မြန်မာပြည် စာနယ်ဇင်း လောကကြီးကား လှုပ်လှုပ်ရွရွ ရှိနေသည်မှာ ပုရွက်ဆိတ်အုံ တုတ်နှင့် ထိုးမိသကဲ့သို့လည်းကောင်း၊ ၁၆ နှစ်သမီး ရည်းစားထားမိသကဲ့သို့လည်းကောင်း၊ ရွာပြန်ရောက်လာသည့် ဘုန်းကြီးလူထွက်ကဲ့သို့လည်းကောင်း၊ လမ်းထိပ်က ငါးစိမ်းသည် နှစ်လုံးထီ ထပေါက်သကဲ့သို့လည်းကောင်း ဂဏှာမငြိမ် ရှိလှချေသည်။
သူ့သတင်းမှားသည်၊ ငါ့သတင်းမှန်သည်။ ဟိုဂျာနယ်လစ်က ဟိုဘက်ပြောင်းသည်။ ဟိုလူကြီးက ဒီဂျာနယ်တွေကို တန်းစီထုတ်မည်။ ဒီကော်မတီဖွဲ့ရင် ငါတို့က ဆော်မည်။ ဒီဆုပေးပွဲက ဟိုလိုဖြစ်နေသည်။ အပြင်က ဂျာနယ်လစ်တွေ အတောင်ပေါက်ပြီး ဗြုန်းခနဲ အထဲရောက်လာသည်။ အထဲက ဂျာနယ်လစ်တွေကလည်း သူတပြန်ကိုယ်တပြန် တံဆိပ်ကပ်ကြ၊ ဆော်ကြတီးကြသည်။ ယခုဆိုလျှင် မီဒီယာနဲ့ အစိုးရမင်းတို့ပါ တရားတဘောင် စွဲကြပြီ။
အရင်လို ငြိမ်ဝပ်ပိပြား ထူးမခြားအခြေအနေနှင့် နှိုင်းစာလျှင်ကား အခုလို လှုပ်လှုပ်ရွရွ ရှိခြင်းကပင် “အဟောဝတ ကောင်းလေစွ” ဟု ဦးရုက္ခစိုးက ဆင်ခြင်သုံးသပ် ရင့်ကျူးလိုက်လေသည်။
ဖိုးရှုပ် ။ ။ ဝန်ထမ်းလခတွေကို ထောက်ပံ့ကြေးအဖြစ် ဒင်္ဂါးဒေါ်လာ ၃ သောင်းစီတိုးတာလား၊ ကောင်းတယ်လည်း ပြောလို့ရတယ်၊ နောက်က ကုန်ဈေးနှုန်က ဒင်္ဂါးဒေါ်လာနောက်က ကပ်မလိုက်လာရင်ပေါ့ ဦးရုက္ခစိုးရယ်။
ကြွက်စုတ် ။ ။ မတိုးတော့လည်း မတိုးလို့ တိုးပြန်တော့လည်း အပြစ်ပြောပြန်သကိုးကွ။
ဦးရုက္ခစိုး ။ ။ တော်ကြစမ်းပါ … ငါရေရွတ်တာက တခြားကွ။ ဝန်ထမ်းတွေ လစာတိုးပေးတယ် ဟုတ်လား … ဖိုးရှုပ်၊ နှစ်သစ်မကူးမီ ကောင်းသတင်းပေါ့၊ လုံးလုံး မတိုးတာထက်စာရင်။
ဖိုးရှုပ် ။ ။ သင်္ကြန်ကုန်ဈေးနှုန်းအတက်မှာ သိကြားမင်းမိုးပေါ် အတက်လို ကုန်ဈေးနှုန်းက တက်ပြီး ပြန်မကျမှ ဟုတ်ပေ့ဖြစ်နေမယ်။
ကြွက်စုတ် ။ ။ ဒါကတော့ မြန်မာပြည်မှာ အပေါ်ရောက်ပြီးရင် အောက်ပြန်မကျတာ မိုးပျံပူပေါင်းရယ်၊ ကုန်ဈေးနှုန်းရယ်၊ ဗိုလ်ချုပ်တွေရယ်လေ။
ဦးရုက္ခစိုး ။ ။ ခုန ငါစဉ်းစားနေတာ မြန်မာပြည်စာနယ်ဇင်း အကြောင်းပါကွ။
ဖိုးရှုပ် ။ ။ မီဒီယာတွေကို “လော” အောင် လုပ်မယ့် “မီဒီယာ ဥပဒေတော်ကြီး” လား ဦးရုက္ခစိုးရဲ့။ မီဒီယာလောတွေ၊ စာနယ်ဇင်းစောင့်နတ် ကော်မရှင်တွေ မဖွဲ့မီ လောလောဆယ်တော့ အစိုးရက ဂျာနယ် ၂ စောင်ကို တရားစွဲမယ် ဆိုပါလား။
