လက်ရှိ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေ ကြားမှာ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ဇွဲကောင်းသူ စေတနာကောင်းသူ သဘောထား ပျော့ပျောင်းသူအဖြစ် မှတ်ချက်ပြုကြပါတယ်။ မကြာသေးခင်က လွှတ်တော်မှာ သူ့ရဲ့ ဝန်ထမ်းလစာ တိုးမြင့်ရေး ကိစ္စကြိုးပမ်းမှုကြောင့် ပြည်သူလူထုအကြား စိတ်ဝင်စားမှု ပိုရလာနေပါတယ်။
ယခုတကြိမ်ကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးကနေ တိုင်းပြည်ရဲ့ ရသုံး အသုံးစရိတ်၊ ဝန်ကြီးဌာနအလိုက် အသုံးစရိတ်များ တင်တဲ့အခါ မလိုအပ်တဲ့ စီမံကိန်းတွေထဲက ဆိုင်းငံ့သင့်တာ ဆိုင်းငံ့၊ ရပ်သင့်တာ ရပ်ထားလိုက်ရင် ဝန်ထမ်းတွေရဲ့ လစာ တိုးပေးနိုင်တယ်လို့ တညီတညွတ်တည်း ဆုံးဖြတ်အတည်ပြုခဲ့ပါတယ်။
ဒါပေမယ့် ဝန်ထမ်းလစာ တိုးဖို့ မဖြစ်နိုင်သေးဘူးလို့ မတ်လဆန်းမှာ ပြောခဲ့တဲ့ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းကနေ ပယ်ချထားပါတယ်။ သမ္မတက လစာတိုးမြင့်ရေးဟာ ၃ ရာခိုင်နှုန်းကျော်သော ပြည်သူ့ဝန်ထမ်းတွေအတွက်သာဖြစ်ပေမယ့် သန်း ၆၀ ကျော်ပြည်သူတွေထဲက ကျန်တဲ့ ပြည်သူ ၅၉ သန်းနီးပါးအပေါ် သက်ရောက်မှုအများကြီးရှိတယ်၊ လစာတိုးမယ်ဆိုတာနဲ့ ကုန်ဈေးနှုန်း တက်လိုက်လာနေတာကြောင့် ဒီကာလအတွင်း မဖြစ်နိုင်သေးဘူးလို့ ပြောခဲ့ပါတယ်။
ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီက လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆောင်စီကတော့ “လစာငွေကိစ္စမှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတာဆိုတော့ အဲဒီအတိုင်းပဲ။ ဦးရွှေမန်းကလည်း သူက သူ့ရဲ့ ဥပဒေပြုရေးလိုင်းကနေ ရွတ်ရွတ်ချွံချွံလုပ်သွားမယ်လို့ ယူဆတယ် “ လို့ ဧရာဝတီကို ပြောပါတယ်။
သမ္မတဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲမှုတွေလုပ်လိုသူလို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ထောက်ခံထားတဲ့သူ ဖြစ်သလို သူ့ရဲ့ မကြာသေးခင်က သမ္မတသက်တမ်း တနှစ်ပြည့်မိန့်ခွန်းကလည်း ပြည်သူ့အကြိုက်တွေ ထင်ဟပ်ခဲ့ပါတယ်။ ဦးရွှေမန်းကလည်း တိုင်းရင်းသားကိုယ်စားလှယ်တွေအပါအဝင် ပြည်သူ့ကိုယ်စားလှယ် လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမှု လေးစားမှုရနေသူပါ။ လစာတိုးမြင့်ရေးနဲ့ ပတ်သက်လို့ “ဦးရွှေမန်းက ရှေ့ဆက်လက် လုပ်ဆောင်မှာပါ၊ သူ့အနေနဲ့လည်း သူလုပ်ချင်တာ ဆက်လုပ်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်” လို့ စိုင်းဆောင်စီက ဆက်ပြောပါတယ်။
