။ ဒီနေရာမှာလည်း တရုတ်ဖြူတွေက အပြင်းအထန် ပစ်ခတ်တယ်။ တောင်ပေါ်က သူတို့က ဒက် ဒက် နဲ့ တောင်အောက်က ကျနော်တို့က ဒုန်းဒုန်းနဲ့ပဲ ဖြစ်နေတယ်။ မတက်နိုင်ဘူး။ ညာဘက်တောင်ပံက တက်မရတော့ စတုတ္ထတပ်ခွဲကို လက်ဝဲဘက်က တက်ဖို့ ကြိုးစားစေတယ်။ တောင်က မတ်စောက်နေတော့ မရပြန်ဖြစ်နေတယ်။ တရုတ်တွေကလည်း ဒက်ဒက်နဲ့ ကျနော်တို့ကလည်း ဒုန်းဒုန်းနဲ့ ဖြစ်နေတုန်းပဲ။ ရဲဘော်တို့ဟာ နံနက်စာလည်း မစားရ၊ တနေ့လုံး ဘာမှ မစားရ ဖြစ်နေတယ်။ သူတို့က ထမင်း မတောင်းဘူး၊ လက်ဘက်ရည် မတောင်းဘူး။ သူတို့တောင်းတာ ကျည်ဆံတွေပဲ။
တပ်ခွဲတွေကို ကျည်ဆံတွေ ထပ်ဖြည့်ရလို့ တပ်ရင်းမှာလည်း ကျည်ဆံတွေ အတော် နည်းလာတယ်။ ထမင်းမစားရလို့ မသေနိုင်ဘူး။ ရေမသောက်ရလို့ မသေနိုင်ဘူး။ ကျည်ဆံမရှိရင်တော့ တတပ်လုံး သေကုန်မယ်။ ဒါကြောင့် ကျည်ဆံကို ချွေတာပြီး ပစ်ခတ်ဖို့ ကျနော် သတိပေးနေရတယ်။ တရုတ်ဖြူတပ်တွေဟာ ပစ်ခတ်တဲ့နေရာမှာ သူတို့ တရုတ်စကားနဲ့ လှမ်းပြီး အော်ဟစ်ပြီး သူတို့တပ်တွေ ထိန်းနေတာကို အတိုင်းသား ကြားနေရတယ်။ ဒါပေမယ့် တောင်ထိပ်ကို ကျနော်တို့မတက်နိုင်ကြဘူး။ တက် တက် နဲ့သာ အော်နိုင်ကြတယ်။ မ တက်နိုင်ကြဘူး။ တက်လိုက်ရင် သူတို့တွေ ပြန်ပြီး ပစ်ခတ်ရင်းနဲ့ ကြုံရတယ်။ တက်တဲ့ရဲဘော်တိုင်း ထိမှန်ကုန်တယ်။ တိုက်စစ်ဆင်ရာမှာ ကျည်အားနဲ့ ဖိပြီး တက်ရာမှာ ကျနော်တို့က ပြောင်းပြန် ကျည်ဆံကို ချွေတာပစ်နေရတော့ အခြေအနေက မကောင်းလာဘူး။ တိုက်စစ်အနေအထားက ခံစစ်အနေအထားကို ပြန်ပြောင်းယူနေပြီး တရုတ်တို့က တောင်ပေါ် ရထားတော့ ကျနော်တို့ထက်တော့ တပမ်းသာနေတာပေါ့။
ညနေပိုင်းရောက်သည်အထိ ကျနော်တို့ဟာ ၁၂ ယောက် ကျပြီး ၂၀ လောက် ဒဏ်ရာရသွားပါတယ်။ ဒီလောက်ထိ ကျဆုံး ဒဏ်ရာရသွားတာက ရဲဘော်တယောက်ဟာ တရုတ်စက်သေနတ်အဖွဲ့ ချိန်ထားတဲ့ လမ်းကြောင်းထံ ရောက်သွားလို့ ကျသွားရတယ်။ ဒီ ကျတဲ့ရဲဘော်ရဲ့ အလောင်းကို တက်အဆွဲမှာ နောက်ထပ် ၂ ယောက် ထပ်ကျပြန်တယ်။ သူတို့အလောင်းကို နောက်ထပ် တက်ဆွဲရာမှာ ထိခိုက် ဒဏ်ရာရသူတွေ ပိုများလာရပါတယ်။ ရဲဘော်တို့တတွေဟာ သူတို့ရဲ့ ကျဆုံးတဲ့ ရဲဘော်တို့အပေါ်မှာ သစ္စာ ရှိကြတယ်။ ဘာကြီး ဖြစ်နေ ဖြစ်နေ သူတို့ရဲဘော် အလောင်းတွေကို ရအောင်တော့ ပြန်ယူကြတယ်။ သူတို့ရဲ့ အသက်ကို စွန့်ပြီး ရဲဘော်ရဲ့အလောင်းကို ရအောင် ယူတယ်။ ရန်သူ့လက်တွင်း အသက်ရှင်လျက် မဆိုထားနဲ့ အသက်မရှိကိုယ်ကိုတောင် မအပ်ဘူး ဆိုတဲ့ စိတ်ဓာတ်ကလေးတွေပါပဲ။ ဒီလိုနဲ့ တဘက်နဲ့တဘက် ဒုန်း ဒုန်း၊ ဒက်ဒက်၊ ဝုန်းဝုန်း၊ ဒိုင်းဒိုင်း သည်းသည်းမည်းမည်း ပစ်ခတ်ရင်းနဲ့ မိုးချုပ်လာတယ်။ ရှေ့လည်း မတက်နိုင်ဘူး။ ရဲဘော်တို့တတွေလည်း ပင်ပန်းလာကြပြီးဖြစ်တဲ့အတွက် တပ်ပြန်ဆုတ်ဖို့ ကျနော် ဆုံးဖြတ်လိုက်ရတယ်။
တောတောင်မှာ ဆိုတော့ ညလည်း စောစောမှောင်တယ်။ အမှောင်လည်း မြန်ပါတယ်။ အမှောင်ကို အကာအကွယ်ပြုပြီး တပ်ခွဲလိုက်ပဲ ပစ်ခတ်မှု အကာအကွယ်ပေးစေပြီး အဖွဲ့လိုက် ပြန်ဆုတ်စေပါတယ်။ သေသူများကို တောထဲမှာပဲ အရေးပေါ် မြှုပ်လိုက်ပြီး ဒဏ်ရာရသူများကို ဦးစားပေး သယ်စေပြီး ကျနော်တို့တပ်ရင်းတခုလုံးဟာ တပ်ခွဲ ၄ ကို နောက်ပိုင်း အကာအကွယ်ပေးပြီး ထိုနေရာက ဆုတ်ခဲ့ကြတယ်။ ညကလည်း မှောင်၊ တောကလည်း မှောင်မိတ်၊ လမ်းမမြင်၊ ကမ်းမမြင် စမ်းတဝါးဝါးနဲ့ ဆုတ်ရတာ လွယ်ကူသော ကိစ္စ မဟုတ်တာကို တပ်ရင်းမှူးတို့ သိတဲ့အတိုင်းပါပဲ။ ကျနော်တို့ဟာ နောက်ကို ဆုတ်လိုက်ပြီး တောင်တခုပေါ်တက်ပြီး ခံစစ် ယူလိုက်ကြပါတယ်”
တပ်ရင်းမှူး၏စကား ဤနေရာတွင် မဆုံးသေးပါချေ။ နောက်ဆုံးစကားတခွန်းတော့ ပြောလိုက်ပါသေး၏။ ထိုစကားသည်ကား –
“ကျနော်တို့ ဆုတ်ကြသလို ဒီ တရုတ်ဖြူတပ်တွေလည်း တချိန်တည်းမှာပဲ ညကို အကာအကွယ်ယူပြီး ဆုတ်ကြတာကို နောက်မှ ကျနော် သိရပါတယ်။ ‘ဒီလိုမှန်းသိရင်’ ကျနော်တို့ မဆုတ်ပါဘူး” ဟူသတည်း။
ဗိုလ်မှူးကြီးဟောင်းလွန်းတင် (ဗိုလ်ဟင်္သာ) သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဝါရင့်ခေါင်းဆောင်ဟောင်းတဦး ဖြစ်သည်။ ၁၉၅၂ – ၅၃ ခုနှစ် တရုတ်ဖြူနှင့် ရင်ဆိုင်ရစဉ်က ကြုံတွေ့ရသည့် အခြေအနေများကို တင်ဆက်ခဲ့ခြင်း ဖြစ်သည်။