ကြွက်စုတ် ။ ။ သြော် တစောင်က ဝန်ကြီးဌာနတွေက ဒင်္ဂါးဒေါ်လာတွေ အငွေ့ပျံသွားတဲ့ ကိစ္စမှတ်လား။ တစောင်ကတော့ လမ်းမကောင်းတာကို မကောင်းဘူးရေးလို့တဲ့ အံ့ရောပဲ။
ဦးရုက္ခစိုး ။ ။ မြန်မာပြည်မှာ ဒင်္ဂါးဒေါ်လာတွေ အငွေ့ပျံပျံသွားတာ ဆန်းသလားကွယ့်၊ လူတိုင်းသိတာပဲ။ အဲဒါတွေ အငွေ့ပျံကုန်ပါတယ်ဆိုပြီး လွှတ်သဘင်မှာ တင်ပြတာမှ အဆန်းကွ။
ဖိုးရှုပ် ။ ။ စာနယ်ဇင်းဆရာများကလည်း အောင့်ထားရတာ ကြာပြီကိုးဗျ။ ဟုတ်တာရေးတော့ အနာပေါ် တုတ်ကျတယ် နေမှာပေါ့ … ဟား … ဟား။
ကြွက်စုတ် ။ ။ နေပါဦး တလောက ပြည်တွင်းမီဒီယာတွေက တဖက်သတ်ရေးကြပါတယ်ဆိုပြီး လွှတ်သဘင်မှာ ကြံ့ဖွတ်အမတ်များဘက်က တင်တယ်ဆို။
ဦးရုက္ခစိုး ။ ။ ဟဲ … ဟဲ … သူတို့ နှစ်ပေါင်းများစွာ သူတို့အစိုးရပိုင် သတင်းစာတွေကနေ မောင်ပိုင်စီး ထင်တိုင်းကြဲနေတုန်းကတော့ မပြောကြဘူးပေါ့လေ။ ခုတော့ ဝဋ်လည်ပြီပြောရမှာပဲ။ ဘာပဲဖြစ်ဖြစ် နှစ်ဖက်မျှရေးဖို့ရာကတော့ တဖြည်းဖြည်း ရင့်ကျက် တိုးတက်လာမှပေါ့ကွ။ မှောင်နေရာက ရုတ်တရက် လင်းလာတော့ မျက်စိယဉ်အောင် လုပ်ရဦးမှာပေါ့။
ဖိုးရှုပ် ။ ။ အပြင်က မီဒီယာတွေကလည်း သွားလိုက်ကြတာ တဖွဲဖွဲဗျ။
ဦးရုက္ခစိုး ။ ။ ကောင်းတာပေါ့ တို့ ဒေဝါလီမဂ္ဂဇင်းတောင် သွားကြတာပဲ။ မရောက်တော့လည်း မရောက်ဘူး၊ ရောက်တော့လည်း နေပြည်တော်ပါ တန်းရောက်သွားရော မဟုတ်လားကွ။ ကောင်းတာပေါ့။
ကြွက်စုတ် ။ ။ လက်ရှိ “စာပေလူကြီးမင်းများအဖွဲ့” ဖျက်သိမ်းပြီး အရေးပေါ် ညီလာခံခေါ် မီဒီယာ အဖွဲ့ချုပ်ဆိုလား ဘာလား အပါအဝင် အဖွဲ့သစ်တွေ … ဖွဲ့ကြဦးမှာဆို။
ဖိုးရှုပ် ။ ။ ဟုတ်တယ်၊ စာပေလူကြီးမင်းများအဖွဲ့ကိုဖျက်ဖို့ အရေးပေါ်ညီလာခံခေါ်ပြီး အဖွဲ့သစ်တွေ ဖွဲ့ကြဦးမှာ ဆိုတယ်။ လွတ်လွတ်လပ်လပ်တဲ့။ ဘယ်သူပါကြမှာလဲ၊ ဘယ်ဝါပါကြမှာလဲ၊ ဘယ်သူပါရင် ကန့်ကွက်၊ ဘယ်သူပါရင် ထောက်ခံ၊ ဗြောင်းဆန်ကြဦးမှာပေါ့။
ဦးရုက္ခစိုး ။ ။ ကောင်းတာပေါ့၊ ထောက်ခံ၊ ကန့်ကွက်၊ ကြိုက်ရင် ကြိုက်တယ်၊ မကြိုက်ရင် မကြိုက်ဘူး ဒါဒီမိုကရေစီပေါ့။ မင်းတို့လို ဂျာနယ်လစ်တွေ ကောင်းဖို့ပေါ့။
ဖိုးရှုပ် ။ ။ အထဲမှာက ကလောင်စစ်ခင်းကြ၊ ဆော်ကြတီးကြနဲ့ပါ ဦးရုက္ခစိုးရာ။ ကျနော်တို့လို့ ယောင်တောင်တောင်က တိုးရမယ် မထင်ပါဘူး။ အချင်းချင်း နို့တစ်စာပို့လိုက်၊ အစိုးရက တရားစွဲလိုက်နဲ့ … အထဲဝင် သတင်းရေးခါမှ အချုပ်ထဲ ဝင်နေရပါဦးမယ်။