ဝန်ထမ်းလစာတိုးမြင့်ရေးကိစ္စကို အလေးထား တင်ပြလာတာဟာ အစိုးရသစ်လက်ထက်မှာ ပထမဆုံးဖြစ်ပြီး ပြည်သူအများကတော့ ဒါဟာ နိုင်ငံတော်အုပ်ချုပ်ရေးအဖွဲ့ နဲ့ ဥပဒေပြုရေးအဖွဲ့တို့အကြားရဲ့ လစာကွာဟမှုတွေကြောင့် အခုလို တိုးမြင့်ဖို့ ပြောဆိုလာတယ်လို့ ယူဆကြပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တချို့ကတော့ ဒါဟာ အာဏာရပါတီဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေးပါတီ) ခေါင်းဆောင်တွေရဲ့ အားပြိုင်မှုသာဖြစ်တယ်လို့ သုံးသပ်ပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးကြည်မြင့်က “လစာတိုးဖို့ ရော လျှော့ချဖို့ရော ပြောတာက အာဏာရပါတီက လူတွေပဲဖြစ်တယ်။ ပြောရခက်တယ်။ အာဂျင်ဒါက သူတို့ပဲ ဆွဲတာကိုး” လို့ ပြောပါတယ်။
ဒါဟာ အများမြင်နေတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းတို့အကြား ကားလိပ်နောက်ကွယ်က လွန်ဆွဲပွဲဖြစ်နေမလား။ အရင်စစ်အစိုးရလက်ထက်မှာတုန်းက နံပါတ် ၃ အဆင့်ရှိခဲ့တဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းဟာ သမ္မတဖြစ်လာလိမ့်မယ်လို့ တစ်ပေးခံခဲ့ရသူလည်း ဖြစ်ပါတယ်။ တကယ်တမ်း သမ္မတဖြစ်လာတာက သူ့ထက် စီနီယာနိမ့်တဲ့ နံပါတ် ၆ အဆင့်ရှိ ဒုတိယဗိုလ်ချုပ်ကြီး ဝန်ကြီးချုပ်ဦးသိန်းစိန် ပါ။
ဒါပေမယ့် သူတို့နှစ်ဦးအကြား ဘုံအကျိုးစီးပွားတော့ ရှိပါတယ်။ သမ္မတရော ပြည်သူ့လွှတ်တော်ဥက္ကဌရော နှစ်ဦးစလုံးဟာ တူညီတဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် စစ်ခေါင်းဆောင် ဟောင်းတွေ ဖြစ်နေတာပါ။ အဲဒီအတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လုပ်ပိုင်ခွင့်ထဲက အာဏာကိုသုံးပြီး ရသလောက်လုပ်နေတာလို့ သုံးသပ်တာတွေလည်း ရှိပါတယ်။
မကျဆင်းတတ်တဲ့ ကုန်ဈေးနှုန်းနဲ့ ဝန်ထမ်းလစာ တိုးပေးဖို့အရေးနဲ့ပတ်သက်ပြီး သမ္မတနဲ့ ဦးရွှေမန်းတို့ဟာ ဦးရွှေမန်း တရုတ်ပြည်က ပြန်ရောက်ပြီးနောက် နှစ်ဦးထဲ တွေ့ဆုံခဲ့ပြီး ညှိခဲ့တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာတော့ ဧပြီလ ၁ ရက် ဘဏ္ဍာရေးနှစ်သစ်က စပြီး အစိုးရ ဝန်ထမ်းတိုင်းအား ရှားပါးစရိတ်ထောက်ပံကြေး ကျပ် ၃၀၀၀၀ တိုးမြှင့် ပေးမယ်လို့ အစိုးရက အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့ရပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တနှစ်သားလွှတ်တော်မှာ သူရဦးရွှေမန်းရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ ကိုယ်စားလှယ်တွေက ကျေနပ်မှုရှိတယ်လို့ ဦးစိုင်းဆောင်စီက ဆက်ပြောပါတယ်။ သူက “ဦးရွှေမန်းက အမှန်ပြောရရင် သူလုပ်လာတဲ့တလျှောက်မှာ စစချင်းတုန်းက သူတို့က ကြံ့ခိုင်ရေးပါတီ။ အန်ကယ်တို့က တိုင်းရင်းသားပါတီပေါ့ အခုကျတော့ ပါတီစွဲဆိုတာ တကယ်ပျောက်ချင်သလို ဖြစ်သွားပီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကိစ္စအ၀၀ ကို သူစိတ်ဝင်တစား ဖြေရှင်းပေးတာ တွေ့ရတယ်။ ဇွဲလည်းရှိတယ်။ စေတနာလည်း ရှိတယ်။ အခု ၁ နှစ် လွှတ်တော်တက်လာတဲ့အချိန်မှာ အန်ကယ်အနေနဲ့ကတော့ ဦးရွှေမန်းဟာ တော်တော်ကို ခေါင်းအေးအေးနဲ့ လုပ်ချင်တာ ဖြစ်အောင် လုပ်တတ်တဲ့သူလို့ မြင်တယ်” လို့ ပြောပါတယ်။ သူ့ကို ပါတီစွဲကင်းသူလို့ ယူဆထားကြပြီး သဘောထားပျော့ပြောင်းသူအဖြစ် အများစုက သဘောကျကြတာပါ။
ဒါ့အပြင် သူ့ရဲ့မိန်းခွန်းတွေမှာ ပြည်သူတွေကို အကျိူးဖြစ်စေမယ့် ဥပဒေတွေ ပေါ်ပေါက်လာဖို့ ကြိုးပမ်းလုပ်ဆောင်မယ်ဆိုတဲ့ ကတိကဝတ်တွေလည်း ပေးထားပါတယ်။ အစိုးရ ဝန်ကြီးဌာန ၆ ခုဟာ ငွေကြေး အလွဲသုံးစားမှု၊ ငွေစာရင်း မမှန်မကန် ဖော်ပြမှုတွေရှိတယ် ဆိုတဲ့ ပြည်ထောင်စု စာရင်း စစ်ချုပ်ရုံးရဲ့ အစီရင်ခံစာကို လွှတ်တော် ကိုယ်စားလှယ်များထံ ဖြန့်ဝေပေးခဲ့ပြီး နောက်ဆက်တွဲအနေနဲ့ လွှတ်တော်အစည်းအဝေးများမှာ ဆွေးနွေးသွားဖို့လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း က လမ်းဖွင့်ပေးခဲ့ပါသေးတယ်။
သူရဦးရွှေမန်းဟာ လွှတ်တော်ဥက္ကဋ္ဌဖြစ်လာပြီးနောက်ပိုင်း ပါလီမန်အတွေ့အကြုံ လေ့လာရေးအဖြစ် မနှစ်က ဇွန်လမှာ ရုရှားနိုင်ငံ ကို သွားရောက်ခဲ့ပြီး နှစ်ကုန်ပိုင်းမှာတော့ အိန္ဒိယနိုင်ငံရဲ့ ပါလီမန်ကို လေ့လာရေးခရီး ထွက်ခဲ့ပါတယ်။ ယခုနှစ် ဖေဖော်ဝါရီလအတွင်းမှာလည်း တရုတ်နိုင်ငံကို ချစ်ကြည်ရေးသွားခဲ့ပြီး ဒါဟာ လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ဒီနှစ်မှာ ပထမဆုံး နိုင်ငံခြား ခရီးဖြစ်ပါတယ်။ အမေရိကန်အပါအဝင် ဥရောပနိုင်ငံတွေနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံကို အဆက်မပြတ်လာရောက်မှုတွေရှိသလို အမေရိကန်နဲ့ သံတမန် ဆက်ဆံရေးတိုးမြင့်လာတာကြောင့် တရုတ်နဲ့ သံတမန်ဆက်ဆံရေး ဆက်လက်ကောင်းမွန်နေဖို့ သူရဦးရွှေမန်း သွားခဲ့တာလို့ သိရပါတယ်။