ဦးရုက္ခစိုး ။ ။ ဟ … ဘာတဲ့ ခုန မင်းတို့ ပြောတဲ့ မီဒီယာ ဥပေဒေတော်ကြီးတို့၊ လွတ်ကျွတ်သော စာနယ်ဇင်းအဖွဲ့တို့ ရှိလာမှာပဲကွ၊ ဘာကြောက်စရာရှိတုန်း၊ ဒီလို ပွင့်လင်းလာသော ကာလမှာ လေးခုမြောက် ဒေါက်တိုင်ဖြစ်တဲ့ မီဒီယာသမားများအနေနဲ့ လုပ်ရမှာပေါ့။ လွှတ်သဘင်မှာတောင် အမတ်မင်း၊ ဝန်မင်းတွေက ဖော်ကောင်လုပ်နေကြပြီပဲ။
ဤသို့ အာဘောင်အာရင်းသန်သန် ပြောဆိုနေခိုက် ဦးရုက္ခစိုးစံမြန်းရာ ဒွိုင်ဆူးထက်တောင်ပေါ်သို့ အမြန်ချောပို့ စာတစောင် ရောက်လာလေသည်။
ကြွက်စုတ် ။ ။ ဦးရုက္ခစိုး နာမည်နဲ့ ဖိတ်စာဗျ။ နေပြည်တော်က …။
ဦးရုက္ခစိုးရော ဖိုးရှုပ်ပါ “ဟေ” … ဟုဆိုကာ မျက်ခုံးမြင့်တက်သွားလေသည်။
ဦးရုက္ခစိုး ။ ။ ဘာတဲ့တုန်း ဖတ်စမ်းပါဦး။ နေပြည်တော် နတ်မင်းများညီလာခံလား၊ ရန်ကုန် ရုက္ခစိုးများ သမဂ္ဂကလား။
ကြွက်စုတ် ။ ။ အဟမ်း .. ချင်းမိုင်မြို့နေ ဦးရုက္ခစိုးထံ နေပြည်တော် ပြန်ကြားရေးဝန်ဌာနမှ နှုတ်ခွန်းဆက်လိုက်ပါသည်။ ဦးရုက္ခစိုးသည် မြန်မာ့မီဒီယာအရေးအတွက် ထွေရာလေးပါးကဏ္ဍမှ မကြာခဏ ဝေဖန်သည်ကို ဖတ်ရ သိရပါသောကြောင့် အရေးပေါ် မီဒီယာ ဖြုတ်သိမ်း၊ ပြန်ဖွဲ့ ညီလာခံသို့ တက်ရောက် အကြံပြုနိုင်စေရန် ဖိတ်ကြားအပ်ပါသည်။ ဦးရုက္ခစိုးအား အထူးဧည့်သည်တော်အဖြစ် ညီလာခံက ကြိုဆိုပါကြောင်း … ပုံ ဝန်ကြီး။
ဖိုးရှုပ် ။ ။ ဦးရုက္ခစိုး ဟန်တော့ကျပြီ။ ခုနပဲ ဒီလို ဝေဖန်ရေးသား၊ တရားစွဲ၊ ဖြုတ်သိမ်းပယ်ဖျက်၊ ပြန်ဖွဲ့ခြင်းဟာ ဒီမိုကရေစီဆို၊ အခု ဦးရုက္ခစိုး သွားတက်ပေတော့ …
ဦးရုက္ခစိုးသည် ချီတုံချတုံ ဖြစ်သွားပြီးလျှင် ထိတ်ထိတ်ပြာပြာဖြင့် ပြောလေ၏။
ဦးရုက္ခစိုး ။ ။ ဟေ့ ဖိုးရှုပ် … မင်းခုနပြောတော့ စာနယ်ဇင်းဆရာများကလည်း ဆော်ကြတီးကြဆို၊ ဟိုလူ ဒီလူခန့်မယ်ဆို ဝေဖန်ကြမယ်ဆို၊ တော်ကြာ သူတို့ ကလောင်စစ်ပွဲကြား ငါကြားညပ်နေပါဦးမယ်။ နေရင်းထိုင်ရင်း ငါ့နာမည်က ကန့်လန့်ကန့်လန့် ပါနေဦးမယ်။ တော်ပါ တန်ပါကွယ်။
ကြွက်စုတ် ။ ။ အာ … ဦးရုက္ခစိုးပဲ စတုတ္ထမဏ္ဍိုင်ကြီးအတွက် ကောင်းလှချည့်ဆို၊ ကြွပါဗျ။
ဦးရုက္ခစိုး ။ ။ ဟေ့ … တော် …။ ငါ ဗကေးရှင်းထွက်ပြီး အနားယူနေတယ်လို့ ပြောလိုက်၊ ကလောင်သွားတော့ ကြောက်လို့ပါ။ ဒါပဲဟေ့။
ဤတကြိမ်တွင် စကားဝိုင်းမှ ကိုယ်ဖျောက်ပြီး ကပျာကယာ လစ်ထွက်သွားသူမှာ ဦးရုက္ခစိုးဖြစ်လေတော့သတည်း။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။