အဲဒီနောက်တော့ မတ်လ ၆ ရက် ပြည်ထောင်စုလွှတ်တော် အစည်းဝေးမှာ မြန်မာ့စက်မှုဖွံ့ဖြိုးရေး စီမံကိန်း အသုံးစရိတ်တွေ လျှော့ချဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးချက်အပေါ် အကြီးစားစက်မှုလုပ်ငန်းများ ရပ်ဆိုင်းထားဖို့ဆိုတာမှာ တရုတ်နိုင်ငံရဲ့ချေးငွေနဲ့ တည်ဆောက်နေတာမို့ ရပ်စဲလျှင်လည်း ဘတ်ဂျက်လိုငွေပြမှုကို ကာမိမှာ မဟုတ်တဲ့အတွက် တရုတ်ပြည်ကုမ္ပဏီတွေနဲ့ ဆောက်လုပ်စ စီမံကိန်းလုပ်ငန်းများကို ရပ်တန့်မည် မဟုတ်ကြောင်း စက်မှုဖွံ့ဖြိုးရေးဝန်ကြီးက ပြောခဲ့ပါတယ်။ သူရဦးရွှေမန်း တရုတ်ပြည်ခရီးစဉ်နောက်ပိုင်းမှာမှ ဒီစီမံကိန်းကြီးတွေ ရပ်ပစ်ဖို့ မဖြစ်နိုင်ပါဘူးလို့ ဆိုင်ရာဝန်ကြီးက ပြောဆိုလာတာလည်း ဖြစ်ပါတယ်။
စစ်အစိုးရကနေ အရပ်သားအစိုးရအမည်ခံ အစိုးရသစ်လက်ထက် တနှစ်သားလွှတ်တော်ကနေ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးခိုင်မာလာအောင် ပြည်သူ့ကိုယ်စားလှယ်တွေအနေနဲ့ မှန်တာကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်ကြဖို့နဲ့ သတိ္ကရှိကြဖို့ တိုက်တွန်းထားပါတယ်။
သူရဦးရွှေမန်းကိုယ်တိုင်က သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို သတ္တိရှိဖို့ မှန်ရာပြောဖို့ မကြောက်ကြဖို့ တိုက်တွန်းယူရကြောင်းနဲ့ သူ့ရဲ့ စကားတွေကို ဆင်ဆာဖြတ်ခံထိတဲ့အကြောင်းကို ဒီရက်ပိုင်းအတွင်း ထုတ်ဖော်ပြောလာပါတယ်။
သူက “လွှတ်တော်ထဲမှာ ဒီလိုပြော ပေမယ့် သတင်းထဲကျတော့အခါ ကျတော့ ရဲရဲဝံ့ဝံ့ဆိုတာပါပြီးတော့ သတ္တိဆိုတာပါမလာဘူး။ သဘော ကတော့ဒီစကားကို ကျွန်တော် သုံး လိုက်တဲ့ဟာကို သတင်းစာထဲ၊ ရေဒီယိုထဲ ထည့်လိုက်မယ်ဆိုရင် ကျွန်တော့်အတွက်များ စိုးရိမ်ပြီး တော့ မထည့်တာလား မသိဘူး” လို့ ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်း မီဒီယာတွေကို ပြောခဲ့တာ ဖြစ်ပါတယ်။
မကြာသေးမီက လုပ်ခဲ့တဲ့ အေအက်ဖ်ပီသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းမှုမှာတော့ တပ်မတော်က နောက်ထပ် အာဏာသိမ်းဖို့မရှိပါဘူးလို့ အခိုင်အမာ ပြောဆိုခဲ့ပေမယ့် တပ်မတော်အသိုင်းအဝိုင်းနဲ့ အစိုးရအသိုင်းအဝိုင်းကတော့ ဦးရွှေမန်းကို လူကျွံဘောမိနေပြီလို့ တိုးတိုးတိတ်တိတ် ဝေဖန်ကြပါတယ်။ သူရဲ့ ပြောဆိုမှုတွေကြောင့် သူ့အပေါ် တပ်မတော်ကရော သူ့ရဲ့မိခင်ပါတီကပါ ယုံကြည်မှုနည်းသွားနေပြီလို့လည်း ဆိုကြပါတယ်။
စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီ နာမည်ပျက်လာခဲ့သမျှ နာလန်ပြန်ထူရေးနဲ့ နာမည်ကောင်းပြန်ရရေးအတွက် သူရရွှေမန်းတယောက်ရဲ့ ပြည်သူ့လွှတ်တော်တွင်း ကြိုးပမ်းချက်တွေ ဘယ်လောက်ထိ အရာရောက်မလဲ၊ ဘယ်လောက် အကောင်အထည်ဖော်နိုင်မလဲ၊ ဘယ်အချိန်ထိ ခံမလဲ ဆိုတာတွေက စိတ်ဝင်တစား စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။